ခန်းစည်းတွေ နောက်ကွယ်မှာ ပြဇာတ်တွေတိုက်နေဆဲ
မပြောင်းလဲပါ..။
~လင်းလင်း
ခုတလော ကျွန်တော်ပဲ အမေ့ကို ဈေးလိုက်ပို့ရတယ်၊ အစ်ကိုက မအားလို့။ ဈေးကို အိမ်ကနေ လမ်းလျှောက်သွားဖို့ဆို နည်းနည်းလှမ်းတော့ စက်ဘီးနဲ့လိုက်ပို့ရတယ်။ မကြာသေးခင်ကမှ အိမ်ပြောင်းထားလို့ ဈေးကိုသွားတဲ့လမ်းက အသစ်ဖြစ်သွားတယ်။ သွားရမယ့် ဈေးကတော့ အရင်သွားနေကျ ဈေးဟောင်းပါပဲ။ Destination တစ်ခုတည်းပေမယ့် ကိုယ်က ထွက်ခွာရာအရပ် ပြောင်းသွားတော့ လမ်းလည်း အသစ်ဖြစ်သွားတယ်။ အရင်နေရာကို ရောက်ဖို့ပဲ လမ်းသစ်က သွားနေကြရတာ။ အိမ်နားမှာက မူလတန်းကျောင်းလေး တစ်ခုရှိတယ်။ ငယ်ငယ်တုန်းကတော့ ကျွန်တော်တက်ဖူးသားပဲ။ အခု နှစ်ပေါင်းများစွာကြာမှ ပြန်တွေ့ရတော့လည်း အရင်လိုပါပဲ။ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိဘူး။ တစ်ခုပဲ၊ ကျွန်တော်က သိတဲ့ ဒါမှမဟုတ် ကျွန်တော့်ကို သိတဲ့ ဆရာမ တစ်ယောက်နဲ့မှ လမ်းပေါ်မှာ မဆုံမိသေးဘူး။ အရင်လိုပဲဆိုပေမယ့် လူတွေကတော့ ပြောင်းလဲသွားကြပြီ ထင်ပါရဲ့။ အဲဒါကို အသစ်လို့ ခေါ်နိုင်မလားဆိုတာတော့ ကျွန်တော် မသေချာဘူး။ ကျောင်းရဲ့နောက်ဖက်မှာတော့ လယ်ကွင်းကျယ်ကြီး ရှိနေသေးတယ်။ ပြီးတော့ ကျောင်းစိုက်ခင်းဆိုတဲ့ သပြေခြံတစ်ခုလည်း စိမ်းစိမ်းစိုစို ရှိနေတယ်။ အမေက သပြေတွေတောင်နု နေပြီဆိုတော့ အဲဒီဖက်ဆီကို ကျွန်တော် တစ်ချက်ဝှေ့ကြည့်လိုက်မိတယ်။ သပြေနုချိန်ဆိုတာကို ဖျပ်ခနဲ သတိရမိတယ်။ သပြေနုချိန် ကလည်း နေပူကျဲတဲပဲလို့ ပြောလိုက်မိတယ်။ သပြေဆိုတာက စိုက်တဲ့အချိန်အပေါ်ပဲ မူတည်တယ်၊ ရာသီနဲ့မဆိုင်ဘူး။ နေပူပူမိုးရွာရွာ နုချင်တဲ့အချိန်နုတာပဲလို့ အမေက ပြန်ပြောတယ်။ နုချင်တဲ့အချိန် နုလို့ရတယ်ဆိုတဲ့ သပြေတွေကို ကျွန်တော် သဘောကျသွားမိတယ်။ သပြေတွေနုလို့ သပြေနုချိန်ခေါ်တာတော့ ဘာမှမပြောသာဘူး၊ ပတ်ဝန်းကျင်ကတော့ အရင်က ကျွန်တော်သိခဲ့တဲ့ အတိတ်ဟောင်းတုန်းကလိုပဲ။ ဂ၀ံကျောက်တွေကို ရှောင်ရင်းတိမ်းရင်း မြေနီလမ်းကြားလေးအတိုင်း အမေ့ကိုတင်ပြီး ကျွန်တော် ခပ်သွက်သွက် နင်းလာခဲ့လိုက်တယ်။
လမ်းကွေ့လေးရောက်တယ်ဆိုရင်ပဲ ခွေး သားတစ်အုပ်မ, တွေ့လိုက်ရလို့ ကျွန်တော်အမေ့ကိုလှမ်းပြောလိုက်မိတယ်။ ဒီနားမှာလည်း ခွေးကလေးတွေ ရှိတာပဲဆိုတော့ အမေက အေးဟယ် သူတို့က ပိုတောင်သေးဦးမယ်လို့ ပြန်ပြောတယ်။ အိမ်မပြောင်းခင်ကတော့ အိမ်နောက်ဖေးမှာ အမေချကျွေးတဲ့ ထမင်းကျန်ဟင်းကျန်တွေကို လာလာမျှော်စားတဲ့ ခွေးကလေးသုံးကောင်ရှိလို့ အမေက ပြောဖူးတယ်။ ငါတို့ ပြောင်းရင်တော့ ဒီကောင်လေးတွေ ဒုက္ခပဲတဲ့။ သူ့ဟာနဲ့သူတော့ ဖြစ်သွားမှာပေါ့လို့ ကျွန်တော်လည်း ဖြေသိမ့်ခဲ့ရတယ်။ ကွန်ကရစ်လမ်းပေါ် တက်ရင်တော့ ဒီကောင်တွေ ကားတိုက်ပြီး ရှောမှာပဲ။ သုံးကောင်အထဲက တစ်ကောင်လောက်ရှင်ကောင်းပါရဲ့လို့ စိတ်ထဲက တွေးနေမိခဲ့တယ်။ အခုတွေ့နေရတဲ့ ကောင်လေးတွေကတော့ ပိုတောင် သေးသေးတယ်။ တစ်ကောင်ကဆို ပြေးနေတဲ့ သူ့အမေကြီးနို့ကို ပါးစပ်နဲ့မလွတ်တမ်း စို့ရင် အပြေးလိုက်နေတယ်။ လမ်းဘေးမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ရှင်သန်နေရတဲ့ သတ္တ၀ါတွေထဲမှာ တစ်ခါပေါက် တစ်ကောင်မဟုတ်ပဲ သုံးလေးငါးကောင်ပေါက်တဲ့ သတ္တ၀ါတွေကတော့ အားလုံးရှင်တာ ရှားပါတယ်။ တစ်နည်းနည်းနဲ့ ကြံဖန်သေကြတာပဲ။ သူတို့တွေ အရေအတွက် သိပ်မများလာအောင် ဒီလိုပဲ သဘာဝက သူ့နည်းသူ့ဟန်နဲ့ ဟန်ချက်ညှိထားသလားလို့တောင် ထင်ရတယ်။ (အများအားဖြင့်) တစ်ခါတစ်ကောင်ပဲပေါက်လေ့ရှိတဲ့ လူတွေလို သားဆက်ခြားမထားတော့ မွေးဖွားလာပြီးမှ ပြန်သေပေးရတဲ့ စနစ်ပေါ့။ ဘာမှတော့ မတတ်နိုင်ဘူး။ ရေနစ်နည်း၊ ကားကြိတ်နည်း၊ အအေးပတ်နည်း၊ မြွေပေါက်နည်း စသည် ဖွယ်ဖွယ်ရာရာပဲ။ ချင်းတိုင်းရင်းသားတွေ သတ်စားတာတောင် ခံရနိုင်သေးတယ်။ ဒါတွေကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့လို့ အရွယ်ရောက်လာတယ်ဆိုရင်လည်း မပူနဲ့ဦး၊ အမဲသားတုံးချကျွေးတဲ့နည်းလည်း ရှိသေးတယ်။ ဒီတော့လည်း ကျွန်တော့်မှာ သူတို့ တစ်ကောင်ချင်းစီရဲ့ ငတ်မွတ်မှုကို စိတ်ပူလို့ မရချင်တော့ဘူး။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေနိုင်တဲ့ကောင် ရှင်မှာပဲပေါ့။ ဆက်နင်းလာလိုက်တယ်။
အမေကလည်း ပိုလေးလာတယ်၊ ဒါမှမဟုတ် ကျွန်တော်ကပဲ Stamina လျော့နေတာလား မသိဘူး။ ရှေ့ကလာနေတဲ့ ကားကို ဂရုတစိုက် ရှောင်လိုက်တယ်။ ဖုန်မှုန့် သန်းပေါင်းများစွာ ကျွန်တော်တို့ နှာခေါင်းပေါက်တွေထဲ စုပြုံတိုးဝင်လာတယ်။ ကျွန်တော် နည်းနည်း စိတ်တိုသွားတယ်။ တခြားနိုင်ငံတစ်ခုမှာ နေခဲ့တုန်းကတော့ အဲဒီမြို့ရဲ့ လေထုထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ သတ္တုမှုန်လေးတွေ ပါဝင်နေတယ်၊ အဲဒါတွေက နာတာရှည် အဆုတ်ရောဂါ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို သတင်းစာထဲက ဖတ်မိလို့ ကျွန်တော် အတော်လေး ဒေါသထွက်ခဲ့သေးတာ။ ဘယ့်နှယ် အသက်ဆိုတာ မရှူလို့မှ မရတာ၊ ရောဂါအလိုလိုရနိုင်တဲ့ နေရာမှာ နေနေရတာ ဘယ်လိုလုပ်မလဲ။ အဲဒီနိုင်ငံက လူအချို့ကတော့ နင်ဂျာစတိုင်လ်နဲ့ နှာခေါင်းကို လက်ကိုင်ပ၀ါတွေနဲ့ စည်းထားတတ်ကြတယ်။ အဲဒီလိုစည်းပြီး ဆိုင်ကယ်အကြီးကြီးတွေ အမြန်မောင်းစီးသွားကြတာ ကြည့်လို့တော့ တမျိုးကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အများစုတော့ I don’t give a shit! ပါပဲ။ စိတ်တိုလို့ဝတော့ ငယ်ငယ်တုန်းကတော့ ငါဒီလိုပဲ၊ ဒီနေရာမှာပဲ နေခဲ့တာဆိုတဲ့ အတွေးဝင်လာတယ်။ မနေချင်လို့ ထွက်သွားခဲ့တာပဲ၊ တခြားနေရာမှာလည်း ဖုန်မှုန့်မဟုတ်ဘဲ သတ္တုမှုန့်နဲ့ တိုးတာပဲ။ မျက်စိနဲ့မမြင်ရလို့ ပိုလို့တောင် ဆိုးတယ်ဆိုရမယ်။ ဒီလိုတွေးလိုက်တော့မှ ဘ၀င်ကျသွားတယ်။ လက်ကျန်ဖုန်မှုန့်လေးတွေကို ကျွန်တော် စိတ်လိုလက်ရ ရှူလိုက်မိတယ်။
အတိတ်ကို ပြန်သတိရသွားနဲ့ ကျွန်တော်လည်း ဆယ်စုနှစ်တစ်ခုလောက် ရင်းနှီးဖူးခဲ့တဲ့ မြေနီလမ်းလေးကို ဂရုတစိုက်ကြည့်လာမိလိုက်တယ်။ အံ့သြစရာတော့ ကောင်းတယ်။ ကျွန်တော် မှတ်မိဖူးတဲ့ ကမူကလေးတွေတောင် သူ့နေရာနဲ့သူ နေသားတကျ ရှိနေဆဲပဲ။ ဘယ်နားမှာ ဂ၀ံ၊ ဘယ်နားမှာချိုင့်၊ ဘယ်နေရာကနေ စက်ဘီးနင်းရင် လမ်းချောတယ်ဆိုတာကအစ ပြောင်းလဲမသွားဘူး။ ကျွန်တော်လည်း မနေနိုင်တော့တာနဲ့ အမေ့ကို ဖွင့်ပြောပြလိုက်မိတယ်။ ဒီလမ်းကတော့ မပြောင်းလဲပါလား၊ သား ဟိုးအရင်က သိခဲ့တဲ့အတိုင်းပဲလို့ ကျွန်တော်က နောက်လှည့်ကြည့်ပြီးပြောလိုက်တော့ အမေက ကျွန်တော့်ကို အံ့သြသလို ကြည့်နေတာကို ကျွန်တော်ကိုယ်တိုင်ပြန်ပြီး တအံ့တသြတွေ့လိုက်ရတယ်။ ဘာကရော ပြောင်းလဲသွားလို့လဲတဲ့။ ကျွန်တော် ရုတ်တရက် အဖြေရှာမရဘူး။ ကျောင်းအုပ်ဆရာမကြီး ပင်စင်ယူသွားပြီလေ၊ ဆရာဆရာမတွေ အသစ်ပြောင်းသွားပြီလေလို့ ပြောရင်ကောင်းမလား။ ဒါဆိုရင်လည်း ကျောင်းက အရင်ကျောင်းပဲလို့ အမေက ပြန်ပြောချင်ပြောမှာ။ ခဏကြာတော့မှ သပြေခင်းလေ၊ ကျောင်းနောက်မှာ သပြေတွေနုနေတယ် မဟုတ်ဘူးလားလို့ ထင်သာမြင်သာရှိတာကို ကမန်းကတမ်း ပြောချလိုက်ရတယ်။ အမေ့ဆီကတော့ ဘာမှ ပြန်ပြောသံ မကြားရဘူး။ သပြေတွေ နုနေတော့လည်း သပြေနုချိန်ပေါ့၊ ဘယ်သူဘာပြောလို့ရဦးမှာလဲ၊ ဒါအမှန်တရားပဲလို့ တွေးနေမိတယ်။ အမေက နှုတ်ဆိတ်သွားလို့ ကျွန်တော့်ကို ထောက်ခံလိုက်တာများလားလို့ အတွေးဝင်မိသေးတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်ငယ်ငယ်က ကျောင်းသွားရင်း သိခဲ့ဖူးတဲ့ ကျောက်တုံးလေးတစ်တုံးကို ထပ်တွေ့ရလို့ သူ့ကို နှုတ်ဆက်တဲ့အနေနဲ့ ကျွန်တော်က စက်ဘီးနဲ့ တမင်တက်ကျိတ်လိုက်တယ်။ စက်ဘီးက ဆောင့်သွားတယ်။ ဒီတော့မှပဲ ဖြေးဖြေးနင်းပါဟဲ့ဆိုတဲ့ အသံ အမေ့ဆီက ပြန်ထွက်လာတယ်။ ဒါဆိုရင်တော့ အမေ ကျွန်တော့်ကို ထောက်ခံနေတာ မဟုတ်လောက်သေးဘူးလေ။
အမေကတော့ ဈေးထဲဝင်သွားတယ်။ ကျွန်တော်က အရိပ်ရတဲ့နေရာမှာ စက်ဘီးကိုရပ်ပြီး နောက်ဖက်လူတင်ခုံပေါ် ခွထိုင်ရင်း ဟိုကြည့်ဒီကြည့် လုပ်နေလိုက်တယ်။ ကျွန်တော့်ဘယ်ဘက်မှာ သစ်သီးဆိုင်ရှိတယ်၊ ညာဘက်မှာတော့ အမွှေးတိုင် ဖယောင်းတိုင် စသည် တိုလီမုတ်စတွေရောင်းတဲ့ လင်မယားရှိတယ်။ ဟိုဘက်က ငါးခြောက်ဆိုင်အောက်မှာတော့ ကြောင်ကလေးတစ်ကောင် ငါးခြောက်နံ့တွေကို ရှူရင်းဝပ်နေတာ တွေ့ရတယ်။ သူက နှိုက်တော့ မစားဘူး၊ ငြိမ်ငြိမ်လေးဝပ်နေတာပဲ။ ဆိုင်ရှင်ကလည်း သူ့ကို ဂရုမစိုက်ပါဘူး။ သူ့အဖြစ်ကို ထောက်ခံရမလား ရှုတ်ချရမလား ကျွန်တော် မဝေခွဲတတ်အောင်ပဲ။ အနံ့ရှူရနည်းလား´ နဲ့ စားလည်းမစားရပဲနဲ့ကွာ´ ဆိုတဲ့ အတွေးနှစ်ခု ပဋိပက္ခဖြစ်လာတာနဲ့ ကျွန်တော်လည်း သူ့ကို မျက်နှာလွှဲလိုက်တယ်။ ဟုတ်တယ်၊ ပဋိပက္ခကိုတော့ ကျွန်တော် အခုလောလောဆယ် မလိုလားသေးဘူး။ ငြိမ်းချမ်းရာ ရှာတာ ပိုကောင်းမယ်။ ရုတ်တရက်ဆိုသလိုပဲ ကျွန်တော့်အမြင်ထဲ ဖျပ်ခနဲ လျှပ်စီးလက်သွားတယ်။ ငြိမ်းချမ်းရာ ရှာကာမှ ငြိမ်းချမ်းရာမတွေ့ဘဲ အကွဲအပြဲ ပဲ တွေ့တယ်ဆိုရမယ်။ အကွဲအပြဲဆိုတာ အင်္ဂလိပ်စကားလုံး Cleavage နဲ့ အတော်နီးစပ်ပါလားလို့ အတွေးရောက်တော့ ကျွန်တော် ထိန်းမထားနိုင်တော့ပဲ တစ်ယောက်တည်း အားရပါးရ ပြုံးလိုက်မိတော့တယ်။ မြင်ကွင်းက ဘာမှ မထူးခြားပါဘူး၊ သစ်သီးဆိုင်မှာ ကောင်မလေးချောချောနှစ်ယောက် သစ်သီးဝယ်နေရုံပါ။ ဒါပေမဲ့ တစ်ယောက်က ကိုယ်ကိုကိုင်းပြီး သစ်သီးတွေ ရွေးနေတော့ ရင်ဘတ်က ဟနေတယ်။ ကျွန်တော့်ဆီက ကြည့်ရင်တော့ တန်းတန်းမတ်မတ်ပဲ။ ဒါမျိုးကျတော့လည်း ယစ်မူးချင်စရာကောင်းပြီး နူးညံ့ပျော့ပြောင်းတဲ့ အကွဲအပြဲပဲ ဖြစ်မယ်။
တစ်ဆက်တည်း အသစ်စက်စက် အကယ်ဒမီဆုရ မင်းသမီးကို သတိရလိုက်မိသေးတယ်။ ရုပ်ရှင်နယ်ပယ်က သက်ကြီးဝါကြီး ဆံဖြူဖြူအဘိုးကြီးတွေကို ၀မ်းသာအားရ ကိုင်းညွတ်နှုတ်ဆက်ရင်း ရင်ဘတ်ဟဟနေတာ ကျွန်တော် သတိထားမိတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ရင်းနှီးတဲ့မိသားစုတစ်စုနဲ့အတူ တီဗီက ကြည့်နေတာ။ ကောင်မလေးတွေလည်း ပါတယ်။ တစ်ယောက်က ဟယ် ရင်ဘတ်ကြီးက ဟိုက်လိုက်တာ၊ ဘယ်လိုဝတ်စုံကြီး ၀တ်ထားတာလဲလို့ ပြောလိုက်သံ ကြားရတယ်။ သမီးရဲ့ သင်ဆရာမြင်ဆရာတွေကို ကျေးဇူးနည်းနည်း (ပဲဖြစ်ဖြစ် ရသလောက်) ပြန်ဆပ်တာပါလို့ ကျွန်တော်လည်း ပြောလိုက်မိတယ်။ အဲဒီတုန်းက အားလုံးဝိုင်းရယ်ကြရသေးတယ်။ အခုတော့ ကျွန်တော်က တီဗီကကြည့်နေရတာမဟုတ်တော့ အကြည့်ကို ခပ်မြန်မြန် ရုတ်လိုက်တယ်။ ပြောလို့ရတာ မဟုတ်ဘူး၊ တချို့ကလည်း အတော်တဆမဟုတ်ဘဲ အဲဒီနည်းနဲ့ ချကျွေး တတ်တယ်ဆိုတာကို သတိရသွားလို့ပဲ။ တည်ခင်းဧည့်ခံတာကတော့ အရေးမကြီးဘူး၊ ဟိုကောင်တော့ ချကျွေးတာကိုမသိဘဲ အငမ်းမရပဲလို့ တွေးရင်တော့ ခံရခက်မှာ။ ဟုတ်မဟုတ် မသေချာပေမယ့် စိတ်ကိုလျှော့ပြီး ကျွန်တော့်စက်ဘီးဘေးက မြေကြီးပေါ်ကို ခေါင်းငိုက်စိုက် ငုံ့ကြည့်လိုက်တယ်။
ဒီတစ်ခုကတော့ လုံးဝ ထင်မှတ်မထားတဲ့ အရာပဲ။ ကြက်ဖကြီးတစ်ကောင် ကျွန်တော့်ဘေးမှာ ၀ပ်နေတယ်။ ရောက်စကတည်းက သူ့ကို ကျွန်တော် သတိမထားမိသေးဘူး။ ကျွန်တော့် လက်တစ်ကမ်းလောက်ပဲ ရှိမယ့် မြေပြင်ပေါ်မှာ ၀ပ်ရင်း သူ့က ကျွန်တော့်ကို ကြည့်နေတယ်။ ကြက်ဆိုတဲ့ သတ္တ၀ါကတော့ လူနဲ့ ဒီလောက် နီးနီးစပ်စပ် နေတတ်တဲ့ အမျိုး မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင် အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးတုန်းကတော့ ဖမ်းလို့ရခဲ့ပါတယ်။ ယဉ်တယ်ပဲ ပြောရမယ်။ ဒါပေမဲ့ သူခိုးကိုလည်း ယဉ်တော့ သူခိုးက သူတို့ကို မိုးပေးထားတဲ့ ကျွန်တော့်ထီးကိုပါ လစ်သွားတာ မှတ်မိနေတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်လူရှုပ်တဲ့ ဈေးထဲမှာ ကြက်ဖအရှင်ကြီးတစ်ကောင် ခပ်တည်တည်ဝပ်နေတာကတော့ ထူးဆန်းသလို ဖြစ်မိတယ်။ သူက အေးအေးဆေးဆေးပဲ သူ့အမွှေးတွေကို နှုတ်သီးနဲ့ ရှင်းလင်းသုတ်သင်နေတယ်။ ကျွန်တော်လည်း စိတ်ဝင်တစားနဲ့ သူ့ကို ကြည့်နေလိုက်မိတယ်။ လူတွေနဲ့ ယဉ်နေတာပဲလား၊ နာနေတာလား။ သူ့ပုံစံက တက်တက်ကြွကြွနဲ့မို့ နာနေတာတော့ မဖြစ်လောက်ဘူး။ ဒါဆိုရင်လည်း ဘာလို့ ဒီလောက်ထိ ယဉ်ကျေးလိမ္မာနေရတာလဲ။ သူ့ဘေးနားက လူတွေဟာ သူ့အသားကို စားတတ်မှန်း မသိလို့ပဲလား။ ကျွန်တော်သာသူ့နေရာမှာဆိုရင်တော့ အသားစားလူတွေနဲ့ လွတ်ရာကျွတ်ရာသွားပြီး ခပ်ဝေးဝေးမှာ အစာယက်နေမိမှာပဲ။ အချိန်အခါ ဟုတ်ဟုတ်,မဟုတ်ဟုတ် အောက်အီးအီးအွတ် ဘာညာ လျှောက်တွန်နေမှာပဲ။ ကိုယ်က ကြက်ဖလေ။ အခုတော့ သူ့ကိုလည်း ကျွန်တော် ဘယ်လိုသဘောထားရမလဲ မသိတော့ဘူး။ ယဉ်လိုက်တဲ့ ကောင်ကြီးကွာ´ နဲ့ တုံးလိုက်တဲ့ ကောင်ကြီးကွာ´ အတွေးနှစ်ခု ပဋိပက္ခဖြစ်လာပြန်တယ်။ အဲဒီအချိန်မှာပဲ အမေပြန်ရောက်လာတယ်။
ကျွန်တော်က စက်ဘီးကို ဒေါက်ဖြုတ်လိုက်တော့ ကြက်ဖကြီးက လန့်ပြီး မတ်တပ်ထရပ်လိုက်တယ်။ ဒီတော့မှ ကျွန်တော်လည်း နည်းနည်းကျေနပ်သွားတယ်။ အနည်းဆုံးတော့ ဒီကောင်ကြီး လန့်တတ်တယ်၊ ဖြစ်နိုင်ဖွယ်ရှိတဲ့ အန္တရာယ်အပေါ် တုံ့ပြန်မှုမပျောက်သေးဘူးလို့ ဆိုရမှာမဟုတ်လား။ အဲဒီအချိန်မှာပဲ ကျွန်တော့်အမြင်ထဲ ဖျပ်ခနဲ လျှပ်စီးလက်သွားတယ်။ ကြက်ဖကြီးရဲ့ခြေထောက်က တစ်ဖက်နိမ့်နေပြီး၊ ခြေချောင်းသုံးချောင်းရှိရမယ့်အစား တစ်ချောင်းက အရင်းက ပြတ်နေတယ်။ သွေးတော့မထွက်ဘူး၊ ဧကန္တ ဖြစ်တာကြာပြီထင်တယ်။ ဖြစ်မှဖြစ်ရလေ၊ သူ့မှာ ချိုင်းထောက်လည်းမပါဘူးလို့ တွေးလိုက်သေးပေမယ့် ချိုင်းထောက်ပါလည်း သူ့အတောင်ပံတွေနဲ့ ကိုင်လို့ဖြစ်တာမှ မဟုတ်တာ။ ငါ့အတွေးတွေကတော့ ကပျက်ကချော်တွေချည်းပဲလို့ တွေးလိုက်မိတယ်။ ဟယ်ကြက်ဖကြီးလို့ ပြောပြီး အမေက စက်ဘီးပေါ် အိခနဲ တက်ထိုင်ချလိုက်တယ်။ ခြေချောင်း ပြတ်နေတာကို အမေ မတွေ့လိုက်ဘူး။ စက်ဘီးနင်းထွက်လိုက်ရင်း ကျွန်တော်လည်း စဉ်းစားလာမိတယ်။ ခြေထောက်မသန်တဲ့ ကြက်ကို လူနားမှာနေလို့ ယဉ်တယ်၊ လိမ္မာတယ်လို့လည်း ပြောလို့မဖြစ်ဘူး။ တုံးတယ်လို့ ပြောဖို့ကျတော့လည်း ပိုလို့တောင် မသင့်သေးတယ်။ ဒါဆို သန်တဲ့ကြက်ဆိုရင်ရော၊ အနည်းဆုံးတော့ တစ်ခုခုကို စွပ်စွဲလိုက်လို့ရသေးတယ်။ ကျွန်တော်က အနောက်ဘက်ကို အသာငဲ့ပြီး ခုနက ကြက်ဖကြီးက လူတွေနားမှာပဲနေနေတယ်၊ ယဉ်နေတာလား၊ ဖမ်းစားခံရမှာ မသိလောက်အောင် တုံးတာလား မသိဘူးလို့ အမေ့ကို မေးကြည့်လိုက်တယ်။ ယဉ်နေတာ နေမှာပေါ့၊ နင့်ကြက်ဖတွေတုန်းကတောင် ဘယ်လောက် လိမ္မာလဲလို့ အမေက မဆိုင်းမတွ ပြန်ဖြေသံကြားလိုက်ရတယ်။ အဲဒီ ငတုံးတွေ သူခိုးနောက် ကောက်ကောက်ပါအောင် လိုက်သွားတာကိုတော့ အမေသတိရ ပုံမပေါ်ဘူး။ တနည်းအားဖြင့်တော့လည်း အမေ့အမြင်ဟာ ဆီလျော်တယ်လို့ဆိုရမှာပါပဲ။ ကြက်ဖကြီး လမ်းမလျှောက်နိုင်တာကို အမေမှ မသိပဲကိုး။ ကိုယ့်ရဲ့ အကန့်အသတ်နဲ့ မစွမ်းနိုင်မှုကို ဖုံးကွယ်ထားနိုင်ရင် အများအမြင်မှာ လိမ္မာယဉ်ပါးတယ် ထင်ရတယ်လို့ပဲ ကောက်ချက်ချလိုက်မိတယ်။
ကျွန်တော်လည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ စက်ဘီးကို ဆက်နင်းလာလိုက်တယ်။ ဒီတော့လည်း အမေက ကျွန်တော် သူ့အဆိုကို ၀န်ခံလိုက်တာပဲလို့ ထင်ချင်ထင်မှာ။ ရှေ့နားဆီမှာ ကျွန်တော်ငယ်ငယ်က မိတ်ဆွေဟောင်း ကျောက်တုံးကလေးကို အရင်လိုပဲ တွေ့ရပေမယ့် ဒီတစ်ခါ ကျွန်တော် တက်မကျိတ်ဖြစ်တော့ဘူး၊ အမေ့ကို လန့်မသွားစေချင်လို့။ စက်ဘီးကို ခပ်ဖြေးဖြေးပဲ နင်းလာလိုက်တယ်။ ဟုတ်တယ်လေ၊ ဘာလို့လောနေတော့မှာလဲ။ မကြာခင် ကျွန်တော်တို့တွေ သပြေနုချိန်ကို ရောက်တော့မှာ။ အရာရာမပြောင်းလဲသေးတဲ့ မြေနီလမ်းလေးအတိုင်း ဆက်နင်းရုံပေါ့။ ရှေ့က လမ်းကွေ့လေးဆီမှာတော့ ဖုန်တွေကြားထဲက ခွေး သားတစ်အုပ်မကို ကျွန်တော်ပြန်မြင်နေရပြီ။

တေဇာ (လရောင်လမ်း)
ဇန်န၀ါရီ၊ ၂၀၁၃
ဖတ်လို့ကောင်းတယ်။လက်ရှိ အခြေအနေနဲ့ ဆက်စပ်တွေးမိသွားတယ်။စာရေးသူရဲ့ ရည်ရွယ်လိုရင်းလည်း ဟုတ်ချင်မှ
ReplyDeleteဟုတ်မှာပေါ့လေ....၊ဟုတ်ချင်လည်း ဟုတ်နေမယ်ထင်တယ်.... :)))
ကျေးဇူးပါဗျာ။ :D
ReplyDeleteကိုယ့်ရဲ့ အကန့်အသတ်နဲ့ မစွမ်းနိုင်မှုကို ဖုံးကွယ်ထားနိုင်ရင် အများအမြင်မှာ လိမ္မာယဉ်ပါးတယ် ထင်ရတယ်လို့ပဲ ကောက်ချက်ချလိုက်မိတယ်။
ReplyDelete(ဖတ်ရတာ အရသာရှိလိုက်တာဗျာ။)
ကျေးဇူးပါ ကိုစိမ်းရေ။
ReplyDeleteကြိုက်တယ် တေဇာ..
ReplyDelete