Skip to main content

ရွှေလက်စွပ်ကြွားသော ကလေးငယ်များ

ဆော့ခရိတ္တိဂျူနီယာနှင့် အေသင်သားငဇာ ဒိုင်ယာလက်တစ် ဆွေးနွေးခန်း (၁)

တစ်နေ့သ၌ အေသင်သား ငဇာတစ်ယောက် ဆရာကြီး ဆော့ခရိတ္တိ ဂျူနီယာ ထံသို့ ပေါက်ချလာသည်။ ထုံးစံအတိုင်း သူ့တွင် မေးစရာ မေးခွန်းတစ်ခု အတူပါလာသည်။ အောက်ပါတို့မှာ ၎င်းတို့နှစ်ဦး၏ ပြန်လှန်ဆွေးနွေးချက် (Dialectics) များကို ဖော်ပြထားခြင်းဖြစ်ပါသည်။ အချီးနိဒါန်းပင် မပျိုးတော့ဘဲ ငဇာက ရောက်ရောက်ချင်း ဆောက်ဖြင့်စထွင်းလေသည်။

ဇာ။     အောင်မြင်မှုကို ဖြတ်လမ်းနည်းဖြင့် မရနိုင်။ ထိုက်တန်တဲ့ ရင်းနှီးပေးဆပ်မှုတစ်ခုခု မဖြစ်မနေလိုအပ်တယ်ဆိုတာ မှန်ကန်ပါသလား ဆရာကြီး။

ဆော့။    အောင်မြင်မှုဆိုတာရဲ့ အနက်ကို သင် ဘယ်လို နားလည်သုံးစွဲထားသနည်း ငဇာ။

ဇာ။    (ခေတ္တစဉ်းစားကာ) အလိုဆန္ဒရှိတဲ့အရာကို ရယူပိုင်ဆိုင်နိုင်တယ်ဆိုတာ အောင်မြင်မှု မဟုတ်ပေဘူးလားဗျာ။

ဆော့။    သင် ငယ်စဉ်က စာမေးပွဲအောင်ရင် လိုချင်တာဝယ်ပေးမယ်လို့ မိဘတွေက ကတိပေးဖူးတာကို မှတ်မိတာများရှိသလား။

ဇာ။    ဟုတ်ကဲ့။ အတိအကျမမှတ်မိပေမဲ့ ရှိခဲ့ပါလိမ့်မယ်။

ဆော့။    ဒီတော့ သင့်အနေနဲ့ စက်ဘီးလေးတစ်စင်းဟာ သင်လိုချင်နေတဲ့အရာ၊ တစ်နည်း သင်ရည်ရွယ်ရာ အောင်မြင်မှုဆိုရင် စာမေးပွဲအောင်ဖို့ စာကို ကြိုးစားလေ့လာရခြင်းဟာ ရင်းနှီးပေးဆပ်မှု မဟုတ်ပေဘူးလား။

ဇာ။    (အမြင်မှန်ရသွားဟန်ဖြင့်… အားတက်သရော)  အမှန်ပါပဲခင်ဗျား။ ဒါဆိုရင်…

ဆော့။    (ရုပ်တည်ဖြင့် လက်ကာပြသည်) မပြီးသေးဘူး။ ဆက်ပြောဦးမယ်။ ဒါနဲ့ သင်က လိုချင်တာတစ်ခုကို ပူဆာလိုက်လို့ မိဘများက ဘာမှမတောင်းဆိုဘဲ မဆိုင်းမတွ အလိုလိုက်ခဲ့တဲ့ အကြိမ်များရော ရှိခဲ့သလားဆိုတာ သင် မှတ်မိသလား။

ဇာ။    (တွေပြီး ခေတ္တစဉ်းစားသည်) ဒီလိုအကြိမ်မျိုးလဲ အတိအကျမမှတ်မိပေမဲ့ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။

ဆော့။    ဟုတ်ပြီ။ အကယ်၍ သင့်မှာ လုံးဝမရှိခဲ့ဘူးဆိုရင်တောင် အခြားလူ တစ်ယောက်ယောက်မှာ ဒီလိုအဖြစ်မျိုး ရှိနိုင်ကောင်းတယ်လို့ သင်မယူဆဘူးလား။

ဇာ။    မှန်ပါတယ်။ ကျွန်တော့်သူငယ်ချင်း ဗိုလ်မှူးမြေး ပေါက်စဟာ အမြဲ လိုတရခဲ့တဲ့ အကောင်ပါပဲ။ (မလိုတမာပြောသည်)

ဆော့။    ဒီတော့ သင့်ရဲ့အဆိုရ အလိုဆန္ဒရှိတဲ့အရာကို ရယူပိုင်ဆိုင်ခြင်း၊ တစ်နည်း အောင်မြင်မှုဆိုတဲ့အရာဟာ ကြိုးစားအားထုတ်မှု၊ ပေးဆပ်မှု စတဲ့အရာတွေ လိုကောင်းလိုလိမ့်မယ်။ လိုချင်မှလည်း လိုလိမ့်မယ်။ မတူကွဲပြားတဲ့ လူတွေအတွက် မတူကွဲပြားတဲ့ အခြေအနေတွေ ရှိနေလိမ့်မယ်။ ဟုတ်ရဲ့လားကွဲ့။

မှန်းချက်နှင့် နှမ်းထွက်မကိုက်သဖြင့် အေသင်သားငဇာ ကျေနပ်ပုံမပေါ်။ ဖြစ်ညှစ်စဉ်းစားကာ စောဒကတက်ရန် ကူလီကူမာ ကြံပြန်သည်။

ဇာ။    ဒါဖြင့်ရင် အဆိုတော် စိုင်းစိုင်းဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဆိုတာတော့ ဆရာကြီး အသိအမှတ်ပြုမှာပေါ့။ ဒီလိုပဲ အနှီသူငယ်လေးဟာ ငယ်စဉ်တောင်ကြေး၊ လူမမယ်ဘ၀ထဲက ရေချိုးခန်းထဲမှာ၊ လမ်းဘေးအုတ်ခုံပေါ်မှာ၊ အုန်းပင်တွေအများကြီးရှိတဲ့ မြို့မှာ ပတ်ဝန်းကျင်ကို နှိပ်စက်ကလူပြုရင်း အဆိုပညာကို လေ့ကျင့်ဆည်းပူးခဲ့ရမှာပဲလို့ မဆိုနိုင်ဘူးလား။

ဆော့။    (ငါးခူပြုံးပြုံးကာ) အောင်မြင်မှုနဲ့ အောင်မြင်ကျော်ကြားမှု ဘယ်လိုခြားနားသလဲ။ ဒီနှစ်ခု ကွဲပြားပုံကို သင် ဘယ်လိုများ ခွဲခြားနားလည်ထားသလဲ။ ဒါကို အသာထားပါဦး။ သင်က စိုင်းစိုင်းနဲ့ ဥပမာပေးတာလေး သဘောကျလှတယ်။ ဒါပေမဲ့ သူတစ်ဦးတည်းဆိုတော့ အားပျော့နေမှာစိုးလို့ အခြား ပြစရာ ပုဂ္ဂိုလ်တွေလည်း သင့်မှာ ရှားလိမ့်မယ် မထင်ဘူး။ ပြောကြည့်ပါဦး။

ဇာ။    (အားတက်သရော) ရှိသပေါ့ဗျာ၊ ဘယ်ပြောကောင်းမလဲ။ မနားတမ်းပြောရင် မောရုံပဲရှိမယ်။ အများကြီးထဲက အချို့ကို ရွေးပြောရရင်တော့ ကိုလံဘီယာသူလေး ရှာခီရာ၊ ဆရာကြီးလည်း ကမ္ဘာ့ဖလားပွဲကြည့်တာပဲ။ သူလေး ကနေတာ မြင်ဖူးမှာပေါ့ (ဆော့ဂျူနီယာကြီးက ခေါင်းဆတ်ပြပြီး ရှက်ကိုးရှက်ကန်း ၀န်ခံရှာသည်)။ အေ့အေ… ပြီးတော့ အရက်မူးပြီးကားမောင်းမိလို့ တလောက ထောင် (၃) လကျသွားရှာတဲ့ လင်ဆေးလိုဟန်ဆိုတဲ့ ချာတိတ်မ။ မြန်မာပြည်ကဆို လက်ဝှေ့ကျော်ကြီး တွေ့မရှောင်။ နည်းပြအဖြစ် အောင်မြင်နေတဲ့ ဘောလုံးသမားဟောင်းကြီး မျိုးလှိုင်ဝင်း။ နောက်ဆုံး မနေ့တစ်နေ့ကမှ ကမ္ဘာ့ဖလားကြီး ကိုင်မြှောက်ထားတဲ့ နည်းပြကြီး ဒဲဘော့စကေးနဲ့ စပိန်အသင်း၊ အသင်းသားတွေ အားလုံးဗျာ။ သူတို့တတွေမှာ အောင်မြင်မှုရဖို့ ထိုက်တန်တဲ့ ရင်းနှီးပေးဆပ်မှုတွေ အသေအချာရှိခဲ့မယ်ဆိုတာ ဆရာကြီး မငြင်းနိုင်ဘူးမဟုတ်လား။ (ဘယ့်နှယ့်လဲဟူသော အထာဖြင့် ဆော့အား မခိုးမခန့်ကြည့်သည်)

ဆော့။    အင်း။ မောင်ရင်ပေးတဲ့ သာဓကတွေက အများကြီးပဲ။ မနားတမ်းဆက်ပြောနေရင် မောင်ရင် အမောဖောက်သွားမယ် ဆိုတာလည်း ယုံကြည်ပါတယ်။ ဒါနဲ့ သူတို့မှအပ မောင်ရင်မသိတဲ့ အခြား အောင်မြင်ကျော်ကြား တစ်ယောက်ယောက်ကိုများ သာဓက ထုတ်ပြနိုင်ပါသလား။

ဇာ။    (အူကြောင်ကြောင်ဖြစ်သွားသည်) ကျွန်တော် မသိတဲ့လူတစ်ယောက်ကို ဘယ်လို သာဓက ထုတ်ပြနိုင်မလဲ ဆရာကြီး။ ဒါပေမဲ့ အဲဒီလူတွေလဲ  ရှိတော့ရှိနေမှာပဲ မဟုတ်ဘူးလား။

ဆော့။    ဒါဆိုရင် အောင်မြင်သူဆိုတာအတွက် မောင်ရင့်သာဓကတွေအားလုံးဟာ မောင်ရင်သိတဲ့လူတွေချည်းပဲပေါ့။ တစ်နည်းအားဖြင့် မောင်ရင်သိလောက်အောင် ထင်ရှားကျော်ကြားတဲ့ လူတွေချည်းပဲပေါ့။ ကိုယ်မသိတဲ့ လူတစ်ယောက်ကို အောင်မြင်တယ်လို့ သာဓကပြဖို့ မဖြစ်နိုင်ဘူးပေါ့။ ဒါဆိုရင် အောင်မြင်မှုကို အသိအမှတ်ပြု ဖော်ထုတ်ရာမှာ ထိုသူရဲ့ လူသိများထင်ရှားမှုက အခရာဖြစ်မနေဘူးလား။ မောင်ရင်ပေးခဲ့တဲ့ သာဓကတွေအားလုံးဟာ အောင်မြင်သူများစာရင်းဆိုတာထက် လူသိများထင်ရှားသူများစာရင်းလို့ ပြောရင် ပိုမိုမနီးစပ်ပေဘူးလား။

ဇာ။    မရှင်းသေးဘူး ဆရာကြီး။

ဆော့။     လူသိများထင်ရှားတဲ့ အရည်အသွေးကို အောင်မြင်မှုနဲ့ ရောထွေးယူဆလိုက်မယ်ဆိုရင် ဂျပန်ပြည်မှာ နောက်လိုက်တွေနဲ့ တပြုံကြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြံစည်ခဲ့တဲ့ ဘာသာရေးအစွန်းရောက်ကြီး အာဆာဟာရ၊ နာဇီဂိုဏ်းချုပ်ကြီး ဟစ်တလာ၊ ဂိုးအလှူပေးခဲ့တဲ့ မြောက်ကိုရီးယားအသင်းနဲ့ တစ်ဖက်နောက်ခံလူများ ခင်မင်ဖွယ်အကောင်းဆုံး တိုက်စစ်မှူးလေး ဂျွန်တယ်စေးကိုရော ထည့်တွက်ရမလို ဖြစ်မနေဘူးလား။ ရင်ချင်းဆက်အမွှာအဖြစ် မွေးလာတဲ့ အေးနဲ့အိဟာလည်း မွေးရာပါ အောင်မြင်သူတွေ ဖြစ်မကုန်ပေဘူးလား။ ဒီလိုနည်းနဲ့ လူသိများခြင်းနဲ့ အောင်မြင်မှုကို ရောထွေးတွေးခေါ် တတ်ကြတယ် မဟုတ်ဘူးလား။

ဇာ။    အောင်မြင်မှုနဲ့ ကျော်ကြားမှုဆိုတာ ဆက်စပ်နေတဲ့ ပူးတွဲဝိသေသတွေပဲ မဟုတ်ဘူးလားဗျာ။ (မကျေမနပ် စောဒကတက်လိုက်သည်)

ဆော့။    ဗောဓိပင်ရင်းမှာ သဗ္ဗညုတရွှေဉာဏ်တော်ရခဲ့တဲ့ သိဒ္ဓတ္တမင်းသားဟာ အောင်မြင်သူအစစ်ဖြစ်သလို ဗုဒ္ဓ၀င်ထဲ မပါဝင်ခဲ့ဘဲ တောတွင်းတစ်နေရာမှာ အညတရ ကျွတ်တမ်းဝင်ခဲ့တဲ့ ကိုယ်တော်ပေါင်းများစွာဟာလည်း သူ့အထွာနဲ့သူ အောင်မြင်ခဲ့သူတွေပဲ မဟုတ်ပေဘူးလား။ (ဤဆော့ခရိတ္တိသည် ဂျူနီယာဖြစ်သလို ဗုဒ္ဓ၀င်အားလည်း တီးမိခေါက်မိရှိကြောင်းလည်း သတိချပ်ရန်) မိမိငါးပါးသီလလုံတာကို အရပ်က မသိပေမဲ့ ကိုယ်ကျင့်တရားအရာမှာ အောင်မြင်နေသူပဲ မဟုတ်ဘူးလား။ မိမိအလိုရှိတဲ့ရည်မှန်းချက်ကို ရယူဆုပ်ကိုင်နိုင်သူဟာ လူသိသိ၊ မသိသိ တစ်ကိုယ်ရည် အောင်မြင်နေသူပဲ မဟုတ်ဘူးလား။ ဒီတော့ အောင်မြင်မှုဆိုတာ ကျော်ကြားမှုမပါဘဲ သီးခြားရပ်တည်နိုင်စွမ်းရှိတဲ့ ဂုဏ်ရည်တစ်ရပ်လို့ မဆိုနိုင်ပေဘူးလား။ ဒီထက်ပို တိကျအောင်ဆိုရရင် လူသိများ ကျော်ကြားမှုချည်းပဲ သီးသန့်ရပ်တည်တဲ့အခါ အောင်မြင်မှုသီးသန့်ရဲ့ နှစ်လိုဖွယ် အနှစ်သာရ မရှိသလို (သာဓက ဟစ်တလာ၊ မူဆိုလီနီ၊ ကင်ဂျုံအီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စသည်) အောင်မြင်မှုနဲ့ ကျော်ကြားမှု နှိုင်းယှဉ်တဲ့အခါ ကျော်ကြားမှုဟာ အဆွယ်အပွားအဆင့်လောက် အဖြစ် လျှောကျသေးသိမ် မသွားဘူးလား။ အောင်မြင်ကျော်ကြားတယ်လို့ပဲ လူသုံးများပြီး၊ ကျော်ကြားအောင်မြင်တယ်လို့ ကျော်ကြားမှုကို ရှေ့ကိုဗန်းတင် သုံးနှုန်းလေ့မရှိဘူး မဟုတ်လား။ (အင်္ဂလိပ်ဘာသာမှာတော့ အဆိုးဂုဏ်နဲ့ကျော်ကြားတာကို Infamous, Notorious စသည် သုံးကြတာပေါ့လေ)  ဒီတော့ အောင်မြင်မှုနဲ့ ကျော်ကြားမှုဆိုတာ မောင်ရင်ဆိုခဲ့သလို ပူးတွဲဝိသေသတွေမဟုတ်ဘဲ အဖေနဲ့သားလို ကွာဟချက်ရှိတဲ့ ခြားနားသော ဂုဏ်ရည်တွေသာ မဟုတ်ပေဘူးလား။  ကျော်ကြားမှုကို အောင်မြင်မှုနဲ့ ရောထွေးလက်ခံထားလိုက်တဲ့အခါ လူတွေဟာ ဘ၀င်မြင့်ယုံမှားလွန် (ရောဂါရင့်သော် ရူးတတ်တယ်) ဖြစ်တတ်ကြပေတယ်။

ဇာ။    ဒါတွေကတော့ ဟုတ်ပါတယ်ဆရာကြီး။ (စိတ်မသက်မသာ သက်ပြင်းချသည်)

ဆော့။    အစကို ပြန်ကောက်ရရင် အောင်မြင်မှုဆိုတာ `မိမိအလိုရှိတဲ့အရာအား ကိုယ်စွမ်းကိုယ်စနှင့် တရားသဖြင့်* ရယူပိုင်ဆိုင်နိုင်ခြင်း´ လို့ ဆိုမှ နီးစပ်တဲ့အနက် ထွက်မယ်ကွဲ့။ နီးစပ်တယ်လို့ သုံးလိုက်ရတာက အတိအကျသိချင်ရင် အဘိဓာန်ကိုသာ ကိုယ့်ဘာသာကိုယ် လှန်ရှာလို့ ဆိုလိုတာပေါ့ကွယ်။ ကျွန်ုပ်အနေနဲ့တော့ လက်တမ်းပဲ ဆွေးနွေးချင်တယ်။ ဒီအဓိပ္ပာယ်သတ်မှတ်ချက်အပေါ် ရောထွေးနားလည်လိုက်တဲ့အခါ `အောင်မြင်မှုကိုရဖို့ ဖြတ်လမ်းနည်းမရှိ´၊ `အရည်အချင်းမရှိဘဲ မအောင်မြင်နိုင်´၊ `အောင်မြင်သူတိုင်းမှာ ထိုက်တန်တဲ့ ပေးဆပ်မှုတွေ ရှိခဲ့တယ်´ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် အောင်မြင်သူအဖြစ်သတ်မှတ်ပြီး  အာခေါင်ခြစ်အော်နေမိသူတွေ ဖြစ်ကုန်ကြရော။ ရွှေဆိုတာ တန်ဖိုးကြီးတယ်ကွလို့ မူလတန်းကျောင်းသားလေးက သူ့ရွှေလက်စွပ်ကိုပြပြီး ပါးစပ်အဟောင်းသားဖြစ်နေတဲ့ သူငယ်ချင်းတွေကို ကြွားသလိုမျိုးပေါ့ကွယ်။ တန်ဖိုးရှိသော သတ္တုတစ်မျိုးဆိုတဲ့ ရွှေရဲ့ အနက်ဖွင့်ဆိုချက်ကို အတိအကျ သိရင် မူရင်းအနက်ပါ ဂုဏ်ရည်တွေကို လူကြားအောင် သီးခြား ကြွားလုံးထုတ်နေစရာ မလိုအပ်တော့ဘူးပေါ့။ (အနက်အတိအကျသိတဲ့) လူကြီးတွေအဖို့မှာ ရွှေဆိုပြီး အသံထွက် ရွတ်ရုံနဲ့တင် ကြွားပြီးသား ဖြစ်နေပြီကိုး။

ဇာ။    ရှင်းပါပြီ။ (အင်တင်တင်ဖြင့် ၀န်ခံလိုက်ရသည်) စိုင်းစိုင်းအကြောင်းလေး ဆက်ပါဦး ဆရာကြီး။ (သံယောဇဉ်မကုန်သေး)

ဆော့။    Celebrity တွေရဲ့ပတ်သက်လို့က သူတို့ အလိုရှိတဲ့အရာ၊ မူလရည်ရွယ်ချက် ကိုယ်နှိုက်က လူသိများထင်ရှားဖို့ ဖြစ်နေလေတော့ လူသိများအောင်လုပ်ခြင်း လုပ်ငန်းစဉ် (အလိုဆန္ဒ၊ ရည်ရွယ်ချက်) ထမြောက်သွားခဲ့ရင် အောင်မြင်တာပဲရယ်လို့ ဆိုချင်ဆိုနိုင်ကြလိမ့်မယ်။ သူတို့အနေနဲ့ အောင်မြင်ခြင်းနဲ့ကျော်ကြားခြင်းဟာ ပူးတွဲသဘောမျိုး ဖြစ်နေတယ်။ ခွဲခြမ်းပစ်လို့ မရစကောင်းဘူး။ လူကြိုက်များအောင်လုပ်နိုင်တဲ့ အရည်အသွေးဟာ လူတိုင်းမှာ မရှိဘူး။ (ရှိတဲ့လူတိုင်းလည်း အသုံးချချင်မှချလိမ့်မယ်) လူကြိုက်များခြင်းခံရတဲ့ အရည်အသွေးကို “စန်း” လို့ခေါ်မယ်ဆိုရင်ခေါ်နိုင်တယ်။ ဒါ့အပြင် အဲဒီ “စန်း” မှ အပ၊ လူကြိုက်များ၊ လူသိများအောင် လုပ်နိုင်တဲ့ “နည်းလမ်း” (အလုပ်) တွေလည်း ပေါပေါလောလော ရှိနေတာပါပဲ။ (မယုံကြည်သူများအား ၁၀၀ ဖိုး ၃ ခုဖြင့် ၀မ်းသာအားရ ရောင်းပါမယ်) ဒီနေရာမှာ “စန်း” ဆိုတဲ့ ကိုင်တွယ်ထိတွေ့မရတဲ့ စိတ္တဇနာမ်ကို အသာဖယ်ထားရမယ်။ အကြောင်းက “နည်းလမ်း” ကြောင့် လူသိများသွားတဲ့အခါလည်း “စန်း” ကြောင့်လို့ အလွယ်တကူ တံဆိပ်ကပ်လိုက်နိုင်နေလို့ပဲ။ ဒီတော့ လူကြိုက်များခြင်းသို့ သွားရာလမ်းမှာ စောစောက ကျွန်ုပ်ရဲ့ အောင်မြင်မှုအနက်ဖွင့်မှာပါတဲ့ တရားသဖြင့်* ဆိုတဲ့စကားလုံးကို တွေးဆရတော့မယ်။ “နည်းလမ်း” တစ်ခုရဲ့ တရားမျှတတယ်၊ မမျှဘူး ဆိုတဲ့ကိစ္စတွေဟာ တစ်သီးပုဂ္ဂလသဘော (Subjective) တွေ ဖြစ်ပါတယ်။ ကျွန်စနစ်ဟာ တရားမမျှဘူးဆိုတာ ယနေ့ခေတ် ကျွန်ုပ်တို့အတွက် အမှန်ဖြစ်သလို၊ တရားမျှတပါတယ်ဆိုတဲ့ အများညီခေတ်တစ်ခေတ်လည်း အခိုင်အမာရှိခဲ့တယ်မဟုတ်ဘူးလား။ ယနေ့ခေတ်စံနှုန်းများအရသော်မှ ဂျာနယ်တွေကို ငွေပေးပြီး ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ခေါင်းစဉ်နဲ့ မိမိအကြောင်း ရေးခိုင်းတဲ့ လုပ်ရပ် (နည်းလမ်း) ဟာ တရားမျှ၊ မမျှ ငြင်းမယ်ဆိုရင် အဆုံးသတ် အဖြေတစ်ခုမရဘဲ လိပ်ခဲတည်းလည်းဖြစ်ကျန်ခဲ့ဖို့ပဲ ရှိပါတယ်။ ကိုယ်အားသန်ရာ စံနှုန်း (ပေတံ) များအားဖြင့်သာ ကိုယ်စီ တိုင်းတာကြမှာကိုး။ ဒါကိုပြောတာ တွေးဆနိုင်ဖို့ပဲကွဲ့။ မောင်ရင့် စိုင်းစိုင်းကို မဆိုလိုပါဘူး။

ဇာ။    ဟုတ်ကဲ့။ နားနားပြီး ပြောပါ ဆရာကြီး။ (အချက်အလက်အား မငြင်းဆန်နိုင်သော်လည်း မုန်းချင်စရာကြီးဟု စိတ်တွင်းမှကြိတ် ဆဲနေသည်)

ဆော့။    ဒီတော့ လူကြိုက်၊ လူသိများအောင် လုပ်နိုင်တဲ့အရည်အသွေး (သီးသန့်) ကို အောင်မြင်မှုလို့ သတ်မှတ်လို့မရဘူး။ ဥပမာထပ်ဆောင်ရရင် ဒုတိယကမ္ဘာစစ်အတွင်းက ရှိခဲ့တဲ့ နာဇီပါတီဝင် အရေအတွက်ဟာ ယနေ့ မောင်ရင့် စိုင်းစိုင်းပရိသတ်တွေထက်ကို အပုံကြီး ပိုများလေတော့ ဟစ်တလာကို ကျွန်ုပ်တို့ အထက်မှာ အောင်မြင်သူမဟုတ်လို့ သတ်မှတ်ထားပြီးသလို ဒီယုတ္တိအရ စိုင်းစိုင်းလေးကိုလည်း အောင်မြင်တယ်လို့ သတ်မှတ်လို့မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူဟာ အောင်မြင်သူတစ်ဦးဆိုတာ အများအသိအမှတ်ပြု လက်ခံထားပြီးသားဖြစ်နေတာ အထင်အရှားပဲ။ ဒါဟာ Celebrity တွေနဲ့ ပတ်သက်တဲ့ ဒွိဟနဲ့ ၀ိရောဓိ ဖြစ်တယ်။ ယုတ္တိအရ မှားသော်လည်း အများမြင်သာထင်သာတဲ့ သာမန်သိ (Common Sense) အရ အမှန်ဖြစ်နေတယ်။ ဒီယုတ္တိကို ဆင်ခြေကန်သူတွေဟာ စိုင်းစိုင်းအား စွဲလန်းခြင်း၊ မနှစ်မျို့ခြင်း စတဲ့ စိတ်အခြေခံတွေရဲ့ ပြောဆိုနေကြရင်တော့ ကာယကံရှင်စိုင်းစိုင်းက သိတောင်မသိလိုက်ဘဲ ကိုယ့်အချင်းချင်း ရန်မီးပွားကြရရုံပဲရှိမယ်။ ဒါကို Celebrity Paradox လို့ ကျွန်ုပ်က ကင်ပွန်းတပ်ချင်တယ်။ ဘုရားသခင်ဟာ သူ မ,မ နိုင်တဲ့ ကျောက်တုံးကို ဖန်ဆင်းနိုင်၊ မနိုင် ငြင်းကြသလိုမျိုးပဲ အကျိုးမရှိဘူး။ ၀ိရောဓိအဆိုတစ်ခု (Paradox) သာ ဖြစ်ပါတယ်။ မောင်ရင်က စိုင်းစိုင်းပရိသတ်ဆိုတော့ မောင်ရင့်အနေနဲ့ အနှီငတိလေးကို အောင်မြင်သူလို့ သတ်မှတ်ထားခြင်းဟာ (သာမန်သိအရ) မှန်ကန်မှုရှိပါတယ်။ ထို့အတူပဲ ကျွန်ုပ်က အောင်မြင်သူမဟုတ်လို့ သတ်မှတ်မယ်ဆိုရင်လည်း မှားတယ်လို့ မောင်ရင် (ယုတ္တိနည်းကျ) မငြင်းနိုင်ပါဘူး။ အခုပြောတာတွေ အားလုံးဟာ တွေးဆကြည့်စရာတွေကို ပြောနေတာကွဲ့။ အမှန်တော့ စိုင်းစိုင်းဟာ (အဆိုတော်အဖြစ်) အောင်မြင်သူတစ်ဦး အမှန်တကယ် ဖြစ်နေနိုင်ပါတယ်။ ဘေးလူတစ်ဦးဖြစ်တဲ့ ကျွန်ုပ်အနေနဲ့ ဟုတ်၊ မဟုတ် ဧကန် မပြောနိုင်ခြင်းကိုသာ ဆိုလိုပါတယ်။ ထို့အတူ မောင်ရင့်အနေနဲ့လည်း သူ့အား စွဲလန်းခြင်းကို ဘေးခဏချိတ်ထားလိုက်ရင် ယုတ္တိနည်းကျအားဖြင့် စဉ်းစားပြီး အောင်မြင်သူလို့ သူ့ကို သတ်မှတ်နိုင်မှာ မဟုတ်ဘူး။ သူ့ နည်းလမ်း (အလုပ်) တွေအားလုံးကို ကျွန်ုပ်တို့ မသိနိုင်တဲ့အခါ ကိုယ်ပိုင်စံတွေနဲ့ တိုင်းထွာစစ်ဆေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးကိုး။ ကျွန်ုပ်ရဲ့ အနက်ဖွင့်မှာပါတဲ့ တရားသဖြင့်* ဆိုတဲ့ ကျင့်ဝတ်ဆိုင်ရာအချက်ကလေးနဲ့ ငြိ (အကျုံးဝင်) ဖို့၊ ခွဲခြားဆုံးဖြတ်နိုင်ဖို့ ကျွန်ုပ်တို့ အနေနဲ့ စစ်ဆေးစမ်းသပ်ရန် အခြေအနေမရှိဘူးကိုး။ ဒါဟာလည်း မောင်စိုင်းကို ကျင့်ဝတ်မညီဘူးလို့ စွပ်စွဲနေတာ မဟုတ်ဘူးဆိုတာ မောင်ရင်လည်း အေသင်သားတစ်ယောက်ပဲလေ၊ စဉ်းစားတတ်မှာပါ။ ဒီလောက် အငြင်းပွားစရာကောင်းတဲ့ တရားသဖြင့်* ဆိုတဲ့ စကားလုံးကို ဘာလို့ထည့်ထားသလဲလို့ မေးရင်တော့ မထည့်ရင် အားလုံးကျေနပ်ကြမလားလို့ ကျွန်ုပ်က ပြန်မေးရုံပဲရှိတော့တယ်။ လိုချင်တာကို (တရားသဖြင့်မဟုတ်ဘဲ) မရ,ရတဲ့နည်းနဲ့ ရယူတတ်ခြင်းဟာ အောင်မြင်မှုလို့ ကျွန်ုပ်က ပြောလို့မဖြစ်ဘူး မဟုတ်လား။

ဇာ။    ဒီတော့ ဆရာကြီး။ ပထမဆုံး မေးခွန်းကို ပြန်သွားရရင်… (စကားဖြတ်၍ မြန်မြန်ပြန်လစ်ရန်သာ စိတ်စောနေတော့သည်)

ဆော့။    ကျွန်ုပ်ပြောတဲ့အထဲမှာ ပါပြီးပါပြီ။ မူလတန်းကျောင်းသား ရွှေလက်စွပ်ကြွားတဲ့စကား ကြားပြီး မောင်ရင်က ကျွန်ုပ်ကို ရွှေဆိုတာ တန်ဖိုးကြီးသလားဆရာကြီးလို့ လာမေးသလို ဖြစ်နေသကိုး။ မောင်ရင့်အနက်ဖွင့်လို အောင်မြင်မှုဆိုတာ လိုချင်တဲ့အရာကို ရယူပိုင်ဆိုင်နိုင်ခြင်းမျှပဲ ဆိုရင်တော့ လောကကြီးမှာ မအောင်မြင်သူဆိုတာကို ဘယ်နားလိုက်ရှာရမှန်းသိတော့မှာ မဟုတ်ဘူး။ “အချောင်ရဖူးတာ ဘာမှမရှိဘူးလို့ ကြွေးကြော်နေသူတွေဟာ လူဖြစ်လာရတဲ့ အထင်ကရကိစ္စကြီးကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုထားရာ ကျတယ်”။ ထားတော့ ဒီကိစ္စ။ ဒဿနိကအမြင်ကိစ္စဆိုတော့ ဒါကို ဆွေးနွေးရင် မောင်ရင်လည်း အိပ်ပျော်သွားတော့မယ်။ ကဲကဲ… ပြန်ပေဦးတော့။ နောက်တစ်ခါများ ရွှေလက်စွပ်ကြွားတဲ့ မူလတန်းကျောင်းသားကလေးတွေများတွေ့မိရင် အံ့အားသင့်သလိုနဲ့ တကယ်ကြီးလားဟင်လို့သာ မေးလိုက်။ မောင်ရင် မုန့်ကလေးတစ်ဖဲ့နှစ်ဖဲ့တော့ စားရကောင်းပါရဲ့.. အဟေးဟေး..။

ကုပ်ချောင်းချောင်း ပြန်လည်ထွက်ခွာသွားသော အေသင်သားငဇာ၏ ကျောပြင်ကျဉ်းလေးအားကြည့်ရင်း ဆရာကြီး ဆော့ခရိတ္တိဂျူနီယာမှာ ပြုံးဖြီးဖြီး ကျန်ရစ်ခဲ့လေတော့သတည်း။               
                           
◄ တေဇာ (လရောင်လမ်း) ►

Comments

  1. အငဲအင်တာဗျူးကို ဖတ်ပြီးကတည်းက ဒီရေးဟန်မျိုးကို နောက်တစ်ခါ ဖတ်ချင်နေတာ။

    ReplyDelete
  2. အငဲ အင်တာဗျူးက တေဇာရေးတာကို ပြောတာလား။
    ရှာဖတ်ဦးမှ

    ReplyDelete
  3. သိပ်ကိုကောင်းတဲ့ ရေးဟန်ရော အတွေးလေးပါဘဲ
    တော်ရုံနဲ့ မတွေးမိတဲ့ ရှုထောင့်ကနေ တွေးထားတာ
    လေးစားမိပါရဲ့

    ReplyDelete
  4. ရွှေအတုတွေလည်း ဖောချင်းသောချင်းရှိတတ်တယ်။
    ရွှေအတုကိုလည်း ကြွားလေ့ရှိတတ်ကြတယ်။ (အစစ်ဆိုတာ ၀တ်ထားရုံနဲ့ကို ထုတ်ကြွားစရာမလိုအောင် တင့်တယ်နေပြီကိုး)
    အဲဒီလိုပဲ ဆော့ခရိတ္တိဂျူနီယာကိုလည်း မနာလိုတဲ့သူကြီး၊ စိတ်ကောင်းမရှိသူကြီး၊ လူငယ်တွေကို စာရိတ္တပျက်ပြားစေသူကြီးရယ်လို့ သတ်မှတ်မယ့် အေသင်သားဂျူနီယာတွေ အများအပြားရှိလိမ့်မယ် ဆိုရင်လည်း မဆန်းဘူး။ အဆုံးမှာ တောထုတ်ပြီး အဆိပ်သောက်ခိုင်းမလားလည်း မသိဘူး။ ဆော့ဂျူနီယာကတော့ အဆိပ်ဆိုတာ သေရည်နဲ့တူတူပဲလို့ ဆင်ခြေကန်ပြီး တစ်နေ့တစ်ပုလင်း အရစ်ကျသောက်ပြီး သတ်သေပါရစေလို့ အယူခံဝင်မယ် ထင်တယ်။း)

    ReplyDelete
  5. Allow me to share my friends. Thanks !

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”