Skip to main content

ပုရွက်ဆိတ်ပုံပြင်

ဖန်ပုလင်းလေး ရရချင်း ကျွန်တော် အဖျားဘက် ထွက်ခဲ့တယ်။ စပါးကျီ အနောက်ဖက် ကြက်တွေ အစာယက်နေတဲ့ မလှမ်းမကမ်းကနေ ရှာတွေ့တာ။ ဒီလို ဖန်ပုလင်းလေးကို ကျွန်တော် လိုချင်နေခဲ့တာ ကြာပြီ။ ပိုးသတ်ဆေးတစ်မျိုးမျိုး ဒါမှမဟုတ် ကြွက်သတ်ဆေး ထည့်ခဲ့တဲ့ ပုလင်းဟောင်းကလေး ဖြစ်နိုင်တယ်။ ပုလင်းကလေးက အတော်သေးတယ်။ အထဲမှာ ခြောက်နေတဲ့မြေကြီး တစွန်းတစကလွဲလို့ ဘာသဲလွန်စမှ မကျန်ဘူး။ ကျွန်တော်က ရေနဲ့ သေသေချာချာ ဆေးလိုက်တယ်။ ပြီးတော့ အခြောက်ခံထားလိုက်တယ်။ အထဲမှာ ရေတွေရှိသေးရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ အဖျားရောက်တော့ ကျွန်တော် ရင်နည်းနည်းခုန်နေတယ်။ ဧရာမစမ်းသပ်မှုကြီးတစ်ခု ပြုလုပ်တော့မယ့် သိပ္ပံပညာရှင်တစ်ဦးလိုပဲ။ ဒီအဖျားမှာ ကျွန်တော်တစ်ယောက်တည်း လာကစားနေကျ။ တစ်ယောက်တည်းကစားတယ်လို့ ဆိုရတာက ကျွန်တော့်မှာ ကစားမယ့်အဖေါ်မရှိလို့ပဲ။ ဝေးဝေးမသွားနဲ့ မြေးလေးဆိုတဲ့ အဘွားရဲ့အသံကို ကျွန်တော်သတိရလာတယ်။ ဒေါ်လေးတွေပြောတဲ့ ပရှူးခေါင်းဖြတ်ဆိုတာ ခေါင်းထဲဝင်လာတော့ ရင်ဒိတ်ခနဲ ခုန်သွားသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီစမ်းသပ်မှုကိုတော့ ပြီးမြောက်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ မှတ်မှတ်ရရ အဲဒီအချိန်တွေတုန်းက ကိုညီထွဋ်ရဲ့ ရွက်လွှင့်ခြင်းသီချင်း ခေတ်စားနေတဲ့အချိန်။ ကျွန်တော်က အလွန်ဝေးတဲ့ တောရွာလေး တစ်ရွာမှာ။ အမေက ရန်ကုန်မှာ။ အဖေက အင်းစိန်မှာ။

အဖျားက ကုက္ကိုပင်တန်းမှာ အမြဲတမ်းလိုပဲ လူတစ်ယောက်မှမရှိဘူး။ ဘေးပတ်လည်က လယ်ကွင်းစိမ်းစိမ်းတွေပေါ် နေကကျဲကျဲတောက်ပဲ။ အဝေးဆီမှာ ကျွဲအုပ်တွေကို အစက်အပြောက်လေးတွေလို မြင်ရတယ်။ (သရက်သီး) ပါးနီပင်တန်းကတဆင့် ကုက္ကိုပင်တန်းကို ကျွန်တော်ရောက်လာတယ်။ တစ်ခါတလေတော့ ဒီနားမှာ ကောက်ရိုးပုံကြီးတွေ ရှိနေတတ်တယ်။ အခုတော့ နောင်တစ်ချိန်ကောက်ရိုးဖြစ်မယ့် စပါးပင်တွေဟာ စိမ်းစိမ်းတောက်လို့ကောင်းတုန်းပဲ။ ခြံအဖျားမှာ မိုးရာသီဆို ကြံပင်တွေ၊ နွေရာသီဆို ပြောင်းပင်တွေ ရှိတတ်တယ်။ ကျွန်တော် ကုက္ကိုပင်ကြီးတစ်ပင်အောက်ရောက်လာတယ်။ ကျွန်တော့်ရည်ရွယ်ချက်က ကရင်နီတစ်ကောင်ကို အမိဖမ်းဖို့ပဲ။ ဘာကြောင့်မှန်းတော့မသိဘူး အပင်တွေအမျိုးစုံရှိတဲ့ကြားထဲမှာ ကရင်နီတွေက ကုက္ကိုပင်တွေမှာပဲ နေတတ်တယ်။ မာလကာပင်တချို့မှာ တစ်ခါတလေ တွေ့ရတတ်ပေမယ့် သူတို့ အတည်တကျနေတာမျိုးမဟုတ်ဘူး။ ကုက္ကိုပင်က အပွေးအခေါက်တွေ ကြားထဲမှာ ကရင်နီတွေ အများကြီးရှိတယ်။ ပုံမှန်ဆိုရင်တော့ ကရင်နီတွေကို ကျွန်တော် ဝေးဝေးရှောင်လေ့ရှိတယ်။ သူ့တို့ အမြီးက ချွန်မြနေတယ်၊ အဲဒါနဲ့ထိုးရင် အဆိပ်တက်တယ်။ နီရဲနေတဲ့ အဖုကြီး ထလာတတ်တယ်။ အခုတော့ ကျွန်တော်က ကရင်နီတစ်ကောင်ကို လိုအပ်နေတယ်။ ကရင်နီတစ်ကောင်ကို သတိကြီးကြီးထားပြီး တုတ်ချောင်းကလေးနဲ့ ပုလင်းထဲရောက်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့တယ်။ ပြီးတော့ ကျွန်တော် သရက်ခြံဘက် ထွက်လာခဲ့တယ်။

သရက်ပင်တွေကို အပိုင်စားထားတာကတော့ နီနီရဲရဲ ခါချဉ်ကောင်တွေပဲ။ သရက်ရွက်တချို့ကို သူတို့အစေးတွေနဲ့ ပူးကပ်ပြီး ခါချဉ်ထုပ်တွေ သပ်သပ်ရပ်ရပ် ဆောက်ထားလေ့ရှိတယ်။ မိုးတွင်းဘက်တွေဆိုရင် အဲဒီသူတို့ဘုံဗိမာန်ထဲမှာ မိုးလုံလေလုံ နေလေ့ရှိတယ်ထင်တယ်၊ အပြင်မှာ မတွေ့ရတတ်ဘူး။ သူတို့ရဲ့ ဗိသုကာအရည်အသွေးက စာပုတီးလေးတွေရဲ့ ရှည်မျောမျော အသိုက်ကလေးတွေလောက် အနုပညာမမြောက်ပေမယ့် ရှိပြီးသား သစ်ခေါက်တွေအောက် လိုက်တိုးနေတတ်တဲ့ ကရင်နီတွေထက်တော့ အများကြီးသာတယ်လို့ ပြောလို့ရတယ်။ တစ်ခါတလေ ခါချဉ်ထုပ်တွေကို ကျွန်တော်က လေးဂွနဲ့ အပျင်းပြေ လက်တဲ့စမ်းလေ့ရှိတယ်။ ခါချဉ်ထုပ်တွေ အများကြီးဆောက်ထားပေမယ့် ပင်စည်တွေ အကိုင်းတွေမှာလည်း သူတို့နဲ့ မကင်းဘူး။ အမြဲလိုလို လမ်းသလားနေတတ်လို့ သရက်သီးစားချင်ရင် လေးခွနဲ့ မှန်အောင် ချွေချနိုင်မှပဲ စားရတယ်။ ခါချဉ်တွေမှာ ကရင်နီတွေလို အဆိပ်တော့မရှိဘူး။ ဒါပေမဲ့ သူတို့က အင်အားအရမ်းများတယ်။ လေးငါးခြောက်ကောင်လောက် စုပြုံကိုက်လေ့ရှိတယ်။ ပြီးတော့ ကိုက်မိပြီဆို အသေခံပြီးကိုက်တာ၊ ဘယ်တော့မှ ပြန်လွှတ်လေ့မရှိဘူး။ ပွတ်ချေလိုက်မှပဲ ကိစ္စပြတ်တယ်။ သူတို့က စစ်သွေးကြွတွေနဲ့ တူတယ်။ ဘာပဲဖြစ်ဖြစ် ခါချဉ်ကိုကျတော့ ကျွန်တော် ကရင်နီလောက် မကြောက်လှဘူး။ သရက်ပင်စည်ပေါ်က ကံဆိုးတဲ့တစ်ကောင်ကို လက်နဲ့ ခပ်ဖွဖွဖမ်းပြီး ကျွန်တော့်လက်ကို ကိုက်ချိန်မရခင် ပုလင်းကလေးထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ အပေါ်မှာ သစ်ရွက်လေးနဲ့ ဖုံးထားလိုက်တယ်။

ကျွန်တော် ခဏလောက် အခြေအနေကို အကဲခတ်ကြည့်တော့ ကရင်နီနဲ့ခါချဉ်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မယ်ဆိုတဲ့ အပေါက်မျိုး ချိုးနေကြတယ်။ ခါချဉ်က ပုလင်းနံရံတွေပေါ်အထိ ၀ရုန်းသုန်းကား လျှောက်ပြေးနေတယ်။ ကရင်နီကတော့ ထွက်ပေါက်မရှိမှန်းသိသွားလို့လား မသိဘူး၊ သိပ်မပြေးတော့ဘူး။ သူက ခါချဉ်ကို စိတ်ဝင်စားပုံမရသေးဘူး။ ဘာပဲဖြစ်ဖြစ် မျက်စိနောက်လာရင်တော့ ဆုံးမတော့မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်။ ခါချဉ်တစ်ကောင် ကရင်နီတစ်ကောင်ဟာ ဘယ်လိုမှ မမျှတတဲ့ ယှဉ်ပြိုင်မှုလို့ ကျွန်တော်ထင်တယ်။ ဘယ်လောက်ပဲ တိုက်ရည်ခိုက်ရည် မြင့်မားပါစေ၊ အဆိပ်ရှိခြင်းနဲ့ မရှိခြင်းက အများကြီးစကားပြောတယ်။ နောက်ထပ် ကံဆိုးတဲ့ ခါချဉ် လေးကောင်လောက်ကို ကျွန်တော် ပုလင်းလေးထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ ပုလင်းကို နည်းနည်း ခလောက်လိုက်တယ်။ ကရင်နီဟာ ခါချဉ်တွေကို ရှောင်တာတောင် မလွတ်တော့ဘူး။ တချို့ခါချဉ်တွေက သူ့ကို ခလုတ်တောင် တိုက်သွားကြသေးတယ်။ နောက်ဆုံးတော့ ကရင်နီဟာ ခါချဉ်တစ်ကောင်ကို စကိုက်လိုက်တယ်။ ခါချဉ်တော်တော် အထိနာသွားပြီး လိမ်ဖယ်လိမ်ဖယ်ဖြစ်သွားတယ်။ ဒါပေမဲ့ ခါချဉ်တွေဟာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် မျိုးချစ် မျိုးစိတ်တွေပဲ။ ကျန်တဲ့ခါချဉ်တွေက ကရင်နီကို ၀ိုင်းပြီးကိုက်ကြတော့တယ်။ ကျွန်တော့်မျက်လုံးတွေ တလက်လက်တောက်လာခဲ့တယ်။ ပထမဆုံး အကိုက်ခံရတဲ့ ခါချဉ်လည်း တိုက်ပွဲထဲ ပြန်ပါလာတယ်။ သူတို့ ဇွဲနဘဲကြီးကြီးနဲ့ အချိန်အတန်ကြာ တိုက်ပွဲဖြစ်နေကြတယ်။ ကျွန်တော်က သူတို့ လေအလုံအလောက်ရအောင် သစ်ရွက်ကလေးကို ပြန်ဖယ်လိုက်တယ်။ ဘယ်သူမှ အပြင်ထွက်ဖို့ စိတ်ကူးမရှိကြတော့ဘူး။ နောက်ဆုံးတော့ ကရင်နီဟာ ခါချဉ်လေးကောင်လောက်ကို သတ်ပစ်ပြီးတော့ သူရဲကောင်းဆန်ဆန် ကျဆုံးသွားတယ်။ နောက်ဆုံးခါချဉ်ကတော့ ဒဏ်ရာဗရဗွနဲ့ သေလုမျောပါးအဆိပ်တက်နေတယ်။ သူ့မျက်လုံးတွေက ပွင့်နေတဲ့ပုလင်းဝကို မမြင်နိုင်တော့ဘူးဆိုတာ ကျွန်တော်သေချာတယ်။ ပရှူးခေါင်းဖြတ်မလာခင် ကျွန်တော်လည်း အဖျားကနေ အိမ်ရှိတဲ့ဘက်ကို ပုလင်းလွတ်ကလေးကိုင်ပြီး ပြန်ဝင်လာခဲ့တယ်။ အဲဒီနေ့က အိမ်ပြန်ရောက်တဲ့အထိ ကျွန်တော့်ပုလင်းလေး ဘောင်းဘီအိတ် အပေါက်ထဲကနေ တစ်နေရာရာမှာ ပြုတ်ကျကျန်ခဲ့တာ ကျွန်တော် မသိခဲ့ဘူး။

အဲဒီအဖြစ်အပျက်ကလေးကို ကျွန်တော် မကြာခဏ သတိရလေ့ရှိတယ်။ ဘာဖြစ်လို့လဲတော့ မသိဘူး၊ သတိရတဲ့အခါတိုင်း အပြစ်မကင်းစိတ်ကို ခံစားရတယ်။ ကျွန်တော့်ကြောင့် ပုရွက်ဆိတ်ခြောက်ကောင် အသက်ဆုံးရှုံးခဲ့ရလို့တော့ ဟုတ်ပုံမပေါ်ဘူး။ ကျွန်တော့်သွေးသားထဲမှာရှိနေခဲ့တဲ့ သူတစ်ပါး နာကျင်မှုကိုအရသာခံတတ်တဲ့ စိတ် (Sadism) ကို ဖြစ်ကောင်းဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပုရွက်ဆိတ်တိုက်ပွဲကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ အဲဒီအကြောင်းကို အခုလည်း ပြန်တွေးနေမိတယ်။ လောလောဆယ်တော့ အမေက ရန်ကုန်မှာ။ အဖေက ဒေလီမှာ။ ကျွန်တော်ကိုယ်တိုင်ကတော့ ပုလင်းကလေးတစ်လုံးထဲမှာ တစ်ယောက်တည်း၊ ကိုလေးဖြူရဲ့ အမဲလိုက်အကသီချင်းကို အမြဲနားထောင်နေတတ်တယ်။ ကျွန်တော့်ကို တစ်ယောက်ယောက်က အရသာခံကြည့်နေမယ်လို့ ကျွန်တော် မထင်ပါဘူး။

တေဇာ (လရောင်လမ်း)

Comments

  1. စိတ်ဝင်စားဖို့  ကောင်းတယ်။ အားလုံးလိုလိုက အချစ်၊ အမုန်း၊ မေတ္တာတရား စတာတွေကို ထပ်ဖန်တလဲလဲ ရေးသားနေချိန်မှာ၊ ဒီလို ရှားပါး ဝတ္တုကောင်းလေး ဖတ်ရလို့  ကျေးဇူး။

    မိုး

    ReplyDelete
  2. အရမ်းကောင်းတယ်နော်..ဖတ်ရင်းနဲ့မျှောသွားရအောင်ပါပဲ
    အားပေးသွားလျှက်
    ကောင်းသောနေ့လေးဖြစ်ပါစေ.

    ReplyDelete
  3. ဘယ်သူပြောလဲ အရသာခံမကြည့်ဘူးလို့....သူဖန်တီးတဲ့စာကို အရသာခံတယ်..ဈာန်ဝင်တယ်ဆိုတော့ အတူတူလောက်ပါပဲ. (ထင်တယ်)

    ထူးဆန်းတဲ့ တစ်ခုက သူတစ်ပါးနာကျင်တာကို အရသာ ခံတဲ့စိတ်...မြင်နေကျဖြစ်ပေမယ့် ကိုယ် နားမလည်နိုင်တာဆိုးတယ်။

    ReplyDelete
  4. ပုံပြင်က နောက်ကွယ် အဓိပ္ဗါယ် ရှိချင်လဲ ရှိမယ် မရှိချက်လဲ မရှိဘူး

    ကိုယ်ကတော့ ပုံပြင် နဲ့ ဆက်ဆိုင်တာပဲ ပြောပါမယ်

    ကောက်ရိုးပုံ ဆိုလို့ ဗန်ဂေါ့ ကို သတိရမိတယ် (ဗန်ဂိုး လို့ ခေါ်ကြတာလဲသူပဲ)

    ကိုယ်လဲငယ်ငယ်က ပုရွက် အနီတွေအမဲ တွေကိုကိုက်ခိုင်းလေ့ရှိတယ်

    ငယ်ဘဝ ကိုတောင် ပြန်သတိရမိသေး....ဆက်ဒစ်စ် ဖြစ်တာ ဂေလ်တီဖြစ်စရာလားအဲ့တာ စိတ်ခံစားချက် တရပ်သာသာပါပဲ

    ကိုယ်ဆိုရင် တခါတခါ ဆက်ဒစ်စ် ဖြစ်နေပေမယ့် တခါခါလဲ မက်ဆိုခစ်စ် ဖြစ်နေတတ်တယ် အဲ့တာဆို ဘယ်လိုခေါ်မလဲတောင် မသိတော့ဘူး တကယ်တော့ အဲ့ဒီ အချိန်မှာ ဖြစ်နေတဲ့ တဒင်္ဂ စိတ်ခံစားမှု သာသာပါ

    အဖေအမေရယ် ကျတော် ရောက်နေတဲ့ နေရာတွေကိုထည့်ရေး သွားတာ သဘောကျမိတယ်

    အရင်တခါ နန်းညီ တို့ နဲ့ စုထွက်တဲ့ အီးဘွခ် မှာ ပါတဲ့ မြွေ နဲ့အစားခံမယ့် အကောင် လိုပဲ ဒီဟာလေး ကိုလဲ သဘောကျမိတယ်

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ