Skip to main content

တာဝန်သိ အငြင်းသမား (Conscientious Objector)

ငါကတော့ သေမှာပဲ ဒါပေမဲ့
သေခြင်းတရားအတွက် ငါလုပ်စရာရှိတာ အကုန်ဟာ ဒါပဲ။
မြင်းကိုဆွဲရင်း တင်းကုပ်က သူထွက်လာသံ ငါကြားရ
စပါးကျီကြမ်းပြင်ဆီက တဖျောက်ဖျောက်မြည်သံ ငါကြားရ
သူက လောနေတယ်၊ ကျူးဘားမှာ သူ့လုပ်ငန်း ရှိတယ်
ဘော်ကန်ဒေသမှာ ရှိတယ်၊ ဒီမနက်ခင်း လုပ်ရမယ့် ကိစ္စအများအပြား ရှိတယ်
ဒါပေမဲ့ သူ ကုန်းနှီးထက် အခန့်သားထိုင်နေချိန်မှာ
ငါက ဇက်ကြိုးကို ကိုင်မှာမဟုတ်။
သူ့ဘာသာ ခွစီးချင်စီးလိမ့်မယ်
ငါကတော့ ခြေတစ်ဖက်မျှ ပေးကြွမှာမဟုတ်။

သူက ငါ့ပုခုံးတွေကို ကျာပွတ်နဲ့ တဖျပ်ဖျပ်ခတ်သော်ငြား
မြေခွေးကလေး ပြေးသွားခဲ့ရာလမ်းကို ငါသူ့ကို ပြောမှာမဟုတ်
သူ့ဖိနပ်ခွာက ငါ့ရင်ဝဆီ ရောက်နေလည်း၊ လူမည်းကလေးလေး
ညွှံအိုင်ဘယ်နား ပြေးပုန်းနေလဲ ငါသူ့ကို ပြောမှာမဟုတ်
ငါကတော့ သေမှာပဲ ဒါပေမဲ့ သေခြင်းတရားအတွက် ငါလုပ်စရာရှိတာ အကုန်ဟာ ဒါပဲ၊
သူ့ရဲ့ လခစားစာရင်းထဲမှာလည်း ငါမပါ။

ငါ့မိတ်ဆွေတွေ ရှိနေရာကို ငါသူ့ကို ပြောမှာမဟုတ်
ပြီးတော့ ရန်သူတွေရှိတဲ့ အရပ်ရော။
သူက ငါ့ကို ကတိအထပ်ထပ်ပေးလည်း
ဘယ်သူ့တံခါးဝဆီ ဦးတည်တဲ့ ခရီးလမ်းကိုမှ ငါသူ့ကို လမ်းညွှန်ပြမှာမဟုတ်။
 လူတွေဆီ သေခြင်းတရား ပေးပို့ရအောင် ငါက
သက်ရှိမြေကမ္ဘာက သူလျှိုတစ်ဦးမို့လို့လား။
ညီရင်းအစ်ကို၊ စကားဝှက်နဲ့ ငါတို့မြို့ရဲ့ အစီအမံတွေဟာ
ငါနဲ့အတူ လုံခြုံစိတ်ချစွာရှိနေပါတယ်၊ ငါ့ဆီကတဆင့် သင်တို့ဘယ်တော့မှ
အနိုင်ယူခံရခြင်း မရှိစေရ။

တေဇာ (လရောင်လမ်း)
Conscientious Objector by Edna St. Vincent Millay ကို ဆီလျော်သလို။
Photo: www.pressherald.com

Comments

  1. ကဗျာကြိုက်လို့ ကူးပါရစေ

    ReplyDelete

Post a Comment