Skip to main content

စံပယ်ကို မျှားခြင်း

[ ၁ ]

ကုတင်နံပါတ် (၆) ပေါ်မှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမျိုးသမီးငယ်ကို စံပယ်လို့ ခေါ်ပါတယ်။ ကျွန်မနာမည်ကလည်း စံပယ်ပါပဲ၊ ဒါပေမဲ့ နာမည်ဆိုတာတွေက အပေါ်ယံလောက်ပဲလေ၊ ရေမျက်နှာပြင်ပေါ်မှာ တပွက်ပွက်ထနေတဲ့ ရေမြုပ်တွေမျှပဲ။ ကျွန်မတို့နှစ်ယောက်မှာ ဒီထက်မက ပိုမိုနက်ရှိုင်းတဲ့ ဆက်သွယ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့်ပဲ သူ ကျွန်မကိုသဘောကျတာ၊ ဒါကြောင့်ပဲ တာဝန်ချိန်မဟုတ်တဲ့ အချိန်တွေမှာ သူ့အနား ကျွန်မ ထိုင်နေမိတတ်တာပေါ့။

ဒီနေ့ကတော့ ဒုက္ခရောက်တဲ့ နေ့တစ်နေ့ပါပဲ။ အဆောင်မှာ လူနာတွေနဲ့ အများကြီးနဲ့ ရှုတ်ယှက်ခတ်နေလို့ ကျွန်မလည်း အလုပ်တွေမပြီးနိုင် ဖြစ်နေတယ်။ အိပ်ယာခင်းတွေသိမ်း၊ ပုံစံတွေ ဖြည့်၊ အ၀တ်အစားလဲ စသည်ဖြင့်ပေါ့။ နောက်ဆုံး နေ့လယ်နှောင်းပိုင်းလောက်ရောက်တော့မှ ကော်ဖီဖျော်ဖို့ အချိန်လေးနည်းနည်းရပါတယ်။ ကော်ဖီကို စပယ့်ကုတင်ဘေးနားက လိမ္မော်ရောင် ပလက်စတစ်ထိုင်ခုံလေးဆီ ကျွန်မ ယူသွားလိုက်တယ်။ အခုလို ခဏတဖြုတ်ထိုင်ခွင့်ရတာကို ကျေးဇူးတင်နေမိတယ်၊ သူ့အနားမှာ အဖော်လုပ်ပေးရတာကိုလည်း ၀မ်းသာနေမိပါတယ်။

"ဟဲလို စံပယ်ရေ" လို့ ကျွန်မ ခေါ်ကြည့်လိုက်တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်နှုတ်ဆက်နေရသလိုပါပဲ။
သူကတော့ စကားမပြန်ပါဘူး။ စံပယ်ဟာ ဘယ်တော့မှ စကားမပြန်ဘူး။ သူက အလွန်နက်ရှိုင်းတဲ့နေရာတစ်ခုမှာ နစ်မြုပ်နေတဲ့သူပဲ။

ကျွန်မလိုပါပဲလေ၊ သူက ပင်လယ်ပြင်မှာထိခိုက်မှု ဖြစ်ခဲ့ရတာပါ။ ကျွန်မလည်း တံငါသည်တစ်ဦးရဲ့ သမီးပါပဲ။ ဒါကြောင့် စကားလုံးတွေကို ကျွန်မက ငါးမျှားချိတ်မှာ သီသလို အစာချိတ်တတ်တယ်၊ သူ့ နားဆီကို ချပြီး မျှားကြည့်တယ်။ အဲဒီစကားလုံးတွေဟာ အေးစက်မဲမှောင်နေတဲ့ ရေနက်ထဲ နစ်မြုပ်ကျရောက်သွားတယ်လို့ စိတ်ကူးကြည့်ရင်းပေါ့။ ဒါမှမဟုတ်လည်း သူ ရောက်နေနိုင်တဲ့ နက်ရှိုင်းတဲ့ နေရာတစ်ခုခုဆီကိုပေါ့။

"ဒီနေ့တော့ အချိန်နည်းနည်းရတယ်" လို့ သူ့ဆံနွယ်တွေကို ထိတွေ့ရင်း သူ့ကို ပြောလိုက်တယ်၊

စံပယ်နဲ့အတူရှိနေရတာ၊ သူ့ကို မထိတွေ့မိအောင်နေဖို့တော့ အတော်ခက်ပါတယ်။ သူက တကယ်ရှားပါးပြီး စစ်မှန်တဲ့ အလှပိုင်ရှင်မလေးပါပဲ။ ဒါကြောင့်ပဲ လူတွေက သူ့ကုတင် ဘေးနားကဖြတ်လျှောက်ရဖို့ အကြံအဖန်လုပ်တတ်ကြတယ်လေ။ သူ့ကို စိုက်ကြည့်နေကြတာ၊ သူ့ကို သောက်သုံးနေကြတာ၊ သူ့ကို စားသောက်ဝါးမျိုနေကြတာတွေကို ကျွန်မ မကြာခဏ ဖမ်းမိတာပေါ့။ သူတို့ဟာ အသားစားငါးဘီလူးတွေပဲ၊ အဲဒီလူတွေ အကုန်လုံးပဲ။ ဘီးတပ်လှည်းကို တွန်းတဲ့လူကလည်း သူ့ကုတင်နား နီးလာရင် တွားသွားသလောက်နီးပါး နှေးသွားတတ်တယ်။ ဘယ်သွားရမယ်မသိ ဖြစ်နေကြတဲ့ ဧည့်သည်တွေကလည်း လောဘတကြီး မျက်လုံးတွေနဲ့ပဲ။ ဆရာဝန်တွေကတော့ ရပ်ပြီး လိုက်ကာစပါးပါးကို ဆွဲဖွင့်တယ်၊ ပြီး စစ်ဆေးစရာမလိုပါဘဲ သူ့ကို အခေါက်ခေါက် စစ်ဆေးနေပါလိမ့်မယ်။

အရမ်းလှတာတစ်ခုကတော့ စံပယ်နဲ့ကျွန်မ မတူညီကြတဲ့ အရာပေါ့။ ဒီအတွက်တော့ ကျွန်မ ၀မ်းသာမိပါတယ်။
"စံပယ့်အဖေ မကြာခင် ဒီကို လာလိမ့်မယ်၊ အရင်အပတ်က လာမယ်လို့ သူပြောသွားတယ်" လို့ ကျွန်မက ပြောလိုက်တယ်။

စံပယ်က ဘာမှပြန်မပြောပါဘူး။ သူ့ ဘယ်ဘက်မျက်ခွံကတော့ တဖျပ်ဖျပ်ခတ်နေသလားပဲ။

သူ့အဖေရဲ့ ငါးဖမ်းလှေပေါ်မှာ မတော်တဆမှုဖြစ်ခဲ့တာ အခုဆိုရင် နှစ်လလောက်ရှိခဲ့ပါပြီ။ အဲဒီတုန်းက သူက ရေထဲကိုပြုတ်ကျသွားခဲ့ပြီး နစ်မြုပ်သွားတယ်။ ငါးဖမ်းပိုက်ထဲမှာ ရစ်ပတ်မိသွားခဲ့တယ်။ အဲဒီနေရာမှာ သူ အကြောက်လွန်သွားခဲ့တယ်ဆိုတာကို အတော်အတန်ကြာမှပဲ သတိပြုမိခဲ့ကြပါတယ်။ သူ့အဖေက သူ့ကို လှေပေါ်ခက်ခက်ခဲခဲ ပြန်ဆွဲတင်ပြီး အိမ်ကိုပြန် ရွက်လွှင့်လာခဲ့တယ်ပေါ့။ နောက်ဆုံး ပြန်ရောက်လာတော့ အသက်မရှိတော့ဘူးလို့ သူထင်နေတဲ့ သမီးရဲ့ သူ့သမီးရဲ့ ခန္ဓာကိုယ်ကို ကမ်းခြေဆီ ထမ်းပိုးသယ်ယူလာခဲ့တယ်။


[ ၂ ]

"စံပယ်ရေ.." လို့ ကျွန်မက တီးတိုးခေါ်လိုက်တယ်။ ကျွန်မတို့ရဲ့ ငါးစာတပ်ခံနာမည်ကို သူမကို ဟပ်လိုက်စေချင်တယ်။ အဲဒီငါးစာကို သူ မျိုချလိုက်စေချင်ပါတယ်။

ကံကောင်းချင်တော့ အဲဒီနေ့က သူတို့ရွာမှာ ဆရာဝန်တစ်ယောက် ရှိနေခဲ့ပါတယ်။ ဆွေမျိုးတွေဆီ အလည်ရောက်နေတဲ့ လူငယ်တစ်ယောက်ပါ။ သူကပဲ ဒီရေနစ်ခဲ့တဲ့ အမျိုးသမီးလေးကို အဲဒီအခြေအနေကနေ ဒီဆေးရုံအထိရောက်အောင် ယူဆောင်ခဲ့တာပေါ့။ သူကပဲ ကျွန်မကို စံပယ့်အကြောင်း ပြောပြခဲ့တာပေါ့။ သူပြောတာကတော့၊ အဲဒီတုန်းက စံပယ့်မျက်လုံးတွေ ပွင့်လာခဲ့တယ်၊ သူ့အဖေကို တစ်ချက်လှမ်းကြည့်လို့ စကားတစ်ခွန်းပဲပြောနိုင်ပြီး ပြန်လည် မေ့မျောသွားခဲ့တယ်တဲ့။ ဒီအကြိမ်ကတော့ ကိုးမားဆိုတဲ့ ကာလရှည်မေ့မျောမှုတစ်ခု ဆီကိုပါပဲ။

အသားစားငါးဘီလူးတဲ့။ ဒါကတော့ စံပယ်ပြောသွားတဲ့ စကားပါ။

သူ့အဖေ ဆေးရုံကို လာတဲ့အခါကျရင် သူက စံပယ့် ဆံနွယ်လေးတွေကို ထိတွေ့တတ်တယ်၊ ပါးလေးကို နမ်းတတ်တယ်၊ စံပယ့်ကုတင်ဘေးက လိမ္မော်ရောင် ပလက်စတစ်ထိုင်ခုံမှာထိုင်ရင်း စံပယ့်လက်ကလေးကို ကိုင်ထားတတ်တယ်။ ကျွန်မ အဖေလိုပဲ၊ သူဟာ လူကောင်ကြီးပြီး အသားညိုညို၊ တံငါသည်တစ်ယောက်ရဲ့ ကြမ်းတမ်းသန်မာတဲ့ လက်တွေနဲ့။ သူ့ဆီမှာ ပင်လယ်နံ့တွေ စူးစူးရှရှ စွဲနေတယ်၊ ပြီးတော့ သူလည်း လူရိုးလူကောင်းတစ်ယောက်လို ဟန်ဆောင်ထားလေရဲ့။

စံပယ်ရေ။ ငါတို့နှစ်ယောက်ကတော့ အတော်ကလေးကို တူတာပဲ၊ တစ်ယောက်တည်းလို့တောင် ပြောရမလောက်အောင်ပါပဲ။

နံနက်ခင်းစောစောတွေကို ကျွန်မ သတိရနေမိတယ်။ ကျွန်မကို အိပ်စက်ခြင်းက နိုးထစေတဲ့ ကျွန်မဆံပင်တွေကို ထိတွေ့နေတဲ့ လက်၊ အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မကို အဖေက ကုတင်ပေါ်ကနေ ပွေ့ချီသွားပြီး သူ့လှေထဲမှာ ချထားလိုက်တယ်။ သူ့အသံက ကျွန်မနားထဲမှာ ကြမ်းရှရှ၊ သူ့လက်တွေက ကျွန်မ အရေပြားပေါ်မှာ ကြမ်းရှရှ။ ကျွန်မ ဘယ်တုန်းကမှ အဲဒီကို လိုက်မသွားချင်ခဲ့တာပါ၊ တကယ်တော့ ကျွန်မဟာ ကလေးငယ်တစ်ယောက်မျှ။ ဒါပေမဲ့ သူ့လက်ခုပ်ထဲက ရေပဲလေ။

ဆားငန်ရေတွေ၊ နေပူပူတွေ၊ ကမ်းခြေမှာ တစ်ဖြည်းဖြည်း သေးငယ်သွားတဲ့ ကျွန်မအမေ့ရဲ့ပုံရိပ်တွေ၊ အားလုံးကို ကျွန်မ သတိရနေပါတယ်။ ရှေ့နောက်လှုပ်ခါနေတဲ့ ငါးဖမ်းလှေ၊ ဇင်ယော်တွေရဲ့ စူးစူးရှရှအော်သံတွေ ကျွန်မ သတိရနေပါတယ်။

"စံပယ်ရေ၊ ကလေးရဲ့အထဲမှာ အသက်ဇီဝတစ်ခုရှိနေတယ်လေ။ အဲဒီအသက်ရဲ့ ခေါ်သံကို ကလေး မကြားဘူးလား"

စကားမပြန်ပါဘူး။
လူနာအဆောင်ရဲ့ တံခါးပြန်ပိတ်သံ ထွက်ပေါ်လာပြီးတော့ ပန်းတွေကိုင်လို့ ကျွန်မတို့ရှိရာဆီ လျှောက်လာနေတဲ့ စံပယ်ရဲ့ အဖေကို ကျွန်မ တွေ့လိုက်ရပါတယ်။ သူက ကျွန်မကို ပြုံးပြတယ်။ သေသွားပြီဖြစ်တဲ့ ကျွန်မရဲ့ရင်သွေးမှာ ကျွန်မအဖေရဲ့ အပြုံးမျိုးရှိနေခဲ့တယ်။ ပြီးတော့ စံပယ့်ရင်သွေးဆိုရင်လည်း ဒီလူရဲ့ အပြုံးမျိုးကို ပိုင်ဆိုင်နေမှာလို့ ကျွန်မ သိလိုက်ပါတယ်။

ကုတင်ဘေးမှာ ရပ်လိုက်ပြီး သူက စံပယ့်ဆံနွယ်စလေးတွေကို ထိတွေ့လိုက်တယ်။ ကျွန်မရဲ့ ရင်တွင်း အနက်ရှိုင်းဆုံးတစ်နေရာဆီမှာ တစ်စုံတစ်ခုသော ခံစားမှုတစ်ခု အင်အားကြီးစွာ ဖြစ်ပေါ်နေတယ်။ စံပယ်ရဲ့ မျက်ခွံကလေးတွေကို ကျွန်မ စိုက်ကြည့်နေလိုက်တယ်၊ စံပယ်လေးတစ်ယောက် ငါးစာကို လာဟပ်လိုက်မှာကို စောင့်စားရင်း..။

တေဇာ (လရောင်လမ်း)
Fishing for Jasmine by John Ravenscroft ကို ဆီလျော်သလို။
Image Credit: www.stock-clip.com


************************************ 
ဒီဝတ္ထုနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေးတော့ ပြောပါရစေ။ ၀တ္ထုကို ဖတ်ပြီးတော့  ဒီအထဲမှာ ကြောက်လန့်တုန်လှုပ်စရာတစ်ခုရှိနေတယ်လို့ ကျွန်တော့်မှာ ခံစားရပါတယ်။ ကျွန်တော် နားမလည်နိုင်တဲ့၊ ထူးဆန်းနေတဲ့ ၀ါကျလေး တစ်ကြောင်းနှစ်ကြောင်းကို တွေ့မိလို့နဲ့ ၀တ္ထုရဲ့ တည်ဆောက်ပုံတွေကြောင့်ပါပဲ။ ဒါနဲ့ ၀တ္ထုကို ဒုတိယအကြိမ် ဂရုတစိုက် ပြန်ဖတ်ကြည့်ပါတယ်။ အဲဒီမှာ ထိတ်လန့်တုန်လှုပ်စရာ အကြောင်းအရာတစ်ခုဟာ ခပ်ရေးရေးကနေ ဘွားခနဲ ပေါ်လာခဲ့တယ်။ ကျွန်တော် လန့်သွားတယ်၊ ပြီးတော့မှ အဲဒီထိတ်လန့်မှုဟာ တဖြည်းဖြည်း ကျေနပ်နှစ်သိမ့်မှုဆီရောက်လာခဲ့တယ်။ ကျေနပ်ရတာကတော့ ထိတ်လန့်တုန်လှုပ်ဖွယ် အကြောင်းအရာကို မလုံ့တလုံ ဖုံးထိရေးသားထားတဲ့ ၀တ္ထုရေးဆရာရဲ့ အတတ်ပညာကိုပါ။ သူက လုံလောက်တဲ့ သဲလွန်စတွေတော့ ပေးထားခဲ့ပါတယ်။ ကျွန်တော်တို့ခေတ်နဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာလည်း (တစ်စုံတစ်ခုကို ဖွင့်ဟပြောဆိုလာနိုင်အောင်) မျှားစရာ စံပယ်တွေ မနည်းဘူးထင်မိလို့ ဒီဝတ္ထုကို ဘာသာပြန်ပါတယ်။

တေဇာ (လရောင်လမ်း)

Comments

  1. စံပါယ်တွေ စံပါယ်တွေ
    ကျွန်တော်တို့ကမ်းရိုးတန်းမှာလည်း အများကြီးပဲ.....

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ