eastoftheweb.com |
ဘတ်စ်ကားလည်း မကြာခင်လာမှာပါ[ ၁ ]
ဒါပေမဲ့ ဒီအတောအတွင်းမှာ..
ဗူစီမာကူစီဟာ အစွန်းရောက် အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ အဆင်းရဲဆုံး အရပ်မှာ နေထိုင်သူတစ်ဦးဖြစ်တောင်မှ၊ သူ့ဆီမှာ ၀တ်စုံတစ်စုံတည်းပဲ ပိုင်ဆိုင်တာတောင်မှ၊ သူ့ဘောင်းဘီရှည်ဟာ ခြေမျက်စိ မဖုံးတောင်မှ သူဟာ အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်ပါတယ်။
ပညာရေး ဆုံးခန်းတိုင်တော့ အစိုးရ၀န်ထမ်းအဖြစ် အသက်မွေးတာ အဆင်ပြေနိုင်မယ်လို့ ဗူစီ ဆုံးဖြတ်ခဲ့တယ်။ တာဝန်ကျအရာရှိက ဗူစီ့ကို တစ်ချက်ကြည့်တယ်။ ပြီးတာနဲ့ အသုံးကျမယ့် လူစားမျိုးမဟုတ်မှန်း ချက်ချင်း သဘောပေါက်သွားတယ်လို့ပဲ ဆိုရမယ်။
`အေးဗျာ။ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်အတွက် ကျုပ်မှာ အလုပ်တစ်နေရာစာတော့ ရှိမယ်ထင်တယ်´ လို့ သူက ပြောတယ်။

ဘတ်စ်ကားတစ်စင်းပေါ် ဗူစီ အကြာကြီး စီးခဲ့ရတယ်။ တောနက်ကြီးထဲ ရောက်သထက်ရောက်အောင် မောင်းလာတုန်း ဘတ်စ်ကားက ယိမ်းထိုးခါးယမ်းပြီး တဂျိမ်းဂျိမ်း မြည်နေတယ်။ နောက်ဆုံးတော့ တောအုပ်ကြီးပတ်ချာဝိုင်းထားတဲ့ မြေပျော့ပျော့ ကွက်လပ်တစ်ခုမှာ ကားက ထိုးရပ်သွားတယ်။
`ဒါနဲ့ ရွာက ဘယ်မှာလဲဗျာ´ လို့ ဗူစီက မေးလိုက်တယ်။
ယာဉ်မောင်းက လက်ညှိုးညွှန်ပြတယ်။
`ဘတ်စ်ကားက ဘယ်နေ့ပြန်လာမှာလဲ´
`စနေနေ့´ လို့ ယာဉ်မောင်းက ဘုဆတ်ဆတ်ပြန်ပြောတယ်။ လွန်ခဲ့တဲ့ နာရီ (၂၀) လုံးလုံး သူ့ အလုပ်သစ်အကြောင်းကို ဗူစီက ကားပေါ်ပါလာသူ တစ်ယောက်မကျန်အောင် လိုက်ပြောပြနေလို့ ယာဉ်မောင်းက ဗူစီ့ကို စိတ်မရှည်ဖြစ်နေတယ်။
တောင်ကုန်းတွေကိုဖြတ်ပြီး ရွာဆီရောက်အောင် ဗူစီ ကုန်းကြောင်းလျှောက်ရတယ်။ သူကြီးရဲ့ တဲတံခါးကို ခေါက်ပြီးတော့ သူ ထိုင်စောင့်နေလိုက်တယ်။ ဗူစီ့ကို ကြည့်ဖို့ တစ်ရွာလုံးရောက်လာကြတယ်။ နောက်ဆုံးတော့ သူကြီး ရောက်လာလို့ ဗူစီက မတ်တပ်ရပ်လိုက်တယ်။
`မင်္ဂလာပါ ဆရာကြီး။ ကျွန်တော်ကတော့ ဒီဒေသအတွက် အသစ်ရောက်လာတဲ့ အစိုးရအရာရှိပါ။ ကျွန်တော် ရောက်လာရတဲ့အကြောင်းရင်းကတော့ တည်ငြိမ်အေးချမ်းမှု၊ စည်ပင်မှု၊ ညီညွတ်မှု၊ ဖွံ့ဖြိုးမှုနဲ့ ပညာရေးတို့ကို ဒီအရပ်ကလူတွေဆီ ဆောင်ကျဉ်းပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရရဲ့ စေတနာနဲ့ ရက်ရောမှုတွေကို ပြသဖို့ ကျွန်တော် လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီရွာမှာ ဘာပဲလိုလို၊ လမ်းတွေ လိုမလား၊ ကျောင်းတွေ လိုမလား၊ မျိုးစေ့တွေလား၊ ရေလား၊ လယ်ထွန်စက်တွေလား၊ ကျောင်းဆရာတွေလား၊ ဆရာဝန်တွေလား၊ အားလုံးကို အစိုးရကနေ ဖြည့်ဆည်းပေးချင်ပါတယ်။ ကျွန်တော်က စာရင်းလေး လုပ်လိုက်ရုံပါပဲ။ အားလုံး ရောက်လာပါစေ့မယ်´
သူကြီးက ဗူစီကို ငေးကြည့်နေတယ်၊ ပြီးတော့ စပြီး ရယ်ပါရော။ `အဟ ဟ ဟားးးးးးးးးးးးးးးး´ လို့ အသံထွက်ပြီး ရယ်တယ်။
နောက်ဆုံးတော့ သူကြီးက ပြောလိုက်တယ်။
`ကောင်လေး။ ငါတို့ရွာကို လူရွှင်တော်လာပြီးကတည်းက ဒီလောက် တစ်ခါမှ မရယ်ရသေးဘူး´
[ ၂ ]
`ဒါပေမဲ့ ကျွန်တော် တကယ်ပြောနေတာပါ´ လို့ ဗူစီက ပြောတယ်။
သူကြီးက ထပ်ရယ်ပြန်တယ်။ `ဟားဟားဟား´
`ကောင်းပါလေ့ဗျာ။ တော်ပါတော့။ ခင်ဗျားနောက်နေတာနဲ့ပဲ ကျုပ်အမေ အိုကြီးအိုမ ၈၃ နှစ်လည်း ရယ်ရလွန်းလို့ အသက်ထွက်တော့မယ်။ အဘွားကြီးကို နံရိုးတွေကျိုးတဲ့အထိ ခင်ဗျားလုပ်မလို့လား´ လို့ သူကြီးက အော်လိုက်တယ်။
ညကျတော့ ဗူစီအတွက် အထူးညစာစားပွဲ ကျင်းပတယ်။ နောက်တစ်နေ့ အရောက်မှာပဲ မှတ်စုစာအုပ်တစ်အုပ်နဲ့ ဗူစီ ရွာထဲလှည့်လည်တော့ လူတွေ စိုးရိမ်စပြုလာတယ်။
`ဒီလူဟာ ရူးကြောင်ကြောင်ပဲ။ မြို့ကနေ သူ့ကို ပ,ထုတ်လိုက်တာ ဖြစ်မယ်´ လို့ သင်းအုပ်ဆရာက ပြောတယ်။
`သူက သူလျှိုပါ။ အခုလို စာရင်းလုပ်နေတာက ရှိသမျှအကုန် ခိုးမလို့ပဲ´ လို့ သူကြီးကတော်က ပြောတယ်။
`ကျုပ်ထင်တာတော့ ဒီလူ ခေါင်းထိခိုက်မိထားပုံရတယ်။ ဒါကြောင့် ဂေါက်နေတာ´ လို့ ပန်းပဲဆရာက ပြောတယ်။
နှစ်ဆယ့်ရှစ်ရက် လွန်မြောက်တော့ ဗူစီ သူကြီးဆီ ရောက်လာတယ်။ သူ လေးပတ်ဆက်တိုက် အလုပ်လုပ်ပြီးလို့ ရှစ်ရက် အနားရမှာဖြစ်တယ်၊ သူ့အမေကြီးဆီ သွားလည်ဖို့ စဉ်းစားထားတယ်လို့ ရှင်းပြတယ်။ ပြီးတော့ သူ့ကို ထီးငှားလိုက်ဖို့လည်း သူကြီးကို ပြောတယ်။ မြို့ရောက်တာနဲ့ အသစ်တစ်ချောင်းပြန်ဝယ်ပေးမယ်၊ အဲဒီမှာ သူ့ရဲ့ အသစ်စက်စက် ဘဏ်စာရင်းထဲက အစိုးရလစာငွေ အသစ်ကျပ်ချွတ်တွေ ထုတ်ရမှာလို့ သူက ပြောတယ်။
သူကြီးကတော့ ခေါင်းတခါခါနဲ့ သူ့ထီးကိုငှားလိုက်ဖို့ သဘောတူတယ်။ ပြီးတော့ ဗူစီက သူကြီးကတော်ဆီသွားပြီး သူ့ကို စောင်ငှားလိုက်ဖို့ ပြောတယ်။ နောက်တစ်ခါ ပန်းပဲဆရာဆီသွားပြီး ဓားတစ်ချောင်းငှားတယ်။ ကားဆိပ်ကိုသွားဖို့က အပင်တွေနဲ့ပိတ်နေတဲ့လမ်းကို အတော်လျှောက်ရဦးမှာကိုး။ အဲဒါပြီးတော့ သူ့ရဲ့ ဖွာရာကျဲနေတဲ့ အိတ်ကလေးသယ်ပြီး ဗူစီ ထွက်သွားတော့တယ်။
`ဘတ်စ်ကားမရှိဘူးလို့ သူ့ကို တစ်ယောက်ယောက်ကတော့ ပြောမှာ သေချာတယ်´ လို့ သူကြီးက ပြောလိုက်တယ်။
သူတို့ အတော်ကြာ စောင့်ကြည့်နေကြတယ်။ နောက်ဆုံးတော့ ပန်းပဲဆရာက တောင်ကြားကလေးထဲကို ဆင်းသွားပြီး တောလမ်းကလေးနံဘေးမှာ ရပ်စောင့်နေတဲ့ ဗူစီနဲ့ တွေ့တယ်။
နောက်တော့ ပန်းပဲဆရာက ရွာသားတွေကို ပြန်ရှင်းပြတယ်။ `သူ ပြောပုံအရတော့ ဘတ်စ်ကားက မကြာခင် တကယ်ပဲလာမှာတဲ့။ သူ ကားလွတ်သွားတာမျိုး မဖြစ်ချင်ဘူးတဲ့´
ဒီလိုနဲ့ နှစ်ရက်လောက် ကြာသွားချိန်မှာတော့ သူကြီးကိုယ်တိုင် တောင်အောက်ဆင်းပြီး ဗူစီ့ကို အကျိုးအကြောင်းရှင်းပြဖို့ ကြိုးစားရတယ်။ သူလည်း ခေါင်းတယမ်းယမ်းနဲ့ ပြန်ရောက်လာတာပါပဲ။ နောက်တစ်ခါ သင်းအုပ်ဆရာက ကြိုးစားကြည့်တယ်၊ အချည်းအနှီးပဲ။

[ ၃ ]
`သူ့ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြလို့ မရတော့ဘူး´ လို့ သူကြီးကတော်က ပြောတယ်။ `ဒါကြောင့် သူ့နှလုံးသားကို လှုတ်ခတ်သွားအောင် လုပ်ရမယ်။ ဒါမှမဟုတ် မျက်လုံးပေါ့။ အိုးလုပ်သမားရဲ့ သမီးကလေးကို လွှတ်ကြည့်ပါလား။ သူက ဒီရွာမှာတော့ အလှဆုံးမဟုတ်လား´ လို့ ပြောတယ်။
အိုးလုပ်သမားရဲ့ သမီးပြန်ရောက်လာတယ်။ စိတ်ပျက်လက်ပျက် ပုခုံးတွန့်ပြတယ်။
`သင်းအုပ်ဆရာရဲ့ တူမကလေးရော..´ လို့ ပန်းပဲဆရာက အကြံပြုတယ်။ `သူက အလှဆုံးတော့ ဟုတ်ချင်မှဟုတ်မယ်၊ ဒါပေမဲ့ ဉာဏ်အကောင်းဆုံးနဲ့ အထက်မြက်ဆုံး မိန်းကလေး မဟုတ်လား။ စကားလည်း တတ်လွန်းသားပဲ´
ရွာသားတွေဟာ မိန်းမငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ပြီး ဗူစီ့ကို ဖျောင်းဖျဖို့ ကြိုးစားကြတာ နောက်ဆုံး တစ်ယောက်တည်း ကျန်တော့တဲ့အထိပဲ။ `အင်း၊ ဒီတစ်ယောက်လည်း ကြိုးစားချင် ကြိုးစားကြည့်ဦးပေါ့´ လို့ သူကြီးက သမ်းသမ်းဝေေ၀ ပြောလိုက်တယ်။ ပြီးတော့ တရေးတမောအိပ်ဖို့ အထဲဝင်သွားတော့တယ်။
အဲဒီမိန်းကလေးက လမ်းအတိုင်း ဒေါကြီးမောကြီး ဆင်းသွားတယ်။ သူက နောက်ဆုံးကျန်ခဲ့တဲ့ လူဖြစ်နေတော့ ရွာမှာ ရွက်ကြမ်းရည်ကြို အဖြစ်ဆုံး အတုံးဆုံးမိန်းကလေးလို့ သတ်မှတ်လိုက်သလို ဖြစ်နေလို့ အတော်ကလေး စိတ်ဆိုးနေတယ်။ ဒါနဲ့ သူက ဗူစီ့ကိုလည်း မြင်ရော သရက်သီးတစ်လုံးနဲ့ ပစ်ပေါက်တော့တာပဲ။
`အူကြောင်ကြောင်၊ အရူး´ လို့ သူက အော်လိုက်တယ်။ `ဘယ်သူက ဂရုစိုက်မှာမို့လို့ ရှင်က ဒီလိုလုပ်နေရတာလဲ။ ရှင် ဒီမှာ ကျောက်တုံးဖြစ်သွားတဲ့အထိ ထိုင်စောင့်နေဦး ဘယ်သူမှ ရှင့်ကို သတိပြုမိမှာမဟုတ်ဘူး´ အဲလိုပြောပြီးတာနဲ့ သူဟာ စိတ်ဆိုးလွန်းလို့ မျက်ရည်ပေါက်တွေ ကျလာတယ်။
ဗူစီက မိန်းကလေးကို ငေးကြည့်နေတယ်။ ပြီးတော့ သူက ဒူးထောက်ချလိုက်တယ်။
`ချစ်စွာသော မိန်းကလေး။ ကိုယ့်ကို ခွင့်လွှတ်ပါ´ လို့ ဗူစီက ပြောလိုက်တယ်။ `မင်း ဒီလောက်ထိ စိတ်ခံစားချက်တွေ ပြင်းထန်နေတာ မင်းရဲ့ ခံစားချက်အစစ်အမှန်တွေကို ဖုံးကွယ်ဖို့ ကြိုးစားတာကြောင့်ပဲ ဖြစ်ရမယ်။ တကယ်လို့ ကိုယ်သာ မင်းရဲ့အချစ်တွေကို မျက်စိလျှမ်းသွားခဲ့တယ်ဆိုရင် အဲဒါဟာ မင်း မဖွင့်ဟခဲ့လို့ပဲ ဖြစ်မှာ။ ဘာကြောင့်လဲဆိုတော့ ကိုယ် မင်းရဲ့ အချစ်တွေကို သိခဲ့တယ်ဆိုရင် အခုလို မစာမနာ လုပ်မိမှာမဟုတ်ဘူးလေ။ သတင်းကောင်းပဲ။ ဘတ်စ်ကားရောက်တဲ့အချိန်မှာ ကိုယ့်အမေနဲ့ သွားတွေ့မယ်၊ ကိုယ့်ရဲ့ ဇနီးလောင်းကို တွေ့ခဲ့ပြီလို့ သူ့ကို ပြောမယ်။ ဘုရားကို ကျေးဇူးတင်ရမယ်။ အဲဒီမတိုင်ခင်တော့ မင်းကိုယ်နဲ့အတူ ခဏလောက်နေပေးမယ် မဟုတ်လား၊ ဘတ်စ်ကား စောင့်ရင်းပေါ့´
ဗူစီ့ စကားတွေဟာ ရွက်ကြမ်းရည်ကြိုနဲ့ အတုံးဆုံးလို့ ပြောခံရတာထက် အပုံကြီးပို နားထောင်ကောင်းနေတာနဲ့ မိန်းကလေးက အတူစောင့်ဖို့ သဘောတူလိုက်တယ်။ ဗူစီကတော့ အနာဂတ်အကြောင်းကို စပြောတယ်။ ဘယ်လောက်ပျော်ရွှင်စရာ ကောင်းမယ်ဆိုတဲ့အကြောင်းတွေ ဝေေ၀ဆာဆာပေါ့။ လယ်ထွန်စက်တွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ ရေစုပ်စက်တွေ၊ ၀ဖီးနေတဲ့ ကျွဲမကြီးတွေ၊ ၀,လုံးနေတဲ့ ကြက်ကလေးတွေ၊ ထွားကြိုင်းတဲ့ ဟင်းသီးဟင်းရွက်ပင်တွေနဲ့ ပြုံးပျော်နေတဲ့ လူတွေ၊ သွပ်မိုးတွေနဲ့ ရုပ်မြင်သံကြားစက်၊ ယင်လုံအိမ်သာနဲ့ စာတိုက်ရုံး၊ တယ်လီဖုန်းလိုင်းတွေနဲ့ ကွန်ကရစ်လမ်း၊ လေယာဉ်ပျံတွေနဲ့ မိုးမျှော်တိုက်တွေ၊ ပြီးတော့ အစဉ်အမြဲ အချိန်မှန် ဆိုက်ရောက်တတ်တဲ့ ကျေးလက်သွား ခရီးသည်တင် ဘတ်စ်ကားတွေ အကြောင်း မမောတမ်းပြောပြတယ်။

[ ၄ ]
မနက်ခင်းရောက်တော့ မိုးစရွာတယ်။ ဗူစီက သူကြီးရဲ့ ထီးကို ဖွင့်ဆောင်းလိုက်တယ်။ မိုးက အဆက်မပြတ် ရွာနေတယ်။ မျောက်နီလေးတစ်ကောင် ပေါ်လာပြီး တောလမ်းရဲ့ အဝေးတစ်နေရာမှာ ထိုင်နေတာ မြင်ရတယ်။ သူ့ပုံစံက ၀မ်းနည်းနေပုံပေါက်ပြီး မိုးရေတွေနဲ့ ရွှဲနစ်စုတ်ပြတ်နေတယ်။
`ဟို မျောက်ကို ကြည့်ပါဦး။ သူလည်း ဘတ်စ်ကားစောင့်နေတာပဲ´ လို့ ဗူစီက ပြောလိုက်တယ်။
`ဒါပေမဲ့ ဗူစီ၊ သူ့မှာ လက်ဆွဲအိတ်လည်းမပါဘူး၊ ခရီးဆောင်အိတ်လည်း မပါဘူးလေ´ လို့ မိန်းကလေးက ပြန်ပြောတယ်။
`အင်း ဟုတ်တယ်။ ဒါကြောင့် ဒီကောင် ဘတ်စ်ကားပေါ်မှာ ပါလာမယ့် သူ့ရဲ့အမျိုးတွေကို နှုတ်ဆက်ဖို့ စောင့်နေတာ ဖြစ်ရမယ်´
ခဏကြာတော့ မျောက်ကလေးဟာ ချမ်းလို့ တဆတ်ဆတ်တုန်လာတယ်။
`ဗူစီ။ ဟိုမျောက်ကို ထီးအောက် ခေါ်လိုက်ပါလား။ ဒါမှမဟုတ်လည်း သူ့ကို မောင်းထုတ်လိုက်တာ ကောင်းမယ်။ ဒီလို ၀မ်းနည်းပက်လက် မျက်နှာလေးကို ကျွန်မ ကြာကြာဆက်ကြည့်မနေနိုင်တော့ဘူး´ လို့ မိန်းကလေးက ပြောတယ်။
`ဘာဖြစ်လို့လဲ၊ အင်းပေါ့ သူ့ကို ထီးအောက်ခေါ်ရမှာပေါ့။ တကယ်တမ်းကျတော့ မျောက်ဆိုတာလည်း ကိုယ်တို့နိုင်ငံတော်ကြီးရဲ့ နိုင်ငံသားတစ်ဦးပဲ မဟုတ်လား´ လို့ ဗူစီက ပြောလိုက်တယ်။
မျောက်ကလေးရယ်၊ ဗူစီရယ် မိန်းကလေးရယ်ဟာ ထီးအောက်မှာ ထိုင်နေကြတယ်။ မိုးက ဆက်ရွာနေတယ်။ တောင်ကြားကလေးအတွင်းမှာတော့ ရေအိုင်ကြီးဖြစ်နေပြီ။
ဗူစီရဲ့အတွေးအခေါ်ကို နားလည်စပြုလာတဲ့ မိန်းကလေးက ပြောလိုက်တယ်။
`ကျွန်မတို့နိုင်ငံတော်ကြီးရဲ့ ပြည်သူတွေဟာ မိုးရေထဲမှာ ဘတ်စ်ကားစောင့်မနေရသင့်ဘူး မဟုတ်လား။ ရှင်လည်း အစိုးရအရာရှိတစ်ယောက်ပဲ။ ဒီတော့ ကျွန်မတို့ စောင့်နေတုန်း ရှင် သစ်ကိုင်းတွေဖြတ်ပြီး အမိုးလုပ်လိုက်ပါလား။ ဒါဆိုရင် ပြည်သူတွေအားလုံးအတွက် ၀န်ဆောင်မှုဖြစ်မယ်လေ´
`ကိုယ်သိသားပဲ၊ မင်းဟာ ရုပ်ကလေးတင် လှတာ မဟုတ်ဘူး´ လို့ ဗူစီက ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြောလိုက်တယ်။ `ကိုယ် သစ်ကိုင်းတွေဖြတ်နေတုန်း ဘတ်စ်ကား ရောက်လာခဲ့ရင် ကိုယ့်ကို အော်ခေါ်လိုက်ပေါ့။ ကိုယ့်အမေကြီး မျှော်နေမှာဆိုတော့ သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူးလေ´
ဒီလိုနဲ့ ဗူစီတစ်ယောက် သစ်ကိုင်းတွေကို ဓားနဲ့ ဖြတ်တယ်၊ ပြီးတော့ အမိုးတစ်ခု ဆောက်လိုက်တယ်။
ဗူစီနဲ့ မိန်းကလေးဟာ အမိုးထဲမှာ ဆက်စောင့်နေကြတယ်။ အမိုးစွန်းအောက်မှာ မျောက်ကလေးက ထိုင်နေတယ်။ နောက်တစ်နေ့ ကုန်သွားပြန်တယ်။ ပြီးတော့ နောက်တစ်နေ့၊ နောက်တစ်နေ့။ မိုး ခဏ စဲသွားချိန်မှာ သူကြီး တောလမ်းအတိုင်း ဆင်းလာတယ်။ သူက ခေါင်းတယမ်းယမ်းနဲ့ ပြန်တက်သွားတယ်။ မြစ်က ရေတွေဟာ တဖြည်းဖြည်း ပြည့်လျှံလာတယ်။ ဒါနဲ့ ဗူစီလည်း ညစာအတွက် ငါးဖမ်းတယ်။ လမ်းမပေါ်မှာတော့ ခွေးတစ်ကောင်ကြောင်တမြီးမှ ဖြတ်သွားတာ မတွေ့ရဘူး။

[ ၅ ]
ဗူစီနဲ့ မိန်းကလေးဟာ အမိုးထဲမှာပဲ ဆက်စောင့်နေခဲ့ကြတယ်။ သူတို့စောင့်တာ အတော်ကြာလာတော့ မိန်းကလေးမှာ ကလေးလေးတစ်ယောက် ရလာတယ်။
`ကလေးကိုသာမြင်ရင် ကိုယ့်အမေတော့ ၀မ်းသာလိုက်မယ့်ဖြစ်ခြင်း´ လို့ ဗူစီက ၀မ်းသာအားရပြောတယ်။
`ဒါပေါ့ ယောက်ျားရယ်´ လို့ မိန်းကလေးက ထောက်ခံလိုက်တယ်။ `လူတွေ ဒီမှာ ကလေးတွေနဲ့ ကားစောင့်ကြမှာပဲနော်။ ကျွန်မထင်တာတော့ သူတို့ ခါးဆန့်ဖို့၊ အေးအေးဆေးဆေး တရေးတမောအိပ်ဖို့ နေရာလိုမှာပဲ´
ဗူစီက ဓားယူပြီး သစ်ကိုင်းတွေ ထပ်ဖြတ်တယ်၊ ပြီးတော့ အခန်းတစ်ခန်းထပ်ဆောက်လိုက်တယ်။ တံခါးအပြင်ဘက်မှာတော့ သရက်စေ့က အညှောင့်ထွက်လာတယ်၊ တဖြည်းဖြည်းနဲ့ အရွက်ကလေးတွေ စိမ်းလန်းလာတယ်။ နောက်ထပ်မျောက်တစ်ကောင်ရောက်လာပြီး ပထမတစ်ကောင်နဲ့အတူလာနေတယ်။ မျောက်ကလေးတွေမှာလည်း ကလေးတစ်ယောက် ရလာခဲ့တယ်။ မိုးကတော့ ရွာမြဲရွာဆဲပဲ။ မြစ်ပြင်မှာတော့ လှိုင်းတွေ နိမ့်လိုက်မြင့်လိုက်နဲ့။
မိန်းကလေးက ပြောတယ်။ `ဗူစီရေ၊ တစ်နေ့တော့ ဒီနေရာဟာ လူသွားလူလာများတဲ့ ကားဂိတ်တစ်ခုဖြစ်လာမှာ။ ခရီးသည်တွေ အများကြီးရှိလာတဲ့အခါကျရင် အစားအသောက်ရောင်းတဲ့အလုပ်သာလုပ်ရင် အတော်လေး အကျိုးအမြတ်များမှာ။ ဒီတော့ ကျွန်မစဉ်းစားမိတာက ဆန်ပြုတ်အတွက် စပါးနဲ့ ဘီယာချက်ဖို့ ပြောင်းပင်တွေ စိုက်ပျိုးပြင်ဆင်ထားရင် ကောင်းမယ်ထင်တယ်။ ဒီလိုသာဆိုရင် ရှင်တစ်ယောက်တည်း အစိုးရအရာရှိမဟုတ်တော့ဘူး၊ ကျွန်မလည်း လုပ်ငန်းရှင်အမျိုးသမီး ဖြစ်လာမှာပေါ့´
ဒီလိုနဲ့ မိန်းကလေးဟာ မြစ်ကမ်းနံဘေးမှာ ယာမြေတွေ ရှာဖွေတယ်။ ပြီးတော့ ဥယျာဉ်လေးတစ်ခု ပျိုးတယ်။ နောက်တော့ သူ တဲထဲပြန်ဝင်လာတယ်၊ နောက်တော့ ကလေးနောက်တစ်ယောက်ထပ်မွေးတယ်ပေါ့။
တစ်နေ့တော့ ဗူစီက ပြောတယ်။ `အရာရှိမင်းပြောတဲ့စကားကို ကိုယ် နားကြားလွဲခဲ့တာ ဖြစ်ရမယ်။ ဘတ်စ်ကား လာမယ့်နေ့ဟာ စနေနေ့တော့ မဟုတ်နိုင်တာ သေချာပြီ။ ဇန်န၀ါရီလပဲ ဖြစ်ရမယ်။ အခုဆိုရင် သုံးနှစ်ရှိပြီ၊ အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ ကိုယ်ထင်တာတော့ ရောက်မယ်ဆိုရင် သုံးစီးပြိုင်ရောက်လာတော့မယ် ထင်တယ်။ ဒါ ဘတ်စ်ကားတွေရဲ့ အထာဆိုတာ လူတိုင်းသိတယ်လေ´
`ဗူစီရေ။ လူအပြည့်နဲ့ ဘတ်စ်ကားသုံးစီးတောင် ရောက်လာတယ်ဆိုရင် ကျွန်မတို့မှာ အစားအသောက် အလုံအလောက်မရှိဘူးရှင့်။ ပြီးတော့ စားသောက်ဆိုင်ကောင်းဆိုတာ ဟင်းလျာ ဖွယ်ဖွယ်ရာရာ ရှိရတယ်လေ။ တောထဲသွားပြီး ကျွန်မတို့ တွေ့ခဲ့တဲ့ ငှက်တစ်စုံလောက် သွားဖမ်းခဲ့ပါလား။ ကျွန်မ မွေးထားမယ်။ ဒီလိုဆိုရင် လူတိုင်းအတွက် အစားအသောက် လုံလောက်နိုင်တာပေါ့´
`ကောင်းလိုက်တဲ့အကြံ။ ကိုယ် တောထဲရောက်နေတုန်း မတော်တဆ ဘတ်စ်ကား ရောက်လာခဲ့ရင် စောင့်ခိုင်းထားနော်´လို့ ဗူစီက ပြောတယ်။

[ ၆ ]
မိန်းကလေးကတော့ ဘတ်စ်ကား စောင့်ဖို့ ကားလမ်းနံဘေးမှာ ကျန်ရစ်တယ်။ ဘာကားမှ မလာပါဘူး။ ကားမပြောနဲ့ ရွာသားတွေတောင် မလာကြတော့ဘူး။ ငါးရက်ကြာတော့ ဗူစီပြန်ရောက်လာတယ်။ သူ့လက်က ကြောက်လန့်နေတဲ့ တောကြက်နှစ်ကောင်ကို ကျစ်ကျစ်ပါအောင် ဖမ်းထားတယ်။
`ကိုယ် ဘတ်စ်ကား လွတ်မသွားသေးပါဘူးနော်´ လို့ သူက စိုးရိမ်တကြီး မေးလိုက်တယ်။ မိန်းမလုပ်သူက မလွတ်ကြောင်းရှင်းပြရတယ်။
`ရာသီဥတုကြောင့် ဖြစ်မယ်။ ခုတလော ရာသီဥတုက တမျိုးဖြစ်နေတယ်။ ကိုယ်ထင်တာ ဒီနှစ်တော့ ဘတ်စ်ကား မလာလောက်တော့ဘူး။ ဘာပဲဖြစ်ဖြစ်လေ၊ ဒီလောက် ကြိုတွက်ထားလို့ မရမှတော့ ဒီနေရာက ထွက်သွားလို့လည်း မဖြစ်သေးပါဘူး။ အထူးသဖြင့် ကိုယ်တို့မှာ ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပြီးပြီ၊ ဟိုတယ်တွေ စားသောက်ဆိုင်တွေနဲ့..´ လို့ ဗူစီက ပြောလိုက်တယ်။
အဲဒီနှစ်လည်း ကုန်သွားပြန်တယ်။
`ဗူစီရေ။ တောကြက်တွေကို မွေးဖို့ ရှင် စည်းရိုးတစ်ခုတော့ ဆောက်မှဖြစ်မယ်။ အဲလိုမှမဟုတ်ရင် ဘတ်စ်ကားတွေက ဖြတ်ကြိတ်သွားလိမ့်မယ်´
နောက်တစ်နှစ် ထပ်ကုန်သွားတယ်။
`ဗူစီ။ နွေရာသီဆို ငါးတွေ မရှိဘူး။ ဘတ်စ်ကားရောက်လာလို့ ငါးမရှိရင် ဘယ်လိုလုပ်မလဲ။ ခရီးသည်တွေကို ကျွန်မ ဘယ်လိုကျွေးမလဲ။ မြစ်ထဲမှာ ရေလှောင်ကန်တစ်ခုလောက် ရှင် ဆောက်မှဖြစ်တော့မယ်´
နောက်တစ်နှစ် ထပ်ကုန်သွားတယ်။ မိန်းကလေးမှာ ကလေးတစ်ယောက် ထပ်ရလာတယ်။
`၀န်ဆောင်မှုက ဘယ်လိုမှ လက်ခံနိုင်စရာမရှိတာတော့ အမှန်ပဲ´ လို့ တစ်နေ့တော့ ဗူစီက ပြောတယ်။ `ဘတ်စ်ကား လာလို့ ကိုယ်တို့ မြို့ပေါ်ရောက်ရင်တော့ ပို့ဆောင်ရေးဝန်ကြီးဆီ ကိုယ် စာတစ်စောင်ရေးမှ ဖြစ်မယ်။ ကောင်းတဲ့တစ်ချက်တော့ ရှိတယ် မိန်းမရေ။ အစိုးရဘဏ်စာရင်းထဲမှာ ကိုယ် အပတ်စဉ်ရမယ့် လစာငွေတွေ အခုလောက်ဆို အတော်စုမိနေလောက်ပြီ´
နောက်တစ်နှစ် ထပ်ကုန်သွားတယ်။ ဘတ်စ်ကားကတော့ ရောက်မလာသေးဘူး။ သရက်ပင်က အလွန်အရသာရှိတဲ့ သရက်သီးလေးတွေ စ,သီးစပြုပြီ။ သူတို့စောင့်နေခဲ့တာ အတော့်ကို ကြာပြီဆိုတော့ အကြီးဆုံးသားကို ဘယ်သူနဲ့ အိမ်ထောင်ချပေးရပါ့မလဲလို့ ဗူစီ စတင်ပူပန်လာရတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ တောထဲက ထူးဆန်းတဲ့ အသံတစ်ခု ကြားရတယ်။ အသံဟာ အရပ်လေးမျက်နှာကို ပဲ့တင်ထပ်နေသလိုပဲ။
`ဘတ်စ်ကား ဘတ်စ်ကား´ လို့ ဗူစီ့ ကလေးတွေက ၀ိုင်းအော်ကြတယ်။ ဒီသတ္တ၀ါဆန်းအကြောင်းကို သူတို့အဖေပြောတာ ကြားဖူးထားတာကိုး။
တောင်ကုန်းထိပ်ဆီကနေ အဖြူရောင် ရဟတ်ယာဉ်လေးတစ်စင်း ထိုးဆင်းလာတယ်။ ဘေးဘက်မှာ `ကုလသမဂ္ဂ´ ဆိုတဲ့ စာတမ်းကလေး ရေးထိုးထားတယ်။ ရဟတ်ယာဉ်က လမ်းမပေါ်ကို ဆင်းလိုက်တယ်၊ အထဲကနေ စိုးရိမ်နေပုံရတဲ့ ခေါင်းစွပ်ဦးထုပ် အပြာရောင်ဆောင်း စစ်သားလေးယောက် ခုန်ထွက်လာတယ်။ သူတို့နောက်မှာ အဖြူရောင် ကုတ်အင်္ကျီနဲ့ သိပ္ပံပညာရှင်နှစ်ဦး မှတ်စုစာအုပ်တွေကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး လိုက်လာတယ်။ သူတို့မျက်နှာမှာက နှာစွပ်တွေတပ်လို့။ အနောက်မှာ ၀တ်စုံပြည့်ဝတ်ထားတဲ့ နိုင်ငံရေးသမားတစ်ဦး ဆင်းလာတယ်။ သူက သူ့နှာခေါင်းကို လက်ကိုင်ပ၀ါနဲ့ အုပ်ထားတယ်။ နောက်ဆုံးမှာတော့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၊ သူ့ဦးထုပ်ကို လက်ကကိုင်လို့။ သူတို့အားလုံး ဗူစီ့ကို ငေးကြည့်နေကြတယ်။ ဗူစီ့မိန်းမကိုလည်း ကြည့်တယ်။ နောက်တော့ သူတို့မွေးထားတဲ့ ကလေးခုနစ်ယောက်။

[ ၇ ]
`ကိုယ် သဘောပေါက်ပြီ။ လက်စသတ်တော့ သူတို့က ၀န်ဆောင်မှုကို အဆင့်မြှင့်လိုက်တာကိုး။ ကြည့်စမ်း အခု ရဟတ်ယာဉ်တောင် ဖြစ်သွားပြီ။ ဒါကြောင့် ကိုယ်တို့ အကြာကြီး စောင့်ခဲ့ရတာပေါ့´ လို့ ဗူစီက ပြောလိုက်တယ်။
`ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေကြတာလဲ´ လို့ နိုင်ငံရေးသမားက မေးတယ်။
`ဘာလို့လဲ။ ကျွန်တော်တို့ ဘတ်စ်ကား စောင့်နေကြတာလေ´ လို့ ဗူစီ အေးအေးလူလူ ပြန်ဖြေတယ်။
`ဒါဆို ပြည်တွင်းစစ်ကနေ ခင်ဗျားတို့ ဘယ်လို လွတ်ခဲ့တာလဲ´ လို့ ဗိုလ်ချုပ်ကြီးက မေးလိုက်တယ်။
`ပြည်တွင်းစစ်..´ လို့ ဗူစီက ဇဝေဇ၀ါပုံနဲ့ ပြန်မေးတယ်။
`ဟုတ်တယ်လေ။ လူဦးရေတစ်ဝက်လောက် သေဆုံးစေခဲ့တဲ့ ပြည်တွင်းစစ်ကြီး´ လို့ နိုင်ငံရေးသမားက ၀င်ပြောတယ်။
`ကျွန်တော်တို့ စစ်သားတစ်ယောက်တလေတောင် မမြင်မိတာ သေချာတယ်´ လို့ ဗူစီက ခေါင်းယမ်းပြီး ပြောလိုက်တယ်။
`ဒါပေမဲ့ ခင်ဗျားတို့ ပြည်တွင်းစစ်ကြီးက လွတ်ခဲ့တယ်ဆိုရင်တောင်၊ ကျန်ခဲ့တဲ့လူတွေကို သတ်ခဲ့တဲ့ နောက်ဆက်တွဲ အငတ်ဘေးကရော ဘယ်လိုလွတ်လာသလဲ´ လို့ ဗိုလ်ချုပ်ကြီးက မေးပြန်တယ်။
`အငတ်ဘေး၊ ဟုတ်လား´ ဗူစီ့မိန်းမက ပြောတယ်။ သူက ဘေးနားတစ်ဝိုက်က သရက်ပင်တွေ၊ နှံစားပြောင်းပင်တွေနဲ့ ကြက်ခြင်းတွေထဲက တောကြက်၀၀ တွေကို လှည့်ပတ်ကြည့်နေတယ်။
`ဟုတ်ပြီ ထားပါတော့။ ပြည်တွင်းစစ်ရယ် အငတ်ဘေးရယ်က လွတ်ခဲ့တယ်ဆိုရင်တောင် ဗိုင်းရပ်စ်ကနေ ဘယ်လိုများ လွတ်ခဲ့တာလဲ´ လို့ သိပ္ပံပညာရှင်တစ်ယောက်က ၀င်မေးပြန်တယ်။
`ဗိုင်းရပ်စ်။ ဘာဗိုင်းရပ်စ်လဲဗျာ´ လို့ ဗူစီက ပြန်မေးတယ်။
`လူသတ်ဗိုင်းရပ်စ်လေ။ ပြည်တွင်းစစ်နဲ့ အငတ်ဘေးက ရှင်ကျန်ခဲ့တဲ့လူတွေအားလုံးကို သတ်ပစ်ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးပေါ့´ လို့ နောက်သိပ္ပံပညာရှင်က ပြောတယ်။ `ကုမရနိုင်လောက်အောင် ပြင်းထန်တဲ့ ဗိုင်းရပ်စ်ပေါ့။ မျိုးတုံးလုနီးနီး အရမ်းရှားပါးတဲ့ မျောက်တူခွေးတူတစ်မျိုးက လွဲလို့ လူရော၊ လူဝံရော ဒီဗိုင်းရပ်စ်ကို ခံနိုင်စွမ်းမရှိဘူး´ မျောက်ကလေးတစ်ကောင် ဗူစီ့ပုခုံးပေါ် ခုန်တက်ပြီး သူ့နားရွက်ကို ကျီစယ်သလို တဖွဖွကိုက်တယ်။ ဗူစီက အမှတ်တမဲ့ သူ့ကို ပုတ်ချလိုက်တယ်။
`ခင်ဗျားတို့ ပြောတာတွေက ထူးဆန်းလိုက်တာ´ လို့ သူက တွေးတွေးဆဆ ပြောတယ်။ `ကျွန်တော်တို့ထဲက တစ်ယောက်ယောက် ဖျားနာတာမျိုးရှိခဲ့သလားတောင် ကျွန်တော် သတိမရတော့ဘူး´
`ဗူစီရေ။ ဧည့်သည်တွေကို ညစာစားဖို့ ဖိတ်လိုက်ပါဦး။ ကျွန်မတို့ရဲ့ ပထမဆုံးဖောက်သည်တွေ ဖြစ်လာနိုင်တယ်´ လို့ ဗူစီ့တံတောင်ကို ဆွဲပြီး သူ့မိန်းမက ပြောလိုက်တယ်။
`သေချာတာပေါ့။ ငါးလား ကြက်သားလား´ လို့ ဗူစီက ခေါင်းငြိမ့်ရင်း မေးလိုက်တယ်။
ဒါပေမဲ့ နိုင်ငံရေးသမား၊ သိပ္ပံပညာရှင်နှစ်ဦးနဲ့ စစ်သားတွေဟာ အတော်လေး တုန်လှုပ်နေပုံရတယ်။ သူတို့အားလုံး ရဟတ်ယာဉ်ဆီကိုပဲ ခေါင်းတလှည့်လှည့် ဖြစ်နေကြတယ်။

[ ၈ ]
`ကျုပ်တို့ ပြန်မှဖြစ်မယ်´ လို့ ဗိုလ်ချုပ်ကြီးက ပြောလိုက်တယ်။
`ကျုပ်တို့ ခင်ဗျားကို ဒီနေရာကနေ ခေါ်ထုတ်မယ်။ အရာအားလုံး ဖြစ်စေရမယ်ဗျာ။ ထောက်ပံ့ကြေး၊ အကူအညီ၊ အ၀တ်အစားသန့်သန့်၊ အိမ်တစ်လုံး၊ လျှပ်စစ်မီး၊ ယင်လုံအိမ်သာနဲ့ လိုအပ်သမျှအားလုံးဗျာ။ ခင်ဗျား နာမည်ကြီးတော့မှာပဲ။ ပြီးတော့ သတင်းစာတွေက ခင်ဗျားကို အင်တာဗျူးလုပ်ကြလိမ့်မယ်´ လို့ နိုင်ငံရေးသမားက အားနဲ့မာန်နဲ့ ပြောတယ်။
`ဟုတ်လား။ ကျေးဇူးတင်ပါတယ်ခင်ဗျာ´ လို့ ဗူစီက ယဉ်ယဉ်ကျေးကျေး ပြန်ပြောတယ်။ `ဒါပေမဲ့ ကျွန်တော်တို့ ဒီနေရာက ထွက်သွားလို့ မဖြစ်သေးဘူး။ ကျွန်တော်တို့ ဘတ်စ်ကားကို စောင့်နေတာလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် တစ်ခုလောက်တော့ တောင်းဆိုချင်ပါတယ်။ စာရွက်နဲ့ဘောပင် ရှိလားမသိဘူး´
ဗူစီက ထိုင်လိုက်ပြီးတော့ စာတိုလေးတစ်စောင် ရေးတယ်။ စာကတော့ ကျေးလက်သွားဘတ်စ်ကားတွေရဲ့ အချိန်မတိကျမှုကို ပို့ဆောင်ရေးဝန်ကြီးဆီ တိုင်ကြားတဲ့ စာပဲ။ ပြီးတော့ သူက စာကို နိုင်ငံရေးသမားရဲ့ လက်ထဲ ထည့်လိုက်တယ်။
ရဟတ်ယာဉ် ပြန်သွားပြီးတော့ ဗူစီတစ်ယောက် နည်းနည်း စိတ်ဓာတ်ကျသွားသလိုပဲ။
`အငတ်ဘေး၊ စစ်၊ ရောဂါတွေ။ ကိုယ်တို့ရဲ့ လှပတဲ့နိုင်ငံတော်ကြီးမှာ ဒါတွေဖြစ်တယ်ဆိုတာ မမှန်နိုင်ပါဘူး´ လို့ သူက ပြောလိုက်တယ်။
`ဒီလူတွေ လိမ်နေတာ ဖြစ်ချင်ဖြစ်မှာ။ ကျွန်မတို့ တောင်ကုန်းထိပ်တက်ပြီးတော့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်´ လို့ သူ့မိန်းမက အကြံပေးတယ်။
ဗူစီနဲ့ သူ့မိန်းမဟာ နှစ်ပေါင်းများစွာအတွင်း လူသူတစ်ဦးတစ်ယောက်မှ အသုံးမပြုခဲ့တဲ့ လမ်းဟောင်းအတိုင်း တက်လာခဲ့ကြတယ်။ လမ်းပေါ်မှာ ကျောက်တုံးကြီးတွေ၊ အက်ကြောင်းတွေ၊ အကျိုးအပဲ့တွေနဲ့ ပြည့်နေတယ်။ ရေတွေ တိုက်စားထားတာ ဖြစ်မယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်သား တောင်ကုန်းထိပ်ကို ရောက်လာကြတယ်။ မျက်စိတစ်ဆုံး ကြည့်လိုက်တော့ ကျိုးတိုးကျဲတဲ သစ်ပင်တွေ၊ မီးလောင်ပျက်စီးနေတဲ့ သံချပ်ကာကားတွေ၊ ရွာပျက်တွေ၊ စွန့်ပစ်ထားတဲ့ ယာကွင်းတွေနဲ့ ဖုန်းဆိုးမြေကြီးကိုပဲ မြင်လိုက်ကြရတယ်။
ဗူစီနဲ့ သူ့မိန်းမဟာ အိမ်ကို လက်တွဲပြီး လမ်းလျှောက်ပြန်လာခဲ့ကြတယ်။ ဗူစီက ခပ်ဆိတ်ဆိတ်ဖြစ်နေတယ်။ သူ့မိန်းမက ညစာပြင်ဖို့ ထသွားတယ်။ မိန်းမနဲ့ ကလေးတွေကြားမှာ ဗူစီ ထိုင်နေတယ်။ သူ့ပုံစံက အတွေးနက်နေသလိုပဲ။ နောက်ဆုံးတော့ သူ့ဆီက စကားသံထွက်လာတယ်။
`မိန်းမရယ်။ ကိုယ့်ကို အရူးလို့ သတ်မှတ်ကြသူတွေ ရှိတယ်ဆိုတာ တစ်ခါတလေကျတော့ ကိုယ်လည်း သိပါတယ်။ ဒါပေမဲ့လည်း ကိုယ့်မှာ ဆင်ခြင်တုံတရား ရှိမလာခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြောခဲ့သလိုပေါ့၊ ကိုယ်လုပ်တဲ့ အရာအားလုံးဟာ ကောင်းဖို့အတွက် ဖြစ်လာတာချည်းပါပဲ´
အဲဒီလိုပြောပြီးတော့ ဗူစီက အရသာတစ်ခုခုနဲ့ သူ့ဗိုက်ကိုဖြည့်ဖို့ပဲ လုပ်နေတော့တယ်။ ဟုတ်တယ်၊ တောကြက်သားဟင်းနဲ့ ထမင်းမောက်မောက်တစ်ပန်းကန်ပေါ့။

ကျေးဇူးတင်တယ်ဗျာ
ReplyDeleteတကယ် ကောင်းတဲ့ ပြဇာတ်လေးလိုပါပဲ
စိတ်ညစ်နေတဲ့ အချိန် ဖတ်မိတော့ ရင်ထဲကို တော်တော် ရောက်သွားတာ
ဒီစာ တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် .
zinzae@gmail.com
worth readin
ReplyDeleteကျေးဇူး ကိုတေဇာ။ ဖတ်လို့ကောင်းတယ်ဗျ။ ခေတ်စနစ်ကို သရော်ထားပြီး လူတွေနဲ့ ကင်းကွာနေထိုင်ခြင်းဟာ ကောင်းချီးမင်္ဂလာတစ်ပါးဆိုတဲ့ မက်ဆေ့ခ်ျတစ်ခုကို ပေးထားသလို ခံစားမိတယ်။ အတင်းအကြပ်လုပ်ယူထားတဲ့ ဇာတ်လမ်းတစ်ပုဒ်(Forced Plot) ဖြစ်နေတာလေးတစ်ခုပဲ ပြောစရာရှိတယ်။
ReplyDeleteခင်မင်လျက်
Yan.