Skip to main content

စာပေဝေဖန်ရေး နိဂုံးချုပ်ပြီလော

အားလုံးဝေဖန်ရေးဆရာ

အင်တာနက်ခေတ်တွင် အားလုံး ဝေဖန်ရေးဆရာတွေ ဖြစ်ကုန်ပြီဟု ဆိုသည်။ ဤအဆိုကို စတင်လိုက်သူမှာ ၀ါရင့်ရုပ်ရှင်၊ ပြဇာတ်၊ ဂီတ ဝေဖန်ရေးဆရာ `ဂျွန်ဆိုင်မွန်´ ဖြစ်သည်။ ဆိုင်မွန်က သူ့အဆိုအတွက် ဆိုက်ဘာစပေ့ပေါ်မှာ `ဘလော့ဂါ´ (Blogger) တွေကို ထောက်ပြသည်။ ကမ္ဘာပေါ်တွင် ဘလော့ဂါပေါင်း သန်းချီရှိနေပြီ။ ဘလော့ဂါတွေရေးကြသော ဘာသာရပ်မျိုးစုံ ဝေဖန်စာတွေ နေ့စဉ် ထောင်နှင့်ချီထွက်နေပြီဟု ဆိုသည်။

ဤနေရာအရောက်တွင် ဘလော့ဂါအကြောင်း ကြားဖြတ်ရှင်းဖို့ လိုမည်ထင်ပါသည်။ ဘလော့ဂါမှာ ဘလော့ Blog က လာသည်။ Weblog ဟု အဓိပ္ပာယ်ရသည်။ ကွန်ပျူတာ ကီးဘုတ်နှိပ်၍ အင်တာနက်ဝက်(ဘ)ဆိုဒ်ပေါ်တွင် စာရေးသားလာကြခြင်းကို ဆိုလိုသည်။ ဤသို့ရေးသော ပုံစံသစ်စာရေးဆရာများကို ဘလော့ဂါဟု ခေါ်ခြင်းဖြစ်သည်။ အင်တာနက် ဂျာနယ်လစ်ဟုလည်း ခေါ်ကြသည်။ ဘလော့ဂါများက မိမိတို့ထင်မြင်ချက်များကို ၀က်(ဘ)ဆိုဒ်ပေါ်တွင် လွတ်လွတ်လပ်လပ်ရေးချသည်။ သူတို့စာတွေကိုလည်း မည်သူမဆို အခမဲ့ ဒေါင်းလုတ် လုပ်လို့ရသည်။ အင်တာနက်ပေါ်တွင်ပင် အပြန်အလှန် ဆွေးနွေးကြ၊ ဝေဖန်ကြ၊ ငြင်းခုန်ကြသည်များလည်း ရှိသည်။ ဘလော့ လုပ်သည်ဟု ခေါ်သည်။ အွန်လိုင်း ဝေဖန်ရေးဟုလည်း ခေါ်ကြသည်။

ဂျွန်ဆိုင်မွန်က `တီအက်(စ်)အီလီယော့´၏ စကားတစ်ခွန်းကိုကိုးကားပြီး ဘလော့လှုပ်ရှားမှုကို ဆန်းစစ်ကြည့်သည်။ အီလီယော့က ဝေဖန်ရေးဆရာသည် ယေဘုယျစာဖတ်ပရိသတ်ထက် ဉာဏ်ပညာပိုမြင့်ရသည်။ ပရိသတ်ကို လင်းပြနိုင်ရမည်ဟု ဆိုခဲ့ဖူးသည်။ ယနေ့ ဘလော့ဂါတွေ တောထနေရာ သူတို့တစ်တွေကို ဝေဖန်ရေးဆရာ ခေါ်ထိုက်မခေါ်ထိုက် အီလီယော့စံနှင့် တိုင်းကြည့်သည်။ လက်တွေ့တွင်မူ စာဖတ်ပရိသတ်က ပုံနှိပ်မီဒီယာမှ ဝေဖန်စာများထက် ဘလော့ဂါတို့၏ဝေဖန်ချက်ကိုသာ တရှိုက်မက်မက်ဖြစ်နေရာ `ဝေဖန်ရေး နိဂုံးချုပ်ပြီလော´ ဟူ၍ပင် စိတ်ပျက်လက်ပျက် မေးခွန်းထုတ်ကြည့်လိုက်သည်။

သမားရိုးကျပြိုပြီ

ဝေဖန်ရေးနိဂုံးချုပ်မချုပ် ယတိပြတ်မပြောနိုင်သေးသော်လည်း သမားရိုးကျစာပေဝေဖန်ရေးမှာ မူ ပြိုသလောက်ပြိုကျနေပြီဟု ဆိုနိုင်သည်။ သမားရိုးကျစာပေဝေဖန်ရေးဆိုသည်မှာ စာဖတ် ပရိသတ်ကို ရှေ့ဆောင်လမ်းပြဖို့ကြိုးစားသော အီလီယော့စံဝေဖန်ရေးကို ဆိုလိုရင်းဖြစ်သည်။ ဤဝေဖန်ရေးပုံစံဟောင်းက ယေဘုယျအားဖြင့် စံနှစ်ခုနှင့်သွားသည်။ နိုင်ငံရေးစံနှင့် အနုပညာ စံဟု အပြောများသည်။ ယခု အဆိုပါ စံနှစ်ခုလုံးမှာပင် စိန်ခေါ်ချက်တွေရှိနေပြီဟု သုံးသပ်ကြ သည်။

ဤသဘောကို ဆ၀ါးနိုင်ရန် မိုးပေါ်ကစာပေ (၀က်(ဘ)ဆိုဒ်ထက်မှ ဘလော့ဂါလှုပ်ရှားမှု)ကို ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မည်။ ၎င်းတွင် ထူးခြားမှုတစ်ချက်နှင့် ရောယှက်မှု သုံးမျိုးရှိသည်ဟု အဆိုရှိသည်။ ထူးခြားမှုမှာ ဤသို့။ ဘလော့ဂါတို့၏ဝေဖန်ရေးမှာ အိုင်ဒီအိုလိုဂျီမှ လာသည် မဟုတ်။ သူတို့တစ်တွေမှာ အိုင်ဒီအိုလိုဂျီအကြောင်းကို ထည့်၍ပင် စဉ်းစားကြတော့သည် မဟုတ်။ သူတို့၏ ဝေဖန်ချက်အများစုမှာ လက်တွေ့ဖြစ်ထွန်းမှုများအပေါ် ဖောက်ထွက်စဉ်းစား ကြည့်ရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ Break through thinking over reality ဟု ဆိုသည်။ ဤ ထူးခြားချက်ကပင် သမားရိုးကျစာပေဝေဖန်ရေး၏ နိုင်ငံရေးစံကို အရှိန်ဖြင့် ပစ်ဆောင့်လိုက်ခြင်းဖြစ်သည်။

ရောယှက်မှုသုံးမျိုးဆိုသည်မှာ (၁) သုတနှင့်ရသကြား စည်းမျဉ်းများမှုန်ဝါးလာခြင်း (သို့မဟုတ်) ပျောက်သွားခြင်း (၂) ဘာသာရပ်တစ်ခုနှင့်တစ်ခုကြား အကန့်များ ပြိုကျကုန်ခြင်း နှင့် (၃) ရေးသူနှင့်ဖတ်သူ ရောယှက်သွားခြင်းတို့ ဖြစ်သည်။ နံပါတ်တစ်အချက်ကြောင့် `အနုပညာဆိုတာ ဘာလဲ´ ဟု မေးခွန်းထုတ်ရတော့မလို ရှိလာသည်။ နံပါတ်နှစ်အချက်ကြောင့် ဘာသာရပ်တစ်ခု အထိုင်ပေါ်မှ တရားသေဝေဖန်ရေးတို့ အခြေယိုင်လာသည်။ နံပါတ်သုံးအချက်ကိုမူ အနည်းငယ်ရှင်းဖို့လိုမည်ထင်သည်။ ဘလော့ဂါ အများစုမှာ ရေးသူတွေဖြစ်သလို ဖတ်သူတွေလည်းဖြစ်သည်။ သူတို့အတွက် တိကျသော ဝေါဟာရမှာ `အင်တာနက်အသုံးပြုသူ´ (Internet User) ဖြစ်သည်။ မိုးပေါ်ကစာပေ ခေတ်တွင် အကြောင်းအရာပိုင်း (Content) ကို အသုံးပြုသူက ဖန်တီးတော့မည့်ပုံဖြစ်သည်။ တစ်နည်းဆိုရလျှင် စာတစ်ပိုဒ်ကို ရေးသူဖတ်သူ (တစ်ယောက်တည်း ဖြစ်ဖို့များသည်) ပူးတွဲ ဖန်တီးကြမည့်သဘော ရောက်လာသည်။

ကလောင်ဖျားမှ လက်ဖျားသို့

လက်ရှိစာပေလောက (ပုံနှိပ်မီဒီယာလောက)တွင် ဂုဏ်တင်ပြောကြသည့် စကားတစ်ခွန်း ရှိသည်။ ကလောင်သွားက ဓားသွားထက်ထက်ဆိုသော စကားပုံဖြစ်ပါသည်။ ဓားသွားထက် ပိုထက်ဆိုသည်ကို ငြင်းစရာမရှိပါ။ သို့နှင့်တိုင် ကလောင်သွားထက် ပိုထက်၊ ပိုစွမ်းသော အရာတစ်ခုပေါ်နေပြီဟု ဆိုကြသည်။ အခြားမဟုတ်။ လက်ချောင်းထိပ်များ ဖြစ်ပါသည်။ ပို၍တိတိကျကျဆိုရလျှင် လက်ချောင်းနှင့် ကီးဘုတ်တို့၏ အဆက်အစပ်ဖြစ်သည်။ သူက ရေးလို့ရသလို ဖတ်လို့လည်းရသည်။ ဆွေးနွေးငြင်းခုံနိုင်သလို ဖလှယ်လို့လည်းရသည်။ ပို၍အရေးကြီးသည်မှာ အမြင့်ဆုံးအမြန်နှုန်းဖြင့် ကမ္ဘာပတ်နိုင်ခြင်းဖြစ်သည်။

လက်ဖျားခေတ်တွင် ဝေဖန်ရေးဆရာအပါအ၀င် စာရေးဆရာ ကိရိယာတန်ဆာပလာဖြစ်သော `စကားလုံး´များသည်ပင် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်လာရသည်။ အမြင်သာဆုံးစိန်ခေါ် ချက်မှာ `ပုံရိပ်တွေ´ (Images) ဖြစ်သည်။ ဤနေရာတွင် ထင်ရှားသော အနာဂတ်ဝါဒီ `မာရှယ်မက်လူဟန်´ (ကမ္ဘာ့ရွာဟူသော ဝေါဟာရကို စတင်တီထွင်သူ) ၏ စကားကို ညွှန်းကြ သည်။ `မာရှယ်မက်လူဟန်´က `ပုံရိပ်တစ်ခုသည် စကားလုံး အထောင်အသောင်းထက် ပို၍ ခရီးရောက်နိုင်သည်´ဟု ဆိုခဲ့ဖူးသည်။

`စကားလုံး´တို့၏ ကံကြမ္မာကို နောက်ထပ်အဆုံးအဖြတ်ပေးမည်မှာ ဘာသာဗေဒကိုယ်တိုင် ပင်ဖြစ်သည်။ တက္ခနိုလိုဂျီ ပေါက်ကွဲကျွံကျလာရာမှာ ကမ္ဘာ့ဘာသာစကားအသီးသီး စိန်ခေါ်ချက်အဆင့်ဆင့်နှင့် ရင်ဆိုင်လာရသည်။ ပထမဆုံး အင်္ဂလိပ်စာက အခြားဘာသာ စကားများကို စိန်ခေါ်လိုက်သည်။ နောက် ဗြိတိသျှအင်္ဂလိပ်စာကို အမေရိကန် အင်္ဂလိပ်စာက စိန်ခေါ်ပြန်သည်။ ယခု အမေရိကန်အင်္ဂလိပ်စာကိုပင် ကွန်ပြူတာအင်္ဂလိပ်စာက စိန်ခေါ်နေပြီ ဖြစ်သည်။ ဤလိုကာလမျိုးတွင် ၀ံသာနုအစွဲကြီးလျှင် ချစ်ရာမရောက်၊ နှစ်ရာရောက်လိမ့်မည်။ တံခါးကျယ်ကျယ်ဖွင့်ထားနိုင်မှသာ ဘာသာစကားတစ်ခု ရှင်သန်နိုင်လိမ့်မည်ဟု အကဲဖြတ်ကြ သည်။

ရက်ရက်စက်စက်ရိုးသား

မျက်မှောက်ခေတ် ပြဿနာအထွေထွေ၏အရင်းခံကို ဆန်းစစ်ကြည့်ကြရာ သမိုင်းတွင် မကြုံဖူး သေးသောဖြစ်ရပ်များ၏ ထူးခြားဆန်းပြားမှုကို သွားတွေ့သည်။ ဖြစ်ရပ်များ၏ ကသောင်းကနင်းစီးဆင်းပုံ (Chaotic flow of events) ဟု အကဲဖြတ်ကြပါသည်။ ဤနောက်ခံကားတွင် အမှန်ရာရသည်မှာ အတော်လက်ပေါက်စိပ်သလို အတော်လည်း အစွဲ ကင်းဖို့ လိုပါလိမ့်မည်။ အမှန်တွင် တစ်ခုမကရှိနိုင်သလို အမှန်တစ်ခုစီ၏သက်တမ်းမှာလည်း သိသိသာသာတိုလာသည်။ ကွန်ပျူတာများတွင် အမှိုက်ခြင်းထားသလို လူ၏ဦးနှောက်တွင် လည်း အမှိုက်ခြင်းရှိဖို့ လိုလာသည်။ အိုင်ဒီယာတွေကို သိပ်အစွဲထားမနေဘဲ အသုံးမတည့် တော့သည်နှင့် အမှိုက်ခြင်းထဲ သံယောဇဉ်ကင်းကင်းစွန့်ပစ်ဖို့ အရေးကြီးလာသည်။ ဤသဘောကို Garbage in garbage out ဆိုသော ကွန်ပျူတာဘာသာစကားဖြင့် ပြောကြ သည်။

ဤသို့မဟုတ်ဘဲ ၀င်လာသမျှ အိုင်ဒီယာတွေကို တရှိုက်မက်မက်စွဲလမ်းလွန်းနေလျှင် ဦးနှောက် တစ်ခုလုံး အမှိုက်ခြင်းဖြစ်သွားဖွယ်ရှိသည်။ သို့အတွက် `ဝေဖန်စစ်ဆေးမှု´မှာ အရေးကြီးမြဲ ကြီးနေမည်သာ ဖြစ်ပါသည်။ ဝေဖန်ဆန်းစစ်မှုမရှိလျှင် အိုင်ဒီယာပေါက်ကွဲမှုခေတ်ကြီး ကိုယ်တိုင်က ယုံကြည်မှုအညှာလွယ်သောခေတ် (Uncritical age) သို့ ဦးတည်သွားနိုင်စရာ ရှိသည်ဟု သတိပေးကြသည်။ ဝေဖန်ရေးစံဟောင်းတွေလည်း ပြိုကျ၊ ဝေဖန်ရေးမှာလည်း အခြေအမြစ်မရှိဟု ဆိုကြသောအခါ `ဘယ်လိုစံနှုန်းသစ်တွေနဲ့ ဝေဖန်ကြမည်နည်း´ ဆိုသော ပုစ္ဆာသစ် ပေါ်လာသည်။

ဤတွင် `သင်္ချာကိုသုံးပါ၊ ပြီးရင် မီးရှို့ပစ်ပါဆိုသော ၂၀ ရာစုခေတ်ဦး ဘောဂဗေဒပညာရှင် `အဲ(လ်)ဖရက်မာရှယ်´ ၏ စကားကို ပြန်ထုတ်သုံးလာကြသည်။ `သင်္ချာကိုသုံးပါ´ ဆိုသည်က ခပ်နက်နက် ခွဲခြမ်းစိတ်ဖြာပြီး အပြိုင်အိုင်ဒီယာများကို သမူဟပြုဖို့ ရည်ရွယ်သည်။ `မီးရှို့ပစ်လိုက်ပါ´ဆိုသည်က အစွဲအလမ်းအခုအခံမထားဖို့ သတိပေးခြင်းဖြစ်သည်။ ဤအတွက်နှလုံးသွင်းရမည့်စိတ်အခံမှာ `ရက်ရက်စက်စက်ရိုးသားမှု´ (Brutally honesty) ဟု ဆိုပါသည်။ မိမိအိုင်ဒီယာမှာ အစွဲအလမ်း ဟုတ်မဟုတ်ဆိုသည်ကို ရက်ရက်စက်စက် မညှာမတာ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ဆန်းစစ်ရမည်ဟု ဆိုချင်ဟန် တူပါသည်။

အညွှန်းသုံးပါး

ဆောင်းပါးအစတွင် ဖော်ပြခဲ့သော ဝေဖန်ရေးဆရာ `ဂျွန်ဆိုင်မွန်´က စာပေဝေဖန်ရေး အသက်ဆက်နိုင်ရန် အညွှန်းသုံးပါးကို အဆိုပြုသည်။
၁။ ဝေဖန်ရေးသည် `စားသုံးသူလမ်းညွှန် (Consumer Guide) မဟုတ်။ ခွဲခြမ်း စိတ်ဖြာနိုင်ရမည်။ ဦးနှောက်မုန်တိုင်း ဆင်နိုင်ရမည်။ တွေးစရာမပါလျှင် ဝေဖန်ရေး မမည်။
၂။ ဝေဖန်ရေးသည် ရန်သူဖော်ထုတ်ဖို့မဟုတ်သလို ဟီးရိုးကိုးကွယ်ဖို့လည်း မဟုတ်။ အိုင်ဒီယာအသစ်သို့ ဦးတည်စေရမည်။
၃။ ဝေဖန်ရေးသည် `တံခါးဖွင့်စူးစမ်းလေ့လာရေး´ (Open Source) လှုပ်ရှားမှု ဖြစ်သည်။ လူတိုင်းပါဝင်နိုင်စေဖို့ လမ်းဖွင့်ပေးရမည်။

ကျွန်တော်တို့ စာပေဖေန်ရေးများနှင့် ဆက်စပ်စဉ်းစားနိုင်စေရန် ဖတ်ရသမျှ ပြန်လည် ဖောက်သည်ချလိုက်ရပါကြောင်း။ ။

Ref: Criticism in an Uncritical Age
(By John Simon)

ဆရာကျော်ဝင်း၏ ဆောင်းပါးကို ထုတ်နှုတ် တင်ပြခြင်းဖြစ်ပါသည်။

Comments

  1. တကူးတက ရိုက်တင်ပေးတာ ကျေးဇူးပါ...

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ