Skip to main content

ခိုင်မြဲခြင်း

အေးပြီး၊ မွှေးနေတယ်
အကိုင်းထက်က ကျေးငှက်ကလေးတွေ တီတီတာတာ မြည်တယ်
ကြယ်ပွင့်ဖြူဖြူလေးတွေကို မြေပြင်အနှံကျဲချထားတယ်

သူ့အနားကို ရောက်လာတဲ့လူတွေ ပျော်မှာပဲ
သူ့သက်တမ်းကို မခန့်မှန်းနိုင်တော့ဘူး
သူ့ကြည့်ရတာ ရှင်သန်မှုအပေါ် ငြီးငွေ့ပုံမပေါ်ဘူး
သူ့ကြည့်ရတာ ရှင်သန်မှုအပေါ် စိတ်လှုပ်ရှားပုံမရဘူး

အခုလို မမှိတ်မသုန်နေထိုင်ဖို့ သူဘယ်လိုစိတ်ကူးရခဲ့သလဲ
သူ့ကြီးပြင်းမှုဟာ မျက်မြင်သက်သေမရှိလောက်အောင် သိုသိပ်လွန်းတယ်
သူဟာ စိတ်ရှည်လက်ရှည် တဖြည်းဖြည်း ထိုးထွက်နေခဲ့တယ်
သူ့အမြစ်တွေကို လျှို့ဝှက်စွာ ကျောက်ဆူးချထားခဲ့တယ်

အခုလည်းကြည့် သူမလှုပ်မယှက် ရပ်နေတယ်
လေတိုက်သလို အကိုင်းအခက်တွေကို ယိမ်းထိုးလိုက်ဖို့လည်း ၀န်လေးမှာမဟုတ်ဘူး
သူ့ရပ်တည်ချက်ကို ဘာအကြောင်းကြောင့်မှ ရွှေ့မပေးဘူးဆိုတာကိုလည်း ထုတ်ဖေါ်မပြောဘူး
သူ့အကြောင်းကို ဘာတစ်ခုမှ တိတိပပ မသိကြရဘူး

သူနဲ့ပတ်သက်ပြီး ပြောနိုင်တာတစ်ခုပဲ
သူရပ်နေတဲ့နေရာဟာ တစ်ကြိမ်တစ်ခါတုန်းက
ခရေစေ့တွင်းကျခဲ့တာလေး တစ်ခုပဲ။

တေဇာ (လရောင်လမ်း)

Comments

  1. ခရေစေ့တွင်းကျခဲ့တာလေးတခုပဲ :-)

    ReplyDelete

Post a Comment