လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ကလေးများ ကစားနေကြသည်

မဆိုင်သလိုပဲ..၊ ခင်ဗျားတို့နဲ့ ကျုပ်နဲ့ မဆိုင်သလိုပဲ..။  _Big Bag

ကစားကွင်းထဲတွင် လူစုံနေသည်။ ကလေးတစ်သိုက် ပျော်ရွှင်စွာ စိမ်ပြေးတမ်း ကစားနေကြသည်။ ကလေးတစ်သိုက်ဟု ဆိုရသော်လည်း ကျွန်တော်ကိုယ်တိုင်ကမူ ထိုကလေးတစ်သိုက်ထဲမှ ကလေးများအားလုံးထက် ငယ်သော ကလေးလေးတစ်ယောက်သာ ဖြစ်ပါသည်။ သူတို့ ဆူညံအော်ဟစ်ကာ ပြေးလွှား ဆော့ကစား နေကြသည်ကို ကျွန်တော်က စိတ်လှုပ်ရှားစွာ ငေးကြည့်နေမိသည်။ တစ်ဦးတစ်လေမျှ ကျွန်တော့်ကို သတိပြုမိခြင်းမရှိ။ ကိုယ့်အာရုံနှင့်ကိုယ်သာ တက်ကြွထက်သန်စွာ ဆော့ကစားနေကြသည်။ ကျွန်တော် သူတို့နှင့်အတူ ပျော်ရွှင်စွာ ၀င်ရောက် ကစားလိုလှသည်။ သို့သော် ကျွန်တော့်အား သူတို့နှင့်အပြိုင် တွန်းတိုက်ဆော့ကစားနိုင်လောက်အောင် သန်စွမ်းခြင်းမရှိသည့် ငယ်ရွယ်လှသော ကလေးလေးတစ်ဦးသာ ဖြစ်သည်ဟု သတ်မှတ်ကြမည်လား စိုးရိမ်မိသည်။ ပါဝင်ဆော့ကစားလိုသော စိတ်ဇော ပြင်းထန်လှသဖြင့် မိမိကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ကစားကွင်း၏ အလယ်သို့ ကျွန်တော် မယောင်မလည်နှင့် ရောက်သွားခဲ့သည်။ ကလေးအချို့က ကျွန်တော့်ကို သတိပြုမိသွားသည်။ တိုက်မိမယ် ဘေးဖယ်နေဟု အချို့က ပြောသည်။ အချို့က ကျွန်တော့်အား မနှစ်မြို့သည့် မျက်နှာထားများနှင့် ကြည့်နေကြသည်။ သားလည်း ပါချင်တယ်ဟု ကျွန်တော်က အရဲစွန့်ကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ ကစားသည့် အရှိန်ပျက်သွားသဖြင့် ကလေးအချို့ထံမှ စိတ်ပျက်သည့် စကားသံများ ထွက်ပေါ်လာသည်။ သို့သော် နောက်ဆုံးတွင် ကျွန်တော် ကစားပွဲတွင် ပါဝင်ခွင့်ရရှိခဲ့ပါသည်။ အိုးစွပ်ခွက်စွပ်၊ ထမင်းသိုးဟင်းသိုး စသည့် ကျွန်တော် အဓိပ္ပါယ် အတိအကျနားမလည်သည့် စကားများ တစ်ယောက်တစ်ပေါက်ပြောဆိုကြသည်ကို ကြားရပြီးနောက် ကျွန်တော်သည် ကစားပွဲတွင် ပျော်ရွှင်စွာ ပါဝင်ဆော့ကစားခွင့် ရရှိခဲ့ပါသည်။

ကျွန်တော့်ရင်သည် တဒိတ်ဒိတ်ခုန်နေသည်။ ကျွန်တော် လွတ်အောင် ပြေးနိုင်ပါ့မလား စိုးရိမ်မိသည်။ လိုက်ဖမ်းသူနှင့် ဝေးရာသို့ ကျွန်တော် အစွမ်းကုန် ပြေးသည်။ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် မောပန်းရမှန်းမသိ။ ကျွန်တော်သည် အလွန်ငယ်သည့် ကလေးလေးတစ်ယောက်မျှ မဟုတ်ဘဲ ၎င်းတို့နှင့်တန်းတူ ရင်ဘောင်တန်းဆော့ကစားနိုင်သည့် ကလေးတစ်ယောက်သာ ဖြစ်သည်ဟူသော ခံစားချက်က ကျွန်တော့်ကို နှစ်သိမ့်စေသည်။ မကြာမီပင် ကျွန်တော်သည် ကစားကွင်းထဲရှိ ကလေးတစ်သိုက်ထဲမှ သူလိုကိုယ်လို ကလေးတစ်ဦးသာ ဖြစ်ကြောင်း မိမိကိုယ်ကိုယ် ယုံကြည်လာခဲ့သည်။ ကျွန်တော်သည် အားလုံးနှင့် ရောနှောသွားသည်။ ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး ပြေးလွှားနေခဲ့သည်။ ခလုတ်တိုက်သည်။ အရှိန်ပြင်းစွာ ချော်လဲကျသည်။ အခြားကလေးများက ကျွန်တော့်ကို ၀ိုင်းရယ်ကြသည်။ နာကျင်မှုကို ဖုံးကွယ်ကာ သူတို့နှင့်အတူ ရော၍ လိုက်ရယ်ပြီး ကျွန်တော် ဆက်ပြေးသည်။ ကျွန်တော်သည် အဆင့်မီစွာ ပါဝင်ဆော့ကစားနိုင်ကြောင်း ပြသရမည်ဟု စိတ်ကူးမိသည်။ နာကျင်နေသည့် ကြားမှပင် ကျွန်တော် မငိုမိအောင် ထိန်း၍ ပြုံးနိုင်အောင် ကြိုးစားကာ ဆက်လက်ပြေးလွှားနေမိသည်။ လိုက်သူနှင့် အကြည့်ချင်း ရုတ်တရက် ဆုံမိသွားလျှင် ကျွန်တော် အလွန် ထိတ်လန့်သွားတတ်သည်။ ကျွန်တော့်ဆီသို့ ဦးတည်မလာဘဲ အခြားဘက် ရောက်သွားခဲ့လျှင်လည်း ထိုသူ့အနီးသို့ မြှူသည့်အနေဖြင့် တိုးကပ်သွားမိပြန်သည်။ ကျွန်တော့်အား ကြောက်တတ်သည်ဟု အထင်မခံလိုခြင်းကြောင့် ဖြစ်သလို ကျွန်တော်သည် အခြားကလေးများနှင့် တန်းတူသာဖြစ်သည်ဟု မိမိကိုယ်ကိုယ် ယုံကြည်ခဲ့ပြီး ဖြစ်ခြင်းကြောင့်လည်း ဖြစ်ပါသည်။

ညနေစောင်းသည်အထိ ကျွန်တော် ချွေးသံ ရွှဲရွဲဖြင့် ပျော်ရွှင်စွာ ဆော့ကစားနေခဲ့သည်။ သို့ရာတွင် ကျွန်တော့် ရင်ထဲတွင် တစ်ခုခု ဟာနေသလို ခံစားလာရသည်။ ကျွန်တော်သည် တစ်ခုခု လိုအပ်နေသည်။ ပါဝင်ကစားကြသော ကလေးတိုင်း အနည်းဆုံး တစ်လှည့်တော့ ခွေးရူး (လိုက်ဖမ်းသူ) ဖြစ်ဖူးပြီး ဖြစ်သော်လည်း ကျွန်တော် တစ်ခါမှ မဖြစ်ခဲ့သေးကြောင်း သတိပြုမိလာသည်။ ကျွန်တော်လည်း ခွေးရူးအဖြစ် လိုက်ဖမ်းချင်သေးသည်။ မိချင်မိပါစေဟု သဘောထားကာ ကျွန်တော် မပြေးတော့ဘဲ မသိမသာ အမိခံလိုက်ရန် ကြိုးစားမိသည်။ နောက်ဆုံးတွင် ကျွန်တော့်အား ဖမ်းမိရန် မည်သူမျှ စိတ်မ၀င်စားကြောင်း သတိပြုမိလာခဲ့သည်။ ခွေးရူးသည် ကျွန်တော့်အား လှည့်၍ပင်မကြည့်ဘဲ ကျွန်တော့်အနီးမှဖြတ်ကာ အခြားကလေးများရှိရာဆီသို့သာ ဦးတည် ပြေးလွှားသွားသည်။ မည်သူမျှ ရှင်းမပြဘဲနှင့် တစ်စုံတစ်ရာအား ကျွန်တော် အလန့်တကြား နားလည်လိုက်ရသည်။ စုတ်ပြဲပြီး သွေးထွက်နေသော ဒူးခေါင်းမှ ဒဏ်ရာကြောင့်မဟုတ်ဘဲ အဆိုပါ တစ်စုံတစ်ရာသော နားလည်မှုကြောင့် ရင်တွင်းဖြစ်ပေါ်လာသော ရှက်စိတ်၊ ၀မ်းနည်းစိတ်၊ နာကျည်းစိတ်များကြောင့် ကျွန်တော့်မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝိုင်းလာသည်။ ဤတစ်ကြိမ်တွင် မငိုမိအောင် ကျွန်တော် ထိန်းသိမ်းနိုင်စွမ်း မရှိတော့။ ကစားကွင်းအလယ်တွင် ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်ကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျနေမိသည်။ ကျွန်တော်သည် ကစားကွင်းအတွင်းမှ ကျန်ကလေးများနှင့် တန်းတူမဟုတ်။ ကျွန်တော်သည် သူတို့နှင့် တန်းတူ ဆော့ကစားနိုင်စွမ်းရှိသူ မဟုတ်။ ထိုအချက်အား သတိမပြုမိသည့်အပြင် မိမိကိုယ်ကိုယ် ဂုဏ်ယူစွာဖြင့် အချိန်အတော်ကြာအောင် ပျော်ရွှင်ရယ်မောကာ ဆော့ကစားနေမိခဲ့သေးကြောင်း စဉ်းစားမိပြီးနောက် ရှက်စိတ်၊ ၀မ်းနည်းစိတ်တို့ဖြင့် အလွန် နာကျင်လာရသည်။ ထို့နောက်တွင် တရွေ့ရွေ့ဖြင့် ကျွန်တော် ကစားကွင်းအတွင်းမှ ထွက်ခွာလာခဲ့သည်။

နောက်ဘက်တွင် ကျွန်တော့်အား သတိပြုမိသွားဟန်ရှိသည့် ကလေးအချို့ထံမှ ဟိုကောင်လေး ဘာဖြစ်သွားတာလဲ ဟူသော အသံများ ကြားရသည်။ ချော်လဲလို့ ငိုသွားလေဟု တစ်ယောက်က ပြောလိုက်ပြီးနောက် ၀ါးခနဲ ရယ်မောသံများ ထွက်ပေါ်လာသည်။ ကျွန်တော့်စိတ်တွင်းမှ သိမ်ငယ်စိတ်တို့သည် မျက်ရည်အဖြစ် အပြင်သို့ စီးကျလာနေခဲ့သည်။ ကျွန်တော် ငိုကြွေးရသည့် အကြောင်းရင်း အစစ်အမှန်အား ရှင်းပြနိုင်ရန် လုံလောက်သည့် စကားလုံးများကို ကျွန်တော် မပိုင်ဆိုင်သေးသလို ကျွန်တော်နှင့် တန်းတူမဟုတ်သော သူများအပေါ် ရှင်းပြချင်စိတ်လည်း ကျွန်တော့်တွင် မရှိခဲ့ပါ။ ကလေးလေးတစ်ယောက်ရဲ့ မျက်ရည်မှာ အဓိပ္ပါယ်တွေ မရှိရတော့ဘူးလား။ ကလေးလေးတစ်ယောက် မျက်ရည်ကျရတဲ့ အကြောင်းရင်းဟာ အမြဲတစေ ကိုယ်ခန္ဓာက ထိခိုက်ရှနာတွေကြောင့်လို့ပဲ ယူဆတတ်ကြပါသလား။ ကျွန်တော်သည် ရွယ်တူဘက်တူ အခြားကလေးငယ် တစ်ဦးတလေမျှ ရှိမနေသည့် ကစားကွင်းကြီးထဲတွင် အထီးကျန် ရောက်ရှိနေခဲ့ရသူသာ ဖြစ်ကြောင်း ၀မ်းနည်းစွာ သိရှိခဲ့ရသည်။ ကစားကွင်းအတွင်းမှ ကလေးတို့၏ ပျော်ရွှင်ရယ်မောသံများသည် ကျွန်တော်နှင့် တဖြည်းဖြည်း ဝေးဝေးသွားခဲ့သည်။

ကျွန်တော်နေထိုင်ရာ အိမ်မှ မျှော်ကြည့်လျှင် အလွယ်တကူ လှမ်းမြင်နိုင်သော အဆိုပါကစားကွင်းအား မြင်တွေ့ရတိုင်း ကျွန်တော် ၀မ်းနည်းသိမ်ငယ်မှုကို အကြိမ်ကြိမ်အထပ်ထပ် ခံစားနေခဲ့ရသော်လည်း မကြာခဏဆိုသလိုပင် ပြတင်းပေါက်လေးတွင် ရပ်တန့်ကာ အဆိုပါကစားကွင်းအား ရီဝေစွာ မျှော်ငေးနေမိဆဲ ရှိပါသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကျွန်တော့်အိမ်ရှေ့မှ ဖြတ်လျှောက်သွားခဲ့ပြီး ကျွန်တော် ရှိရာသို့ လှမ်းကြည့်မိပါလျှင် ပြတင်းပေါက်နံဘေးတွင် ရပ်တန့်ကာ အဝေးတစ်နေရာရှိ ကလေးကစားကွင်းဆီသို့ စီးကရက်တစ်လိပ်ဖွာရင်း သိမ်ငယ်စွာ ငေးမောနေသော လူတစ်ယောက်ကို အံအားသင့်ဖွယ်ရာ တွေ့ရပါလိမ့်မည်။

တေဇာ (လရောင်လမ်း)
ဇူလိုင် (၂၈) ၂၀၁၀

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လောကကြီးမှာ ကိုယ်မမီနိုင်တဲ့ အရာတွေကို ကစားကွင်းပြင်ပက
ကလေးလေးတစ်ယောက်လို ငေးမောနေခဲ့ရတာ အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်..

Anonymous said...

ကလေးလေးတစ်ယောက်ရဲ့ မျက်ရည်မှာ အဓိပ္ပါယ်တွေ မရှိရတော့ဘူးလား။ ကလေးလေးတစ်ယောက် မျက်ရည်ကျရတဲ့ အကြောင်းရင်းဟာ အမြဲတစေ ကိုယ်ခန္ဓာက ထိခိုက်ရှနာတွေကြောင့်လို့ပဲ ယူဆတတ်ကြပါသလား။

Post a Comment