လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

စကားလုံးတွေကို `ထင်´အောင်လုပ်မယ်။ စကားလုံးတွေမှာ အနက်အဓိပ္ပာယ်တွေ ခိုကပ်နေတယ်။ အဲဒီ အနက်အဓိပ္ပာယ်တွေနဲ့  ပစ်ခတ် ဆော့ကစားမယ်။ စကားလုံးတွေကို တစ်နေရာရာမှာ ထင်အောင် လုပ်နေရရင် ငါဟာ အားရှိနေသလိုပဲ။ ဒီလိုမှမဟုတ်ရင် ငါဟာ ဘာမှ မဟုတ်တော့ဘူး။ လက်နက်ကိုင် စစ်သားတစ်ယောက်ရဲ့ မောက်မာမှုလို ငါဟာ မောက်မာနေတယ်။ ကျည်အပြည့်လွယ်ထားတဲ့ စစ်သားတစ်ဦးလို ငါ စကားလုံးတွေကို အပြည့်သယ်လာခဲ့တယ်။ ငါ့ စကားလုံးတွေဟာ ကျည်ဆန်တွေ မဟုတ်ဘူး။ ကျည်ဆန်ထက် အဆပေါင်းများစွာ ဝေးဝေးပြေးနိုင်တဲ့ ထိပ်ဖူးတွေပဲ။ စကားလုံးတစ်လုံးကတင် အဓိပ္ပာယ်ပေါင်း မြောက်များစွာ ဖြာထွက်သွားနိုင်တယ်။ ရန်သူအမျိုးမျိုးကို ဖြန့်ထွက်လဲပြိုစေနိုင်တယ်။ ဒါ့အပြင် စကားလုံးတစ်လုံးဟာ ဘိုးမရင်းတုတ်တစ်ခုလို ငါ့ဆီကို ပြန်ကန်လာနိုင်သေးတယ်။ ဒါကို အလွယ်တကူ ဖမ်းယူနိုင်ရမယ်။ ကလေးလေးတစ်ယောက်လို ကျွမ်းကျင်စွာ ဆော့ကစားနိုင်ရမယ်။ Ricochet ဖြစ်ပြီး အပြစ်မဲ့တဲ့ အရပ်သားတွေကိုလည်း ထိခိုက်စေနိုင်တယ်။ ဒါကိုတော့ သတိထားရမယ်။ အချို့ စကားလုံးတွေက မြားတစ်စင်းလို တည့်တည့်ပြေးတယ်။ သားကောင်ကို သွေးထွက်သံယို သေစေနိုင်တယ်။ ငါ့ စကားလုံးတွေမှာ အဆိပ်လူးမထားဘူး။ မီးမတို့ထားဘူး။ အနက်အဓိပ္ပာယ်တွေပဲ သုတ်လိမ်းထားတယ်။ အဓိပ္ပာယ်တွေကြောင့် အဆိပ်တက်ပြီး သေဆုံးခဲ့ရသူတွေ ပိုများတယ်မဟုတ်ဘူးလား။ အနက်အဓိပ္ပာယ်တွေကြောင့် လောင်ရတဲ့မီးက ပိုငြှိမ်းရခက်တယ် မဟုတ်လား။ ပုံပြင်ထဲက လေးသည်တော်တစ်ဦးလို ငါဟာ ဘ၀င်မြင့်နေတယ်။ စကားလုံးတွေ ငါ့လက်ထဲမှာ ရှိနေသရွေ့ ငါဟာ အလွယ်တကူ အနိုင်ယူဖို့ မဖြစ်နိုင်တဲ့ ဒေါင်ဒေါင်မြည် ပြိုင်ဘက်တစ်ယောက်ပဲ။ ဒီတော့ စကားလုံးတွေကို ထင်အောင် လုပ်ရမယ်။

တကယ်တော့ လူတွေအတွက် ငါကိုယ်တိုင်ဟာ ရှိနေရဲ့လား။ ငါ့စကားလုံးတွေပဲ ရှိနေတာ မဟုတ်ဘူးလား။ လူတွေရဲ့ အမြင်မှာ ငါဟာ စကားလုံးတွေမပါဘဲ သီးသန့် ရပ်တည်နိုင်ခဲ့လို့လား။ ငါသုံးစွဲခဲ့တဲ့ စကားလုံးတွေအရသာ ငါ့ရဲ့ အနက်အဓိပ္ပာယ်ကို လူတွေက သိကြရတာ မဟုတ်ဘူးလား။ မြားတစ်စင်းလို တိုက်ရိုက်မသွားဘဲ ဝေ့၀ိုက်ပျံဝဲနေတဲ့ အနက်တွေဆောင်တဲ့ စကားလုံးတွေကို ငါက နိစ္စဓူဝ ကျွမ်းကျင်ပါးနပ်စွာ သုံးစွဲနေခဲ့တာပဲ မဟုတ်ဘူးလား။ နေကောင်းရဲ့လားဆိုတဲ့ နှုတ်ဆက်စကားကို အကြိမ်ပေါင်းများစွာသုံးစွဲပြီး `ကြင်နာတတ်တဲ့ မိတ်ဆွေတစ်ဦး´ ဆိုတဲ့ အနက်အဓိပ္ပာယ်နဲ့ လူပေါင်းများစွာကို ငါပစ်ပေါက်ခဲ့ဖူးတယ် မဟုတ်လား။ `ကျွန်တော် သိပ်မသိပါဘူး´ ဆိုတဲ့ စကားကို သုံးစွဲပြီး `နှိမ့်ချရင့်ကျက်သူတစ်ဦး´ ဆိုတဲ့ အဓိပ္ပာယ်ကို လူပေါင်းများစွာဆီ ပေးပို့ဖူးတယ် မဟုတ်ဘူးလား။ ပြန်တော့မယ်နော် ဆိုတဲ့စကားနဲ့ `မိမိတည်ရှိနေမှုရဲ့ ဂုဏ်ရည်´ကို သွယ်ဝိုက် လှစ်ပြခဲ့ဖူးတယ် မဟုတ်လား။ ယုတ်စွအဆုံး ချစ်တယ်ဆိုတဲ့စကားကို သုံးစွဲပြီး `ကမ္ဘာဦးလူသားရဲ့ သဘာဝစိတ်ရိုင်း´ကို မိန်းကလေးအချို့ရဲ့ အာရုံမှာ လှပတင့်တယ်စွာ ထင်မြင်လာရအောင် ကောက်ကျစ်စွာ အနက်ဖော်ခဲ့ဖူးတယ် မဟုတ်လား။ ငါပြောခဲ့တဲ့ စကားတွေ၊ ငါ `ထင်´အောင်လုပ်ခဲ့တဲ့ စကားလုံးတွေအရသာ ငါနဲ့နီးစပ်တဲ့ အနက်တစ်ခုကို အခြားလူတွေရဲ့ အာရုံမှာ စိတ်ကူးပုံဖော် ကြည့်လို့ရတာ မဟုတ်ဘူးလား။ ငါဟာ စကားလုံးတွေအရသာ ဖော်ဆောင်နိုင်တဲ့ အရာတစ်ခုမျှ မဟုတ်ဘူးလား။ ငါချည်းသက်သက် စကားလုံးတွေမပါဘဲ ထားလိုက်ရင် ငါဟာ ငါမှ ဟုတ်ပါဦးမလား။ တကယ်တော့ ငါဆိုတာ စကားလုံးတွေသက်သက်နဲ့ တည်ဆောက်ထားတဲ့ ငါကြီးလား။ လူသူတစ်ဦးတစ်ယောက်မှ မရှိတဲ့ တောကြီးမျက်မည်းထဲက သစ်ကိုင်းတစ်ကိုင်း ကျိုးတာဟာ ကြားနိုင်တဲ့ သူ တစ်ဦးတစ်ယောက်မှ ရှိမနေချိန်မှာ အသံမမြည်ဘူးဆိုတာ မှန်ရင် ကြားနိုင်တဲ့နားတွေ၊ မြင်နိုင်တဲ့ မျက်စိတွေ ရှိတဲ့ကြားက ငါ့ရဲ့ စကားလုံးတွေကို လူတွေ မြင်အောင်၊ ကြားအောင် မပြုလုပ်နိုင်ခဲ့ရင် ငါ မရှိတော့တာပဲ မဟုတ်ဘူးလား။ တကယ်တော့ ရန်ကုန်က သူငယ်ချင်းတစ်ယောက်အတွက် ငါဟာ အခုချိန်မှာ စကားလုံးသက်သက်မျှပဲ မဟုတ်ဘူးလား။ ငါဟာ ငါ့စကားလုံးရှိသလောက်ပဲ တည်ရှိခွင့်ရတာလား။ အားးး ။

စကားလုံးများသည် အခြားသူတစ်ဦးအား တိုက်ခိုက်အနိုင်ယူရန်အတွက် ထားရှိသည့် လက်နက်များ မဟုတ်ကြပါ။ စကားလုံးများ၏ အနက်သည် ကောက်ကွေ့နက်နဲလွန်းလှသည်။ ကျွန်တော်တို့၏ ဦးနှောက်သည် ဘာသာစကားအား အသုံးပြု၍သာ ယုတ္တိနည်းကျ အဖြေများကို ရှာဖွေကြခြင်း ဖြစ်သည်။ စကားလုံးများ၏ အနက်သည် ချွန်ထက်စူးရှလှသည်၊ သို့သော်ေ၀၀ါးသည်။ ကွဲကြေလွယ်သည်၊ သို့သော် ကာလကြာရှည်စွာ စွဲမြဲသည်။ ထို့အတူ ဘာသာစကားအား အသုံးပြုထားသည့် ယုတ္တိနည်းကျ စဉ်းစားနည်းများသည်လည်း `ငါ´ အား အဆုံးစီရင်လိုက်ခြင်းကဲ့သို့ အန္တရာယ်ရှိသော နိဂုံးများဆီသို့ ဦးတည်သွားစေနိုင်သည်။ လူကို အန္တရာယ်ရှိစေသော လက်နက်ကိရိယာများအား ကလေးများလက်လှမ်းမမီသော နေရာတွင် ထားသလို `ငါ´ ၏ တည်ရှိမှုအား ရန်ရှာတတ်သော စကားလုံးများအားလည်း လူကြီးများ လက်လှမ်းမမီသော နေရာတွင် ထားပါ။ အထူးသဖြင့် အဓိပ္ပာယ်များနှင့် ပစ်ခတ်ဆော့ကစားတတ်သော လူကြီးများ လက်လှမ်းမမီသော နေရာတွင်ထားပါ။ စကားလုံးများ အဓိပ္ပာယ်များ ပလူပျံအောင် ဝေ့၀ဲလှုပ်ရှားနေသော ကမ္ဘာမြေကြီးတွင် မိမိ၏ `ငါ´ အား ဘေးမသီရန်မခ ရှင်သန်အောင် မွေးမြူရခြင်းသည် လူတိုင်းအတွက် ပင်ပန်းကြီးလှပါသည်။

တေဇာ (လရောင်လမ်း)
ဇူလိုင် (၂၇) ၂၀၁၀
Label: Essay
Theme: Connotation, Ambiguity & Self

1 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတိုင်းကတော့ ငါတိုတဲ့ အတ္တကို ရေလောင်းပေါင်းသင် မွေးမြူနေကြတာပါဘဲ...
ငါမပါတဲ့ အတ္တ ဆိုတာလဲ ရှိမယ်မထင်ဘူး...

Post a Comment