Skip to main content

ခြကိုက်ရာများ

စာကြမ်းပိုးဖြစ်နေတဲ့ အချက်တစ်ခုတည်းနဲ့တင် ခြတွေကို မုန်းတီးဖို့ လုံလောက်နေပြီ။ အနည်းဆုံးတော့ ကျွန်တော့်အတွက်ပေါ့။ အဲဒီအကောင်တွေဟာ ကျွန်တော့် စာအုပ်တွေ၊ မှတ်စုတွေ၊ စာရွက်တွေနဲ့ ရှိသမျှအရာအားလုံးကို စားသောက်ပစ်ကြတယ်။ အထူးသဖြင့် စာအုပ်တွေဆို ကျွန်တော့်ရဲ့ ဘ၀တစ်သက်တာ အဖော်မွန်တွေပဲ။ ကျွန်တော့်ဘ၀မှာ စာအုပ်တွေကလွဲလို့ တခြားပိုင်ဆိုင်ဖူးခဲ့တာက ခပ်ရှားရှား။ အဲဒီရှားရှားပါးပါး ပိုင်ဆိုင်မှုလေးတွေကိုပဲ သင်းတို့က အမြဲဖျက်ဆီးနေကျ။ ဒီတော့ ကျွန်တော် သူတို့ကို မုန်းတီးနေတာ ဘာများဆန်းလဲ။ မုန်းတီးတဲ့ အလျောက်လည်း သူတို့ကို ကျွန်တော် ရန်သူလိုသဘောထားပြီး ဆက်ဆံခဲ့ပါတယ်။ သူတို့နဲ့ ကျွန်တော်ဟာ ကိန်းနဲ့ အေဘယ်လို ကမ္ဘာ့ရန်တွေပေမယ့်၊ ကျွန်တော်ကတော့ သမ္မာကျမ်းစာနည်းကျ အခံဘက်က အေဘယ်ဆိုတာ ပြောစရာလိုမယ် မထင်ဘူး။ အပေါ်ယံ ကြည့်ရင်တော့ သူတို့က ခံရသလိုလိုပဲ။ ကျွန်တော့်မြင်ကွင်းထဲမှာ ပေါ်လာပြီဆို အသက်ရှင်ရက် လွတ်မြောက်သွားတဲ့ ကောင်မျိုး မရှိခဲ့ဘူး။ သာမန်အားဖြင့်တော့ ကျွန်တော်က ရက်စက်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ ခြတွေနဲ့ပတ်သက်လို့တော့ မရဘူး။ သူတို့နဲ့ ပတ်သက်ရင် ကျွန်တော့်မှာ တစ်စက်ကလေးမှ အကြင်နာမရှိဘူး။ ခြတွေကို သတ်ရတာ ကျွန်တော့်မှာ ပျော်တယ်လို့တောင် ခံစားရတယ်။ ဒါပေမဲ့လည်း သူတို့က ကမ္ဘာပေါ်က မျိုးသုန်းပျောက်ကွယ်သွားမယ့် မျိုးစိတ်မျိုး ဟုတ်ပုံမရဘူး။ ကျွန်တော် ခြကင်းစင်တဲ့ ကမ္ဘာကြီးကို တမ်းတတယ်။ ဘုရားသခင်ကို ကျွန်တော် မေးကြည့်ဖူးတယ်။ ဘာကြောင့်များ ဒီလို အချည်းအနှီးသတ္တ၀ါမျိုးတွေကို ဖန်ဆင်းခဲ့သလဲလို့။ တကယ်တော့ သင်းတို့လို အကောင်တွေကို အပျင်းပြေသဘောမျိုးနဲ့တောင် ဖန်ဆင်းခဲ့ဖို့ မသင့်ဘူး။ သိတယ်မဟုတ်လား၊ အရင်လို၊ ဒါမှမဟုတ် အမြဲလိုပဲ သူက နှုတ်ဆိတ်နေခဲ့တယ်။ ကျွန်တော့်ကို အဖက်လုပ်ပြီး ဘာမှပြန်မဖြေဘူး။ ဒါဟာ ခြတွေဘက်က အကာအကွယ်ပေးတာ ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခြတွေကို ပိုမုန်းလာတယ်။ အတိုချုပ်ပြောရရင်တော့ ကျွန်တော်ဟာ ခြတွေကို နစ်နစ်နာနာ မုန်းတီးတဲ့ စာကြမ်းပိုးတစ်ယောက်ပေါ့။ ကျွန်တော့်ရဲ့ ကျောက်သင်ပုန်းပေါ်မှာ ကြွေးကြော်သံတစ်ခု ချရေးလိုက်တယ်။

`ခြများကို ဆန့်ကျင်ပါ´။


အဲဒီ ခြဆန့်ကျင်ရေး တိုက်ပွဲရှည်ကြီးအတွင်း ကျွန်တော့်နဲ့ ရင်ချင်းကပ် မဟာမိတ်ဖြစ်ခဲ့တဲ့ အမေ့ကို ကျွန်တော် အရမ်းချစ်တယ်ဆိုတာ ပြောဖို့လိုမယ် မထင်ဘူး။ ရန်သူတွေကို ချေမှုန်းရာမှာ အမေဟာ ကျွန်တော့်ထက် အများကြီးပိုပြီး လက်ဆပြင်းတယ်။ (တကယ်တော့ ကျွန်တော်က ဘ၀တစ်လျှောက်လုံးမှာ ခြတစ်ကောင်နှစ်ကောင်လောက်ပဲ အောင်မြင်စွာ သတ်ခဲ့ဖူးတာပါ) ရန်သူတွေကို ဓါတ်ဆီစစ်ဆင်ရေးနဲ့ ချေမှုန်းတုန်းကဆို ကျွန်တော် အမေ့ကို အတော် အထင်ကြီးခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော်က ချာတိတ်ကလေး။ ဒီတော့လည်း အဲဒီကတည်းက အမေဟာ ကျွန်တော့်ရဲ့ အာဇာနည်အမျိုးသမီးပေါ့။ အမေ့ရဲ့ ဓါတုလက်နက်တွေကို ခြတွေဟာ သေမလောက်ကြောက်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့ ရှေးဟောင်းကုတင်ကြီးပေါ်မှာ သူတို့ မူးယစ်အော့အန်ပြီး ပြေးလွှားနေကြပေမယ့် တစ်ကောင်မှ လွတ်အောင်မပြေးနိုင်ခဲ့ကြဘူး။ ကျွန်တော်ကတော့ သွေးဆာနေတဲ့ စိတ်အခြေအနေမျိုးနဲ့ အဲဒီ ပရမ်းပတာမြင်ကွင်းကို ကျေကျေနပ်နပ်ကြီး ကြည့်နေခဲ့တာပဲ။ မကြာပါဘူး၊ ကျွန်တော့်ကုတင်ဟာ ခြကင်းစင်နယ်မြေပါလို့ ကျွန်တော် ကြေငြာနိုင်ခဲ့တယ်။ အမေ့ကို ကျွန်တော် အလေးပြုတယ်။ အမေကတော့ နောက်တစ်ခါ ခြမတက်စေနဲ့တော့လို့ ခပ်မာမာ သတိပေးတယ်။

ဒါပေမဲ့ ကျွန်တော့်ကုတင်ပေါ်မှာက စာအုပ်တွေ ဗုန်းဘောလအော ဖြစ်နေတာ။ မသေဘဲကျန်ခဲ့တဲ့ ခြတွေဟာ စာအုပ်တွေကြားထဲမှာ တိတ်တဆိတ်ပုန်းပြီး ကျန်နေခဲ့တယ်။ ကျွန်တော့်ကို ပြောက်ကြားစစ်ဆင်ရေးနဲ့ နှိပ်ကွပ်ဖို့ တိတ်တဆိတ် လူစုနေခဲ့ကြတယ်။ စိတ်ရှည်လက်ရှည် စောင့်နေခဲ့ကြတယ်။ တကယ်တော့ ပိုးကျပြီးသား ကုတင်ကြီးကနေ သူတို့ကို ဘယ်တုန်းကမှ ကျူငုတ်မကျန် ရှင်းလင်းနိုင်ခဲ့တာ မဟုတ်ဘူး။ အဲဒီတုန်းက ခြတွေ ထောင်ထားခြားနားတာ တစ်ခါနှစ်ခါလောက် ကျွန်တော် ခံလိုက်ရသေးတယ်။ ကျေးဇူးတင်စရာကောင်းတာက အဲလိုဖြစ်တိုင်းလည်း အမေပဲ ကျွန်တော့်ကို အကာအကွယ်ပေးခဲ့တာပဲ။ တစ်ခါတုန်းကဆို ဧရာမပိုးဟပ်ကြီးတစ်ကောင်ကို ကျွန်တော့် ခြင်ထောင်ထဲကနေ အမေက လက်နဲ့ဆုတ်ဖမ်းပြီး အပြင်ကို လွှင့်ပစ်လိုက်တော့ ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနဲ့။ ရန်လိုတဲ့ နှံကောင်အတော်များများကို ကျွန်တော့် ခြင်ထောင်ထဲက မောင်းထုတ်ပေးတာလည်း အမေပဲ။ အမေ့အကူအညီသာ မရခဲ့ရင် ကျွန်တော်ငယ်ငယ်တုန်းက အဲဒီ ပိုးမွှားတွေရဲ့အန္တရာယ်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မတွေးရဲဘူး။ အခုအချိန်မှာတော့ အမေ့ရဲ့ အကာအကွယ်ပေးမှုတွေကို မျှော်လင့်ခွင့်မရှိတော့လို့ ကျွန်တော် အတော်လေး အားငယ်မိတယ်။

အခု ကျွန်တော်က အဖေနဲ့ နေနေတယ်။ ဒီမှာလည်း အခုအဖေက သတင်းစာပုံထဲက ခြတွေကို ရှင်းလင်းရေးလုပ်နေပြန်တယ်။ အဖေ တိရစ္ဆာန်တစ်ကောင်ကောင်ကို သတ်ခဲ့တာ ကျွန်တော် ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ ပိုးမွှားတွေလည်း ဒီတိုင်းပဲ၊ သူ လုံးဝ မသတ်ဘူး။ သင်းတို့တွေ မတော်တဆ အနာတရဖြစ်သွားမှာကို စိုးရိမ်နေပုံမျိုးနဲ့ အဖေဟာ သတင်းစာတွေပေါ်က ခြကောင်တွေကို လေနဲ့မှုတ်ထုတ်နေတာကို ကျွန်တော် အံအားတကြီး တွေ့ရတယ်။ ဒီခြတွေရဲ့ အန္တရာယ်က အခုထိ မလွှတ်မြောက်သေးပါလားလို့ တွေးမိတော့ ကျွန်တော် ရုတ်တရက် သူတို့ကို ဆိုးဆိုးရွားရွား မုန်းတီးလာမိတယ်။ သတင်းစာပုံကြီးကို ပိုက်ပြီး အဖေအပြင်ထွက်သွားတော့ ကျွန်တော်တစ်ယောက်တည်း အခန်းထဲမှာ ကျန်ရစ်ခဲ့တယ်။ ဖတ်နေဆဲ စာအုပ်ကို ပိတ်လိုက်ပြီး ကျွန်တော် မတ်တပ်ရပ်လိုက်တယ်။ ကြမ်းပြင်ပေါ်မှာ ဦးတည်ရာမဲ့ ပြေးလွှားနေတဲ့ ကျောင်းတော်က ရန်သူတွေကို ခြေဗလာနဲ့ ကျွန်တော် နာနာကျည်းကျည်း နင်းချေပစ်နေမိတယ်။ အမေ့လို ဓါတုလက်နက်တော့ အခု ကျွန်တော့်မှာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော် သင်းတို့အပေါ်ထားတဲ့ မုန်းတီးမှုဟာ အဆုံးစွန်အနေအထားကို ရောက်သွားပြီ။ သင်းတို့အားလုံး အမှုန့်ဖြစ်သွားတဲ့အထိ ကျွန်တော် ကိုယ့်စိတ်ကိုယ် လွှတ်ပေးထားလိုက်တယ်။ ပြီးတော့ တံမြက်စည်းလှည်းပြီး ရှင်းလိုက်တယ်။

ရေချိုးနေတုန်းအထိ အဲဒီ အဖြူရောင် ပုရွက်ဆိတ်တွေ၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ အသုံးမကျတဲ့ ဖန်တီးမှုတွေအကြောင်း စဉ်းစားခန်း ၀င်နေမိတုန်းပဲ။ ကျွန်တော် သူတို့ကို မုန်းနေတာဟာ အိပ်မက်ဆိုးကြီး တစ်ခုလိုပဲ။ ခြတွေကို အစုလိုက်အပြုံလိုက်သတ်ဖူးတာ ကျွန်တော့်ဘ၀မှာ ဒါပထမဆုံးအကြိမ်မို့ နည်းနည်းတော့ စိတ်သက်သာရာရသလို ရှိပါရဲ့။ ဒါပေမဲ့ ကျွန်တော့် အမုန်းဒီဂရီကတော့ လျော့မသွားဘူး။ သင်းတို့ဟာ ကျွန်တော့် စာအုပ်တွေ၊ မှတ်စုတွေ၊ စာရွက်တွေနဲ့ ရှိရှိသမျှ အရာအားလုံးကို ကိုက်စားဝါးမျိုပစ်ခဲ့တယ်။ ကျွန်တော့် တစ်ကိုယ်လုံးမှာ ခြကိုက်ရာတွေ နှိပ်စက်တာကို ခံနေရတုန်းပဲ။ ကျွန်တော်ချစ်ရတဲ့အမေက သင်းတို့ရန်ကနေ ကျွန်တော့်ကို အကာအကွယ်ပေးခဲ့တယ်၊ အဖေလည်း ထိုနည်းလည်းကောင်းပဲ။ ဒီမိစ္ဆာလေးတွေဟာ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ အရှုပ်ထုပ်ကလေးတွေပါပဲ။

ကျွန်တော်က ရေချိုးတာကို လက်စသတ်လိုက်ပြီး ထမင်းချက်ဖို့ ပြင်ဆင်လိုက်တယ်။ စိတ်ထဲမှာ စနိုးစနောင့် ခံစားနေရတုန်းပဲ။ နောက်ဆုံးတော့ အဖေ တံခါးဝမှာ ပြန်ပေါ်လာတာကို မြင်လိုက်ရတယ်။ လက်ထဲမှာ အာလူးတစ်ထုပ်နဲ့။ ဒီတော့မှ ကျွန်တော်လည်း စိတ်သက်သာရာ ရလိုက်မိသလိုပဲ။ ရယ်စရာတော့ ကောင်းတယ်၊ သတင်းစာတစ်ပုံလုံးကို စားမပစ်လိုက်တဲ့ ခြကောင်တွေကို ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော့် စိတ်ထဲက ကျေးဇူးတင်လိုက်မိတယ်။ အဖေက အာလူးထုပ်ကို ညစာအတွက် ပြင်ဆင်ဖို့ ကျွန်တော့်ဆီ ကမ်းပေးလိုက်တယ်။ ကျွန်တော်က ဂတ်စ်မီးဖိုကို `ထောက်´ ကနဲ မီးတို့ရင်း ခြောက်ကပ်ကပ် ရယ်လိုက်မိတယ်။

တေဇာ (လရောင်လမ်း)

Comments

  1. မးကြည့်ဖူးတယ်။ ဘာကြောင့်များ ဒီလို အချည်းအနှီးသတ္တ၀ါမျိုးတွေကို ဖန်ဆင်းခဲ့သလဲလို့။ တကယ်တော့ သင်းတို့လို အကောင်တွေကို အပျင်းပြေသဘောမျိုးနဲ့တောင် ဖန်ဆင်းခဲ့ဖို့ မသင့်ဘူး။ သိတယ်မဟုတ်လား၊ အရင်လို၊ ဒါမှမဟုတ် အမြဲလိုပဲ သူ၊ ဒါမှမဟုတ် သူမက နှုတ်ဆိတ်နေခဲ့တယ်။ ကျွန်တော့်ကို အဖက်လုပ်ပြီး ဘာမှပြန်မဖြေဘူး။ ဒါဟာ

    ဘုရားသခင်ရဲ့ အသုံးမကျတဲ့ ဖန်တီးမှုတွေအကြောင်း စဉ်းစားခန်း ၀င်နေမိတုန်းပဲ။ ကျွန်တော် သူတို့ကို မုန်းနေတာဟာ အိပ်မက်ဆိုးကြီး တစ်ခုလိုပဲ။

    ဒီမိစ္ဆာလေးတွေဟာ တကယ့်ကို ကသိကအောက် နိုင်တဲ့ အရှုပ်ထုပ်ကလေးတွေပဲ။


    အဖိုးတန်တဲ့ စာပေ၊ ဘ၀ အဖေါ်မွန်ကောင်းစားပေတွေကို ဖျက်ဆီးနေသလို....
    သမိုင်းအမွေတွေ ယဉ်ကျွေးမှု အမွေတွေ..ဘာသာရေးအထွဋ်အမြတ်တွေကိုလည်း .......

    ဒီမိစ္ဆာကြီးတွေဟာ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ ချီးထုပ်အကြီးစားတွေပဲ။

    ReplyDelete
  2.ဲခြမုန်းတာချင်းတူတယ်။ ခြစားတယ် ဆိုတဲ့စကားလည်းရှိတယ်နော်။ ခြဆိုတာ ဘယ်နေရာမှာမှ ကောင်းမယ်မထင်ဘူး။

    ခင်မင်လေးစားလျက်

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”