သူက အသံကို ဖြေးဖြေးမှန်မှန်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပြောနေတယ်။ ဇာတိပ္ဖိုလ်က ကျွန်တော့်ကို ကျားတွေ၊ ကျားသစ်တွေ၊ ၀ံပုလွေတွေနဲ့ ၀က်ဝံတွေအကြောင်း ပြောပြနေတာ၊ ၁၉၄၅ ခုနှစ် သြဂုတ်လရဲ့ ပူပြင်းခြောက်ခြားဖွယ် နေ့လယ်ခင်းတစ်ခုမှာ စစ်သားတွေက ပစ်သတ်လိုက်တဲ့ တိရစ္ဆာန်တွေ အကြောင်းပေါ့။ သူပြောပုံက အစီအစဉ်တကျနဲ့ ရှင်းလင်းလွန်းလို့ ကျွန်တော့်စိတ်ထဲမှာ ရုပ်ရှင်မှတ်တမ်းတစ်ခုကို ကြည့်နေရတယ်လို့တောင် ထင်လာမိတယ်။ သူပြောတဲ့အထဲမှာ ၀ိုးတ၀ါးတစ်ခုမှ မပါဘူး။ ဒါနဲ့တောင် ဒီအဖြစ်အပျက်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့တာတော့လည်း မဟုတ်ပြန်ဘူး။ အဲဒီအဖြစ်အပျက် ဖြစ်နေတုန်းက သူက မန်ချူးရီးယားကနေ မိခင်ဂျပန်ပြည်ကို ပြန်လာတဲ့၊ ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ခရီးသည်တင်သင်္ဘောရဲ့ ကုန်းပတ်ပေါ်မှာ ရပ်နေခဲ့တာ။ အဲဒီအချိန်က သူကိုယ်တိုင် မျက်မြင်ဒိဌ တွေ့နေရတဲ့မြင်ကွင်းက အမေရိကန်ရေငုတ်သင်္ဘောတစ်စင်းရဲ့ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
အများနည်းတူပဲ သူနဲ့ အခြားကလေးငယ်တွေဟာ တန်ဆာခန်းရဲ့ မခံမရပ်နိုင်တဲ့ ရေနွေးငွေ့အပူရှိန်ကို ရှောင်ရှားရင်း သင်္ဘောကုန်းပတ်က သံဇကာကွက်တွေကို မှီလို့ ညင်သာတဲ့ လေညင်းကို ခံစားနေချိန်ပေါ့။ လေညင်းလေးက ဖန်သားပြင်ကြီးလို ကြည်လင်နေတဲ့ ပင်လယ်ပြင်တစ်လျှောက် ဖြတ်သန်းတိုက်ခတ်လာတယ်။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို လေငုတ်သင်္ဘောရဲ့ အပေါ်ပိုင်းက ရေမျက်နှာပြင်ထက်မှာ ပေါ်လာတယ်။ အိပ်မက်ထဲမှာ ဖြစ်နေသလိုပဲ။ ပထမတော့ ရေဒီယိုနဲ့ ရေဒါအာရုံခံကိရိယာတွေ၊ ပယ်ရီစကုပ်တွေ ရေမျက်နှာပြင်ကို ဖောက်ထွက်လာတယ်။ အဲဒီနောက်မှာတော့ ရေငုတ်သင်္ဘောရဲ့ လူဝင်ပေါက်ပေါ်လာပြီး လှိုင်းလုံးတချို့ လှုတ်ခတ်သွားတယ်။ ပြီး နောက်ဆုံးမှာတော့ သံမဏိကိုယ်ထည်ကြီးတစ်ခုလုံး နွေနေပူမှာ သူ့ရဲ့ ၀တ်လစ်စလစ်အလှကို လှစ်ပြပြီး ပေါ်လာတော့တယ်။
ရေငုတ်သင်္ဘောဟာ ခရီးသည်တင်သင်္ဘောနဲ့အပြိုင် ခဏလောက် မောင်းနေသေးတယ်။ ကြောင်တစ်ကောင်က ကြွက်ကို ချောင်းနေသလိုမျိုးပေါ့။ ခဏကြာတော့ အဖုံးပွင့်လာပြီး စစ်သားတွေ တစ်ယောက်ပြီးတစ်ယောက် ကုန်းပတ်ပေါ် ခုန်တက်လာတော့တယ်။ သူတို့တက်လာပုံက ခပ်ဖြေးဖြေးပါပဲ၊ အနှေးပြကွက်တစ်ခုလို့တောင် ထင်ရတယ်။ လူဝင်ပေါက်ရဲ့ ကုန်းပတ်မှာတော့ အရာရှိတွေက သင်္ဘောကို ဧရာမမှန်ပြောင်းကြီးတွေနဲ့ စေ့စေ့စပ်စပ် ကြည့်ရှုနေတယ်။ နေရောင်နဲ့အလင်းပြန်တဲ့ အခါကျရင် တစ်ချက်တစ်ချက် အဲဒီက လင်းလင်းသွားတာကို မြင်ရတယ်။ ခရီးသည်တင်သင်္ဘောပေါ်မှာတော့ ဂျပန်ကို ပြန်လာတဲ့ အရပ်သားတွေချည်းပါတာပါ၊ ဆာဆဲဘိုးဆိပ်ကမ်းကို ဆိုက်မှာ။ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ၊ မန်ချူးကိုးရုပ်သေးအစိုးရဆီမှာ တာဝန်ယူနေတဲ့ ဂျပန်အရာရှိတွေရဲ့ မိသားစုတွေ။ ပြီးတော့ ဂျပန်အစိုးရပိုင် တောင်ပိုင်းမန်ချူးရထားလမ်းက ရာထူးမြင့်ပုဂ္ဂိုလ်တွေပေါ့။ ဂျပန်ကိုရင်ဆိုင်ဖို့ ဆိုဗီယက်ပြည်ထောင်စုပါ စစ်ထဲဝင်ပါလာပြီးတဲ့အခါ ဖြစ်လာမယ့် အထိကရုဏ်းအခြေအနေတွေက ရှောင်ရှားဖို့ ထွက်ပြေးလာကြရသူတွေ။ ရှောင်လွှဲမရနိုင်တဲ့ အခြေအနေဆိုးကြီးထက်စာရင် အနည်းဆုံးတော့ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ အမေရိကန်ရေငုတ်သင်္ဘောတစ်စင်းရဲ့ တိုက်ခိုက်မှုက တန်ပါတယ်ဆိုတဲ့ အတွေးနဲ့ စွန်းစားခဲ့ရသူတွေ။
ရေငုတ်သင်္ဘောအရာရှိတွေဟာ ခရီးသည်တင်သင်္ဘောကို လက်နက်တပ်ဆင်ထား, မထား၊ ဂျပန်ရေတပ်ရဲ့ စောင့်ကြပ်မှု ပါ, မပါ စစ်ဆေးနေကြတယ်။ သူတို့အနေနဲ့ ဘာမှ စိုးရိမ်နေစရာ မရှိပါဘူး။ အိုကီနာဝါ ကျသွားပြီးတဲ့နောက်မှာ ဂျပန်ဟာ သူ့ရဲ့ တိုက်လေယာဉ်တွေကို ကျွန်းမကြီးကို ကာကွယ်ဖို့ပဲ သုံးနေရပြီ။ အမေရိကန်အနေနဲ့ ကြောက်နေစရာကို မရှိတော့ဘူး၊ သူတို့ခေတ်ရောက်နေပြီလို့ပဲ ဆိုရမှာ။ လက်ထောက်အရာရှိတစ်ယောက်က အမိန့်တွေ လျှောက်ပေးနေတယ်။ သင်္ဘောသားသုံးယောက်က ကုန်းပတ်ပေါ်က သေနတ်ကို ခရီးသည်တင်သင်္ဘောဆီကို လှည့်ပြီးချိန်ထားလိုက်တယ်။ တခြားသင်္ဘောသား နှစ်ယောက်ကတော့ အနောက်တံခါးကို ဖွင့်ပြီး သေနတ်ထဲထည့်ဖို့ ကျည်ဖူးကြီးတွေ မ, ယူလာတယ်။ ဒါနဲ့လည်း မကျေနပ်သေးဘူး။ အခြားသင်္ဘောသားအဖွဲ့တစ်ခုကလည်း ကုန်းပတ်ပေါ်မှာတပ်ဆင်ထားတဲ့ စက်သေနတ်တွေကို လေ့ကျင့်ရည် ပြည့်ဝနေတဲ့လှုပ်ရှားမှုတွေနဲ့ ကျည်ဖြည့်နေသေးတယ်။ ဒီတော့လည်း သူတို့လုပ်တာတွေက ခရီးသည်တင်သင်္ဘောတစ်စင်းလို အသုံးတော်ခံနေရတဲ့ ကုန်တင်သင်္ဘောအိုကြီးကို ဖျက်ဆီးနှစ်မြှုပ်လိုက်ဖို့ လိုတာထက်ကို ပိုနေတယ်။ ရေငုတ်သင်္ဘောတွေမှာက တော်ပီဒိုတွေကို အကန့်အသတ်နဲ့ပဲ သယ်ဆောင်နိုင်တာ။ အဲဒါတွေကိုတော့ လက်နက်တပ်ဆင်ထားတဲ့ ဂျပန်ကင်းလှည့်ယာဉ်တွေနဲ့ ရင်ဆိုင်တွေ့ခဲ့ရင် သုံးရအောင်လို့ ချန်ထားတာပဲ။
သင်္ဘောသားတွေ အားလုံး စစ်ဦးထုပ်တွေ ဆောင်းထားတယ်။ တချို့ကတော့ ခါးအထက်ပိုင်းကို ဗလာကျင်းထားပြီး၊ အားလုံးနီးနီး ဘောင်းဘီတိုတွေ ၀တ်ထားကြတယ်။ ဇာတိပ္ဖိုလ်က စူးစူးစိုက်စိုက်ကြည့်လိုက်တော့ သူတို့လက်မောင်းပေါ်မှာ ထိုးထားတဲ့ ဆေးမှင်ကြောင်တွေကိုတောင် မြင်လာရတယ်။ ပိုပြီး စူးစိုက်ကြည့်လေ အခြားအရာအမြားအပြားကို မြင်လာရလေပဲ။ ကုန်းပတ်သံဇကာကွက်တွေကနေ သူ့ဆီကိုချိန်ထားတဲ့ သေနတ်ပြောင်းနက်နက်ကို သူက ကြည့်လိုက်တယ်။ မကြာသေးခင်ကမှ စိုစွတ်ထားတဲ့ သေနတ်ဟာ နွေနေပူမှာ အခြောက်ခံပြီးသား ဖြစ်နေတယ်။ ရှင်ချင်းမှာတုန်းကတော့ ဒီလောက်ကြီးတဲ့သေနတ်ကို သူ တစ်ခါမျှ မမြင်ခဲ့ဖူးဘူး။ ရေငုတ်သင်္ဘောဆီကနေ ကုန်တင်သင်္ဘောကို အချက်ပြမီး ပြနေတယ်။ `ခရီးသည်များအားလုံးကို အသက်ကယ်လှေပေါ် ချပါ´ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ (အဲဒီအချက်ပြမှုကို ဇာတိပ္ဖိုလ် ဖတ်တတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ အဲဒီအဓိပ္ပာယ်ကို အတိအကျ သူနားလည်နိုင်ပါတယ်) ဒါပေမဲ့ ခရီးသည်တင်သင်္ဘောမှာက အသက်ကယ်လှေ အလုံအလောက် ပါခဲ့တာ မဟုတ်ဘူး။ တကယ်ဆို ခရီးသည်ငါးရာနဲ့ သင်္ဘောဝန်ထမ်းတွေ အားလုံးအတွက်မှ လှေကလေး နှစ်စင်းပဲ ပါတယ်။ အသက်ကယ်ဝတ်စုံနဲ့ ဘောကွင်းတွေလည်း တစ်ခုမှ မပါဘူး။
ကုန်းပတ်သံဇကာကွက်ကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ရင်း ဇာတိပ္ဖိုလ် အသက်ရှူမှားနေမိတယ်။ မျက်လုံးတွေကတော့ တိုက်ခိုက်ဖို့ အဆင်သင့်အနေအထားနဲ့ ရှိနေတဲ့ ရေငုတ်သင်္ဘောဆီကို မမှိတ်မသုန် ငေးကြည့်နေမိတယ်။ သင်္ဘောကတော့ သံချေးကွက်တစ်ကွက် ရှိမနေတဲ့ စက်ရုံက ထုတ်ခါက အသစ်စက်စက်လိုပဲ။ လူဝင်ပေါက်ဆီမှာ အဖြူရောင်ဆေးနဲ့ ရေးထားတဲ့ ဂဏန်းတွေကို သူမြင်နေရတယ်။ အဲဒီအပေါ်က လည်ပတ်နေတဲ့ အာရုံခံအင်တန်နာကို သူမြင်နေရတယ်။
မျက်မှန်နက်နက် တပ်ထားတဲ့ ဆံပင်ဝါ၀ါနဲ့ အရာရှိတစ်ယောက်ကို သူမြင်ရတယ်။ ဒီရေငုတ်သင်္ဘောဟာ သူတို့တွေအားလုံးကို သတ်ဖို့ သမုဒ္ဒရာကြမ်းပြင်ကနေ အပေါ်ကို တက်လာခဲ့တာပဲ လို့ သူ တွေးမိလိုက်တယ်။ ဒါလည်း သိပ်ဆန်းလှတာတော့ မဟုတ်ဘူး။ ဒီလိုအဖြစ်မျိုးဟာ အချိန်မရွေး ဖြစ်သွားနိုင်တာပဲ။ ဒါဟာ စစ်ပွဲကြီးနဲ့လည်း သိပ်မဆိုင်လှဘူး။ ဘယ်နေရာမှာမဆို၊ ဘယ်သူ့ကိုမဆို ဖြစ်သွားနိုင်တဲ့ကိစ္စမျိုးပဲ။ လူတွေကတော့ ဒါမျိုးတွေဟာ စစ်ကြီးကြောင့်ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ မဟုတ်ဘူး။ စစ်ကိုယ်တိုင်က ဖြစ်တတ်တဲ့အရာတွေထဲက တစ်ခုမျှပဲလေ။
ဧရာမသေနတ်ကြီးတွေ တပ်ဆင်ထားတဲ့ ရေငုတ်သင်္ဘောနဲ့ မျက်နှာချင်းဆိုင်နေရပေမဲ့ ဇာတိပ္ဖိုလ်ကတော့ ကြောက်စိတ်ရှိမနေဘူး။ သူ့အမေက သူ့ဆီကို လှမ်းအော်နေတယ်၊ ဒါပေမဲ့ စကားလုံးတွေဟာလည်း ဘာအကျိုးသက်ရောက်မှုမျှ မရှိပါဘူး။ သူ့ရဲ့ လက်ကောက်ဝတ်ကို တစ်စုံတစ်ခုက ဆုပ်ကိုင်ပြီး ဆွဲယူနေတယ်လို့ သူခံစားနေရတယ်။ ဒါပေမဲ့ သူ့လက်တွေကတော့ သံဇကာကွက်ပေါ်မှာ ဆုပ်ကိုင်ထားဆဲပဲ။ သူ့ဘေးနားက ဆူညံနေတဲ့ အော်သံဟစ်သံတွေဟာ တစ်စုံတစ်ယောက်က ရေဒီယိုကို အသံလျှော့ချလိုက်သလို သူ့ဆီကနေ တဖြည်းဖြည်းဝေးဝေးသွားတယ်။ ငါ တော်တော်အိပ်ချင်နေတာပဲလို့ သူတွေးလိုက်မိတယ်။ အရမ်းအိပ်ချင်နေတယ်။ ဘာလို့ ဒီလောက်အိပ်ချင်ရပါလိမ့်။ သူ မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ အဲဒီနောက်မှာတော့ သူ့အသိစိတ်တွေဟာ သင်္ဘောကုန်းပတ်ကို ခပ်ဝေးဝေးမှာချန်ထားပြီး ထွက်ပြေးလွင့်စင်သွားတော့တယ်။
တိရစ္ဆာန်ရုံဝန်းအတွင်းမှာ စစ်သားတွေလှုပ်ရှားသွားလာနေပြီး လူတွေကို တိုက်ခိုက်နိုင်တဲ့ တိရစ္ဆာန် တစ်ကောင်မကျန်ကို ပစ်ခတ်သတ်ဖြတ်နေတာကို ဇာတိပ္ဖိုလ် မြင်နေခဲ့ရတယ်။ အရာရှိက အမိန့်ပေးလိုက်တဲ့အခါ မော်ဒယ် (၃၈) ရိုင်ဖယ်သေနတ်က ကျည်ဖူးတွေဟာ ကျားတစ်ကောင်ရဲ့ ချောမွေ့တဲ့ သားရေကို ဖောက်ထွက်သွားတယ်။ ကျည်ဖူးတွေဟာ အဲဒီသတ္တ၀ါရဲ့ အူတွေကို ဆုတ်ဖြဲပစ်လိုက်တယ်။ နွေရာသီရဲ့ ကောင်းကင်က ပြာလွင်နေပြီးတော့ အနီးအနား သစ်ပင်တွေဆီက ပုရစ်တွေရဲ့အော်မြည်သံဟာ ရုတ်တရက်မိုးရွာချလိုက်သလို ပြိုကျလာခဲ့တယ်။ စစ်သားတွေဟာ စကားတစ်ခွန်းမျှ မပြောကြဘူး။ သူတို့ရဲ့ နေလောင်ထားတဲ့ မျက်နှာတွေမှာ သွေးမရှိတော့ဘူး။ သူတို့ကို ကြည့်ရတာ ရှေးဟောင်းကြွေအိုးတစ်လုံးပေါ်မှာ ရေးဆွဲထားတဲ့ ရုပ်ပုံတွေလိုပဲ။ နောက်ရက်အနည်းငယ်၊ အလွန့်အကျွံ တစ်ပတ်အတွင်းမှာပဲ ဆိုဗီယက်ရဲ့ အရှေ့ပိုင်းအဓိကစစ်ကြောင်းဟာ ရှင်ချင်းကို ရောက်လာတော့မှာ။ သူတို့ကို မတားနိုင်တော့ဘူး။ တစ်ချိန်တုန်းက လက်နက်အင်အားတောင့်တင်းလှတဲ့ ဂွမ်ဒုံးတပ်မတော်နဲ့ တပ်စုတွေဟာ စစ်ပွဲကြီး စကတည်းက ကျယ်ပြန့်တဲ့ တောင်ပိုင်းစစ်မျက်နှာပြင်ကို ကူဖို့သွားရင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ပြီ။ အခုဆိုရင်တော့ သူတို့ထဲက အတော်များများဟာ ပင်လယ်ပြင်အောက်ခြေမှာ နစ်မြှုပ်နေခဲ့ပြီ။ ဒါမှမဟုတ်ရင်လည်း တောနက်ကြီးထဲမှာ ပုတ်သိုးဆွေးမြေ့သွားခဲ့ရပြီ။ တင့်ကားဖျက်သေနတ်တွေလည်း မရှိတော့ဘူး။ သယ်ယူပို့ဆောင်ရေးယာဉ် တချို့ကလွဲလို့ အားလုံး ပျက်စီးသွားခဲ့ပြီ။ အပိုပစ္စည်းတစ်စုံတစ်ရာ မရှိ။ တပ်ဖွဲ့ဝင်တွေကတော့ အများကြီးကျန်ပါသေးတယ်၊ ဒါပေမဲ့ ရိုင်ဖယ်ကို လူစေ့အောင် မကိုင်နိုင်တော့ဘူး။ ကျည်ဆန်ကို ရိုင်ဖယ်စေ့အောင် မဖြည့်နိုင်တော့ဘူး။ ဂွမ်ဒုံးတပ်မတော်ကြီးဟာ စက္ကူကျားအဆင့်ကို လျောကျသွားခဲ့ပြီ။ စိတ်အားတက်ကြွနေပြီး ခေတ်မီစက်ကိရိယာတွေ တပ်ဆင်ထားတဲ့ ဆိုဗီယက်တပ်စိတ်တွေဟာ ဂျာမနီတပ်မတော်ကို ဖြိုခွဲပြီး အရှေ့ဘက်စစ်မျက်နှာကို ရထားနဲ့ လာနေကြပြီ။ သူတို့ကတော့ စစ်လက်နက်ကိရိယာ အပြည့်အစုံနဲ့ စိတ်ဓာတ်ရေးရာ မြင့်မားနေကြတယ်။ မန်ချူးကိုး ကျဖို့ဆိုတာ မြေကြီးလက်ခတ် မလွဲတော့ဘူး။
ဒါကိုလည်း လူတိုင်းသိနေကြပါပြီ၊ အများစုကတော့ ဂွမ်ဒုံးတပ်မတော်က လူတွေပေါ့။ ဒီတော့လည်း ဗိုလ်ချုပ်တွေက သူတို့ရဲ့ အဓိကစစ်အင်အားကို အနောက်ဘက်ကို ပို့လိုက်ကြတယ်။ အဲဒီလိုပို့လိုက်တဲ့အတွက် နယ်ခြားစောင့်တပ်ဖွဲ့ငယ်လေးတွေနဲ့ အရပ်သား ဂျပန်သီးစားအလုပ်သမားတွေကိုချည်း ပစ်ထားခဲ့သလို ဖြစ်သွားတယ်။ အကျဉ်းသားတွေ ရယူဖို့ အလျင်အမြန် ရှေ့တိုးလာနေတဲ့ ဆိုဗီယက်တပ်မတော်ရဲ့ အစုလိုက်သတ်ဖြတ်ခြင်းကို အဲဒီလို ချန်ထားခံရတဲ့ လက်နက်မဲ့လယ်သမားတွေဟာ အကူအကယ်မဲ့ ခံခဲ့ရတော့တယ်။ အမျိုးသမီးတွေဆိုရင်လည်း အစုလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေကြမလား၊ မုဒိန်းကျင့်ခံမလားဆိုပြီး ရွေးချယ်ကြရတဲ့ အခြေအနေပဲ။ စစ်ဗိုလ်ချုပ်တွေရဲ့ အရာရှိတွေနဲ့ တခြား ရာထူးမြင့်ပုဂ္ဂိုလ်တွေကတော့ သူတို့ကို ကိုရီးယားနယ်စပ်အနီးက Tonghua ဌာနချုပ်အသစ်ဆီ `ရွှေ့ပြောင်း´ ခံရဖို့ စီမံကြတယ်။ ရုပ်သေးဧကရာဇ် ဟင်နရီပူယီနဲ့ မိသားစုကတော့ သူတို့ လက်လှမ်းမီသမျှပစ္စည်းအားလုံးကို ခရီးဆောင်အိတ်ထဲ ပစ်ထည့်ပြီး ကိုယ်ပိုင်ရထားနဲ့ ရှင်ချင်းကနေ ထွက်ပြေးသွားခဲ့တယ်။ မန်ချူးကိုးတပ်မတော်က မြို့တော်ကာကွယ်ရေးအတွက် ချထားတဲ့ တရုတ်စစ်သား အများစုကတော့ ဆိုဗီယက်တွေ ၀င်လာပြီဆိုတဲ့ အသံကြားကြားချင်းပဲ အစအနရှာမရအောင် ပျောက်သွားကြပြီ။ ဒါမှမဟုတ်လည်း သူတို့ရဲ့ ဂျပန်အထက်အရာရှိတွေကို ပစ်သတ်ပြီး ပုန်ကန်ကြတယ်။ ဂျပန်တွေအတွက်နဲ့ ကိုယ့်ထက် အစစသာလွန်တဲ့ ဆိုဗီယက်တပ်မတော်ကို ရင်ဆိုင်စတေးခံပေးဖို့ သူတို့ စိတ်ကူးမရှိပါဘူး။
တိရစ္ဆာန်ရုံကို အပို့ခံရတဲ့ စစ်သားရှစ်ယောက်ကတော့ ကံစီမံရာကို စောင့်ကြိုနေရုံပဲ တတ်နိုင်တော့တယ်။ ဆိုဗီယက်တပ်မတော်နဲ့ တိုက်ခိုက်ရင်းနဲ့ သေမှာပါပဲလို့ ရက်အနည်းငယ်အကြာမှာပဲ သူတို့ ထင်လာကြတယ်။ သိပ်ပြီး နာကျင်တဲ့ သေနည်းမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းရုံပဲ ရှိတော့တယ်။ ဖြေးဖြေးလေးသွားနေတဲ့ တင့်ကားဘီးပန်းပွင့်တွေအောက်မှာ ကျေမွသွားတာ၊ တူးမြောင်းထဲမှာ မီးသေနတ်နဲ့ထိုးပြီး အကင်ခံရတာ၊ ၀မ်းဗိုက်ထဲမှာ ကျည်ဖူးတစ်တောင့်ဝင်ပြီး တရိပ်ရိပ်သေနေတာ၊ ဒါမျိုးနည်းလမ်းတွေကိုတော့ သူတို့တစ်ယောက်မှ မလိုချင်ကြဘူးလေ။ ဦးခေါင်းကို၊ နှလုံးသားကို တစ်ချက်တည်း ပစ်သတ်ခံလိုက်ရတာက ပိုကောင်းတယ်မဟုတ်လား။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ကတော့ ဒီတိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေကို အရင်ဆုံး သတ်ဖြတ်ပစ်ရဦးမှာ။
ဖြစ်နိုင်ရင်တော့ သူတို့က အဆိပ်နဲ့ပဲ တိရစ္ဆာန်တွေကို သတ်ချင်တယ်။ ကျန်သေးတဲ့ ကျည်ဆန်အနည်းငယ်ကို ချန်ထားချင်သေးတာ။ အဲဒီတာဝန်ကို ပြီးမြောက်ဖို့ ဦးဆောင်ရတဲ့ ဗိုလ်လေးကိုလည်း သူ့အထက်အရာရှိက ဒီတိုင်းပဲ ညွှန်ကြားခဲ့တယ်။ အဲဒီအတွက် ဒီတိရစ္ဆာန်ရုံကို အဆိပ်အလုံအလောက် ချပေးထားပြီးသားလို့လည်း သူ့ကို ပြောထားခဲ့တယ်။
တိရစ္ဆာန်ရုံ အုပ်ချုပ်သူကလည်း ပိုပြီးကြမ်းကျုတ်တဲ့ တိရစ္ဆာန်တွေကို အရေးပေါ်အခြေအနေကြုံခဲ့ရင် `ရှင်းလင်း´ ဖို့၊ အဲဒီလိုရှင်းလင်းတဲ့အခါ အဆိပ်ကိုသုံးဖို့ အမိန့် ရရှိခဲ့တယ်လို့ ၀န်ခံပါတယ်။ ဒါပေမဲ့ ပြဿနာက ပို့လိုက်တယ်ဆိုတဲ့ အဲဒီအဆိပ်ဟာ သူတို့ဆီကို လုံးဝ ရောက်မလာခဲ့တာပဲ။ အဲဒီအကြောင်းကို ဗိုလ်လေး ကြားကြားချင်းပဲ သူ့ခမြာ စိတ်ရှုပ်သွားခဲ့ရတယ်။ တကယ်တော့ သူက ဘဏ္ဍာရေးမှူးရုံးခန်းမှာ တာဝန်ချထားခံရတဲ့ စာရင်းကိုင်တစ်ယောက်ပဲ။ ရုံးချုပ်ရဲ့ သူ့အလုပ်စားပွဲကနေပြီး အခုအရေးပေါ်တာဝန်ဆီ ရောက်မလာခင်အထိ ဒီလိုမျိုး လူတွေကို ဦးဆောင်ရတဲ့အလုပ်မျိုး သူ တစ်ခါမျှ မလုပ်ခဲ့ဖူးဘူး။
`ဗျူရိုကရေစီယန္တယားကတော့ အမြဲတမ်းဒီလိုပါပဲ လက်ဖ်တင်နင်´ လို့ တိရစ္ဆာန်ရုံ အုပ်ချုပ်သူက သူ့ကို ပြောတယ်။ သူက ဗိုလ်လေးထက် နှစ်ပေါင်းများစွာ အတွေ့အကြုံပိုရင့်တဲ့သူ။ သနားတဲ့အငွေ့ကလေးစွက်ပြီး ဗိုလ်လေးကို ကြည့်နေခဲ့တယ်။ `ခင်ဗျားတို့လိုနေတဲ့ အဆိပ် ဒီမှာ မရှိပါဘူး´
ဒီကိစ္စကို ရှေ့ဆက်တိုးပြီး စစ်ဆေးနိုင်ဖို့အတွက် အုပ်ချုပ်သူက တိရစ္ဆာန်ရုံရဲ့ တိကုဆရာဝန်ကို ခေါ်လိုက်တယ်။ အသက်လေးဆယ်နီးနီး အရပ်မြင့်မြင့် ခပ်ချောချော လူတစ်ယောက်ပါပဲ။ တိကုဆရာဝန်ရဲ့ ပြောပြချက်အရ တိရစ္ဆာန်ရုံမှာ အဆိပ်နည်းနည်းသာရှိပြီး မြင်းတစ်ကောင်သတ်ဖို့တောင် လောက်ချင်မှ လောက်လိမ့်မယ်လို့ သိခဲ့ရတော့တယ်။
ဗိုလ်လေးက ရုံးချုပ်ကို ဘာဆက်လုပ်ရမလဲ ညွှန်ကြားချက်ပေးဖို့ ဖုန်းဆက်ခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဆိုဗီယက်တပ်မတော်ဟာ နယ်စပ်ကို ဖြတ်ကျော်လာပြီဆိုတော့ ရာထူးမြင့်ပုဂ္ဂိုလ် အများစုဟာ ရုံးချုပ်မှာရှိမနေတော့ဘူး။ ကျန်သေးတဲ့ အနည်းငယ်ကလည်း လက်ထဲမှာတောင် မီးလောင်နေတဲ့ စာရွက်စာတမ်းတွေကိုကိုင်ရင်း၊ ကတုတ်ကျင်းတူးရင်း အရူးမီးဝိုင်းဖြစ်နေတဲ့ အချိန်။ ဗိုလ်လေးကို အဲဒီအမိန့်ပေးခဲ့တဲ့ ဗိုလ်မှူးကိုလည်း အစအန ရှာမရတော့ဘူး။ ဗိုလ်လေးခေါ်တဲ့ဖုန်းကို တစ်ရုံးပြီးတစ်ရုံး လိုင်းလွှဲပေးရင်း နောက်ဆုံးတော့ ဆေးဘက်ဆိုင်ရာဗိုလ်မှူးကြီးတစ်ဦးဆီ ရောက်သွားတယ်။ `ခွေးမသား။ နိုင်ငံကြီးတစ်ခုလုံး ပြာကျနေပြီ။ မင်းက ငါ့ကို သောက်တိရစ္ဆာန်ရုံအကြောင်း လာမေးနေတယ်။ ဘယ်သူမှ သောက်ဂရုမစိုက်ဘူးကွ´ ဆိုတဲ့ ဒေါသတကြီး အော်သံကိုပဲ သူ ကြားလိုက်ရတယ်။
တကယ်ရော ဘယ်သူက ဂရုစိုက်မှာတဲ့လဲလို့ ဗိုလ်လေး တွေးမိတယ်။ သူကတော့ ဂရုမစိုက်ဘူးဆိုတာ အသေအချာပဲ။ ဒီတော့လည်း သူ့မှာ ရွေးစရာနှစ်ခု ပေါ်လာတယ်။ တစ်ခုကတော့ တိရစ္ဆာန်တွေကို သတ်ဖို့ကိစ္စကို မေ့ပစ်၊ သူ့လူတွေကို ဦးဆောင်ပြီး ဒီကထွက်သွားဖို့ပဲ။ နောက်တစ်ခုကတော့ ကျည်ဆန်တွေကို သုံးပြီး အလုပ်လုပ်ဖို့ပေါ့။ ဘယ်လမ်းကိုရွေးရွေး သူ့ကိုပေးထားတဲ့ အမိန့်ကို ဖီဆန်ရာတော့ ရောက်တာပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ သူလည်း တိရစ္ဆာန်တွေကို ပစ်သတ်ဖို့ ရွေးချယ်လိုက်တယ်။ ဒီလိုလုပ်တဲ့အတွက် တန်ဖိုးရှိတဲ့ ကျည်ဆန်တွေကို ဖြုန်းရမလားဆိုပြီး နောင်မှာတော့ သူ့အနေနဲ့ အဆဲခံရနိုင်ခြေ ရှိနေတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်အချို့ကို ရှင်းပစ်ရမယ်ဆိုတဲ့ အမိန့်ကိုတော့ နာခံရာရောက်တာပေါ့။ အခြားတစ်ဘက်မှာလည်း တိရစ္ဆာန်တွေကို မသတ်ဖို့ဆုံးဖြတ်ခဲ့ရင် အမိန့်မနာခံမှုနဲ့ စစ်ခုံရုံးအတင်ခံရနိုင်တယ်။ အခုလိုမျိုး စစ်ပွဲကြီးရဲ့ နောက်ဆုံးအခြေအနေမှာ စစ်ခုံရုံးတောင် ရှိပါ့မလား မသေချာပေမယ့် တကယ်တမ်းကျတော့လည်း အမိန့်က အမိန့်ပဲလေ။ စစ်တပ်ဆက်ရှိနေသမျှ ကာလပတ်လုံး အမိန့်တွေကိုတော့ ဖော်ဆောင်ရမှာပဲပေါ့။
ဖြစ်နိုင်ရင်တော့ ဘယ်တိရစ္ဆာန်ကိုမှ မသတ်ရတာ ပိုကောင်းပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ရိုးသားမှုအပြည့်နဲ့ ဗိုလ်လေး တွေးမိပါတယ်။ ဒါပေမဲ့လည်း တိရစ္ဆာန်ရုံမှာက ကျွေးစရာ အစာလည်း တစ်ခုမျှ မရှိတော့ဘူး။ ပြီးတော့ တိရစ္ဆာန်အများစု (အထူးသဖြင့် ကြီးတဲ့အကောင်တွေ) က အစာတောင် ငတ်နေနှင့်ကြပြီ။ ပစ်သတ်တာကမှ တိရစ္ဆာန်တွေအတွက်လည်း ပိုပြီးလွယ်ကူတဲ့ ဇာတ်သိမ်းမျိုးဖြစ်လိမ့်မယ်၊ မြန်ဆန်သန့်ရှင်းတဲ့ သေခြင်းတရားပေါ့။ တကယ်လို့သာ လေကြောင်းတိုက်ခိုက်မှု၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ မြို့ထဲလမ်းတွေပေါ် ဆာလောင်ငတ်မွတ်နေတဲ့ တိရစ္ဆာန်တစ်ကောင် လွတ်သွားမယ်ဆိုရင် တွေးကြည့်လို့မရနိုင်တဲ့ အဖြစ်ဆိုးတွေဟာ ရှောင်လွှဲမရဘူးလေ။
အဲဒီနောက်မှာတော့ အုပ်ချုပ်ရေးမှူးက ဗိုလ်လေးကို `အရေးပေါ် ရှင်းလင်းသုတ်သင်မှု´ အတွက် တိရစ္ဆာန်စာရင်းတစ်ခု ထိုးပေးတယ်။ သူ့ကို ညွှန်ကြားထားတဲ့အတိုင်း စုထားတဲ့ စာရင်းပဲ။ ပြီးတော့ တိရစ္ဆာန်ရုံရဲ့ မြေပုံတစ်ခု။ ခပ်ချောချော တိကုဆရာဝန်နဲ့ တရုတ်အလုပ်သမား နှစ်ယောက်ကိုလည်း ကွပ်မျက်ရေးအဖွဲ့နဲ့အတူ လိုက်ပါဖို့ တာဝန်ပေးလိုက်တယ်။ ဗိုလ်လေးက တိရစ္ဆာန်စာရင်းကို ဖျပ်ခနဲလှမ်းကြည့်ပြီး သူထင်ထားသလောက် မများတာ တွေ့ရတော့ နည်းနည်းစိတ်သက်သာရာ ရသွားတယ်။ ဒါပေမဲ့ ရှင်းလင်းသုတ်သင်ဖို့ စီရင်ချက်ချခံထားရတဲ့ တိရစ္ဆာန်တွေထဲမှာ အိန္ဒိယဆင်နှစ်ကောင် ပါနေတယ်။ `ဘုရားရေ၊ ဆင်တဲ့´ ဗိုလ်လေး အသက်ရှူမှားသွားတယ်။ `ဘယ်လိုအကုသိုလ်ကြောင့်များ ငါတို့ ဆင်သတ်ရဖို့ ကြုံလာသလဲ မသိဘူး။ အဲဒါလုပ်ဖို့ တင့်ကားတစ်စီးလောက် လိုမှာ´ လို့ သူတွေးနေမိတယ်။
တိရစ္ဆာန်ရုံရဲ့ အခင်းအကျင်းအရ ပထမဆုံး ရှင်းလင်းသုတ်သင်ရမယ့် အကောင်ကတော့ ကျားတွေပါပဲ။ ဘယ်လိုနည်းနဲ့မဆို ဆင်ကြီးတွေကိုတော့ နောက်ဆုံးမှာ ချန်ထားမယ်။ ကျားရုံမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်အရ ဒီကျားမောင်နှံကို မန်ချူးရီးယားရဲ့ ခင်ဂန်တောင်တန်းတွေဆီကနေ ဖမ်းလာခဲ့တာလို့ သိရတယ်။ ဗိုလ်လေးက ကျားတစ်ကောင်စီကို စစ်သားလေးယောက်က ပစ်ဖို့ တာဝန်ပေးလိုက်တယ်။ နှလုံးသားတည့်တည့်ကိုပဲ ချိန်ရမယ်။ ဒါပေမဲ့ ကျားတွေရဲ့ နှလုံးက ဘယ်နားမှာရှိတယ်ဆိုတာတော့လည်း သူတို့ အတိအကျသိကြတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်လေ အနည်းဆုံး ကျည်တစ်တောင့်တလေကတော့ နှလုံးသားကို တည့်တည့်သွားထိကောင်းပါတယ်။ စစ်သားရှစ်ယောက်က ပြိုင်တူပဲ သူတို့ရဲ့ မော်ဒယ် (၃၈) ရိုင်ဖယ်တွေကို ကျည်ဖြည့်ပြီး မောင်းတင်လိုက်ကြတယ်။ ခြောက်ခြားဖွယ်ကောင်းပြီး သေမင်းရနံ့ပါတဲ့ `ကလစ်´ ဆိုတဲ့ ခြောက်ကပ်ကပ် အသံဟာ အဲဒီနေရာရဲ့ လေထုကို တမျိုးတဖုံ ပြောင်းလဲသွားစေတယ်။ အသံကြားတာနဲ့ ကျားတွေဟာ မတ်တပ်ထရပ်လိုက်ကြတယ်။ သံတိုင်တွေကို ဖြတ်ပြီး စစ်သားတွေကို စူးစူးရဲရဲကြည့်ရင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြတယ်။ စိုးရိမ်လွန်တဲ့ အပြုအမူတစ်ခုအဖြစ် ဗိုလ်လေးက သူ့ရဲ့ အော်တိုမစ်တစ်ပစ္စတိုကို အဆင်သင့်ပြင်ထားလိုက်တယ်။ စိတ်တည်ငြိမ်လာအောင် လည်ချောင်းကို ရှင်းနေလိုက်တယ်။ ဒါဘာမှ မဟုတ်ဘူး။ လူတိုင်း ဒီလိုအလုပ်မျိုးတွေကို အမြဲတမ်းလုပ်နေကြတာပဲလို့ ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေမိတော့တယ်။
>>> ဆက်ရန် >>>
တေဇာ (လရောင်လမ်း)
The Zoo Attack by Haruki Murakami ကို ဆီလျော်သလို ပြန်ဆိုသည်။

Comments
Post a Comment