ကျွန်တော်လဲ Forum လေးတွေ ၀င်ဖြစ်ပါတယ်။ စိတ်ပညာ Forum တစ်ခုမှာဗျာ မေးခွန်းတစ်ခုကို ၀င်ကြည့်ကြည့်ပါတယ်။ သူ့မေးခွန်းက စိတ်ပညာကိုလေ့လာသူတွေ၊ စိတ်ပညာရှင်တွေဟာ မရူးနိုင်ဘူး။ ထောက်ခံပါသလားတဲ့ဗျ။ ဒါနဲ့ ဆွေးနွေးထားချက်လေးတွေ လိုက်ဖတ်ကြည့်လိုက်တာ ထောက်ခံတဲ့လူတွေချည်းပဲဖြစ်နေတယ်ဗျာ။ အဲဒါနဲ့ မနေနိုင်မထိုင်နိုင် ၀င်ပါလိုက်ရော....
အောက်မှာ ကျွန်တော် ရွှီးထားတာလေးတွေပါ။ ဖတ်ကြည့်ပါ။ သောက်မြင်ကတ်ရင်လဲ ပြန်ဆော်နိုင်ပါတယ်ဗျာ။
ဒီမေးခွန်းကို ကျွန်တော် တွေ့နေတာကြာပြီ။ အခုမှ ဆွေးနွေးချက်တွေကို ၀င်ဖတ်ကြည့်မိတာပါ။ ဆွေးနွေးသူအားလုံး သဘောထားတိုက်ဆိုင်နေတာတွေ့ရတော့ ကျွန်တော်လန့်တောင်လန့်သွားမိတယ်။ ကျွန်တော်လည်း စိတ်ပညာနဲ့ ကျောင်းပြီးထားပါတယ်။ သိပ်ပြီးသိလှတတ်လှတယ်မဟုတ်ပေမဲ့ ကျွန်တော့်အမြင်သက်သက် ဒီကိစ္စက ရှင်းရှင်းလေးပါ။
စိတ်ပညာကို လေ့လာလို့ မရူးနိုင်ဘူးလို့ ဘယ်သူမှ အာမခံချက်မပေးနိုင်ပါဘူး။ ရူးတယ်ဆိုတာကို ကျွန်တော် နားလည်ထားသလောက် Abnormal လို့ သတ်မှတ်ပါမယ်။ လူအများစု လုပ်သလို၊ နေထိုင်သလို မနေထိုင်ဘူးပေါ့။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ လူမှုစံနှုန်းတွေနဲ့ မကိုက်ညီတဲ့သူပေါ့။ ဒါကတော့ အရမ်းယေဘုယျ ကျပါတယ်။ လူအများစု အ၀တ်အစားဝတ်တယ်၊ အ၀တ်မပါဘဲ လမ်းမမှာလျှောက်သွားနေရင် အရူးပေါ့။ တစ်နည်းအားဖြင့် စိတ်နောက်နေတဲ့သူပေါ့။
စိတ်ပညာစာအုပ်တွေ တစ်ပုံတစ်ပင်ဖတ်ထားပေမဲ့ Whiskey တစ်နေ့တစ်လုံးလောက် ဒါမှမဟုတ် စိတ်ကြွဆေးလိုဟာမျိုးလေးတွေ ပုံမှန်သောက်ကြည့်ပါလား။ သူ့လိုဖြစ်ဖို့ ရာနှုန်းတော်တော်များ လာမယ်လေ။ စစ်မျက်နှာရှေ့တန်းကို တစ်ခါလောက် လေ့လာရေးခရီးထွက် ကြည့်ပါလား။ လောလောလတ်လတ်တောင် စိတ်နောက်သွားလို့ ကုနေရတဲ့ အမေရိကန်စစ်ပြန်တွေအများကြီးရှိတယ်လေ။ ဒါက ကျွန်တော် အထင်ရှားဆုံးတွေကို ပြောပြတာပါ။ ဒီအကြောင်းတွေကြောင့် မဟုတ်လဲ မရူးဘူးလို့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆို စိတ်ပညာဆိုတာ မရူးအောင် လုပ်ပေးတဲ့ ပညာမဟုတ်ပါဘူး။ လူတွေရဲ့ စိတ်(Mind) နဲ့ လုပ်ရပ်တွေကို (Behavior) လေ့လာတဲ့ပညာသာ ဖြစ်ပါတယ်။ ပြီးတော့ Science တစ်ပိုင်း Art တစ်ပိုင်းဘာသာရပ်လဲဖြစ်တဲ့အတွက် အရမ်းစိတ်ဝင်စားစရာပေမဲ့ သူပေးနိုင်တဲ့ ဆောင်ရန်/ရှောင်ရန် အချက်တွေဆိုတာေ၀၀ါးနေပါတယ်။ တစ်ပြီးနှစ်လာမယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။
နိဂုံးချုပ်ရရင် ဒီအဆိုကို ကျွန်တော် ကန့်ကွက်ပါတယ်။
ပြောရမယ်ဆိုရင် ``ဆရာဝန်တွေ မသေနိုင်ဘူး/ရောဂါမဖြစ်နိုင်ဘူး`` လို့ပြောသလိုဖြစ်နေပါတယ်။
ကျွန်တော် ကန့်လန့်တိုက်လိုသောဆန္ဒမရှိသလို၊ တတ်လှသိလှသည့်လူလည်း မဟုတ်ပါ။ ပွင့်လင်းရိုးသားစွာ ဆွေးနွေးခြင်းသာဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေးအရမတိုက်ခိုက်သော ဝေဖန်အကြံပေး/အမှားပြင်ပေးခြင်းများကို ကြိုဆိုပါတယ်။
စာကြွင်း
ကျွန်တော်သတိထားမိတာလေးတစ်ခုက ဆွေးနွေးခိုင်းထားတဲ့ အဆိုကိုယ်တိုင်ကိုက မသိစိတ်က (Unconsciously) ထောက်ခံချင်နေအောင် ဆွဲဆောင်ထားသလိုဖြစ်နေပါတယ်။ နဲနဲ Trick လေးပါတယ်ထင်ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ ဒီ Forum ထဲရောက်လာထဲက စိတ်ပညာ ကို နဲနဲပဲဖြစ်ဖြစ် စိတ်ဝင်စားလို့ပေါ့....၊ ကိုယ့်စိတ်ဝင်စားတဲ့ပညာကိုလဲ ဂုဏ်တင်ချင်မှာပေါ့။ ဟုတ်ဖူးလား။ ဒါကြောင့် ဖြစ်ချင်တွေးနည်း (Wishful Thinking) နဲ့ စဉ်းစားလိုက်မိတာထင်မိတာပါပဲ။ :P
တေဇာ

စိတ်ပညာကို ဝါသနာအရ တော်တော်များများဖတ်ခဲ့တော့ ကိုယ်က ရူးမရူးတော့ မသိ ကိုယ်နဲ့ ဆုံတဲ့ နည်းနည်းထူးသူတွေကို ရောဂါများရှိနေမလားတော့ ထင်မိတာတော့ ဆိုးပါတယ်။ :P
ReplyDeleteဒါပေမယ့် ဒီစာဖတ်သူလည်း ပုထုဇဉ်မို့ လောကဓံအဆိုးနဲ့ ကြုံတဲ့အခါ သတိတရားမရှိရင် ရူးချင်လည်း ရူးသွားနိုင်ပါတယ်။