လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ရေအောက်ကျောက်ဂူ

 ရေဆန်မြစ်.. အရင်သွားနှင့်ခဲ့သူများ.. 
ပြန်နောက်ဆုတ်ခဲ့သူမရှိ.. 
(မျိုးကြီး) ~ငါတို့ခရီးစဉ်~

မီးလောင်နေရင် ဓာတ်ဆီလောင်းပြီး ကျော်ဖြတ်မယ် ဟူ၍ ကြွေးကြော် ရလောက်အောင် ကျွန်တော် အသည်းမကောင်းပါ။ ထိုသို့ ၀င့်ဝင့်ဝါ၀ါ ကြွေးကြော်သံ များနှင့်လည်း မိတ်ဖက်မသင့်ခဲ့ပါ။ သို့သော် ဘ၀၏ တစ်ခုသော ခဏတွင် ကျွန်တော် တစ်ကြိမ်တစ်ခါမျှ ရေငုပ်ခဲ့ဖူးပါသည်။ လည်ပင်းအား ကျောက်ခဲကြီးကြီး ဆွဲပြီး သူရဲကောင်းဆန်ဆန်၊ သို့မဟုတ် မိုက်ရူးရဲဆန်ဆန် ငုပ်ခြင်းမျိုးလည်း မဟုတ်ပါ။ အလျားအနံ မသိရသည့် ရေအောက် ကျောက်ဂူတစ်ခုအား ကျော်ဖြတ် ကြည့်ခဲ့ခြင်းသာ ဖြစ်ပါသည်။

ကမ်းစပ်တွင် ရပ်ကာ ကျွန်တော် ရေပြင်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့စဉ် လက်ခုပ်တီးအားပေးမည့် ပရိသတ် တချို့တလေ၊ သို့မဟုတ် လှောင်ပြောင်ရယ်မောကြမည့် မလိုမုန်းတီးသူ အနည်းငယ်မျှ ရှိမနေခဲ့ခြင်းသည် တကယ်တော့ သဘာဝကျပါသည်။ ကျွန်တော်က လောကကြီးကို ဂရုစိုက်သူမဟုတ်သလို လောကကြီးကလည်း ကျွန်တော်ကို အသိအမှတ်မျှပင် မပြုကြောင်း ကျွန်တော် ကောင်းကောင်းသိခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်၏ စွန့်စားမှု၊ သို့မဟုတ် မိုက်ရူးရဲ အပြုအမူအား အချိန်ပေး စောင့်ကြည့်နေရလောက်အောင် မည်သူမျှ မအားလပ်ခဲ့ကြသည့်အတွက် ကျွန်တော်က ကမ်းစပ်တွင် အိုင်တင်ခံကာ ရပ်နေခဲ့ခြင်းသည် ကျွန်တော်မှလွဲ၍ အခြားမည်သူ တစ်ဦးတစ်ယောက်အတွက်မျှ မဟုတ်ခဲ့ပါ။ ကြည့်မည့်သူ မရှိပါဘဲနှင့် အဘယ်ကြောင့် ဟန်ရေးပြ ရပ်တန့်နေရပါသလဲဟု မေးလာခဲ့လျှင် ကျွန်တော်၏ ရုပ်သဏ္ဌာန်နှင့် အပြုအမူများသည် အခြားသူတို့ မျက်လုံးများ၏ အကြည့်ခံအရာ မဟုတ်ကြောင်း ကျွန်တော်က ရှင်းလင်းဖြေဆိုရလိမ့်မည်။ ထိုသို့ ကျွန်တော်က လူသူကင်းရှင်းနေသည့် ရပ်ဝန်းတစ်ခု၏ ကမ်းစပ်တစ်နေရာတွင် တွေဝေရပ်တန့်နေခဲ့ပါသည်။ ဤအချိန်သည် ကျွန်တော်၏ နောက်ဆုံးအချိန် ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဖြစ်ကောင်းမှလည်း ဖြစ်မည်။ ဤသို့ ရေရာမှုမရှိခြင်းသည်ပင် သဘာဝဟု ဆိုနိုင်သော်လည်း ကျွန်တော်က အကယ်၍ နောက်ဆုံးအချိန်ဖြစ်ခဲ့လျှင် ဟူသောအတွေးဖြင့် တွေဝေနေခြင်းသာ ဖြစ်ပါသည်။ ဖြစ်နေနိုင်သည့် နောက်ဆုံးအချိန်လေးအား ရသလောက် ဆွဲဆန့်ထားခဲ့ပြီးနောက် နောက်ဆုံးအနေဖြင့် ကျွန်တော်က ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်သည်။ မည်သူမျှ မမြင်နိုင်သော်လည်း ကျွန်တော့် မျက်လုံးများသည် ပီပြင်စွာ အလွမ်းရိပ်သန်းနေခဲ့လိမ့်မည်ဟု ကျွန်တော် တွေးမိသည်။ ထို့နောက် ရေပြင်သည် ဂယက်ထလှုပ်ရှားသွားပြီး ကျွန်တော့်အား အပြီးတိုင် ၀ါးမျိုလိုက်လေသည်။

ရေအောက်သို့မငုပ်ခင် နောက်ဆုံးအနေဖြင့် ကျွန်တော် အသက်ကို ၀အောင်ရှူသွင်းလိုက်သည်။ ထို့နောက် ကျောက်ဂူဝ ရှိရာဆီသို့ ရှေးရှု၍ ကူးခတ်သွားလိုက်သည်။ မလောမိစေရန်၊ သက်လုံကို ချွေတာသုံးစွဲရန် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိပေးသည်။ ကျောက်ဂူအတွင်းသို့ အလင်းရောင်အချို့ တိုးဝင်နေသည်ကို မြင်နေရသေးသည်။ ရေအောက် ကင်မရာများဖြင့် မှတ်တမ်းတင် ရိုက်ကူးထားခြင်းမရှိသော်လည်း ကျွန်တော်က အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ကျောက်ဂူအတွင်းသို့ လျင်မြန်စွာ ကူးခတ်တိုးဝင်လာခဲ့သည်။ မကြာမီ ကျောက်ဂူဝရှိ အလင်းရောင်များ မှုန်ဝါးပျောက်ကွယ်သွားခဲ့သည်။ ရှေ့ဆီတွင် မည်းနက်နေသော အမှောင်ထုကြီးသာ ကာရံထားသည်ကို ကျွန်တော် မြင်နေရသည်။ ကျွန်တော့်အား မည်သူတစ်ဦးတစ်ယောက်ကမျှ မြင်နိုင်ခြင်းမရှိသလို ကျွန်တော်ကလည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မြင်နိုင်ခြင်းမရှိ။ ကျွန်တော်တွင် တည်ရှိနေသည့် တစ်ခုတည်းသော အရာမှာ ကူးခတ်ခြင်းသာ ဖြစ်သည်။ ကျွန်တော်သည် အမှောင်ထုကြီးအတွင်းသို့ ရှေးရှုကူးခတ်နေသည်။ ကူးခတ်မှုနှင့် ကျွန်တော်သည် တစ်သားတည်း ကျသွားခဲ့ပြီးနောက် ကျွန်တော်ဟူ၍ မရှိတော့ဘဲ ကူးခတ်နေသော အရာတစ်ခုအဖြစ်သာ မိမိကိုယ်ကိုယ် ထင်မြင်ရတော့သည်။

တဖြည်းဖြည်း အောက်ဆီဂျင်ငတ်မွတ်မှု ပမာဏသည် စိုးရိမ်ရေအမှတ် ရောက်လာခဲ့သည်။ ကျွန်တော့် အဆုတ်များသည် အကြောက်အကန် တင်းကြပ်ရုန်းကန်နေကြကြောင်း ကျွန်တော် ခံစားနေရသည်။ မှောင်မဲအေးစက်နေသော ရေအောက်ကျောက်ဂူအတွင်း အသက်လုရသည့် ခံစားမှု။ အထီးကျန် ရုန်းကန်နေသော လက်မောင်းကြွက်သားများ။ ရှေ့သို့သာ ဦးတည်ကူးခတ်နေသည့် ကိုယ်ခန္ဓာတစ်ခု။ ကျွန်တော် မိမိကိုယ်ကိုယ် အာရုံဖြင့် ပုံဖော်ကြည့်လိုက်သည်။ မျက်လုံးများကို အစွမ်းကုန်ဖွင့်ကာ ရှေ့ဆီမှ ထွက်ပေါက်၏ အလင်းတစ်စ မြင်ရနိုးနိုး ကျွန်တော် စမ်းတ၀ါးဝါး လှမ်းမျှော်ကြည့်နေခဲ့သည်။ အမှောင်ထုကြီးကသာ အားကောင်းစွာ ခြိမ်းခြောက်ထားဆဲ။ ထို့နောက်တွင် ကျွန်တော် ၀င်လာခဲ့ရာ ကျောက်ဂူဝသည်လည်း အတော်အလှမ်းဝေးသွားခဲ့ပြီဖြစ်ကြောင်း သတိရမိသည်။ ထို အ၀င်ပေါက်မှ အလင်းရောင်များလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ စင်စစ် ယခုချိန်တွင် ကျွန်တော်သည် သူရဲဘောကြောင်စွာ နောက်ပြန်လှည့်မည်ဆိုလျှင်သော်မှ ၀င်ပေါက်သို့ ပြန်လည်ထွက်မြောက်နိုင်သည်အထိ ကူးခတ်နိုင်စွမ်း ရှိမရှိ မသေချာတော့။ အချိန်နှင့်အမျှ ရှေ့သို့ရွေ့လျားနေသော ကိုယ်ခန္ဓာသည် အချိန်နှင့်အမျှ ၀င်လာခဲ့ရာ အပေါက်ဝနှင့် ဝေးဝေးသွားခဲ့ပြီ ဖြစ်ပါသည်။ ရှေ့သို့ တစ်လက်မ ရွေ့လျားသွားခြင်းသည် နောက်ပြန်လှည့်ရန် တစ်လက်မ ပိုဝေးသွားခြင်းသာ ဖြစ်ကြောင်း စဦးထဲက ကျွန်တော် နားလည်ခဲ့ပြီး ဖြစ်ပါသည်။

ကျွန်တော်၏ အဆုတ်များသည် ပေါက်ကွဲတော့မတတ် လေကို လိုအပ်နေသည်။ လက်ကို အစွမ်းကုန် ဆန့်ထုတ်ပြီး ရှေ့သို့ တိုးထွက်လိုက်သည်။ ရှေ့ဆီမှ အလင်းရောင်သဲ့သဲ့ မြင်လိုက်ရသလို ကျွန်တော် ထင်မြင်မိသည်။ ယခုအခါ ကျွန်တော့် မျက်လုံးများသည် မှေးမှိတ်သွားခဲ့ပါပြီ။ စိတ်ကူးအာရုံအတွင်းမှ နောက်ဆုံး သဲ့သဲ့မျှ ကျန်ရစ်ခဲ့သည့် အလင်းတစ်စဆီသို့သာ အာရုံပြု၍ ကျွန်တော်ကူးခတ်နေဆဲ ရှိပါသည်။ ထိုအလင်းရောင်ဆီသို့သာ နောက်ဆုံးထွက်သက်အထိ ကျွန်တော် ဦးတည်ကူးခတ်နေခဲ့သည်။ အိပ်မက်ဆိုးကြီးတစ်ခုအတွင်းမှ အလန့်တကြား နိုးထလိုက်ရသလို လွတ်မြောက်မှုအား မျက်မှောက်ပြုလိုက်ရသော ခံစားချက်မျိုးကို ကျွန်တော် အိပ်မက်မက်နေဆဲ ရှိပါသည်။ ရေအောက်ကျောက်ဂူ၏ အလျားနှင့် ၎င်း၌ အဆုံးသတ် ထွက်ပေါက် ရှိမရှိဟူသော ကိစ္စကို ကျွန်တော်မသိခဲ့သလို မည်သူကရော ကြိုတင်သိရှိနိုင်ပါမည်နည်း။ ၀င့်ဝင့်ဝါ၀ါ ကြွေးကြော်သံများနှင့် ကျွန်တော် မိတ်ဖက်မသင့်ခဲ့ပါ။ အကယ်၍ ကျွန်တော် သေဆုံးဖြစ်ခဲ့ပါလျှင် ကျွန်တော်၏ အလောင်းအား ရေအောက်ကျောက်ဂူ၏ အနက်ရှိုင်း၊ အမှောင်မိုက်ဆုံး နေရာတွင်သာ လူမသိသူမသိ တိတ်တဆိတ် ကိုယ်တိုင်မြှုပ်နှံသင်္ဂြိုဟ် လိုက်ပါမည်။

တေဇာ (လရောင်လမ်း)
ဇူလိုင် (၂၆) ၂၀၁၀
Label: Essay
Theme: Isolation, Uncertainty & Resoluteness

2 comments:

black.pirate said...

ငါဘာလို့ ဒါမျိုး မစဉ်းစားမိပါလိမ့် . . .

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘ၀ဆိုတဲ့ ရေအောက်ကျောက်ဂူကြီးမှာ ထွက်ပေါက်ရှိလိမ့်နိုးနဲ့
ကိုယ်တိုင်လည်း ကူးခတ်နေမိတယ်..

Post a Comment