စစ်သားတွေဟာ မုဆိုးဒူးထောက် ထိုင်ချလိုက်ပြီး ပစ်မှတ်ကို ဂရုတစိုက် ချိန်လိုက်တယ်။ ဗိုလ်လေးက အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ သေနတ်မောင်းတွေကို ဆွဲဖြုတ်လိုက်တော့တယ်။ သေနတ်မောင်းရဲ့ တွန်းအားကြောင့် သူတို့ပုခုံးတွေ နောက်ကိုယိမ်းသွားတယ်။ ဦးခေါင်းထဲက ရုတ်တရက် ထွက်ပြေးပျောက်ကွယ်သွားသလို သူတို့ စိတ်တွေဟာ ခဏလောက်ကြာအောင် ဗလာနတ္ထိဖြစ်သွားတယ်။ ပြိုင်တူထွက်လာတဲ့ တဝေါဝေါ သေနတ်သံတွေဟာ ခြောက်ကပ်နေတဲ့ တိရစ္ဆာန်ရုံထဲမှာ တော်လဲသံလိုပြိုကျလာခဲ့တယ်။ အဆောက်အဦတစ်ခုကနေတစ်ခု၊ နံရံတစ်ခုကနေ တစ်ခု ပဲ့တင်ထပ်နေတယ်။ သစ်သားတွေကို လှီးဖြတ်ပြီး ရေမျက်နှာပြင်ကို ဖြတ်သန်းသွားသလိုပဲ။ အဝေးက မိုးချိန်းသံလို ကြားရသူတိုင်းရဲ့ နှလုံးသားကို ထိုးချေနေတယ်။ လှောင်အိမ်ထဲက သတ္တ၀ါနှစ်ကောင်ကတော့ အသက်ရှူရပ်သွားတယ်။ ပုရစ်တွေတောင်မှ အော်သံရပ်သွားကြတယ်။ ပဲ့တင်နေတဲ့ သေနတ်သံတွေ အဝေးဆီကို တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပြီး အတော်ကြာတော့ ဘာသံကိုမျှ မကြားရတော့ဘူး။ မမြင်ရတဲ့ ဘီလူးကြီးတစ်ကောင်က ဧရာမတင်းပုတ်ကြီးနဲ့ ထုနှက်လိုက်သလိုပဲ ကျားနှစ်ကောင်ဟာ လေထဲကို ဖျပ်ခနဲမြောက်သွားတယ်။ ပြီးတော့ ကြမ်းပြင်ကို လေးပင်စွာ ပြန်ပြုတ်ကျလာကြတယ်။ နာကျင်စွာ အကျောဆွဲပြီး သွေးပွက်ပွက်အန်နေကြတယ်။ စစ်သားတွေအနေနဲ့ သူတို့ကို တစ်ချက်တည်းနဲ့ အသေပစ်ပြီး အဆုံးသတ်မပေးနိုင်ခဲ့ဘူး။ အဲဒီတော့မှ စစ်သားတွေလည်း ကြက်သေသေနေရာက ရုတ်တရက် သတိဝင်လာလို့ သူတို့ရဲ့ ရိုင်ဖယ်သေနတ်က ကျည်ခွံတွေကို ထုတ်ပြီး နောက်တစ်ခါ ပြန်ချိန်ထားလိုက်ကြတယ်။
ကျားနှစ်ကောင်ကို သေ,မသေ စစ်ဆေးဖို့ ဗိုလ်လေးက စစ်သားတစ်ယောက်ကို လှောင်အိမ်ထဲသွားဖို့ အချက်ပြလိုက်တယ်။ ကြည့်ရတာကတော့ အဖတ်ဆယ်မရအောင် သေသွားတဲ့ပုံစံပါပဲ။ မျက်လုံးတွေမှိတ်ပြီး သွားတွေပြဲနေပြီ။ လုံးဝလှုပ်ရှားမှု မရှိတော့ပါဘူး။ တိကုဆရာဝန်က လှောင်အိမ်တံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အသက်နှစ်ဆယ်ပြည့်ရုံသာ ရှိသေးတဲ့ စစ်သားငယ်လေးဟာ အထဲကို ကြောက်ကြောက်လန့်လန့်နဲ့ လှမ်းဝင်သွားတယ်။ သူ့သေနတ်က လှံစွပ်ကို ရှေ့ကိုချိန်ပြီး အကာအကွယ်ယူထားသေးတယ်။ ဘေးကကြည့်တဲ့လူတွေ အဖို့တော့ သူ့ဟန်က ကိုးရိုးကားယားဖြစ်နေတာပါပဲ။ ဒါပေမဲ့ ဘယ်သူမျှ မရယ်ကြဘူး။ သူ့စစ်ဖိနပ်ရဲ့ ဖနောင့်ခွာနဲ့ ကျားတစ်ကောင်ရဲ့ ကျောပိုင်းကို ခပ်ဖွဖွ ကန်ကြည့်တယ်။ ကျားကတော့ မလှုပ်ဘူး။ အဲဒီနေရာကိုပဲ နောက်တစ်ခါ နည်းနည်းပိုပြင်းအောင် ထပ်ကန်ကြည့်ပြန်တယ်။ ကျားကတော့ အပြီးအပိုင် သေသွားခဲ့ပါပြီ။ ကျားမ,ဖြစ်တဲ့ နောက်တစ်ကောင်ကလည်း သူ့နေရာမှာပဲ အလားတူ လဲသေနေပြီ။ အဲဒီစစ်သားလေးဟာ သူ့ဘ၀မှာ တစ်ခါမျှ တိရစ္ဆာန်ရုံမရောက်ခဲ့ဖူးသလို ကျားအစစ်ကိုလည်း အပြင်မှာ မြင်ဖူးခဲ့သူမဟုတ်ဘူး။ သူနဲ့ ဘာမျှမဆိုင်တဲ့ နေရာတစ်ခုဆီ သူ့ကို ဂုတ်ကဆွဲမလာပြီး သူနဲ့ဘာမျှမဆိုင်တဲ့ ဇာတ်လမ်းတစ်ခုထဲ ၀င်သရုပ်ဆောင်ခိုင်းထားသလို သူ့အနေနဲ့ ခံစားနေရတယ်။ အိုင်ထွန်းနေတဲ့ သွေးနက်နက်တွေပေါ် ရပ်ပြီး ကျားသေကောင်တွေကို သူ တအံ့တသြ ငေးကြည့်နေမိတယ်။ ရှင်နေတုန်းကထက်စာရင် ကျားသေကောင်တွေဟာ သူတို့အဖို့ အများကြီး ပိုကြီးတဲ့ပုံ ပေါက်နေတယ်။ ဒါက ဘယ်လိုဖြစ်ရတာပါလိမ့်လို့ နားမလည်နိုင်စွာနဲ့ သူ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်။
လှောင်အိမ်ရဲ့ သမန်တလင်း ကြမ်းပြင်မှာတော့ ကြောင်ကြီးတွေရဲ့ သေးနံ့တွေနဲ့ နံ့ဟောင်ညစ်ပတ်နေတယ်။ ပြီးတော့ အဲဒီအနံ့တွေဟာ ပူနွေးတဲ့ သွေးနံ့တွေနဲ့ ရောနှောသွားတယ်။ ကျားသေကောင်တွေရဲ့ ကိုယ်ခန္ဓာက အပေါက်တွေကနေ သွေးတွေ ပန်းထွက်နေတုန်းပဲ။ သူ့ခြေရင်းမှာ အနက်ရောင် သွေးအိုင်တစ်ခု ဖြစ်နေပြီ။ ရုတ်တရက်ဆိုသလိုပဲ သူ့လက်ထဲက ရိုင်ဖယ်သေနတ်ဟာ အေးစက်လေးလံလာတယ်လို့ သူခံစားရတယ်။
သူ သေနတ်ကို လွှင့်ပစ်ပြီး ဒူးထောက်ထိုင်ချလိုက်ချင်တယ်။ သူ့အစာအိမ်ထဲမှာ ရှိသမျှအရာ အားလုံးကို ကြမ်းပြင်ပေါ် အိတ်သွန်ဖာမှောက် အန်ထုတ်ပစ်လိုက်ချင်တယ်။ အဲလိုသာ လုပ်လိုက်ရရင် ဘယ်လောက်သက်သာသွားလိမ့်မလဲ။ ဒါပေမဲ့ အန်ချဖို့ဆိုတာ သူ့ကိုပေးထားတဲ့ အမိန့်ထဲမှာ မပါဘူး။ အဲလိုသာလုပ်ရင် ခေါင်းဆောင်က သူ့မျက်နှာကို ပုံပျက်သွားအောင် ထုရိုက်လိမ့်မယ်။ (တကယ်လည်း အဲဒီစစ်သားငယ်ဟာ နောက်ထပ် ဆယ့်ခုနစ်လအကြာမှာ ဆိုဗီယက်အစောင့်စစ်သားတစ်ယောက်က ဦးခေါင်းခွံကို ဂေါ်ပြားနဲ့ ရိုက်ခွဲလို့ သေခဲ့ရရှာတယ်။ အဲဒီအချိန်တုန်းကတော့ သူ ကြိုမသိနိုင်ခဲ့ဘူးပေါ့) နဖူးပေါ်က ချွေးတွေကို သူ့လက်ခုံနဲ့ သုတ်ပစ်လိုက်တယ်။ သူ့စစ်ဦးထုပ်က သူ့ခေါင်းပေါ်မှာ တနင့်တပိုးဖိထားသလို ခံစားရတယ်။ ပုရစ်တစ်ကောင်က စတင်လိုက်ပြီးနောက် ရုတ်တရက် အသက်ပြန်ဝင်သွားသလိုပဲ တစ်ကောင်ပြီးတစ်ကောင် သံပြိုင်အော်မြည်နေပြန်တော့တယ်။ မကြာခင်မှာပဲ ပုရစ်အော်သံတွေဟာ ငှက်တစ်ကောင်ရဲ့ အော်မြည်သံနဲ့ ရောနှောသွားတယ်။ နွေဦးမှာ တိုက်တဲ့ လေရူးလိုပဲ၊ အဲဒီငှက်သံဟာ ထူးထူးခြားခြား တ၀ှီးဝှီး အော်မြည်နေတယ်။
အဲဒီစစ်သားငယ်ဟာ သူ့အသက်ဆယ့်နှစ်နှစ်တုန်းက မိဘတွေနဲ့အတူ တောင်ပေါ်မြို့လေးတစ်မြို့ကနေ ပင်လယ်ပြင်ကိုဖြတ်ပြီး တရုတ်နိုင်ငံကို ရောက်လာခဲ့ကြတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကအထိ နယ်စပ်ကျေးရွာလေးတစ်ရွာမှာပဲ မြေယာရှင်းလင်းတဲ့ အလုပ်ကိုပဲ အတူတကွ လုပ်ကိုင်နေခဲ့ကြသေးတယ်။ အဲဒီနောက်မှာတော့ သူလည်း စစ်တပ်က ချောဆွဲတာခံခဲ့ရတာပဲ။ ဒါကြောင့် သူ့အနေနဲ့ မန်ချူးရီးယားက ငှက်တွေအားလုံးနီးပါးကို သိတယ်လို့ ဆိုရမယ်။ ဒါပေမဲ့ ထူးဆန်းတာက ခုနကလို အော်မြည်နိုင်တဲ့ ငှက်ရဲ့ အသံကို သူ မကြားဖူးတာပဲ။ ရပ်ဝေးမြေခြားကနေ တင်သွင်းလာပြီး တိရစ္ဆာန်ရုံရဲ့တစ်နေရာ လှောင်အိမ်ထဲကနေ အော်နေတဲ့ငှက်တစ်ကောင် ဖြစ်နေမလားမပြောတတ်ဘူး။ ဒါပေမဲ့လည်း သူကြားရတာတော့ အနီးနားသစ်ပင်ရဲ့ ခပ်မြင့်မြင့် ကိုင်းတွေဆီက ထွက်လာတဲ့ အသံပါပဲ။
သူက ဘာဆက်လုပ်ရမလဲဆရာလို့ မေးလိုက်တဲ့အလား ဗိုလ်လေးရှိတဲ့ဘက်ဆီ လှမ်းကြည့်လိုက်တယ်။ ဗိုလ်လေးက ခေါင်းဆတ်ပြပြီး လှောင်အိမ်ထဲက ထွက်ခဲ့ဖို့ အချက်ပြလိုက်တယ်။ ပြီးတော့ တိရစ္ဆာန်ရုံ မြေပုံကို ဖြန့်ခင်းလိုက်တယ်။ ကျားတွေအတွက်တော့ တော်လောက်ပြီလို့ သူတွေးမိလိုက်တယ်။ ရှေ့ဆက်ပြီး ကျားသစ်တွေကို ဆက်ကိုင်ရဦးမယ်။ ပြီးရင် မြေခွေးတွေ ဖြစ်ချင်ဖြစ်မယ်။ ၀က်ဝံတွေကိစ္စလည်း ကိုင်တွယ်ရဦးမှာပါပဲ။ အားလုံးပြီးသွားတော့မှ ဆင်ကြီးတွေအကြောင်း စဉ်းစားရတော့မှာပဲ။ အဲဒီနောက်မှာတော့ ဘယ်လောက်ပူလောင်အိုက်စက်နေတယ်ဆိုတာ သူ သတိပြုမိသွားတယ်။ `ခဏတဖြုတ် နားကြဦး။ ရေလေးဘာလေးသောက်ဦး´ လို့ သူ့ လူတွေကို ပြောလိုက်တယ်။ ရေဘူးတွေထဲက သူတို့ ကိုယ်စီထုတ်သောက်လိုက်ကြတယ်။ အဲဒီနောက်မှာတော့ သူတို့ ရိုင်ဖယ်သေနတ်တွေကို ပုခုံးမှာလွယ်လိုက်ကြပြီး စနစ်တကျစီတန်းလို့ ကျားသစ်လှောင်အိမ်ဆီ လျှောက်လာခဲ့ကြတယ်။ စစ်သားတွေရဲ့ လက်တိုစစ်ဝတ်စုံတွေမှာ ရင်ဘတ်ရော ကျောမှာပါ အနက်ရောင်ချွေးကွက်ကြီးတွေ စွန်းနေကြပြီ။ လက်နက်အပြည့်ကိုင်ဆောင်ထားတဲ့ အခုလို စစ်သားတစ်ဖွဲ့ စနစ်တကျချီတက်လာတော့လည်း သတ္တုချင်းထိခတ်တဲ့ တချွင်ချွင်အသံတွေဟာ ခြောက်ကပ်နေတဲ့ တိရစ္ဆာန်ရုံဝန်းထဲမှာ ပဲ့တင်ထပ်နေတော့တယ်။ သူတို့လှောင်အိမ်ရဲ့ ဘားတန်းတွေဆီမှာ တွဲလဲခိုနေကြတဲ့ မျောက်တွေကတော့ အခြားတိရစ္ဆာန်တွေကို သတိပေးတဲ့အနေနဲ့ စူးစူးဝါးဝါး အော်မြည်နေကြတယ်။ ဒီတော့လည်း အခြားတိရစ္ဆာန်တွေကပါ သူတို့ရဲ့ မတူညီတဲ့ အသံတွေနဲ့ ပါဝင်လာကြတယ်။ မြေခွေးတွေက ကောင်းကင်ကို မော့ကြည့်ပြီး ဆွေးဆွေးမြေ့မြေ့ အူတယ်။ ငှက်တွေကလည်း အတောင်တွေကို တဖျပ်ဖျပ်ခတ်ပြီး အားဖြည့်ကြတယ်။ တစ်နေရာဆီက ကြီးမားတဲ့ တိရစ္ဆာန်တစ်ကောင်က ခြိမ်းခြောက်မှုကို ပြတဲ့အလား သူ့ကိုယ်ခန္ဓာကို လှောင်အိမ်နဲ့ ဗြန်းခနဲတိုက်ချလိုက်တယ်။ လက်သီးဆုပ်သဏ္ဍာန် တိမ်တိုက်တစ်ခုဟာ ဘယ်နေရာကမသိဘဲ ရုတ်တရက်ပေါ်လာပြီး နေကို ခဏလောက်ကြာအောင် ဖုံးအုပ်လိုက်တယ်။ အဲဒီသြဂုတ်လ နေ့လယ်ခင်းမှာတော့ လူတွေ တိရစ္ဆာန်တွေနဲ့ အားလုံးဟာ သေခြင်းတရားအကြောင်း တွေးတောနေကြတာပဲ။ ဒီနေ့မှာ ဒီလူတွေက တိရစ္ဆာန်ကို သတ်နေတယ်ပဲဆိုပါတော့၊ မနက်ဖြန်မှာတော့ ဆိုဗီယက်တပ်တွေက ဒီလူတွေကို သတ်ချင်သတ်မှာပဲ။
§ § §
ဒီအမျိုးသမီးနဲ့ ကျွန်တော်နဲ့ဟာ စားသောက်ဆိုင်တစ်ခုတည်းမှာပဲ ထိုင်ခုံတစ်ခုတည်းမှာပဲ စကားစမြည်ပြောရင်း အမြဲတမ်း မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတယ်။ သူက ဒီဆိုင်ကို လာနေကျ။ ပြီးတော့ စားသမျှကိုလည်း သူပဲ ရှင်းနေကျ။ ကျွန်တော်ရတဲ့ ၀င်ငွေမျိုးနဲ့ဆိုလည်း ဒီလိုနေရာမှာ ဒီလိုဟင်းလျာကို ၀ယ်စားဖို့ တတ်နိုင်ချင်မှ တတ်နိုင်လိမ့်မယ်။ စားသောက်ဆိုင်ရဲ့ အနောက်ပိုင်းကို သီးသန့်ခန်းတွေ လုပ်ထားတယ်။ တစ်ဝိုင်းက ပြောတဲ့စကားကို တခြားတစ်ဝိုင်းက မကြားရတော့ဘူးပေါ့။ ညနေပိုင်းတွေမှာဆိုရင် တစ်ခုံတစ်ခုံစာပဲ နေရာသတ်မှတ်ထားလို့ အချိန်ဖြုန်းရင်း လွတ်လွတ်လပ်လပ်စကားပြောနိုင်တယ်။ စားပွဲထိုးတွေက လွဲလို့ နှောင့်ယှက်မယ့်လူ တစ်ယောက်မျှ မရှိဘူး။ စားပွဲထိုးဆိုတာကလည်း ပန်းကန်တွေခင်းဖို့ သိမ်းဖို့ လောက်သာ လာတာပါ။ သူကတော့ အမြဲတမ်း ၀ိုင်နီတစ်လုံးကို မှာသောက်တတ်တယ်။ တစ်ဝက်လောက်သောက်ပြီးရင် ကျန်တဲ့တစ်ဝက်ကို ဒီအတိုင်း ချန်ထားခဲ့တာပဲ။
`နွေဦးခေါ်တဲ့ ငှက်တဲ့လား´ လို့ ကျွန်တော်က စားသောက်နေရာက မော့ကြည့်ပြီး မေးလိုက်တယ်။
`နွေဦးခေါ်တဲ့ ငှက်တဲ့လား´ လို့ သူ့ကိုယ်သူ ဇာတိပ္ဖိုလ်လို့ ခေါ်တဲ့ အမျိုးသမီးက ပြောတယ်။ ကျွန်တော်ပြောတဲ့ စကားလုံးတွေအတိုင်း သူက အတိအကျ သံယောင်လိုက်တယ်။ ပြီးတော့ သူ့ရဲ့နှုတ်ခမ်းလွှာတွေ နည်းနည်း ကွေးသွားတယ်။
`ရှင်ပြောနေတာ ကျွန်မ နားမလည်ဘူး။ ရှင် ဘာအကြောင်း ပြောနေတာလဲ´
ဝိုင်ကို ကျွန်တော်စုပ်လိုက်ပြီး ပါးစပ်သုတ်လိုက်တယ်။
`နေပါဦး။ ခင်ဗျား ခုနက နွေဦးကို ခေါ်တဲ့ငှက်အကြောင်း ပြောနေတာ မဟုတ်ဘူးလား´
သူက ခေါင်းကို ခပ်ဖြည်းဖြည်း ယမ်းလိုက်တယ်။
`ဟမ်.. ကျွန်မ မမှတ်မိတော့ဘူး။ ငှက်အကြောင်း လုံးဝ မပြောမိဘူးထင်တာပဲ။ နွေဦးခေါ်တဲ့ငှက်တဲ့လား။ ရှင်ပြောတာ အရုပ်ငှက်လိုဟာမျိုးလား´
အကျိုးမထူးတော့မှန်း ကျွန်တော် နားလည်သွားတယ်။ သူပြောတဲ့ ပုံပြင်တွေဟာ အမြဲတမ်း ဒီအတိုင်းပဲလေ။
`ဆိုတော့ ခင်ဗျားကို မန်ချူးရီးယားမှာ မွေးခဲ့တာပေါ့´ လို့ ကျွန်တော်က မေးလိုက်တယ်။
သူက ခေါင်းကို ထပ်ခါပြန်တယ်။ `ကျွန်မကို ယိုကိုဟားမားမှာပဲ မွေးတာပါ။ မိဘတွေက ကျွန်မ သုံးနှစ်သမီးအရွယ်မှာ မန်ချူးရီးယားကို ခေါ်သွားတယ်။ ကျွန်မ အဖေက တိရစ္ဆာန်ဆေးကု ကျောင်းတစ်ခုမှာ ဆရာလုပ်နေတယ်။ ဒါပေမဲ့ ရှင်ချင်းမြို့က အာဏာပိုင်တွေက အသစ်ဆောက်မယ့် တိရစ္ဆာန်ရုံမှာ တိကုဆရာဝန်ချုပ်တစ်ယောက် လိုတယ်ဆိုတာနဲ့ အဖေက အဲဒီအလုပ်မှာ အခကြေးငွေမယူပဲ ကူညီပေးတယ်။ ကျွန်မ အမေကတော့ ဂျပန်မှာ အခြေကျနေတဲ့ဘ၀ကို မစွန့်လွှတ်ချင်ပါဘူး။ ဒါပေမဲ့ အဖေက အတင်းအကြပ် တိုက်တွန်းတယ်လေ။ သူ့အနေနဲ့တော့ ဂျပန်ထက် ပိုကြီးမားကျယ်ပြန့်တဲ့ နေရာတစ်ခုမှာ သူ့ကိုယ်သူ စမ်းသင်ချင်တာ ဖြစ်မှာပေါ့။ ကျွန်မကတော့ အရမ်းငယ်သေးတော့ ဘယ်နေရာမှာ ရောက်နေနေ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တိရစ္ဆာန်ရုံမှာ နေရတာကိုတော့ အရမ်းပျော်တာပဲ။ အရမ်းကို ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဘ၀ပေါ့ရှင်။ အဖေကတော့ အမြဲတမ်းလို တိရစ္ဆာန်နံ့တွေ ထွက်နေတာပဲ။ တိရစ္ဆာန်တွေ အများကြီးရဲ့ အနံ့ကိုပေါင်းထားတဲ့ အနံ့တစ်ခုပေါ့။ ဒါပေမဲ့ ရေမွှေးတံဆိပ်ကို ပြောင်းပြီးဆွတ်ထားသလိုပဲ တစ်နေ့နဲ့တစ်နေ့တော့ အနံ့ချင်း မတူဘူး။ သူ အိမ်ပြန်ရောက်တယ်ဆိုရင် ကျွန်မက သူ့ပေါင်ပေါ် ကုပ်တက်တယ်၊ ပြီးရင် သူ့ကို ထိုင်ရက်သားထားပြီး ကျွန်မ အနံ့ခံတော့တာပဲ။ အဲဒီဘ၀မျိုးလိုသာ အမြဲတမ်းဆက်သွားရင် ဘယ်လောက်ကောင်းမလဲ။ ကျွန်မ ဘယ်လောက် ပျော်လိုက်မလဲ´
“ဒါပေမဲ့ စစ်ကြီးရောက်လာတော့ အဆိုးဘက်ကို ပြောင်းသွားတယ်။ ကြောက်စရာ အခြေအနေတွေ ဖြစ်လာတယ်။ ဒီတော့ အဖေက သိပ်နောက်မကျသေးခင် အမေနဲ့ ကျွန်မကို ဂျပန်ကို ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ တခြားလူတွေ အများကြီးနဲ့ ကျွန်မတို့ ပြန်လာခဲ့ကြတာပဲ။ ရှင်ချင်းကနေ ကိုရီးယားကို ရထားစီးတယ်။ အဲဒီမှာ သီးသန့် သင်္ဘောတစ်စီး ကျွန်မတို့ကို စောင့်နေတယ်လေ။ အဖေကတော့ ရှင်ချင်းမှာပဲ ကျန်နေရစ်ခဲ့တယ်။ သူ့ကို ကျွန်မ နောက်ဆုံးမြင်လိုက်ရတဲ့အချိန်က သူက ဘူတာရုံမှာရပ်ပြီး ကျွန်မတို့ကို လက်ဝှေ့ယမ်းပြနေတဲ့ အချိန်ပဲ။ ကျွန်မက ပြတင်းပေါက်ကနေ ခေါင်းထုတ်ပြီး လူတွေပြည့်ကြပ်နေတဲ့ ပလက်ဖောင်းကနေ သူ ပျောက်ကွယ်မသွားခင်အထိ တဖြည်းဖြည်း သေးသေးသွားတဲ့ သူ့ကို ငေးကြည့်နေမိခဲ့တယ်။ အဲဒါပြီးတော့ သူဘာဆက်ဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိကြတော့ဘူး။ မီးခိုးငွေ့လို သူ အငွေ့ပျံ ပျောက်ကွယ်သွားတာ။ ကျွန်မတို့နောက်မှ ရှင်ချင်းကနေ ဂျပန်ကို လွတ်မြောက်လာတဲ့ မိတ်ဆွေတွေကိုလည်း သူ့အကြောင်း စုံစမ်းခဲ့တယ်။ ဒါပေမဲ့ သူ့အကြောင်း ဘယ်သူမျှ မသိကြတာဟာ ထူးဆန်းတယ်လို့တောင် ထင်ရလောက်တယ်။ ဆိုဗီယက်တပ်တွေက သူ့ကို အကျဉ်းသားအဖြစ် ဖမ်းဆီးမယ်၊ ပြီးတော့ ဆိုက်ဘေးရီးယားကို ပို့ပြီး အလုပ်ကြမ်းခိုင်းမယ်၊ ပြီးတော့ တခြားလူတွေလိုပဲ သူ အဲဒီမှာ သေသွားမှာပေါ့လို့ ကျွန်မ တွေးကြည့်မိတယ်။ ဘယ်သူမှ မှတ်တိုင်ထူမပေးတဲ့ အထီးကျန်အေးစက်တဲ့ မြေတွင်းလေးတစ်တွင်းမှာ သူ အမြှုပ်ခံလိုက်ရတာ ဖြစ်ချင်ဖြစ်မှာပဲ။ သူက သာမန်အရပ်သားပဲလေ၊ သူ့ကို လောကကြီးထဲကနေ ဒီလို ရက်ရက်စက်စက် ဆွဲထုတ်စရာအကြောင်း တစ်ခုမှ မရှိပါဘူး။ ဒါပေမဲ့ အချိန်က ခေတ်ပျက်ကြီးပဲ။ အမှားတွေအများကြီး ဖြစ်ပြီးခဲ့ပြီ”
ရှင်ချင်းက တိရစ္ဆာန်ရုံအကြောင်း အသေးစိတ်တွေကအစ အားလုံး ကျွန်မ မှတ်မိနေတုန်းပဲ။ အဲဒီအကြောင်းတွေ အားလုံးကို ခေါင်းထဲမှာ ပြန်ဖေါ်နိုင်တယ်။ အဲဒီကလမ်းကလေးတွေ၊ တိရစ္ဆာန်တွေ အားလုံးပဲ။ တိကုဆရာဝန်ချုပ်အတွက် ဌာနဆိုင်ရာက ပေးထားတဲ့ လိုင်းခန်းမှာ ကျွန်မတို့ နေခဲ့ရတယ်။ တိရစ္ဆာန်ရုံရဲ့ ထောင့်တစ်နေရာမှာပေါ့။ တိရစ္ဆာန်ရုံက အလုပ်သမားအားလုံးက ကျွန်မကို သိကြတယ်။ ဘယ်နေရာမဆိုလည်း သွားခွင့်ပေးထားတယ်။ တိရစ္ဆာန်ရုံ ပိတ်တဲ့ အားလပ်ရပ်တွေမှာတောင်မှ ကျွန်မ သွားချင်ရာ သွားနိုင်ခဲ့တယ်။ အဲဒီလိုနေ့တွေကျရင် ဒီနေရာကြီးတစ်ခုလုံးဟာ ကျွန်မတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်သလိုပဲ။ အဲဒါ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလဲ ရှင်စဉ်းစားမိရဲ့လား။ အဲဒါဟာ ကျွန်မရဲ့ ကမ္ဘာပဲ။ ကျွန်မအတွက်တော့ အဲဒီ တိရစ္ဆာန်ရုံဟာ အရှိတရားပဲ။ တိရစ္ဆာန်ရုံတွေဟာ လုပ်ကြံဖန်တီးထားတာလို့ တွေးတတ်တဲ့ သာမန်လူတွေနဲ့တော့ ပြောင်းပြန်ပေါ့´
ဇာတ်ကွက်တွေကို သူ့ခေါင်းထဲမှာ ပြန်ဖေါ်ဖို့ ဇာတိပ္ဖိုလ်က မျက်လုံးတွေကို မှိတ်လိုက်တယ်။ သူ့ဇာတ်လမ်းကို ရှေ့ဆက်ပြောနိုင်ဖို့ ကျွန်တော်ကလည်း စကားတစ်လုံးမျှ ၀င်မပြောဘဲ စောင့်နေလိုက်တယ်။ `ဒါပေမဲ့ အဲဒီတိရစ္ဆာန်ရုံဟာ ကျွန်မ ပြန်စဉ်းစားတဲ့အတိုင်း တကယ်ရောတူရဲ့လားလို့ ကျွန်မ မသေချာဘူး။ ဘယ်လိုပြောရမလဲ၊ တခါတလေကျရင် အဲဒါဟာ အရမ်း ရှင်းလင်းလွန်းနေတယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မပြောတာ ရှင်သဘောပေါက်ရဲ့လား။ ပြီး အဲလိုအတွေးမျိုး ကျွန်မမှာ ၀င်လာတာနဲ့တစ်ပြိုင်နက် အဲဒီအကြောင်းစဉ်းစားလေလေ၊ အဲဒီ ကွင်းကွင်းကွက်ကွက်ဖြစ်နေမှုဟာ ဘယ်လောက်က အရှိတရားလဲ၊ ဘယ်လောက်က ကျွန်မရဲ့ စိတ်ကူးလဲဆိုတာကို ဝေခွဲမရလေ ဖြစ်လာတော့တယ်။ ၀င်္ကပါတစ်ခုထဲမှာ လှည့်လည်နေရသလို ကျွန်မ ခံစားလာရတယ်။ အဲဒီလိုမျိုး ရှင်ရော ဖြစ်ဖူးလား´
ကျွန်တော်တော့ မဖြစ်ခဲ့ဖူးဘူး။
`ရှင်ချင်းမှာ အဲဒီတိရစ္ဆာန်ရုံ ရှိသေးလား´ လို့ပဲ ကျွန်တော်က မေးလိုက်တယ်။
သူ့ နားဆွဲလေးကို ထိလိုက်ရင်း ဇာတိပ္ဖိုလ်က ပြန်ဖြေတယ်။
`ကျွန်မကြားသလောက်တော့ စစ်ကြီးပြီးတော့ အဲဒီတိရစ္ဆာန်ရုံကို ပိတ်ထားလိုက်တယ်။ အခုထိ ပြန်ဖွင့်မဖွင့် ကျွန်မ မသိဘူး။ ပြီးတော့ အဲဒီမြို့ကိုလည်း ရှင်ချင်းလို့ မခေါ်တော့ပါဘူး။ အခုတော့ Changchun ဖြစ်နေပြီ။ ဒါပေမဲ့ အဲဒီတိရစ္ဆာန်ရုံ ရှိသေးတယ်ဆိုရင်တော့ ကျွန်မ သွားကြည့်ချင်ပါသေးတယ်။ ကျွန်မမှတ်မိတဲ့ ဘယ်လောက်က အရှိအတိုင်းလဲ၊ ဘယ်လောက်က ကျွန်မဦးနှောက်ရဲ့ တီထွင်မှုတွေလဲဆိုတာ သိချင်လို့ပေါ့။ အဲဒီမှာ ဆင်ကြီးတွေ တကယ်ရှိခဲ့လားဆိုတာ ကျွန်မ သိချင်တယ်။ ပြီးတော့ ကျားသစ်တွေ၊ ကျားတွေ၊ ၀က်ဝံတွေ။ ၁၉၄၅ ခုနှစ်မှာ စစ်သားတွေပစ်သတ်တာ သူတို့ တကယ်ခံခဲ့ရလားဆိုတဲ့ အချက်ကိုရောပေါ့။ ဒါပေမဲ့ ကျွန်မ မသိဘူး။ အမှန်ကို ဘယ်သူမျှ မသိကြတာတောင် ဖြစ်ချင်ဖြစ်မှာ´
သူတို့ ကျားသစ်တွေကို သတ်ကြတယ်။ သူတို့ ၀ံပုလွေတွေကို သတ်ကြတယ်။ သူတို့ ၀က်ဝံတွေကို သတ်ကြတယ်။ အဲဒီအထဲကမှ အချိန်အများဆုံး ယူရတာက ၀က်ဝံတွေကို ပစ်သတ်ဖို့ပဲ။ ရိုင်ဖယ်ကျည်ဆန်တွေ ဒါဇင်ကျော်ထိပြီးတာတောင်မှ ကြီးမားလှတဲ့ တိရစ္ဆာန်ကြီးနှစ်ကောင်ဟာ သံလှောင်အိမ်က ဘားတန်းတွေကို တွန်းတိုက်နေကြတယ်။ စစ်သားတွေကို ဒေါသတကြီး ဟိန်းဟောက်အော်မြည်နေတယ်။ သွားရည်တမြားမြားနဲ့ အစွယ်ကြီးတွေကို ဖြဲပြနေကြတယ်။ ဒါက ကြောင်မျိုးနွယ်တွေနဲ့တော့ သိပ်မတူဘူး။ ကြောင်တွေကတော့ သူတို့ရဲ့ကံကြမ္မာကို ပိုပြီး အသာတကြည် လက်ခံနိုင်တယ်လို့ပဲ ဆိုရမယ်။ (အနည်းဆုံးအားဖြင့်တော့ အဲဒီလို ပုံပေါက်နေတာပဲ) ၀က်ဝံတွေကတော့ ဒီလို မဟုတ်ဘူး။ သူတို့ အသတ်ခံနေရတယ်ဆိုတဲ့ အချက်ကို သူတို့မှာ နားမလည်နိုင်အောင် ဖြစ်နေရပုံပဲ။ အတော်လေးကြာပြီးတဲ့ နောက်မှာတော့ စစ်သားတွေဟာ ၀က်ဝံကြီးတွေဆီမှာ နောက်ဆုံးကျန်တဲ့ အသက်ငွေ့ကလေးကို ဖယ်ရှားပစ်လိုက်နိုင်တယ်။ သူတို့မှာလည်း နေရာမှာတင် ပုံကျသွားလောက်အောင် အတော်လေး မောပန်းနွမ်းနယ်နေကြပြီ။ ဗိုလ်လေးက သူ့ပစ္စတိုသေနတ်ကို ပြန်ပိတ်လိုက်ပြီး သူ့မျက်ခုံးဆီက စီးကျလာတဲ့ ချွေးစက်တွေကို သုတ်နေမိတယ်။ သတ်ဖြတ်မှုတွေပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ တိတ်ဆိတ်ငြိမ်သက်မှုမှာ စစ်သားတွေဟာ မြေပြင်ပေါ်ကို တံတွေးကျယ်ကျယ်လောင်လောင်ထွေးရင်း သူတို့ရဲ့ လိပ်ပြာမသန့်စိတ်ကို ကြိုးစားဖုံးကွယ်နေကြတယ်။ ကျည်ခွံတွေကတော့ သူတို့ခြေထောက်တွေနားမှာ စီးကရက်အစီခံတွေလို အနှံ့အပြား ပြန့်ကျဲနေတယ်။ သူတို့နားထဲမှာ ရိုင်ဖယ်သေနတ်သံတွေ ပဲ့တင်ထပ်နေတုန်းပဲ။
နောက်ဆယ့်ခုနစ်လအကြာမှာ ဆိုဗီယက်စစ်သားတစ်ဦး ရိုက်သတ်တာခံရမယ့် စစ်သားငယ်ကတော့ အသက်ကို ပြင်းပြင်းနဲ့ အဆက်မပြတ်ရှူနေခဲ့တယ်။ ၀က်ဝံသေတွေကို မကြည့်မိအောင် မျက်နှာလွှဲနေတယ်။ လည်ချောင်းဝအထိ တက်လာတဲ့ အစာတွေကို မအန်ချမိအောင် သူ အပြင်းအထန် ကြိုးစားနေရတယ်။ နောက်ဆုံးတော့လည်း သူတို့ ဆင်တွေကို မသတ်ဖြစ်ကြဘူး။ တကယ်လုပ်မယ်ဆိုရော ဒီသတ္တ၀ါကြီးတွေဟာ သတ်ဖို့မဖြစ်နိုင်လောက်အောင် ကြီးလွန်းတယ်ဆိုတာ သူတို့သိလာခဲ့ရတယ်။ ဆင်ကြီးတွေရှေ့မှာတော့ စစ်သားတွေရဲ့ ရိုင်ဖယ်သေနတ်ဟာ ကလေးကစားစရာလို ဖြစ်နေတယ်။ ဗိုလ်လေးက ခဏလောက်စဉ်းစားပြီးတော့ ဆင်ကြီးတွေကို ဒီအတိုင်းထားလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒါကိုလည်း ကြားရော စစ်သားတွေဟာ ၀မ်းသာအားရနဲ့ သက်ပြင်းခိုးချလိုက်ကြတယ်။ ထူးဆန်းတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် မထူးဆန်းဘူးလို့ပဲ ပြောနိုင်မလားတော့ မသိဘူး၊ အဲဒီအချိန်တုန်းက သူတို့အားလုံးမှာ တူညီတဲ့အတွေးတစ်ခု ရှိနေခဲ့တယ်။ အဲဒါကတော့ လှောင်အိမ်ထဲက တိရစ္ဆာန်တွေထက် စစ်မြေပြင်မှာ လူတစ်ယောက်ကို သတ်ဖို့ အများကြီးပိုလွယ်ကူတယ်ဆိုတာပဲ။ စစ်မြေပြင်မှာက ကိုယ်တိုင်လည်း အသတ်ခံရနိုင်တယ် ဆိုခဲ့ရင်တောင်မှပေါ့။
အခုတော့ အလောင်းကောင်တွေ ဖြစ်သွားတဲ့ တိရစ္ဆာန်အသေကောင်တွေကို တရုတ်အလုပ်သမားတွေက လှောင်အိမ်တွေထဲက ဆွဲထုတ်ကြတယ်။ ပြီးတော့ လှည်းတွေပေါ်တင်ပြီး လွတ်နေတဲ့ ကုန်လှောင်ရုံထဲ သွင်းလိုက်ကြတယ်။ အဲဒီမှာတော့ အရွယ်အစားနဲ့ ပုံသဏ္ဌာန် အမျိုးမျိုးကွဲပြားတဲ့ တိရစ္ဆာန်တွေဟာ ကြမ်းပြင်ပေါ်မှာ စီတန်းနေကြတယ်။ တာဝန်ကြီးပြီးဆုံးသွားတာကို ကြည့်ပြီးတဲ့နောက်မှာ ဗိုလ်လေးဟာ တိရစ္ဆာန်ရုံအုပ်ချုပ်ရေးမှူး ရုံးခန်းဆီ ပြန်သွားပြီး အဲဒီလူကို လိုအပ်တဲ့စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးခိုင်းတယ်။ ပြီးတဲ့နောက်မှာတော့ စစ်သားတစ်စုဟာ ညီညီညာညာစီတန်းပြီး ပြန်လည် ချီတက်သွားကြတော့တယ်။ သူတို့ ၀င်လာခဲ့တုန်းကလိုပဲ ချွင်ချွင်ချွမ်ချွမ်အသံတွေ ဆူဆူညံညံနဲ့ပေါ့။
>>> ဆက်ရန် >>>
တေဇာ (လရောင်လမ်း)
The Zoo Attack by Haruki Murakami ကို ဆီလျော်သလို ပြန်ဆိုသည်။

မူရင်းကလည်းကောင်း၊ဘာသာပြန်တာလည်းကောင်းတော့ ဖတ်သူကိုယ်တိုင်တောင် အန်ချချင်လာတယ်။
ReplyDeleteဖတ်ပေးတာ ကျေးဇူးပါဗျာ။
ReplyDelete