ဒီတော့ ဒါဟာ ဦးနှောက်တွေ ဖြစ်တတ်တဲ့အရာပဲ
လမ်းမပေါ် တစဆီပြန့်ကျဲသွားတယ်
ဒါဟာ ကိုယ်ခန္ဓာရဲ့ အဆုံးသတ်နိဂုံးပဲ
အခန်းတစ်ခန်းအတွင်းက စက်တစ်လုံးထဲ ပစ်ထည့်ခံလိုက်ရတယ်
ပြီးတော့ ဒါဟာ အသက်ရှင်နေဆဲနဲ့ ယုံရခက်ခက် အသက်ရှင်နေဆဲ
ဒီကိုယ်ခန္ဓာ ရောက်တတ်ခဲ့တဲ့ နေရာပဲ
ဦးနှောက်ကို လွှာချထားတဲ့ပုံစံ အဆောက်အဦတစ်ခုရဲ့
အ၀ါရောင် အခန်းရှည်တွေထဲ၊ ၀ါနေတဲ့ သွေးလွှတ်ကြောတွေထဲ
အခြားသော ကိုယ်ခန္ဓာများနဲ့အတူ
ပြီးတော့ ဒီလူတွေဟာ ကိုယ်ခန္ဓာတွေကို ကြပ်မတ်ကြရသူတွေ
လူ့ဂွစာတစ်ယောက်၊ စိတ်ကြွဆေးတစ်လုံးနဲ့ နတ်ဘုရားမတစ်ပါး
တောင်ကုန်းတစ်ခုပေါ်က အ၀ါရောင် အခန်းရှည်တွေထဲမှာ
ပြီးတော့ ဒီမှာ ဒုက္ခိတလူနာရဲ့ လူတွေ၊ အဖော်အပေါင်းတွေ
ဒါဟာ ကာလရှည် သတိလစ်မေ့မြောနေတဲ့ ကလေးငယ်
သူ့အမေက သူ့ကို ငါးနှစ်တိုင်တိုင် နံနက်တိုင်း တကြော်ကြော်အော်ခေါ်လေ့ရှိခဲ့တယ်
ပေါင်းချောင်ထဲက ကလေးငယ်
ပြီးတော့ ခြေမရှိ၊ လက်မရှိ၊ အသံမရှိ၊
ဦးနှောက်မရှိ ဒါမှမဟုတ် ပကတိဦးနှောက် မရှိ
အိပ်ယာပေါ်က ကိုယ်ခန္ဓာတစ်ခု၊ ပြီးတော့ အနံ့အသက်
ဘာနံ့ကြီးလဲဟလို့ တစ်နေ့တော့ ငါမေးမိခဲ့
ဒါဟာ အိမ်သာနံ့၊ ကျင်ငယ်၊ တံတွေးနဲ့ ပုပ်အက်မှု
ပြီးတော့ ဒါဟာ စိတ်ရဲ့ ပြန်လာတတ်ပုံပဲ
အခုန်အပျံမရှိ အကျော်အလွှားမရှိ
ဆေးဝါးသုံးစွဲမှုကြောင့် သက်သက်၊
ဘယ်ဟာဓာတု ဘယ်ဟာပဉ္စလက်လဲလည်း ငါမပြောနိုင်ခဲ့
ဒါပေမဲ့ စိတ်ဟာ အမှန်တကယ် ကုသခဲ့တယ်၊ အနည်းငယ်မျှ
ဒါဟာ စိတ်တွေ လှည့်လည်ကျက်စားတတ်ပုံပဲ
မှတ်ဉာဏ်တွေဆီ စကားလုံးတွေဆီ ပြီးတော့ အတိတ်တွေဆီ တစ်ဝက်တစ်ပျက်မှားယွင်းစွာ
ဒါကို ဆွံ့အရူးသွပ်၊ အတိတ်မေ့ရောဂါ၊ သွက်ချာပါဒလို့ ခေါ်ခဲ့ကြ
ရှေးဦးအနုပညာတွေထဲက ဣတ္ထိယအလှ အတော်ဆန်တယ်
တေးသံမရှိ၊ ကဗျာမရှိ၊ အကမရှိ
စကားနဲ့ အတွေးတစ်စ၊ ပြီး.. ခြေလှမ်းတစ်လှမ်းမျှ
ဒီတော့ ဒီလို တစ်ဝက်တစ်ပျက်ဘ၀အကြောင်း ကျုပ်တို့ ဘာများပြောကြမလဲ
ဒါကို နေ၀င်ရီသရော၊ အာရုဏ်ချိန်အတု၊ ပြားငါးဆယ်လို့ ခေါ်ကြမလား
ဆိုလိုတာက၊ စိတ်ဟာ ပျောက်ဆုံးခြင်းအဖြစ်ကို သည်းမခံနိုင်တဲ့အတွက်
အမှောင်ထဲမှာပဲ တစ်ဝက်တစ်ပျက်အမှန်ဆီ ရောက်သွားခဲ့ရပုံ
စံမမီတန်းမမီ၊ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်မညီ၊ နှောင့်ယှက်ဖျက်ဆီးခံ
အလုပ်ရုံတွေ၊ အလုပ်သဘော ကုခန်းတွေ၊ ထမင်းစားဘုတ်နဲ့ ဂရုပြုယုယမှုတွေရဲ့ ကမ္ဘာ
ငါကတော့ ဒုက္ခိတတွေကိုထားတဲ့ စည်းထဲ နဂါးမျက်စောင်းခဲပြီး ရပ်နေခဲ့ရ
ငါဆိုတာ ကိုယ်ခန္ဓာအတွင်းကစိတ်ရဲ့ အနောက်ဘက်က စိတ်
ဒီလိုနဲ့ ဒါဟာ အနားသတ်ဘောင်တွေအတွင်းက ဘ၀ဖြစ်ခဲ့
ငါတို့ရဲ့ နာ့ဗ်ကြောတွေနဲ့ ငါတို့ရဲ့စိတ်တွေဟာ အဖိုးထိုက်ရတနာများဖြစ်ခဲ့
ချစ်ခြင်းတရားနဲ့ ကံကောင်းမှုဟာ သိစိတ်မဲ့ဗလာနယ်ရဲ့ ကျောဘက်မှာ အတူယှဉ်တွဲနေထိုင်ခဲ့
လူသူမမြင်တဲ့ တွင်းဆုံးမှာ
ဒီတော့ ဒါဟာ လမ်းမတစ်ခုရဲ့ အမှန်တရားပဲ
စိတ်တစ်ခုက ပိုးလိုးပက်လက်ဖြစ်နေစဉ် အခြားတစ်ဝက်က အရှင်လတ်လတ် လမ်းလျှောက်ထွက်
နက်ရှိုင်း ခက်ခဲပြီး ဆင်ခြင်နိုင်စွမ်းကင်းမဲ့စွာ
အဲဒီအကြောင်းကို တစ်နာရီတစ်ခါ ငါ စဉ်းစားခဲ့
ဒါဟာ ၀န်ထုပ်ဝန်ပိုးပဲ၊ ဒါဟာ ဂရုပြုယုယမှုပဲ၊ ဒါဟာ ခေါ်သံပဲ
ဒါဟာ ငါသုံးနှစ်အရွယ် မတိုင်ခင်က တစ်စုံတစ်ယောက်က ငါ့ကို ဘီးတွန်းပေးခဲ့ခြင်းပဲ
ဝန်ထုပ်ဝန်ပိုးဟာ ဘာလို့များ ဒီစက်ဝန်းထဲ ရောက်နေလဲ ငါမသိဘူး
စိတ်တွေဟာ ပျောက်ဆုံးတတ်တယ်၊ ပြန်ရှာတွေ့တတ်တယ်၊ ပြီး.. ပြောင်းလဲခဲ့ပြီ
ဆိုတာကို ငါသိတယ်။
After the Accident by ~ Phyllis Holliday ကို ဆီလျော်သလို ဘာသာပြန်ဆိုသည်။
တေဇာ (လရောင်လမ်း)
ဒီဇင်ဘာ ၂၀၁၁

အရမ်းကောင်းလွန်းတဲ့ ကဗျာလေးပါ...
ReplyDeleteဖတ်ရှု့ခွင့်ရတဲ့အတွက် ဆရာ တေဇာ (လရောင်လမ်း) ကိုအရမ်းပဲ ကျေးဇူးတင်ပါတယ်ခင်မျာ.....
ဒီတော့ ဒါဟာ နှလုံးသားတွေဖြစ်တတ်တဲ့ အရာပဲ...
ReplyDeleteကောင်းတယ်ဗျာ
ReplyDelete