လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ကူးတို့ (Kafka)

ဆိပ်ခံတံတားဘေးက နံရံပေါ်မှာ ကောင်လေးနှစ်ယောက် ကြွေအံကစားနေကြတယ်။ အထိမ်းအမှတ်ရုပ်တုတစ်ခုရဲ့ ခြေရင်းက ဓားရွယ်ထားတဲ့ သူရဲကောင်းရုပ် အရိပ်အောက်မှာ လူတစ်ယောက် ထိုင်ပြီး သတင်းစာဖတ်နေတယ်။ ခပ်ငယ်ငယ် ကောင်မလေးတစ်ယောက်က ရေပန်းမှာ သူ့ရဲ့ ရေဗူးထဲကို ရေဖြည့်နေတယ်။ သစ်သီးရောင်းတဲ့လူက သူ့သစ်သီးတွေရဲ့ အနီးမှာ လဲလျောင်းရင်း ပင်လယ်ပြင်ဆီ ငေးကြည့်နေတယ်။ ဘီယာဘားတစ်ခုရဲ့ ဒိုးယိုပေါက် တံခါးနဲ့ ပြတင်းပေါက်ကနေ အထဲမှာ လူနှစ်ယောက်ထိုင်ပြီး ၀ိုင်သောက်နေတာကို မြင်ရပါလိမ့်မယ်။ ဘီယာဘားမန်နေဂျာက အရှေ့မှာထိုင်နေရင်း အိပ်ငိုက်နေတယ်။ လှေသေးသေးလေးတစ်စင်းက တစ်စုံတစ်ယောက်ကပဲ ကြိုးနဲ့ဆွဲယူလာသလို ဆိပ်ကမ်းငယ်လေးအတွင်းကို ဖြည်းဖြည်းချင်း မျောဝင်လာတယ်။ ဂျာကင်အင်္ကျီအပြာနဲ့ လူတစ်ယောက် ကမ်းပေါ်ကိုတက်လာပြီး လှေကြိုးကို ချည်လိုက်တယ်။ အဲဒီလူရဲ့ နောက်မှာ ငွေကြယ်သီးတွေပါတဲ့ အရောင်ရင့်ရင့် ကုတ်အင်္ကျီတွေဝတ်ထားတဲ့ တခြားလူနှစ်ယောက်က အလောင်းသယ်တဲ့ထမ်းစင်တစ်ခုကို သယ်လာကြတယ်။ ထမ်းစင်ပေါ်မှာ ပင်းပွင့်ပုံတွေစီခြယ်ထားတဲ့ ပိုးသားခြုံလွှာကြီးတစ်ခုနဲ့ အနားကွပ်တွေ။ အောက်မှာ လူတစ်ယောက် လဲလျောင်းပြီးပါလာမယ်လို့ ခန့်မှန်းလို့ရတယ်။

ကမ်းပေါ်ကို တက်လာတဲ့ အဲဒီလူစုနဲ့ပတ်သက်လို့ ဘယ်သူကမှတော့ စိတ်အနှောင့်အယှက် ဖြစ်သွားပုံမရဘူး။ အလောင်းစင်ကို အောက်ခဏချပြီး လှေကြိုးချည်နေတဲ့ တက်မကိုင်ကို စောင့်နေတဲ့အထိလည်း ဘယ်သူမှ သူတို့ကို ဂရုမပြုကြဘူး။ သူတို့ဆီသွားမယ့်လူ၊ မေးခွန်းတွေ မေးမယ့်လူ၊ စေ့စေ့စပ်စပ် ကြည့်မယ့်လူ တစ်ယောက်မှမရှိဘူး။

အဲဒီနောက်မှာ တက်မကိုင်ကို ဆံပင်စုတ်ဖွှားနဲ့ အမျိုးသမီးတစ်ယောက်က ခပ်ဖွဖွကိုင်လိုက်တာ တွေ့လိုက်ရတယ်။ အဲဒီအမျိုးသမီးရဲ့ ရင်ခွင်ထဲမှာ ကလေးတစ်ယောက်နဲ့ ဆိပ်ကမ်းပေါ် ရောက်လာတယ်။ ပြီးတဲ့နောက် တက်မကိုင်က ဘယ်ဘက် ရေစပ်နားမှာပဲ ရှိနေတဲ့ အ၀ါရောင် နှစ်ထပ်အိမ်တစ်လုံးဆီ လက်ညှိုးထိုးနေတယ်။ အထမ်းသမားတွေကတော့ သူတို့ ၀န်စည်စလယ်ကို မ,လိုက်ပြီး အမြှောင်းလိုင်းကလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ တံခါးကို ဖြတ်ပြီး သယ်ဆောင်သွားကြတယ်။ ကောင်လေးတစ်ယောက်က ပြတင်းပေါက် ဖွင့်ကြည့်ပြီး အဲဒီလူတစ်သိုက် အိမ်ထဲဝင်သွားတာကို သတိထားမိသွားတယ်။ ပြီးတော့ ချက်ချင်းပဲ ပြတင်းပေါက်ကို ပြန်ပိတ်လိုက်တယ်။ အဲဒီအိမ်တံခါးလည်း ပိတ်သွားတယ်။ အိမ်က ၀က်သစ်ခြသား အနက်ရောင်နဲ့ ဂရုတစိုက် တန်ဆာဆင်ထားတာပဲ။ အခုပြောနေတဲ့အချိန်အထိ ချိုးငှက်တစ်အုပ်ဟာ ခေါင်းလောင်းစင် တစ်ဝိုက်မှာ ပျံသန်းနေကြတယ်။ ပြီးတော့ အဲဒီအိမ်ရှေ့ကို ဆင်းလာကြတယ်။ ချိုးတွေ တံခါးရှေ့မှာ စုပြုံနေပုံက အိမ်ထဲမှာ သူတို့အစာကို သိမ်းထားတဲ့အတိုင်းပဲ။ တစ်ကောင်က ပထမထပ်ကို ပျံတက်သွားပြီး ပြတင်းတံခါးကို နှုတ်သီးနဲ့ ပေါက်လိုက်တယ်။ သူတို့ဟာ အရောင်တောက်တောက်နဲ့ ဂရုစိုက်ခံထားရတဲ့ သွက်သွက်လက်လက် သတ္တ၀ါတွေပဲ။ လှေပေါ်က အမျိုးသမီးက သူ့လက်တစ်ဆုတ်စာ သစ်သီးစေ့တွေကို ကြဲချလိုက်တယ်။ ချိုးတွေက သစ်သီးစေ့တွေကို စားပြီး အမျိုးသမီးအပေါ်မှာ တ၀ုန်းဝုန်းပျံနေကြတယ်။

ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖဲပြားလေးတပ်ထားတဲ့ ဦးထုပ်ကို ဆောင်းထားတဲ့လူတစ်ယောက်က ဆိပ်ကမ်းကိုဆက်ထားတဲ့ ကျဉ်းကျဉ်းသေးသေး လမ်းကြားလေးတစ်ခုဆီကနေ ဆင်းလာတယ်။ သူက ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ကြည့်တယ်။ အရာအားလုံး သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပုံပဲ။ ထောင့်တစ်ခုက အမှိုက်စွန့်တဲ့နေရာကို တစ်ချက်ကြည့်ပြီး မျက်နှာကို မဲ့လိုက်သေးတယ်။ အထိမ်းအမှတ်ရုပ်ထုရဲ့ လှေကားထစ်တွေမှာ သစ်သီးအခွံတွေ ရှိနေတယ်။ သူက လမ်းလျှောက်လာရင်း သူ့လက်ထဲက ကြိမ်လုံးနဲ့ သစ်သီးအခွံတွေကို ရှင်းထုတ်သွားတယ်။ သူက အိမ်တံခါးကို ခေါက်လိုက်တယ်။ တစ်ချိန်တည်းမှာ သူ့ရဲ့ လက်အိတ်အနက်ရောင်ဝတ်ထားတဲ့ ညာဘက်လက်က သူ့ဦးထုတ်ကို ဆွဲချွတ်လိုက်တယ်။ တံခါးက ချက်ချင်းလိုလို ပွင့်သွားတယ်။ အထဲမှာ ကောင်လေးအယောက် ၅၀ လောက် အတန်းနှစ်တန်းခွဲ စီတန်းရပ်နေပြီး သူ့ကို ဦးညွတ်နေကြတယ်။

တက်မကိုင်က လှေကားပေါ်ကနေဆင်းလာပြီး အဲဒီပုဂ္ဂိုလ်ကို တွေ့တယ်။ ပြီးတော့ လှေကားပေါ်ကို ဦးဆောင်ခေါ်သွားတယ်။

ပထမထပ်က ခြံဝန်းကိုမြင်နေရတဲ့ ခပ်ယဲ့ယဲ့ ၀ရန်တာဆီကို အဲဒီလူနဲ့အတူ သူပါလာတယ်။ အနောက်ဘက် ခပ်လှမ်းလှမ်းမှာ ကောင်ကလေးတွေ စုပြုံပြီး ရပ်နေကြတယ်။ အဲဒီလူနှစ်ယောက်လုံး အနောက်ဘက်က ကျယ်ဝန်းပြီး အေးစက်နေတဲ့ အခန်းထဲကို ၀င်သွားကြတယ်။ အဲဒီအခန်းကနေဆို မျက်နှာချင်းဆိုင် အိမ်ကိုတောင် မမြင်ရဘူး။ မီးခိုးရောင်ရင့်ရင့် ကျောက်နံရံကြီးသက်သက်ပဲ မြင်ရတယ်။ အလောင်းစင်သယ်လာတဲ့လူတွေက ခေါင်းရင်းမှာ ခပ်ရှည်ရှည် ဖယောင်းတိုင်တွေနဲ့ မီးထွန်းဖို့လုပ်ရင်း အလုပ်ရှုပ်နေကြတယ်။ ဒါပေမဲ့လည်း မီးရောင်က မရှိသလောက်ပဲ။ အရင်ကတည်းက ရှိနေတဲ့ အရိပ်တွေကို နံရံတွေမှာ တဖျပ်ဖျပ်လက်နေအောင်လောက်ပဲ သူတို့လုပ်နိုင်တယ်။ အလောင်းစင်က ခြုံလွှာကို ဆွဲချထားပြီးသွားပြီ။ အဲဒီအပေါ်မှာ ဆံပင်မုတ်ဆိတ်တွေ ဗရပြစ်နဲ့ အသားညိုညို လူတစ်ယောက် လဲလျောင်းနေတယ်။ သူ့ကို ကြည့်ရတာ မုဆိုးတစ်ယောက်လိုပဲ။ သူက အဲဒီမှာ မလှုပ်မရှား လဲလျောင်းနေတယ်။ အသက်မရှူတာ သေချာတယ်။ သူ့ မျက်လုံးတွေကို ပိတ်ထားတယ်။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်အနေအထားကြောင့်သာ သူ့ကို လူသေအလောင်းတစ်ခုပါလို့ ယူဆနေရသလိုပဲ။

ပုဂ္ဂိုလ်ကြီးက အလောင်းစင်ရှိရာဆီ လှမ်းသွားလိုက်ပြီး သူ့လက်တစ်ဖက်ကို လဲလျောင်းနေတဲ့လူရဲ့ နဖူးပေါ်မှာ တင်လိုက်တယ်။ ပြီးတော့ ဒူးထောက်ချလိုက်ပြီး ၀တ်ပြုဆုတောင်းနေတယ်။ တက်မကိုင်က အခန်းက ထွက်သွားဖို့ အထမ်းသမားတွေကို အချက်ပြလိုက်တယ်။ အပြင်မှာ စုရုံးနေတဲ့ ကောင်လေးတွေကိုပါ မောင်းထုတ်ရင်း သူတို့ ထွက်သွားကြတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ကြီးကတော့ ဒီလို ငြိမ်သက်နေတာနဲ့ပတ်သက်ပြီး အလိုမကျဖြစ်နေသေးပုံပေါ်တယ်။ သူက တက်မကိုင်ကို လှမ်းကြည့်လိုက်တယ်။ တက်မကိုင်က အလိုက်တသိပဲ ဘေးတံခါးကနေ တစ်ဖက်ခန်းထဲကို ၀င်သွားတယ်။ အလောင်းစင်ပေါ်ကလူက ချက်ချင်းပဲ သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ ပြီးတော့ နာနာကျင်ကျင်ပြုံးနေတဲ့ သူ့မျက်နှာကို ပုဂ္ဂိုလ်ကြီးရှိတဲ့ဘက်ဆီ လှည့်လိုက်တယ်။ ပြီးတော့ ခင်ဗျားဘယ်သူလဲလို့ သူက ပြောလိုက်တယ်။ အံ့အားသင့်မှုတစ်စုံတစ်ရာမရှိဘဲ ပုဂ္ဂိုလ်ကြီးက ဒူးထောက်နေရာက မတ်တပ်ရပ်လိုက်ပြီး ရီဗာနယ်စားကြီးပါလို့ ပြန်ဖြေလိုက်တယ်။

အလောင်းစင်ပေါ်က လူက ခေါင်းညိတ်ပြတယ်။ သူ့လက်မောင်းတစ်ဖက်ကို ခပ်ယဲ့ယဲ့ဆန့်တန်းပြီး ကုလားထိုင်တစ်လုံးဆီ ညွှန်ပြတယ်။ နယ်စားကြီး မထိုင်ခင်မှာပဲ `ဟုတ်ကဲ့ ကျွန်တော်သိပါတယ်နယ်စားကြီး။ ဒါပေမဲ့ ပထမဆုံးမြင်လိုက်ရချိန်မှာ အကုန်လုံးကို ကျွန်တော်မေ့သွားတာ။ အရာရာဟာ ကျွန်တော့်ဘေးနားမှာ ပတ်ချာလည် လှည့်နေသလိုပဲ။ ဒါနဲ့ မေးလိုက်တာကောင်းပါတယ်ဆိုပြီး မေးလိုက်တာပါ။ ကျွန်တော့်အနေနဲ့ အရာအားလုံးကို သိနေပေမယ့်လို့ပေါ့။ နယ်စားကြီးအနေနဲ့လည်း ကျွန်တော်ဟာ မုဆိုးကြီး ဂရပ်ချက်ဆိုတာ သိမယ်ထင်ပါတယ်´ လို့ သူက ပြောလိုက်တယ်။

သိပါတယ်လို့ နယ်စားကြီးက ပြောလိုက်တယ်။ ဒီနေ့ပဲ သတင်းကြားရပါတယ်။ ညတုန်းကပေါ့။ ခဏတော့ အိပ်နေသေးတယ်၊ သန်းခေါင်ယံတစ်ဝိုက်လောက်ကျတော့ ကျွန်တော့်ဇနီးက `ဆယ်ဗာတိုး (ဒါက ကျွန်တော့်နာမည်ပါ) ပြတင်းပေါက်ကနေ ဟိုချိုးကို ကြည့်လိုက်ပါဦး။ တကယ့် ချိုးတစ်ကောင်ပဲ၊ ဒါပေမဲ့ ကြက်ဖတစ်ကောင်လောက်ကို ကြီးတယ်´။ အဲဒီချိုးက ကျွန်တော့်နားဆီ ပျံလာပြီး ပြောတယ်။ မနက်ဖြန်ကျရင် သေသွားတဲ့မုဆိုးကြီး ဂရပ်ချက် လာလိမ့်မယ်။ မြို့တော်ရဲ့ကိုယ်စား ကြိုဆိုလိုက်ပါလို့ ပြောတယ်။

မုဆိုးက ခေါင်းညိတ်လိုက်ပြီး သူ့နှုတ်ခမ်းတွေကို လျှာဖျားနဲ့သပ်လိုက်တယ်။ `ဟုတ်ပါတယ်။ ကျွန်တော်မလာခင် ချိုးက ဒီကိုအရင်ပျံလာတာပါ။ ဒါပေမဲ့ မြို့စားကြီး။ ကျွန်တော် ရီဗာနယ်မှာ နေရလိမ့်မယ်လို့ ခင်ဗျားယုံကြည်သလား´

`ဒါတော့ ကျွန်တော် မပြောနိုင်သေးပါဘူး။ ခင်ဗျားက သေသွားပြီလား´ လို့ နယ်စားကြီးက မေးလိုက်တယ်။
`အင်း။ ခင်ဗျားမြင်တဲ့အတိုင်းပါပဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက..၊ လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုတာ တော်တော်လေးကို ကြာခဲ့တဲ့နှစ်တွေတုန်းက မဟူရာတောမှာ ကျောက်တုံးပေါ်က ကျွန်တော်ပြုတ်ကျခဲ့တယ်။ ဂျာမနီမှာပေါ့။ တောင်ဆိတ်တစ်ကောင်နောက် လိုက်ရင်းနဲ့ဖြစ်တာပါ။ အဲဒီကတည်းက ကျွန်တော် သေသွားခဲ့တာပဲ´ လို့ မုဆိုးက ပြောလိုက်တယ်။
`ဒါပေမဲ့ ခင်ဗျားက အသက်လည်းရှင်နေသေးတာပဲ´ လို့ နယ်စားကြီးက ပြန်ပြောတယ်။
`အတိုင်းအတာတစ်ခု အထိပေါ့။ အတိုင်းအတာတစ်ခုအထိ ကျွန်တော် အသက်ရှင်နေသေးတယ်´ လို့ မုဆိုးက ပြောတယ်။

`ကျွန်တော့်ရဲ့ မရဏကူးတို့ဟာ လမ်းပျောက်သွားတယ်။ တက်မကိုင် သတိလွတ်သွားတဲ့ တစ်ချက်ကလေးမှာပဲ တက်မဟာ လမ်းမှားဆီရောက်သွားတယ်။ ဘာမှန်း အတိအကျမသိရတဲ့ ကျွန်တော့်ရဲ့ ပျော်ရွှင်စရာ ဇာတိကနေ လမ်းလွဲဆီရောက်သွားတယ်။ ကျွန်တော်သိတာတစ်ခုက ကျွန်တော်ဟာ ကမ္ဘာမြေပေါ်မှာ တင်ကျန်နေတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော့်ကူးတို့ဟာ ပထ၀ီရေပြင်ပေါ်မှာ ခရီးသွားနေတော့တယ်။ ဒီလိုနဲ့ ကျွန်တော့်အပိုင် တောင်တန်းတွေပေါ်မှာပဲ နေချင်တဲ့ကျွန်တော်ဟာ သေခြင်းတရားနောက်မှာ ကမ္ဘာမြေပေါ်က မြို့တွေအားလုံးကိုဖြတ်ပြီး ခရီးလှည့်လည်နေရတယ်´

`ဒီတော့ ဒီကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ ခင်ဗျားအတွက် ဝေစုမရှိဘူးပေါ့´ လို့ နယ်စားကြီးက မျက်မှောင်ကုပ်ရင်း ပြောလိုက်တယ်။
`အဲဒီကိုတက်မယ့် အထစ်ပေါင်းမရေတွက်နိုင်အောင်ရှိတဲ့ လှေကားပေါ်မှာပဲ ကျွန်တော်အမြဲရှိခဲ့တာပဲ။ အဲဒီ အဆုံးမရှိ ကျယ်ပြန့်တဲ့ လှေကားထစ်တွေပေါ်မှာ ကျွန်တော် တ၀ဲလည်လည်ပဲ။ တစ်ခါတလေ တက်တယ်၊ တစ်ခါတလေ ဆင်းတယ်။ တစ်ခါတလေ ညာဘက်၊ တစ်ခါတလေ ဘယ်ဘက်။ အမြဲတမ်းတော့ ရွေ့လျားနေတာပဲ။ မုဆိုးတစ်ယောက်ကနေ လိပ်ပြာတစ်ကောင် ဖြစ်ခဲ့ရတာပဲ။ မရယ်နဲ့ဦး´ လို့ မုဆိုးက ဖြေတယ်။
`ကျွန်တော် မရယ်ပါဘူး´ လို့ နယ်စားကြီးက ပြောလိုက်တယ်။

`ခင်ဗျားဟာ ကြင်နာတတ်ပါပေတယ်´ လို့ မုဆိုးက ပြောလိုက်တယ်။ `ကျွန်တော် အမြဲတမ်း ရွေ့လျားနေတာပဲ။ ဒါပေမဲ့ အပေါ်ဘက်ကို ကျွန်တော် အဆုံးစွန်တက်သွား၊ တံခါးပေါက်ကလည်း ကျွန်တော့် အထက်နားလေးတင် ထွန်းလင်းနေတဲ့အချိန်။ နောက်ဆုံးတော့ ကျွန်တော့် ကူးတို့ပေါ်မှာပဲ ကျွန်တော်ပြန်နိုးလာရတယ်။ မြေပြင်လှိုင်းတံပိုးတွေကြားမှာပဲ ပျင်းရိငြီးငွေ့ဖွယ် ပိတ်မိနေရဆဲပဲ။ ကျွန်တော်သေဆုံးခဲ့မှုရဲ့ အခြေခံအမှားက ကျွန်တော့်ရဲ့ ကူးတို့အခန်းလေးထဲမှာ ကျွန်တော့်ကို လှောင်ပြုံးပြုံးတယ်။ တက်မကိုင်ရဲ့ မိန်းမ၊ ဂျူလီယာက တံခါးလာခေါက်တယ်။ ပြီးတော့ ကျွန်တော်တို့ အဲဒီအချိန်တုန်းက ဦးတည်ရွက်လွှင့်နေခဲ့တဲ့ နိုင်ငံရဲ့ ကမ်းရိုးတန်းပေါ်က နံနက်ခင်းအဖျော်ယမကာကို အလောင်းစင်ပေါ်က ကျွန်တော့်ဆီ ယူလာပေးတယ်။ ကျွန်တော် သစ်သားကွပ်ပြစ် အိပ်ယာပေါ်မှာ လဲလျောင်းတယ်။ ၀တ်ထားတာက ကျွန်တော်ဘယ်လိုမှ ကြည့်လို့မရတဲ့ အလောင်းလွှမ်းတဲ့ ခြုံလွှာ။ ကျွန်တော့် ဆံပင်နဲ့ မုတ်ဆိတ်တွေက အနက်နဲ့ မီးခိုးရောင်။ ဖြည်လို့မရတော့လောက်အောင် အချင်းချင်း ရှုပ်ထွေးလိမ်ကောက်နေပြီ။ ကျွန်တော့်ခြေထောက်တွေကို မိန်းမ၀တ်ပိုးသားပုဝါကြီးကြီးတစ်ခုနဲ့ လွှမ်းထားတယ်။ အပေါ်နဲ့ အနားကွပ်တွေမှာ ပန်းပွင့်ပုံတွေပါတယ်။ ကျွန်တော့်ခေါင်းရင်းမှာ ဘုရားကျောင်းက ဖယောင်းတိုင်တွေက ကျွန်တော့်ကို အလင်းထိုးနေတယ်။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် နံရံမှာ ပန်းချီကားသေးသေးတစ်ချပ်ရှိတယ်။ အဲဒီပန်းချီကားထဲက လူရိုင်းက ကျွန်တော့်ကို ပေါ်ပေါ်ထင်ထင်ကြီး ဆူးချွန်နဲ့ထိုးမလို့ ချိန်ထားတယ်။ သူ့ကိုယ်သူကျတော့ တောက်တောက်ပြောင်ပြောင် အရောင်ခြယ်ထားတဲ့ ဒိုင်းကြီးနောက်မှာ ရတတ်သလောက် ကွယ်ထားတယ်။ ကူးတို့ပေါ်မှာ အူကြောင်ကြောင်ပန်းချီကားတွေကို တွေ့ရတတ်တာမျိုးပဲ။ ဒါပေမဲ့ ကျွန်တော်တွေ့ရတဲ့ တစ်ခုကတော့ အူကြောင်ကြောင်အနိုင်ဆုံးထဲက တစ်ခုပဲ။ အဲဒါတွေအပြင်တော့ ကျွန်တော့်ရဲ့ သစ်သားလှောင်အိမ်ဟာ ဘာမှမရှိသလောက်ပဲ။ ဘေးဘက်နံရံပေါ်က အပေါက်တစ်ပေါက်ကနေ ညအခါကျ တောင်လေနွေးနွေးလေး ၀င်လာတတ်တယ်။ ပြီးတော့ ကူးတို့လှေအိုကြီးကို တဖျပ်ဖျပ်ရိုက်နေတဲ့ ရေသံတွေကို ကျွန်တော် ကြားရတယ်။

ကျွန်တော်..၊ ဆိုပါတော့ သက်ရှိထင်ရှားမုဆိုးကြီး ဂရက်ချက်တစ်ယောက် တောင်ဆိတ်နောက်လိုက်ပြီး မဟူရာတောထဲမှာ ပြုတ်ကျသေသွားတဲ့ အချိန်ကတည်းကစလို့ ကျွန်တော်ဒီမှာပဲ လဲလျောင်းနေခဲ့တယ်။ အရာအားလုံးဟာ သူတို့ဖြစ်သင့်တဲ့အတိုင်း ဖြစ်နေကြတာပဲ။ ကျွန်တော်အမဲလိုက်တယ်။ ကျွန်တော် ပြုတ်ကျတယ်။ ချောက်ကမ်းပါးထဲကျပြီး သွေးထွက်လွန်တယ်။ သေတယ်။ ပြီးတော့ ဒီကူးတို့က ကျွန်တော့်ကို တစ်ဖက်ကမ်းဆီ သယ်ဆောင်ဖို့ ရောက်လာတယ်။ စစချင်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကွပ်ပြစ်ပေါ်ဆန့်ချရင်း အတော်ကြီး ပျော်သွားမိခဲ့တာ မှတ်မိနေသေးတယ်။ အဲဒီ အရိပ်ကျနေတဲ့ နံရံလေးဘက်လောက် အရင်က တောင်တန်းတွေဟာ ကျွန်တော့်ကို သီချင်းညည်းမိအောင် မလုပ်နိုင်ခဲ့ဘူး။

ကျွန်တော်ဟာ ပျော်ပျော်ကြီးအသက်ရှင်ပြီး ပျော်ပျော်ကြီး သေသွားခဲ့တယ်။ ကူးတို့ပေါ်မတက်ခင် ကျွန်တော့်တစ်သက်စုဆောင်းခဲ့တဲ့ သေနတ်တွေ အိတ်တွေကို ၀မ်းမြောက်ဝမ်းသာ စွန့်ပစ်ခဲ့သေးတယ်။ အဲဒီထဲမှာ ကျွန်တော် ၀င့်ဝင့်ကြွားကြွားကိုင်တတ်တဲ့ အမဲလိုက်ရိုင်ဖယ်တောင်ပါသေးတယ်။ ပြီးတာနဲ့ အလောင်းခြုံလွှာထဲကို မင်္ဂလာဝတ်စုံဝတ်မယ့် ကောင်မလေးတစ်ယောက်လို ခုန်ဝင်ခဲ့တာပဲ။ အဲဒီနေရာမှာ ကျွန်တော် လဲလျောင်းပြီး စောင့်နေလိုက်တယ်။ ပြီးတော့ အခုလို မတော်တဆဖြစ်တာပဲ´

`အတော်ဆိုးတဲ့ ကံကြမ္မာပဲ´ လို့ နယ်စားကြီးက ဂရုဏာသက်တဲ့ အမူအရာပြုပြီး ပြောလိုက်တယ်။ `ဒါနဲ့ ဘာပဲဖြစ်ဖြစ် ဒီအတွက် ခင်ဗျားကိုယ်ခင်ဗျား အပြစ်တင်စရာမရှိဘူး မဟုတ်လား´
`မရှိပါဘူး။ ကျွန်တော်က မုဆိုးတစ်ယောက်ပါ´ လို့ မုဆိုးက ပြန်ပြောတယ်။

ဒီအတွက် အပြစ်တင်စရာတစ်ခုခု ရှိနေလို့လား။ မြေခွေးတွေ အဲဒီအချိန်တုန်းက ရှိနေသေးတဲ့ မဟူရာတောမှာ မုဆိုးတစ်ယောက်ဖြစ်ဖို့ ကျွန်တော်ကြီးပြင်းခဲ့တယ်။ ကျွန်တော် ၀ပ်တယ်။ သားကောင်ကို စောင့်တယ်။ ပစ်မှတ်ကို ထိအောင်ပစ်တယ်။ ပြီးတော့ အရေဆုတ်တယ်။ ဒါတွေမှာ အပြစ်တင်စရာတစ်ခုခု ရှိနေလား။ ကျွန်တော့်အလုပ်ဟာ မင်္ဂလာပဲ။ မဟူရာတောရဲ့ မုဆိုးကျော်ကြီး။ ဒါဟာ လူတွေကျွန်တော့်ကို ခေါ်တဲ့ နာမည်ပဲ။ ဒီအတွက် မကောင်းတာတစ်ခုခုများ ရှိနေလား´

`ဒါကို ဆုံးဖြတ်ဖို့က ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အမြင်အရလည်း အပြစ်တင်စရာမရှိဘူးလို့ ထင်တာပဲ။ တစ်ခုရှိတာက ဒါဆို ဘယ်သူ့ကို အပြစ်တင်မလဲ´ လို့ နယ်စားကြီးက ပြောလိုက်တယ်။
`ကူးတို့သမားပေါ့´ လို့ မုဆိုးက ပြောလိုက်တယ်။ `ကျွန်တော် ဒီမှာရေးတာတွေကို ဘယ်သူမှ ဖတ်မိလိမ့်မှာမဟုတ်ဘူး။ ဘယ်သူမှ ကျွန်တော့်ကို လာကယ်မှာမဟုတ်ဘူး။ လူတွေကို ကျွန်တော့်ကိုကယ်တင်ဖို့ တာဝန်ချပေးမယ်ဆိုရင် အိမ်တွေအားလုံးရဲ့ တံခါးတွေအားလုံး ပိတ်ပြီးတော့ နေမှာပဲ။ ပြတင်းပေါက်တွေအားလုံးလည်း ပိတ်နေမယ်။ ကုတင်ပေါ်မှာ သူတို့ လဲလျောင်းနေမယ်။ ပြီးရင် ခေါင်းမြီးခြုံထား ကြလိမ့်မယ်။ ကမ္ဘာကြီးတစ်ခုလုံး ညအိပ်ရပ်နားနေတဲ့ နေရာကြီးဖြစ်သွားလိမ့်မယ်။ ဒါလည်း ဖြစ်သင့်ပါတယ်။ ဘယ်သူကမှ ကျွန်တော့်ကို မသိတဲ့အတွက် သိသွားတယ်ဆိုရင် ကျွန်တော် ဘယ်နေရာမှာနေနေလဲဆိုတာ စဉ်းစားမိမှာ မဟုတ်ဘူး။ စဉ်းစားမိပြန်ရင်လည်း ကျွန်တော့်ကို အဲဒီနေရာမှာ ဘယ်လိုဖမ်းမိအောင်လုပ်မလဲ သိမှာမဟုတ်ဘူး။ ဒီလိုနဲ့ ကျွန်တော့်ကို ဘယ်လိုကူညီရမယ်ဆိုတာ သိမှာကို မဟုတ်ဘူး။ ကျွန်တော့်ကို ကူညီချင်တယ်ဆိုတဲ့အတွေးဟာ ရောဂါတစ်ခုပဲ ဖြစ်လိမ့်မယ်။ အဲဒီရောဂါကို ကုဖို့ကတော့ အိပ်ယာထဲမှာ နားနေဖို့ပဲ´

`ဒါကို ကျွန်တော် သိပါတယ်။ ဒါကြောင့်ပဲ ကယ်ပါယူပါ အော်မနေတာပေါ့။ ကိုယ့်ကိုယ်ကိုယ် ချုပ်တီးမရတဲ့အချိန်မျိုးမှာတောင်မှ၊ ဥပမာ အခုလိုအချိန်မျိုးမှာတောင် အဲဒီအကြောင်းကို ကျွန်တော် အလေးအနက် စဉ်းစားပါတယ်။ ဒါပေမဲ့ ဒီလိုအကြံအစည်မျိုးတွေကို မောင်းထုတ်ဖို့ဆိုတာက ကျွန်တော့်အနေနဲ့ ဘေးဘီကိုကြည့်၊ ပြီးတော့ ကျွန်တော်ဘယ်နေရာမှာ၊ ဒါကို ကျွန်တော် ယုံကြည်ချက်အပြည့်နဲ့ အခိုင်အမာပြောပါတယ်။ ကျွန်တော်ဘယ်နေရာမှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်ဆိုတာ ပြန်သတိရဖို့ပဲ လိုတယ်´

`ဒါဟာ ထူးခြားဖြစ်စဉ်ပဲ´ လို့ နယ်စားကြီးက ပြောလိုက်တယ်။ `ထူးခြားဖြစ်စဉ်ပါပဲ။ ဒီတော့ ခင်ဗျားအခု ကျွန်တော်တို့နဲ့ ရီဗာမှာ နေဖို့ ရည်ရွယ်တာလား´
`ကျွန်တော် အဲဒီလို မရည်ရွယ်ပါဘူး´ လို့ မုဆိုးက သူ့ရဲ့ သရော်တဲ့လေသံကို အပြုံးတစ်ခုနဲ့ ဖုံးကွယ်ရင်းပြောလိုက်တယ်။ သူ့လက်တစ်ဖက်ကို နယ်စားကြီးရဲ့ ဒူးခေါင်းပေါ် တင်လိုက်တယ်။ 

`ကျွန်တော် ဒီမှာရှိနေတယ်။ ဒီထက်ပိုပြီး ကျွန်တော် ဘာမှမသိဘူး။ ဒီထက်ပိုပြီး ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိဘူး။ ကျွန်တော့်ကူးတို့ဟာ တက်မ, မပါဘူး။ ကူးတို့ရဲ့ ခရီးစဉ်ဟာ လေနှင်ရာပဲ။ လေကလည်း သေခြင်းတရားရဲ့ အနက်ရှိုင်းဆုံးရပ်ဝန်းဆီမှာ တိုက်ခတ်နေဆဲပဲ´

တေဇာ (လရောင်လမ်း)
Franz Kafka ၏ The Hunter Gracchus ကို ဘာသာပြန်ဆိုသည်။

0 comments:

Post a Comment