Nostalgia ဆိုသောစကားလုံးမှာ မူလပထမ ဆေးပညာဝေါဟာရ (Medical Term) တစ်ခုသာ ဖြစ်သည်။ စစ်အတွင်းက ဝေးလံခေါင်ဖျားသော ရှေ့တန်းစစ်မျက်နှာမှ ရုရှားကြေးစားစစ်သားများ ခံစားရသော ရောဂါအမည်ဖြစ်သည်။ မိမိ၏နေရပ်ကို ပြန်လိုခြင်း၊ မိဘ၊ မိသားစုနှင့် အိမ်ကို လွမ်းဆွတ်သတိရခြင်း ဖြစ်သည်။ လွမ်းဆွတ်ခြင်းဆိုသည်မှာ အသက်သေလောက်အောင်လွမ်းသော လွမ်းဆွတ်ခြင်းမျိုးဖြစ်သည်။ ကျွန်တော်တို့ မြန်မာလိုဆိုရင် ရင်ကွဲနာကျခြင်းလိုမျိုး ဖြစ်မည်။ လွမ်းဆွတ်ခြင်းသကဲ့သို့ စိတ်ခံစားမှု (Emotion) တစ်ခုက လူတစ်ယောက်ကို သေစေနိုင်လောက်သည်မှာ စိတ်ဝင်စားစရာ ဖြစ်ပါသည်။ ထို့နောက်မှ အဆိုပါစကားလုံးအား အရပ်သုံးစကားများတွင် စတင်သုံးစွဲလာသည်။
Nostalgia ကို ခေတ်ပေါ်ကဗျာများတွင် တော်တော်များများတွေ့ရသည်။ လူတစ်ယောက်ကို လွမ်းဆွတ်ခြင်းမျိုး၊ ဥပမာ ချစ်သူ၊ မိသားစုလိုမျိုးမှ အတိတ်ကိုလွမ်းဆွတ်ခြင်းမျိုးအထိ အခြေအနေအမျိုးမျိုးပါဝင်သည်။ အတိတ်ဟု ဆိုရာတွင်လဲ လွန်ခဲ့သော အချိန်တစ်ခုခုမှ အခြေအနေတစ်ခုခုကို တိတိကျကျလွမ်းဆွတ်ခြင်းမျိုးထက်၊ အတိတ်ကာလ၏ ကောင်းနိုးရာရာများကို ရွေးထုတ်ပြီး မရေမရာ လွမ်းခြင်းမျိုးဖြစ်သည်။ ဤသို့သော ခံစားချက်မျိုး ကျွန်တော့်မှာ ရှိပါသည်။ ထိုအကြောင်းကြောင့်ပင် ကျွန်တော် ကဗျာအပေါ် တိမ်းညွတ်ခဲ့ခြင်းဖြစ်နိုင်ပါသည်။
ဆက်၍ရှင်းရလျှင် မရေမရာလွမ်းခြင်းမျိုးဆိုသည်မှာ ချစ်သူနှင့်ပြတ်ဆဲပြီးနောက် သူနှင့်ချစ်ခဲ့သော အချိန်ကာလကို အတိအကျလွမ်းခြင်းမျိုးမဟုတ်ပါ။ သူနှင့်ချစ်ခဲ့သော အတိတ်အချိန်ကာလတွင်လည်း ကျွန်တော်တို့တွင် စာမေးပွဲကျခြင်း၊ အလုပ်အဆင်မပြေခြင်းကဲ့သို့သော အခြားသော စိတ်ညစ်စရာအကြောင်းအရာများ အပြိုင် ရှိနေနိုင်ပါသည်။ သို့သော် လွမ်းသောအခါတွင်မူ ထို စိတ်ညစ်စရာအကြောင်းအရာများကို ချန်ခဲ့ပြီး၊ ကြည်နူးစရာကောင်းသော အချစ်ကိုသာ ကွက်၍လွမ်းခြင်းမျိုးဖြစ်သည်။ ထို့အပြင် အတိတ်ဟုဆိုရာ၌ မွေးဖွားချိန်မှစ၍ ယခုပစ္စုပ္မန်အချိန်အထိ အကျုံးဝင်ပါသည်။ ထို့ကြောင့် ကျွန်တော်၏လွမ်းခြင်းမျိုးမှာ အတိအကျဖြစ်ရပ် တစ်ခုခုထက် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလအတွင်း ဖြစ်ပျက်ခဲ့သော မရေရာမတိကျသည့် ဇာတ်လမ်းဇာတ်ကွက်များကို လွမ်းခြင်းမျိုးဖြစ်ပါသည်။ အတိတ်၏ အတိတ်ဆန်မှုနှင့် ပြန်မရနိုင်ခြင်းဆိုသော ဂုဏ်သတ္တိမှာ ကျွန်တော့်ကို အကြီးအကျယ် ဒုက္ခပေးပါသည်။ ထို့အတွက် ထွက်ပေါက်ကို ကျွန်တော် ကဗျာတွင်ရှာပါသည်။ ရသစာပေတွင် ရှာပါသည်။ တတ်နိုင်လျှင် ကျွန်တော် အတိတ်ကို ဒီဘ၀ထက်အကျော်ပြီး အရင်ဘ၀ပေါင်းများစွာအထိ လွမ်းချင်ပါသည်။ ကျွန်တော့်ကို အတိတ်ထဲ ဆွဲသွင်းသော ဖန်ဆင်းရှင် (ဒါမှမဟုတ်) အကြောင်းအကျိုးတရား (ဒါမှမဟုတ်) သီအိုရီတစ်ခုခု မည်သည်ကိုမဆို ကျွန်တော် လွမ်းချင်ပါသည်။
သို့သော် ကျွန်တော် လွမ်းနိုင်လိမ့်မည်မထင်ပါ။
တေဇာ

Comments
Post a Comment