Skip to main content

စိတ်ကြွပုံအဆင့်ဆင့်

[ ၁ ]


ဥက္ကလာဟိုမားကောင်စီ မြို့နယ်အ၀န်းအ၀ိုင်းအပြင်ဘက် တစ်မိုင်လောက်နားလေးမှာ စိုစွတ်နေတဲ့ မီးခိုးရောင်ဆွယ်တာအင်္ကျီနဲ့ ညစ်ထေးထေး ဂျင်းဘောင်းဘီဝတ်ထားတဲံ လူတစ်ယောက် ၈၁ လမ်း ကုန်းကျော်တံတားအပေါ်မှာ ရပ်နေတယ်။ အချိန်က နိုဝင်ဘာလရဲ့ နံနက်ခင်း၊ အရှေ့အရပ်ဆီမှာ နေကို မြင်ရရုံသာ ရှိသေးတယ်။ သူက အရိုးခိုက်နေတဲ့ အချမ်းဒဏ်ကို သက်သာအောင် လက်ဖ၀ါးနှစ်ဖက်ကို ပူးကပ်ပြီး ပွတ်နေမိတယ်။ ဆယ့်ရှစ်ဘီးကားကြီးတွေက အစုန်အဆန် မောင်းနှင်စပြုနေပြီ။ အရှေ့ဘက်ကို ဦးတည်နေတဲ့ ကုန်တင်ကားကြီးတွေဟာ ဥက္ကဟိုမားမြို့ထဲကို ၀င်ရောက်သွားကြပေမဲ့ သူတို့ ဘယ်ကလာခဲ့သလဲဆိုတာကိုတော့ ဘယ်သူသိနိုင်မှာလဲ။ ဒီကားကြီးတွေဟာ ၃၅ ဟိုင်းဝေးလမ်းမပေါ်ရောက်ပြီး တောင်ဘက်က ဒါးလက်စ် ဒါမှမဟုတ် ဟူစတန်မြို့တွေဆီကိုလည်း ရောက်သွားနိုင်တယ်။ မြောက်ဘက်ကျတော့ ကန်းဆက်စ်မြို့၊ အိုမားဟား ဒါမှမဟုတ် အမွှာမြို့တော်ကိုတောင် ခရီးပေါက်သွားချင်သွားမှာ။ အရှေ့ဘက်ကို ဆက်မောင်းသွားမယ်ဆိုရင်လည်း အခြားမြို့တွေကို ရောက်မှာပဲ၊ နေ့လယ်ခင်းလောက် ဆိုရင်ပေါ့။

အနောက်ဘက်ကို ဦးတည်သွားတဲ့ လမ်းမကြီးကို သူရွေးချယ်လိုက်တယ်။ အဲဒီလမ်းဘက်မှာက အခြားရွေးစရာလမ်းခွဲ သိပ်အများကြီးရှိမယ့်ပုံ မရဘူး။ အနောက်ကိုသွားတဲ့ ကုန်တင်ကားတွေဟာ လောက်လောက်လားလား တစ်ထောက်နားစရာနေရာရောက်ဖို့ အမာရီလိုမြို့ထိ တစ်ခါတည်းရောက်အောင် သွားရမှာ။ တစ်ခါတုန်းကတော့ အဲဒီလောက်ဝေးဝေးထိရောက်အောင် မိသားစုနဲ့အတူ သူသွားခဲ့ဖူးပါတယ်။ ဦးလေးတစ်ယောက် တက္ကဆက်မှာ လက်ထပ်ပွဲကျင်းပချိန် သူ့အသက်ဆယ့်သုံးနှစ်မတိုင်ခင်ကပေါ့။ အဲဒီတုန်းကတော့ အတော့်ကို ပျော်စရာပါပဲ။ အမာရီလို ရောက်တဲ့အချိန်မှာ မြောက်ဘက်စူးစူးက တောလမ်းကျဉ်းကလေးဆီ သူတို့ရောက်ခဲ့ပုံကို သူကောင်းကောင်း မှတ်မိနေသေးတယ်။ အဲဒီမှာ တကယ့်တောင်တွေ မရှိပေမယ့် သူ့စိတ်ထဲမှာ ကုန်းမြင့်ဒေသဆီတက်ခဲ့တယ်လို့တော့ ခံစားနိုင်နေတုန်းပဲ။ ဒါပေမဲ့ ဒူးမက်စ်ကို ပြန်ဆင်းလာခဲ့တော့ အနောက်ဥက္ကလာဟိုမားလိုပဲ ပြားချပ်ချပ် မြေနိမ့်ပိုင်းကို ပြန်ရောက်တော့တာပဲ။ 'ခပ်မြင့်မြင့် မြေပြန့်ပေါ့ကွာ' လို့ သူ့အဖေက ကားရဲ့ ရှေ့ထိုင်ခုံကနေ လှမ်းပြောခဲ့တယ်။
အဲဒီလို ပြားချပ်ချပ် အမြင့်ပိုင်းမျိုး ရှိလိမ့်မယ်လို့ သူတွေးတောင် မကြည့်ဖူးခဲ့ဘူး။

ကုန်းကျော်တံတားတစ်လျှောက် ခေါင်းငိုက်စိုက်ချ လျှောက်လာနေရင်း ပလက်စတစ်ဗူးတစ်ဗူး မြင်လိုက်တိုင်း သူ့ရင်ခုန်သံတွေ မြန်သွားတတ်ပေမဲ့ အထဲမှာ ကျင်ငယ်ရည်မပါလို့ ပြန်လွင့်ပစ်လိုက်ရတာနဲ့ချည်း ကြုံနေတယ်။ အခုလို ခရီးဝေးမောင်းရတဲ့ ကုန်တင်ကားဒရိုင်ဘာတွေဟာ အိပ်ပျော်မသွားအောင်လို့ စိတ်ကြွဆေးသုံးတတ်တယ်ဆိုတာ သူသိထားတယ်လေ။ ကားရပ်စခန်းမှာ ၀င်ရပ်ပြီး ကျန်းမာရေးကိစ္စအတွက် ဆယ့်ငါးမိနစ်ကြာမှာထက်စာရင် အများစုက ပလက်စတစ်ဗူးတွေထဲပဲ သေးကို အလွယ်တကူ ပန်းထည့်ပြီး ပြတင်းပေါက်က လွင့်ပစ်တတ်တယ်ဆိုတာလည်း သူက သိထားပြန်တယ်။ အခုလို တဆင့်ခံပြန်ရတဲ့ စိတ်ကြွဆေးက သုံးစွဲဖို့အတွက် အသန့်စားချည်းတော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ စိတ်ကြွဆေးပါတဲ့ ကျင်ငယ်ရည်ကောင်းကောင်း တစ်ခွက်သောက်လိုက်ရရင်ကို သူ့အတွက်က ငါးနာရီလောက် အဆင်ပြေနေတာပဲ။

ဆက်လျှောက်လာတုန်းမှာပဲ သူ့ဘယ်ဘက်လက်ပေါ်က အမာရွတ်ကို သူသွားနဲ့ကိုက်နေမိမှန်း သတိပြုမိသွားတယ်။ သူ ရုတ်တရက် သတိလွတ်သွားတဲ့အချိန်မှာ အဲဒီလို ဖြစ်တတ်တယ်။ သူ့လက်တွေကို အိတ်ကပ်ထဲ ထိုးထည့်လိုက်မိတယ်၊ ဒါပေမဲ့ စိတ်ကတော့ သူ့ကိုယ်ခန္ဒာက ဒဏ်ရာဒဏ်ချက်တွေအကြောင်း စဉ်းစားနေမိတယ်။ ဒီတော့လည်း သူ့နဖူးပေါ်က ခပ်ကြမ်းကြမ်းအကွက်ဆီ သူ့လက်က လှမ်းပြီး စမ်းမိသွားပြန်တယ်။ ငါ ဘာရုပ်ပေါက်နေပြီလဲလို့ သူ အတွေးဝင်သွားတယ်။ အိမ်ခြေရာမဲ့တစ်ယောက်များ ဖြစ်နေပြီလား၊ ဒီအခြေအနေမှာတော့ သူ့ကို ကလေကချေလို့ ပြောလို့ရနေတာပဲ။ အရင်အပတ်က သူ့ကောင်မလေး သူ့ကို ထားခဲ့တယ်၊ အဲဒါပြီး တစ်ပတ်တောင်မကြာဘူး သူတို့ လျှပ်စစ်မီး ဖြတ်တောက်လိုက်တယ်၊ နောက်ရက်အနည်းငယ်ကြာတော့ သူ့ကို ရေပါဖြတ်လိုက်တယ်။

[ ၂ ]

ဟိုဘာ့ထ်က အမျိုးတွေဆီမှာ နေမယ်ဆိုပြီး ကောင်မလေး ထွက်သွားတယ်၊ ဒါကလည်း အကြောင်းတွေတော့ ရှိတယ်။ တစ်အချက်ကတော့ သူ့လိုကောင်ကို မျက်စိရှေ့မှာ မြင်မနေရတော့အောင်ပေါ့၊ ကောင်မလေးမိဘတွေက သူတို့သမီး သူ့ထက် ရှစ်နှစ်ငယ်နေတဲ့အချက်ကို ဘယ်တုန်းကမှ သဘောကျခဲ့တာ မဟုတ်ဘူး။ နှစ်အချက်ကတော့ ကောင်မလေးအဖေက ရဲ၊ နှစ်ပတ်တစ်ခါ ဆေးစစ်ချက်ကို တာဝန်ယူထားတယ်။ ကောင်မလေးဟာ အရူးပဲ၊ သူ့မိဘတွေလည်း ဘာထူးလဲ။ သူတို့တွေ ဆိုးဆိုးရွားရွား အဆုံးသတ်သွားမှာလို့ သူသိနေတယ်။

ခေါင်းကိုက်နေတာက တဖြည်းဖြည်း ပိုဆိုးလာတယ်။ ကုန်းကျော်တံတားကို ဖြတ်ပြီး တစ်ဖက်ခြမ်းမှာ ရှာကြည့်ဦးမှလို့ သူ တွေးလိုက်တယ်။ ကားမောင်းခြင်းအနုပညာကို သူ လေးလေးနက်နက် စဉ်းစားကြည့်နေတယ်။ ဘယ်မောင်းကားနဲ့ ဒရိုင်ဘာတွေကျတော့ ဘယ်လိုလုပ်မလဲ။ သေးပုလင်းကို လွှင့်ပစ်ဖို့အတွက် လူတင်ခုံဘက်ကို ကုန်းကုန်းကွကွလုပ်ပြီး သူတို့ ပစ်ပါ့မလား။ ကားလမ်းကို အလျားလိုက် နှစ်ပိုင်းပိုင်းထားတဲ့ လမ်းလယ်ကျွန်းပေါ်က မြက်ခင်းဟာ ဖြစ်နိုင်ခြေပိုရှိတယ်။

မြက်ခင်းပေါ်မှာ တုံးလုံးလဲနေတဲ့ ပလက်စတစ်ပုလင်းလေးကို သူ မြင်လိုက်ရတယ်ဆိုရင်ပဲ သူ့ကို လမ်းလယ်ခေါင်မှာ မြင်ရလို့ ဟိုင်းဝေးလမ်းပတ္တရောင် က စစ်နေဦးမလား စဉ်းစားမိသွားတယ်။ အနားမှာ ၀န်းရံထားတဲ့ သက်မဲ့မြက်ပင်တွေဟာ သူအမြင်မမှားနိုင်တဲ့ ရွှေအိုရောင်ကျင်ငယ်ရည်တွေကို ဖုံးကွယ်လုနီးနီးဖြစ်နေတယ်။ ဒူးထောက်ထိုင်ချလိုက်ပြီး သူ ပုလင်းကို ကောက်ယူလိုက်တယ်။ နွေးတော့ မနွေးတော့ဘူး။ အို ဒါကဘာအရေးလဲလို့ သူ့ကိုယ်သူ အားပေးလိုက်တယ်။ စိုးရိမ်စိတ်နဲ့ မျှော်လင့်စိတ် ရောကြိုထားတဲ့ အတွေးတွေနဲ့ သူက ပလက်စတစ်ဗူးကို ဖျော်ရည်လို လှုပ်ရမ်းလိုက်တယ်။ အဖုံးကို ဖွင့်လိုက်ပြီးတော့ ဗူးကို သူ့နှာခေါင်းဆီကပ်လိုက်တယ်၊ ဒီထဲမှာ စိတ်ကြွဆေးပါမပါ စမ်းသပ်တဲ့နည်းရှိရင်တော့ ကောင်းမှာလို့ တောင့်တမိလိုက်တယ်။ တကယ်တော့ အဲဒီလိုနည်းမျိုးမရှိမှန်း သူသိပါတယ်။

တေဇာ (လရောင်လမ်း)
ဂျူလိုင် ၂၀၁၃
Gradation by Geoff Peck ကို ဆီလျော်သလို

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”