Skip to main content

ဖီးနစ် [မောင်ဒေး]

ကြီးမြတ်သော မျိုးနွယ်ဝင်ဖြစ်သည့် လော့ဒ်စတော်ဘယ်ရီသည် ငှက်မျိုးစုံကို စုဆောင်းသူဖြစ်သည်။ သူ့ထံတွင် ဥရောပ၌ အကောင်းဆုံးဟုဆိုရမည့် ငှက်မွေးခြံကြီးရှိသည်။ ထိုခြံမှာ ကြီးလွန်းလှသည့်အတွက် လင်းယုန်ငှက်လိုအကောင်ကြီးများပင် သက်တောင့်သက်သာ ကျက်စားနိုင်သည်။ စီမံခင်းကျင်းထားပုံကလည်း ကောင်းမွန်ပြီး၊ ငှက်ပိတုံးများနှင့် နှင်းခဲအရပ်၌ကျင်လည်သည့် တေးဆိုငှက်များအတွက်ပင်လျှင် ၎င်းတို့နှင့်ကိုက်ညီသော ရာသီဥတုမျိုးကို ပြည့်စုံကျနစွာ ဖန်တီးပေးထားသည်။ သို့ပေမယ့် ထိုငှက်မွေးခြံကြီးထဲ၌ရှိသည့် ငှက်လှောင်အိမ်များထဲမှ အကောင်းဆုံးအညွန့်ဆုံးဖြစ်သော ငှက်လှောင်ခန်းတစ်ခုမှာမူ နှစ်ပေါင်းအတော်ကြာအောင်ပင် ဗလာကျင်းကာ ဟာလာဟင်းလင်းဖြစ်နေခဲ့ပေသည်။ ထိုငှက်လှောင်ခန်းတွင် လေဘယ်ပြားတစ်ခု ချိတ်ဆွဲထား၏။ ၎င်းကတ်ပြားပေါ်တွင် ဤသို့ ရေးသားထားသည်။

ငှက်အမျိုးအမည် - ဖီးနစ်
ကျင်လည်ရာအရပ် - အာရေဗျ


ငှက်သတ္တ၀ါဘာသာရပ်နှင့်ပတ်သက်၍ တတ်ကျွမ်းသူများစွာက ဖီးနစ်ဆိုသောငှက်သည် ဒဏ္ဍာရီလာ ငှက်တစ်မျိုးသာဖြစ်ကြောင်း၊ ပြင်ပလောက၌ တကယ်အဟုတ်ရှိခဲ့မည်ဆိုလျှင်လည်း မျိုးတုံးလောက်ပြီဖြစ်ကြောင်း၊ ထိုအချက်ကို သံသယဖြစ်စရာမရှိကြောင်းဖြင့် လော့ဒ်စတော်ဘယ်ရီအား ပြောကြားသတိပေးခဲ့ပြီးဖြစ်သည်။ သို့ပေမယ့် လော့ဒ်စတော်ဘယ်ရီက နားမ၀င်။ ဖီးနစ်ငှက်များ အမှန်တကယ်ရှိကြသည်ဟု သူကိုယ်တိုင်သာမက သူ့မိသားစုကပါ ယုံကြည်လေသည်။ သူနှင့်အဆက်အဆံရှိသော ငှက်အရောင်းအ၀ယ် ပွဲစားများထံမှ ပို့လိုက်သည့် ဖီးနစ်ငှက်များကို ကြိုကြားကြိုကြား သူလက်ခံရရှိခဲ့သည်။ ထိုပွဲစားများက ၎င်းတို့ပို့လိုက်သောငှက်များသည် ဖီးနစ်ငှက်များဖြစ်ကြသည်ဟု အခိုင်အမာဆိုကြပြီး၊ အဆိုပါငှက်တို့နှင့်အတူ ကုန်ကျစရိတ် စာရွက်စာတမ်းများကိုပါ တစ်ပါတည်း ထည့်ပေးလိုက်ကြသည်။ တကယ်တော့ ထိုငှက်များမှာ မြေလူးငှက်ဝါ၊ ကြက်တူရွေးမျိုးကြီးနှင့် ဆေးဝါခြယ်ထားသော လင်းတငှက်တို့သာဖြစ်ကြောင်းကို နောက်ပိုင်း၌ လော့ဒ်စတော်ဘယ်ရီကြီးကိုယ်တိုင် သိလာရသည်။ ထိုပွဲစားတို့သည် တစ်ခါတရံတွင် မျိုးမတူသော ငှက်နှစ်မျိုးကို သားစပ်၊ ထိုမှ မွေးဖွားလာသော မျိုးမစစ်ငှက်၏ခန္ဓာကိုယ်တွင် အရောင်စုံအသွေးစုံငှက်မွှေးများဖြင့် ထိုးစိုက်အလှဆင်ကာ “ဖီးနစ်” ဟု အမည်တပ်ပြီး လော့ဒ်စတော်ဘယ်ရီထံ ပို့တတ်သေး၏။ နောက်ဆုံးမှာတော့ လော့ဒ်စတော်ဘယ်ရီကိုယ်တိုင် အာရေဗျဒေသသို့ ခရီးထွက်လေသည်။ အာရေဗျသို့ရောက်၍ လအနည်းငယ်ကြာသောအခါ သူ၏ယုံကြည်ချက်တို့က ပိုမိုအားကောင်းလာပြီး ထိုငှက်အားဖမ်းမိဖို့ ကြိုးစားလေတော့သည်။ တကယ်လည်း မိခဲ့ပါ၏။ ထို့နောက် လော့ဒ်စတော်ဘယ်ရီသည် ထိုဖီးနစ်ငှက်ကြီးအား လိုလေသေးမရှိစောင့်ရှောက်၍ သူ့အိမ်သို့ ယူဆောင်လာခဲ့သည်။

ဖီးနစ်ငှက်ကြီးသည် ထူးထူးခြားခြား ခြွင်းချက်ထားရလောက်အောင် ပြည့်စုံကောင်းမွန်သည့် ငှက်ကြီးဖြစ်သည်။ ၎င်း၌ ချစ်စရာကောင်းသော စရိုက်လက္ခဏာတို့ရှိပြီး ငှက်လှောင်ခြံကြီးထဲမှာ အခြားငှက်တို့နှင့်လည်း ရင်းနှီးနွေးထွေးစွာ ဆက်ဆံနေထိုင်လေသည်။ အထူးသဖြင့် လော့ဒ်စတော်ဘယ်ရီအပေါ်တွင် တွယ်တွယ်တာတာရှိလှသည်။ အင်္ဂလန်သို့ ဖီးနစ်ကြီးရောက်လာစတွင် ၎င်း၏သတင်းက အင်္ဂလန်နိုင်ငံ၏ ငှက်လေ့လာရေးပညာရှင်များ၊ သတင်းစာဆရာကြီးများ၊ ကဗျာဆရာများနှင့် မိန်းမဆောင်းဦးထုပ်လုပ်ငန်းရှင်များအကြား၌ အတော်လေး ဂယက်ထခဲ့သေးသည်။ ထိုအချိန်မှစ၍လည်း လော့ဒ်စတော်ဘယ်ရီ၏ ငှက်ခြံကြီး၌ လာရောက်ကြည့်ရှုသူဧည့်သည်များနှင့် အခါမလပ် စည်ကားနေခဲ့သည်။ လာကြည့်သူဘယ်လောက်များများ ဖီးနစ်ကြီးကတော့ လုံးဝ အေးအေးဆေးဆေးပါ။ ပရိသတ်ကြီး၏ စိတ်ပါဝင်စားမှုကို သူက အရေးမလုပ်။ ဤသို့ဖြင့် ဖီးနစ်ကြီးနှင့်ပတ်သက်သော သတင်းအရေးအသားများက သတင်းစာများတွင် ပါမလာတော့သောအခါ လာရောက်ကြည့်ရှုသူအရေအတွက်က လျော့ကျသွားလေတော့သည်။ ဤသို့ပရိသတ် လျော့နည်းခြင်းကြောင့်လည်း ဖီးနစ်ကြီးက သူ၏သိက္ခာကျလှချည့်ဟုဆိုကာ စိတ်ဆိုးခြင်းမျိုး အလျင်းမရှိပေ။ မုန်းတီးခြင်းလည်း သူမဖြစ်။ ခါတိုင်းလိုပင် အစားအသောက်ကို ကောင်းကောင်းစားသောက်ပြီး ကျေကျေနပ်နပ် ရောင့်ရောင့်ရဲရဲ နေထိုင်မြဲဖြစ်သည်။

ငှက်ခြံတစ်ခုကို ထိန်းသိမ်းရသည်က မလွယ်ကူလှ။ ငွေကုန်ကြေးကျ အလွန်များပါ၏။ လော့ဒ်စတော်ဘယ်ရီ သေဆုံးစဉ်ကဆိုလျှင် သူ့ထံ၌ ခြူးတစ်ပြားမှ မရှိတော့ချေ။ ဤသို့ဖြင့် သူသည် ဆင်းဆင်းရဲရဲဖြင့် သေဆုံးခဲ့ရသည်။ သူသေဆုံးပြီးနောက် သူ၏ငှက်ခြံမှာလည်း ဈေးကွက်ထဲသို့ ရောက်သွားလေတော့သည်။ ထုံးစံအတိုင်းဆိုလျှင်တော့ ဥရောပ၏ မဟာသတ္တဗေဒအဖွဲ့ကြီးများပါဝင်သော ယုံကြည်အပ်နှံသူများ အဖွဲ့ကသော်လည်းကောင်း၊ သို့မဟုတ် အမေရိကမှ အလွတ်ပညာရှင်တို့ကသော်လည်းကောင်း ထိုရှားပါးငှက်များနှင့် ဖီးနစ်ကြီးတို့ကို လေလံပွဲကျင်းပ၍ ရောင်းချပေးရမည်သာဖြစ်သည်။ သို့သော် လော့ဒ်စတော်ဘယ်ရီသေဆုံးသည့်အချိန်မှာ ကမ္ဘာစစ်ဖြစ်ပြီးကာစအချိန်နှင့် တိုက်ဆိုင်နေလေသည်။ ကမ္ဘာစစ်က ဖြစ်ထားလေရာ လူတို့အဖို့ ပိုက်ဆံနှင့် ငှက်စားသစ်စေ့တို့ကို ရှာဖွေရန်ဆိုသည်မှာ မလွယ်ကူလှပါ။ (အမှန်ဆို လော့ဒ်စတော်ဘယ်ရီ၏ ဘ၀ကို ချွတ်ခြုံကျသွားအောင်ဖန်တီးခဲ့သော တရားခံများထဲ၌ သစ်စေ့များဝယ်ယူရသည့် ကိစ္စကလည်း တစ်ခုအပါအ၀င်ဖြစ်ခဲ့သည်) ထိုအခါမှာပင် လန်ဒန်တိုင်းသတင်းစာကြီးက ၎င်း၏ အယ်ဒီတာ့အာဘော်၌ ငှက်ချစ်သူများနေထိုင်သော တိုင်းပြည်တစ်ခုအနေဖြင့် အင်္ဂလန်နိုင်ငံသည် ဖီးနစ်ငှက်ကြီးအား ၀ယ်ယူ၍  လန်ဒန်မြို့တိရစ္ဆာန်ရုံတွင် မွေးမြူပြသထားသင့်ကြောင်း ရေးသားတိုက်တွန်းလေသည်။ ဤသို့ဖြင့် “စတော်ဘယ်ရီဖီးနစ် ရန်ပုံငွေအဖွဲ့” ဟု နာမည်ပေးထားသောအဖွဲ့တစ်ခု ပေါ်ပေါက်လာလေတော့သည်။ ထိုရန်ပုံငွေအဖွဲ့တွင် ကျောင်းသားကြီးများ၊ ကလေးအရွယ် ကျောင်းသားငယ်များနှင့် သဘာ၀၀ါဒီကြီးများပါဝင်ကာ သူတို့နည်း သူတို့ဟန်ဖြင့် ရန်ပုံငွေရှာဖွေကြလေသည်။ သို့ပေမယ့် သူတို့အသုံးပြုသောနည်းလမ်းတို့က မထိရောက်လှသဖြင့် အလှူငွေပမာဏ ကြီးကြီးမားမား မရခဲ့ကြပါ။ ထို့ကြောင့် ကွယ်လွန်သူ လော့ဒ်စတော်ဘယ်ရီ၏ ရှေ့နေတို့က ထိုငွေပမာဏဖြင့် ဖီးနစ်ကြီးအား ၀ယ်ယူရန် ကမ်းလှမ်းလာမှုကိုပယ်ချ၍ မစ္စတာတန်ခရက်ပိုလ်ဒီရိုဆိုသူ၏ ပိုမိုများပြားသောငွေကြေးဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်ကြသည်။ ဖီးနစ်ငှက်ကြီးအား ၀ယ်ယူခဲ့သူ မစ္စတာပိုလ်ဒီရိုသည် “ပိုလ်ဒီရိုအံ့ဖွယ်ကမ္ဘာ” ကို ပိုင်ဆိုင်သူဖြစ်၏။

ထိုဖီးနစ်ကြီးအတွက် ပေးခဲ့ရသောငွေပမာဏမှာ အလွန်ချိုသာသည့်နှုန်းထားပင်ဖြစ်သည်ဟု မစ္စတာပိုလ်ဒီရို ယူဆခဲ့သည်။ ဖီးနစ်ကြီးသည် သိတတ်လိမ္မာသော ငှက်ယဉ်ကျေးတစ်ကောင်ဖြစ်ရုံမက ပတ်ဝန်းကျင်အသစ်တွင်လည်း အသားတကျဖြစ်အောင်နေထိုင်ဖို့ အသင့်ရှိနေခဲ့သော ငှက်ဖြစ်သည်။ သူ့ကို အစာကျွေးဖို့အတွက်လည်း ငွေကုန်ကြေးကျ မများလှပါ။ ထို့အတူ သူ့အား စနောက်လေ့ရှိသည့် ကလေးငယ်များအပေါ်တွင်လည်း ဗွေမယူတတ်။ မူယာမာယာဟူ၍လည်း သူ့ထံတွင် လုံးလုံးမရှိ။ သို့ပေမယ့် မစ္စတာပိုလ်ဒီရိုကတော့ ဤငှက်သည် မူယာမာယာများလာလိမ့်မည်ဟု ယူဆထားခဲ့သည်။

စတော်ဘယ်ရီဖီးနစ်ရန်ပုံငွေအဖွဲ့ကြီး ပေါ်ပေါက်ခဲ့ခြင်းက ဟန်တော့ကျပေသည်။ ထိုရန်ပုံငွေအဖွဲ့ဝင်များသည် မစ္စတာပိုလ်ဒီရိုပိုင် “အံ့ဖွယ်ကမ္ဘာ” ၌ ပြသထားသော ဖီးနစ်ငှက်ကြီးကို ကြည့်ရှုရာတွင် ၀င်ကြေးအားဖြင့် အခြားသူများထက် “ခရောင်းဝက်” ပမာဏ သက်သာလေသည်။ အဖွဲ့ဝင်မဟုတ်သူများကတော့ “ခရောင်းဝက်” သက်သာဖို့နေနေသာသာ အချို့နေ့များတွင် ၀င်ကြေး၏နှစ်ဆကိုပင် ပေးဆောင်၍ ကြည့်ရလေ၏။ သို့ပေမယ့် ထိုလုပ်ငန်းသည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့၏။ ဖီးနစ်ကြီးက ခါတိုင်းလိုပင် လှမြဲလှ၍ ချစ်စရာကောင်းမြဲ ကောင်းနေပါသည်။ မစ္စတာပိုလ်ဒီရိုကတော့ သူ၏ ဖီးနစ်ကြီးတွင် “စန်း” မရှိဟု ဆိုပါသည်။ မှန်ပါ၏။ နောက်ပိုင်း၌ လူအများသက်သက်သာသာနှင့်ကြည့်ရှုနိုင်ရန် ၀င်ငွေပမာဏကိုလျှော့ချခဲ့သော်လည်း ဖီးနစ်ကြီးသည် လူကြိုက်များကျော်ကြားသည့်အဖြစ်ကို ရောက်မလာတော့ပါ။ ၎င်းသည် တိတ်ဆိတ်ငြိမ်သက်လှ၏။ ဣနြေ္ဒကြီးလွန်းလှ၏။ ထို့ကြောင့်လည်း အများသူငါတို့မှာ သူ့အပေါ် စိတ်ဝင်စားမှုလျော့နည်းလာပြီး ပေါကြောင်ကြောင်အပြုအမူများကို ပြုတတ်သော မျောက်ဝံတို့ကိုလည်းကောင်း၊ အမျိုးသမီးတစ်ယောက်အားကိုက်စားခဲ့သည့် မိချောင်းကြီးကိုလည်းကောင်း သွားရောက်ကြည့်ရှုကြလေတော့သည်။

တစ်နေ့မှာတော့ မစ္စတာရန်ကင်ကို ခေါ်ယူမေးမြန်းလေသည်။
“ငါတို့ရဲ့ဖီးနစ်ကြီးကို အရူးတွေလာမကြည့်တာ ဘယ်လောက်ကြာပြီလဲဟေ့”
“သုံးပတ်လောက်ရှိပါပြီ ခင်ဗျာ” ဟု မစ္စတာရမ်ကင်က ပြန်ဖြေသည်။ ထိုအခါ မစ္စတာပိုလ်ဒီရိုက..
“ဒါဖြင့်ရင်တော့ ဖီးနစ်ကြီးရဲ့ခေါင်းကို လှီးပြီး စားပစ်ရတော့မယ်ထင်တယ်ဟေ့။ ဒီငှက်အစုတ်ပလုတ်အတွက် အာမခံကြေး ပေးသွင်းရတာက တစ်ပတ်ကို ၇ သျှီလင်တောင်ရှိတယ်။ အမယ်လေးနော် ကင်တာဘာရီဂိုဏ်းအုပ် ဘုန်းတော်ကြီးကို အာမခံထားရတာမှ ပိုကောင်းဦးမယ်” ဟု ညည်းညူလေသည်။

“ပရိသတ်တွေက သူ့ကို သိပ်သဘောမကျကြဘူးခင်ဗျ။ သူက ဣနြေ္ဒကြီးလွန်းတာကိုးခင်ဗျာ။ ပြဿနာက အဲဒါပါပဲ။ သူက မိတ်လည်းမလိုက်၊ တခြားလှုပ်လှုပ်ရှားရှားလည်း ဘာမှမလုပ်ဆိုတော့ မခက်ပေဘူးလား။ ဒါတောင် သူ့ရဲ့လှောင်အိမ်ထဲကို ပိုလီငှက်လှလှလေးတွေ၊ ၀န်လက်ငှက်တွေ၊ ကောက်ချင်ချိုင်းနားငှက်တွေထည့်ပြီး မြူဆွယ်ကြည့်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဣနြေ္ဒရှင်ဖီးနစ်ကြီးက အဲဒီငှက်တွေကို တစ်ချက်လေးတောင် လှည့်ကြည့်ဖော်မရပါဘူး။ ဘာကြောင့်လဲ ဆိုတာကိုတော့ ဘုရားသခင်မှ သိတော့မယ်ဗျို့”

“ဒါဖြင့် ဒီကောင့်ကို မြူးမြူးကြွကြွ ရွှင်ရွှင်လန်းလန်းရှိမယ့် တခြားဖီးနစ်တစ်ကောင်နဲ့ လှဲလှယ်မယ်ဆိုရင်ကော” ဟု မစ္စတာပိုလ်ဒီရိုက မစ္စတာရမ်ကင်ကို မေးလိုက်၏။
“မဖြစ်နိုင်ပါဘူးခင်ဗျာ။ သူ့လိုငှက်မျိုးက တစ်ခေတ်မှာတစ်ကောင်သာ ပေါ်ထွန်းပါတယ်” “ဆက်ပြောပါဦး”
“ကျွန်တော်ဆိုလိုတာက..အင်း… သူ့ရဲ့လှောင်အိမ်ဝမှာချိတ်ဆွဲထားတဲ့ လေဘယ်ကတ်ပြားကို သူဌေးမကြည့်ရသေးဘူးနဲ့ တူတယ်”
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် ဖီးနစ်ငှက်ကြီးအားထားရှိရာလှောင်အိမ်ဆီသို့ ထွက်ခွာသွားကြသည်။ ဖီးနစ်ကြီးက ယဉ်ကျေးပျူငှာစွာဖြင့် သူ၏အတောင်ပံတို့ကိုခတ်၍ ကြိုဆိုသည်။ သို့ပေမယ့်သူတို့က ငှက်ကြီးကို စိတ်မ၀င်စား။ ငှက်လှောင်အိမ်ပေါ်မှ လေဘယ်ကတ်ပြားပေါ်တွင် ရေးထားသည်တို့ကိုသာ ဖတ်ရှုလိုက်ကြသည်။

ငှက်အမည် - ပန်စီ
ငှက်အမျိုးအမည် - ဖီးနစ်
(Phoenix Phoenixissima Formosissima arabiana)

“ရှားပါး၍ ဒဏ္ဍာရီဆန်လှသောဤငှက်တွင် မျိုးတူမရှိ။ ထို့ကြောင့် ကမ္ဘာ့လူပျိုသိုးကြီးဟု ဆိုနိုင်သည်။ ၎င်းတွင် မိတ်လိုက်ဖက်မရှိသလို ၎င်းကိုယ်၌ကလည်း မလိုချင်။ အသက်အရွယ်အိုမင်းလာသောအခါ သူ့ကိုယ်သူ မီးလောင်ကျွမ်းစေပြီး အံ့ဖွယ်ကောင်းလှစွာ အသစ်တဖန် မွေးဖွားလာလိမ့်မည်။ ဤဖီးနစ်ငှက်ကြီးအား ကမ္ဘာ့အရှေ့ပိုင်းမှ အထူးတင်သွင်းထားခြင်းဖြစ်သည်”
ထိုဝါကျများကို ဖတ်ရှုပြီးနောက် မစ္စတာပိုလ်ဒီရိုက ဤသို့ဆိုသည်။

“ကျုပ်စိတ်ကူးတစ်ခု ရပြီဗျို့။ အခု ဒီငှက်ကြီးရဲ့ အသက်အရွယ်ကို ခင်ဗျားခန့်မှန်းကြည့်စမ်း”
“ကျွန်တော့်အမြင်မှာတော့ သူဟာ အရွယ်ကောင်းကိုရောက်နေပြီ ထင်ပါတယ်” ဟု မစ္စတာရမ်ကင်က ပြန်လည်ဖြေကြားသည်။ မစ္စတာပိုလ်ဒီရိုကဆက်၍
“သူ့ကိုယ်သူမီးလောင်တိုက်သွင်းစေအောင် ကျုပ်တို့က တစ်နည်းနည်းနဲ့ ကြိုးစားကြမယ်ဆိုရင်ကောဗျာ။ သူမီးမလောင်ခင်မှာ ကျုပ်တို့က သူ့သတင်းကို သတင်းစာမှာကြိုထည့်ပြီး လူတွေရဲ့အာရုံကို နှိုးဆွထားလိုက်မယ်။ မီးလောင်ပြီးတဲ့အခါမှာ ဖီးနစ်ကြီးက နောက်ထပ်အသစ်တစ်ကောင်အဖြစ် မွေးဖွားလာမှာဆိုတော့ ကျုပ်တို့လည်း ဖီးနစ်အသစ်တစ်ကောင်ကို ရလိုက်မယ်။ အဲဒီအခါ ကျုပ်တို့ရဲ့ဖီးနစ်အသစ်ကလေးဟာ အရင်ကဖီးနစ်အဟောင်းကြီးလို မဟုတ်တော့ဘဲ သူ့ရဲ့စိတ်ကူးယဉ်ဆန်ဆန် အတိတ်ဇာတ်လမ်းကြောင့် လူသိများနေမှာ အသေအချာပဲ။ ဒါဆို ကျုပ်တို့က သူ့ကို ရောင်းစားမယ်ဆိုလည်း ဖြစ်နိုင်တာပဲ”
မစ္စတာရမ်ကင်က သူ့ခေါင်းကို တညိတ်ညိတ်လုပ်သည်။ ထို့နောက် ပြော၏။

“ဖီးနစ်ငှက်တွေ မီးလောင်ပြာကျတဲ့အကြောင်းကိုတော့ စာအုပ်တစ်အုပ်ထဲမှာ ကျွန်တော်ဖတ်ဖူးတယ်။ အဲ.. သူတို့မီးမလောင်ခင်မှာ သူတို့ရဲ့လှောင်အိမ်ထဲကို သစ်မွှေးတုံးတွေ ထည့်ပေးထားရတယ်တဲ့ခင်ဗျ။ သူတို့က
အဲဒီသစ်မွှေးတုံးတွေနဲ့ အသိုက်လုပ်မယ်။ ပြီးတော့မှ လုပ်ပြီးသွားတဲ့အသိုက်ပေါ်ကို တက်ထိုင်တယ်။ အဲ… အသိုက်ပေါ်မှာ ထိုင်လိုက်တာနဲ့တစ်ပြိုင်နက် မီးထတောက်လောင်ရောဆိုပဲ။  ဒါပေမဲ့ အဲဒါက သူတို့ အသက်အရွယ် အိုမင်းလာမှဖြစ်မယ့် ကိစ္စပါ။ ပြဿနာက အဲဒီ အိုမင်းမှုပဲ”

ထိုအခါ မစ္စတာပိုလ်ဒီရိုက - “မပူပါနဲ့ဗျာ၊ အဲဒီကိစ္စကို ကျွန်တော်ရှင်းမယ်။ ခင်ဗျားကသာ သစ်မွှေးတုံးတွေကို ရှာပေး။ ကျုပ်က ဖီးနစ်ကြီး အသက်ကြီးလာအောင်လုပ်ဖို့ တာဝန်ယူမယ်”
ဖီးနစ်ကြီးအား အိုမင်းလာအောင်လုပ်ဖို့ဆိုသည်က မလွယ်ကူလှပါ။ မစ္စတာပိုလ်ဒီရိုသည် ဖီးနစ်ကြီးစားသောက်သည့် အစားအစာပမာဏကို ထက်ဝက်လျှော့ချလိုက်သည်။ ထို့နောက်တစ်ဖန်၊ လျှော့ပြီးသားပမာဏကိုပဲ နောက်တစ်ကြိမ် ထက်ဝက်လျှော့ချပြန်သည်။ ဤသို့ဖြင့် ဖီးနစ်ငှက်ကြီးမှာ ပိုပို၍ ပိန်လှီလာလေသည်။ သို့သော် သူ၏မျက်လုံးတို့က တောက်ပဆဲဖြစ်သလို သူ၏အမွှေးအတောင်တို့မှာလည်း အရောင်အ၀ါ ၀င်းမွတ်ဆဲဖြစ်ပါသည်။ တစ်ဖန်၊ မစ္စတာပိုလ်ဒီရိုသည် ဖီးနစ်ကြီးနေထိုင်ရာအခန်း၏ အပူပေးစနစ်ကို ဖြတ်တောက်လိုက်ပြန်၏။ သို့ပေမယ့် ဖီးနစ်ကြီးက သူ၏အမွှေးအတောင်တို့ကိုဆန့်ထုတ်၍ အေးစိမ့်မှုဒဏ်ကို ကာကွယ်လေသည်။ သူ၏ပုံစံက အခြေအနေဆိုးရွားလာသည့် ပုံစံမဟုတ်။ တစ်ဖန် မစ္စတာပိုလ်ဒီရိုသည် စိတ်တိုစိတ်ဆတ်၍ ရန်သတ္တရုပြုတတ်သော အခြားငှက်များကို ဖီးနစ်ကြီး၏လှောင်အိမ်ထဲ ထည့်သွင်းပြန်ပါလေသည်။ ထိုငှက်တို့သည် ဖီးနစ်ကြီးအား ထိုးဆိတ်ရန်မူကြလေသည်။ သို့သော် ဖီးနစ်ကြီးက အလွန်ယဉ်ကျေးဖော်ရွေလှသောကြောင့် တစ်ရက်နှစ်ရက်အကြာတွင် ရန်လိုသည့်ငှက်တို့၏ အမုန်းတရားတို့သည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကုန်လေတော့၏။ မစ္စတာပိုလ်ဒီရိုကတော့ အလျှော့မပေးပါ။ နောက်ဖေးလမ်းကြားများတွင် ကျင်လည်သောကြောင်များကို ထည့်၍ စမ်းသပ်ပြန်လေသည်။ ဤကိစ္စတွင်မူ ဖီးနစ်ကြီးသည် သူ၏ ယဉ်ကျေးဖွယ်အမူအရာတို့ကို သုံးရုံမျှနှင့် ဤကြောင်ဆိုးများကို အနိုင်ယူဖို့မလွယ်မှန်း သိပါလေသည်။ ထိုအခါ ဖီးနစ်ကြီးသည် ကြောင်စုတ်တို့၏ခေါင်းများကို နှုတ်သီးဖြင့်ထိုး၍တစ်ဖုံ၊ ၎င်းတို့၏မျက်နှာများအား အတောင်ပံများနှင့်ပုတ်၍တစ်သွယ် ပညာအစုံပြ၍ ခြောက်လှန့်ပစ်ခဲ့သည်။

မစ္စတာပိုလ်ဒီရိုသည် အာရေဗျဒေသအကြောင်း ရေးသားထားသော စာအုပ်တစ်အုပ်ကို လှန်လှောဖတ်ရှုကြည့်ရာမှ ထိုဒေသ၏ ခြောက်သွေ့သော ရာသီဥတုသဘောတရားကို သတိပြုမိသွားသည်။ “ပိုင်ပြီဟေ့” ဟု သူကြုံးဝါးလိုက်သည်။ ထို့နောက် ဖီးနစ်ကြီးအား ခပ်သေးသေးလှောင်အိမ်တစ်ခုထဲသို့ ပြောင်းထားကာ၊ လှောင်အိမ်၏မျက်နှာကြက်၌ ရေမှုန်ဖျန်းသည့် ကိရိယာကို တပ်ဆင်လိုက်သည်။ ညရောက်တိုင်း ထိုရေမှုန်ဖျန်းစက်ကို ဖွင့်ထားခဲ့သည်။ ဤသို့ဖြင့် ဖီးနစ်ကြီးသည် ချောင်းဆိုးရောဂါကို စတင်ခံစားလာရတော့သည်။ မစ္စတာပိုလ်ဒီရိုထံ၌ စိတ်ကူးကောင်းတစ်ခု ရှိသေးသည်။ သူသည် ဖီးနစ်ကြီး၏ အရှေ့တည့်တည့်၌ နေ့စဉ်ထိုင်ကာ ဖီးနစ်ကြီးအား လှောင်ပြောင်ခြင်း၊ ဆဲရေးခြင်းတို့ဖြင့် စိတ်ဆင်းရဲအောင်ပြုလေသည်။

ဤသို့ဖြင့် နွေဦးရာသီရောက်လာ၏။ မစ္စတာပိုလ်ဒီရိုက အသက်အရွယ်ရလာပြီဖြစ်သော ဖီးနစ်ကြီးအကြောင်းကို လူအများစိတ်ဝင်စားရန်အလို့ငှာ စီမံကိန်းချ၍ အဆက်မပြတ်လုပ်ဆောင်သင့်ပြီဟု တွေးမိလေသည်။ ထို့ကြောင့် ပြည်သူတို့၏ အချစ်တော်ဟောင်းကြီးဖြစ်သော ဖီးနစ်ငှက်ကြီးသည် နောက်ဆုံးအချိန်သို့ နီးကပ်လာပါပြီဟု ကြေညာမောင်းခတ်လိုက်သည်။ တစ်ချိန်တည်း၌ ဖီးနစ်ကြီးသည် အသိုက်လုပ်ရန် စိတ်ဝင်စားမှုရှိ, မရှိဆိုသည်ကို သိနိုင်ဖို့အတွက် အနံ့ဆိုးသည့် ကောက်ရိုးထုံးအနည်းငယ်နှင့် သံချေးတက်နေသော သံဆူးကြိုးအနည်းငယ်ကိုယူကာ ဖီးနစ်ကြီး၏လှောင်အိမ်ထဲသို့ထည့်၍ အခြေအနေကို စောင့်ကြည့်အကဲခတ်လေသည်။ တစ်နေ့တွင်မူ ဖီးနစ်ကြီးသည် ကောက်ရိုးများကို စတင်ထိတွေ့လေတော့သည်။ ထိုအခါ မစ္စတာပိုလ်ဒီရိုသည် ရုပ်ရှင်ရိုက်ခွင့် စာချုပ်တစ်ခုအတွက် လက်မှတ်ရေးထိုးပေးလိုက်သည်။ နောက်ဆုံးတော့လည်း သူစောင့်စားခဲ့ရသည့်အချိန်ကာလသည် ရင့်မှည့်ကြွေကျတော့မည်ဖြစ်၏။ မေလ၏ သာယာသောစနေနေ့တစ်ခုတွင် ဖြစ်သည်။ အိုမင်းလာပြီဖြစ်သော ဖီးနစ်ကြီးအား လူအများက စိတ်ဝင်တစားရှိခဲ့သည်မှာ ရက်သတ္တပတ်အချို့ပင် ရှိခဲ့ပေပြီ။ ဖီးနစ်ကြီးအားကြည့်ရှုရာတွင် ပေးဆောင်ရသည့် ၀င်ကြေးငွေမှာလည်း ငါးသျှီလင်သို့ပင် ခုတ်တက်ခဲ့လေပြီ။ ၀ိုင်းကာထားသည့် ၀င်းကြီးအတွင်း၌ လူအုပ်ကြီးက ကြိတ်ကြိတ်တိုးနေသည်။ မီးဆလိုက်များနှင့် ကင်မရာများကို လှောင်အိမ်ဆီသို့လှည့်၍ တပ်ဆင်ထားသည်။ မကြာခင်၌ပင် ထူးခြားဖြစ်စဉ်ကြီးတစ်ခု ဖြစ်ပျက်တော့မည့်အကြောင်းကို လော်စပီကာမှတဆင့် ပြောကြားကြေညာနေလေသည်။

“ဖီးနစ်ငှက်ဆိုတာ ငှက်လောကမှာတော့ မျိုးရိုးအမြင့်ဆုံး ငှက်သတ္တ၀ါဖြစ်တယ်ခင်ဗျ။ အခုလို ထူးခြားလှတဲ့ သူ့ရဲ့ ရင်နင့်သီးချာအသိုက်လေးကို ဆောက်ဖြစ်စေဖို့အတွက် ကျွန်တော်တို့အနေနဲ့ အင်မတန်ရှားပါးပြီး ဈေးလည်းအင်မတန်ကြီးတဲ့ သစ်မွှေးတုံးတွေကို အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ အဲဒီသစ်မွှေးတုံးတွေကိုလည်း ရမ္မက်ပြင်းပျဖွယ် အမွှေးနံ့သာရည်တွေထဲမှာ ထည့်စိမ်ခဲ့ရတာဖြစ်ပါတယ်”

ထို့နောက်မစ္စတာပိုလ်ဒီရိုအဖွဲ့သည် သက်ဆိုင်ရာအမျိုးအစားအလိုက် စုစည်းထားသော သစ်ပင်အကိုင်းအလက်များနှင့် သစ်သားချောင်းပါးပါးတို့ကို သပ်ရပ်ကောင်းမွန်စွာဖြင့် လှောင်အိမ်ထဲသို့ ထည့်ကြလေသည်။ ထိုအကိုင်းအလက်တို့ကိုလည်း အလွန်တရာမွှေးကြိုင်နေအောင် စီမံထားပြီးဖြစ်၏။ ထိုစဉ် လော်စပီကာထံမှ အသံထွက်လာပြန်သည်။ “ဖီးနစ်ငှက်ဆိုတာ ကလီယိုပက်ထရာလို မာယာကြွယ်ဝပြီး၊ လားဒူးဘာရီလိုလည်း ဇိမ်ခံတတ်တဲ့ သတ္တ၀ါပါ။ ဂျစ်ပစီတို့ရဲ့ အရိုင်းဂီတတစ်စလို ခက်ထန်တတ်တယ်။ ရှေးကျလှတဲ့ ကမ္ဘာအရှေ့ခြမ်းရဲ့ ဆန်းပြားသောခမ်းနားမှုနဲ့ ပြင်းပျသော တပ်မက်မှုလည်းဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်ဆန် ပဉ္စလက်ပြကွက်တစ်ခုဖြစ်သလို နူးညံ့သိမ်မွေ့တဲ့ ရက်စက်ခြင်းတရားလည်းဖြစ်ပြန်တယ်…”
“ဟိုမှာကြည့်စမ်းဟေ့၊ ဖီးနစ်ကြီး အသိုက်ဆောက်တော့မယ်” ဟု လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်က ထအော်လိုက်သည်။

တုန်လှုပ်ခြင်းတစ်မျိုးက ဖီးနစ်ကြီး၏ အရောင်မှိန်မှိန် အမွှေးအတောင်တို့ကို လှုပ်ခါသွားစေသည်။ ဖီးနစ်ကြီးသည် သူ၏ခေါင်းအား ဟိုဘက်လှည့်လိုက်၊ ဒီဘက်စောင်းလိုက် လုပ်နေပါ၏။ ထို့နောက် သူ၏အိပ်တန်းပေါ်မှ ဒယီးဒယိုင်ဖြင့် ဆင်းလာပါသည်။ ပြီးနောက် အကိုင်းအလက်များနှင့် သစ်သားချောင်းများကို မောပန်းနွမ်းနယ်လှစွာဖြင့် စတင်ဆွဲယူလေတော့သည်။

ကင်မရာများဆီမှ အလင်းများ တဖျပ်ဖျပ် လင်းလက်နေကြသည်။ ဆလိုက်များမှ မီးအလင်းတို့က လှောင်အိမ်ပေါ်သို့ ထိန်ညီးစွာ ကျရောက်နေသည်။ လော်စပီကာဆီမှ အသံထွက်ပေါ်လာပြန်သည်။ မစ္စတာပိုလ်ဒီရို၏ အသံဖြစ်၏။
“လူကြီးမင်းအပေါင်းတို့ခင်ဗျား၊ တစ်ကမ္ဘာလုံးက အသက်ရှူရပ်မတတ် ခံစားပြီး မျှော်လင့်စောင့်စားခဲ့ရတဲ့ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်ဟာဖြင့် လူကြီးမင်းတို့ထံ ရောက်လာခဲ့ပါပြီ။ ရာစုနှစ်များရဲ့ ဒဏ္ဍာရီတစ်ခုဟာ အခုတော့ ကျွန်တော်တို့ရဲ့ ခေတ်မျက်လုံးတွေ အရှေ့မှာတင် ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ဖီးနစ်ကြီးဟာ…”

ဖီးနစ်ကြီးသည် သူဆောက်လုပ်ထားသည့် အသိုက် (သို့မဟုတ်) မီးလောင်စင်ပေါ်၌ ကျကျနန နေရာယူလိုက်သည်။ သို့ပေမယ့် သူ၏ပုံစံကတော့ အခုချက်ချင်း အိပ်ပျော်သွားတော့မည့်ပုံဖြစ်သည်။ ရုပ်ရှင်ရိုက်ကူးနေသည့် ဒါရိုက်တာကြီးက ဤသို့ဆိုသည်။
“ဟေ့ ဒီသတ္တ၀ါက ဒီထက်ပိုပြီး ဘာမှလုပ်မပြတော့ဘူးဆိုရင်တော့ အသိုက်ဆောက်တဲ့ကိစ္စကို ဟိုလူတွေကပဲ သင်ပေးထားတာဖြစ်မယ်”

ထိုအချိန်မှာပင် ဖီးနစ်ငှက်ကြီးနှင့် သူ၏အသိုက်တို့မှာ ၀ုန်းကနဲ မီးထလောင်လေတော့သည်။ မီးတောက်မီးလျှံများက မိုးပေါ်သို့လည်းကောင်း၊ ဘေးဘီဝဲယာများသို့လည်းကောင်း ပေါက်ကွဲလျှံထွက်သွားသည်။ တစ်မိနစ်ကျော်ကျော် အချိန်အတွင်းမှာပင် အရာခပ်သိမ်း မီးလောင်ပြာကျသွားသည်။ မစ္စတာပိုလ်ဒီရိုအပါအ၀င် ထောင်ချီသော ပရိသတ်ကြီးမှာလည်း မီးလောင်ပေါက်ကွဲမှုထဲ၌ ပါဝင်ပျောက်ကွယ်သွားတော့၏။

မောင်ဒေး
ချင်းတွင်း၊ မေ၊ ၂၀၀၆

ဤ၀တ္ထု၏ မူရင်းအမည်က The Phoenix ဖြစ်သည်။ Syliva Townsend Warner ဟူသော အင်္ဂလိပ်စာရေးဆရာမကြီးက ရေးပါသည်။ ပဉ္စလက်သရုပ်မှန် Magical Realism ရေးဟန်မျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် လောင်တိုက်သွင်း အိုမင်းအောင် လုပ်နေသော လူ့အဖွဲ့အစည်းကို သရော်ထားသောဝတ္ထုဖြစ်သည်။ ဤဆရာမကြီးသည် ၂၀ ရာစု ကမ္ဘာ့စာပေနယ်တွင် ထင်ရှားခဲ့သော စာရေးဆရာဖြစ်သည်။ သရုပ်မှန်ရေးဟန်ဖြင့် မရေးခဲ့ဘဲ ပဉ္စလက်သရုပ်မှန်အရေးအသားကို သုံးစွဲပြီး လူ့အဖွဲ့အစည်းကိုသရော်သော ၀တ္ထုတို/ရှည်များစွာ ရေးခဲ့ပါသည်။ ထင်ရှားသောဝတ္ထုများမှာ Lolly Willowes (၁၉၂၆)၊ Mr. Fortune’s Maggot (၁၉၂၇)၊ The Cat’s Cradle Book (၁၉၄၀)၊ The Corner that Held Them (၁၉၅၀) တို့ဖြစ်သည်။ ပြင်သစ်စာရေးဆရာကြီး Marcel Proust ၏ Contre aint Beaure စာအုပ်ကို ဘာသာပြန်ဆိုခဲ့သည်။ အင်္ဂလိပ်ဝတ္ထုရေးဆရာ T. H. White ၏ အထုပ္ပတ္တိကို ပြုစုခဲ့သည်။ ၁၈၉၃ ခုနှစ်တွင် မွေးပြီး ၁၉၇၈ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”