အမိန့်ကတော့ တိတိကျကျ ရှင်းရှင်းလင်းလင်းပါပဲ။ မြစ်ထဲမှာ ရေမချိုးရတဲ့။ တပ်စခန်းရဲ့အပြင်ဘက် မီတာနှစ်ရာ အကွာအဝေးဟာလည်း တပ်သားတိုင်းအတွက် ကန့်သတ်နယ်မြေဖြစ်သတဲ့။ ဒီလိုရှင်းလင်းနေမှတော့ ဒီအမိန့်ကို မှားယွင်းဘာသာပြန်တာမျိုး မရှိနိုင်တော့ဘူးပေါ့။ အမိန့်ကို ချိုးဖောက်မယ်ဆိုရင်တော့ ချိုးဖောက်သူဟာ စစ်ခုံရုံးအတင်ခံရပြီမှတ်။
ဒီအမိန့်ထုတ်ပြန်ချက်ကို ဗိုလ်မှူးဖြစ်သူကိုယ်တိုင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖတ်ပြခဲ့တာဖြစ်တယ်။ တပ်တစ်ခုလုံးကို ဆင့်ခေါ်ပြီး ဖတ်ပြခဲ့တာပါ။ ဌာနချုပ်ကလာတဲ့ အမိန့်တဲ့။ ပေါ့တီးပေါ့ပျက်သဘောထားရမယ့်ကိစ္စ မဟုတ်ဘူးတဲ့လေ။
သူတို့တပ်ဟာ မြစ်ကြီးရဲ့ဒီဘက်ကမ်းကို လွန်ခဲ့တဲ့သုံးပတ်လောက်က ရောက်ခဲ့တာဖြစ်ပြီး ဒီမှာပဲ တပ်စခန်းချဖြစ်ခဲ့ကြတယ်။ မြစ်ရဲ့ဟိုဘက်ကမ်းပေါ်မှာတော့ ရန်သူတွေရှိတယ်။ သူတို့အမြဲခေါ်လေ့ရှိတဲ့အတိုင်းဆိုရင်တော့ “တစ်ဘက်လူတွေ” ပေါ့လေ။
ဒီလိုနဲ့ပဲ လှုပ်လှုပ်ရှားရှားမရှိလှတဲ့ ရက်သတ္တပတ်သုံးခုကို သူတို့ဖြတ်သန်းခဲ့တာပါ။ ဒါပေမဲ့ အခြေအနေက ဒီအတိုင်းဆက်ပြီး ငြိမ်သက်နေမှာတော့ မဟုတ်ဘူး။ လောလောဆယ်မှာသာ အားလုံး ငြိမ်ငြိမ်သက်သက်ရှိနေတာပါ။
မြစ်ကမ်းနှစ်ဘက်စလုံးရဲ့ အတော်လှမ်းလှမ်းအကွာမှာ တောရှိတယ်။ အလွန်ထူထပ်တဲ့တောပေါ့။ အဲဒီတောရဲ့အလယ်မှာ ရန်သူ့တပ်စခန်းတွေရှိတယ်။
သူတို့ရရှိထားတဲ့ သတင်းအရဆိုရင် အဲဒီဘက်တောထဲမှာ “တစ်ဘက်လူတွေ” ရဲ့ တပ်ခွဲနှစ်ခုတောင် ရှိသတဲ့။ ဒါပေမဲ့ “တစ်ဘက်လူတွေ” ဟာ စတင်တိုက်ခိုက်ခြင်း မရှိသေးပါဘူး။ အင်းလေ၊ သူတို့ရဲ့ အကြံအစည်နဲ့ ရည်ရွယ်ချက်တွေကို ဘယ်သူကများ အတပ်ပြောနိုင်မှာလဲ။ အဲဒီကာလအတောအတွင်း စစ်တပ်နဲ့ရန်သူ နှစ်ဘက်စလုံးရဲ့ ကင်းပုန်းတွေကတော့ မြစ်ရဲ့ဟိုဘက်ဒီဘက် တောထဲမှာ ပုန်းအောင်းနေကြရတယ်။ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် အသင့်အနေအထားမျိုးနဲ့ပေါ့။
ရက်သတ္တပတ်သုံးခုတဲ့။ အဲဒီရက်သတ္တပတ်တွေဟာ တကယ်ပဲကုန်လွန်ခဲ့ပြီလား။ စစ်ကြီးစတာ နှစ်နှစ်ခွဲကာလရှိခဲ့ပြီ။ သို့ပေမယ့် အခုလိုငြိမ်သက်နေတာမျိုးကို ဒါပထမဆုံး သူတို့ ကြုံဖူးတာပဲ။
ဟောဒီမြစ်ကြီးဆီကို သူတို့ စရောက်ခဲ့စဉ်ကတော့ ရာသီဥတုက အေးတုန်းပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကစပြီး ရာသီဥတုဟာ ကြည်လင်လာခဲ့တယ်။ နွေဦးကာလကို ရောက်ပါပြီ။
မြစ်ကြီးဆီကို ပထမဆုံး တိုးတိုးတိတ်တိတ်သွားခဲ့သူကတော့ တပ်ကြပ်ကြီးတစ်ယောက်ပါပဲ။ တစ်မနက်ခင်းမှာ သူဟာ မြစ်ဆီကို တိတ်တိတ်လေးသွးပြီး ရေထဲကို ဒိုင်ပင်ထိုးချလိုက်တယ်။ ခဏအကြာမှာပဲ ကမ်းပေါ်သူပြန်တက်လာတယ်။ သူ့ရဲ့နံရိုးတွေကြားထဲမှာတော့ ကျည်ဆံနှစ်တောင့်က ၀င်ရောက်နေခဲ့ပြီ။ သူဟာ နောက်ထပ်နာရီအနည်းငယ်သာ အသက်ဆက်ရှင်နိုင်ခဲ့ပါတယ်။ နောက်တစ်နေ့မှာ နောက်ထပ်တပ်သားနှစ်ယောက် မြစ်ထဲကို ဆင်းပြန်တယ်။ သူတို့နှစ်ယောက်ကိုလည်း ဘယ်သူမှ နောက်ထပ်မမြင်နိုင်တော့ပါဘူး။ စက်သေနတ်ပစ်သံတွေကို ဆူညံနေအောင် ကြားခဲ့ရတယ်။ အဲဒီနောက် တိတ်ဆိတ်ခြင်းအတိ။
အဆိုပါဖြစ်ရပ်တွေအပြီးမှာ ဌာနချုပ်ကထုတ်ပြန်တဲ့အမိန့် ရောက်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မြစ်ကြီးဟာ အကြီးအကျယ်ဆွဲဆောင်မှုရှိတဲ့ အရာတစ်ခုအနေနဲ့ တည်ရှိဆဲ။ မြစ်ထဲကရေတွေ စီးဆင်းတဲ့အသံကို သူတို့ကြားရတယ်။ အဲဒီရေတွေဟာ သူတို့ အလွန်တပ်မက်တဲ့ အရာတွေပေါ့။ လွန်ခဲ့တဲ့ နှစ်နှစ်ကာလအတွင်း ညစ်ပတ်ခြင်းနဲ့ နွမ်းနယ်ခြင်းတို့က သူတို့ကို စားသောက်ပစ်ခဲ့တယ်။ ပျော်စရာကောင်းတဲ့အရာ မှန်သမျှကိုလည်း သူတို့ မေ့လျော့သွားကြပါပြီ။ အခုတော့ ဒီမြစ်ကြီးနဲ့သူတို့ တွေ့ဆုံကြုံကြိုက်ကြပြီ။ ဒါပေမဲ့ ဌာနချုပ်ကလာတဲ့အမိန့်က ရှိသေးတယ်…။
[ ၂ ]
“ဌာနချုပ်ကလာတဲ့ အမိန့်တဲ့လား။ အလကား အရေးမပါတာ”
အဲဒီညက အံကြိတ်ပြီး သူ အဲဒီလိုညည်းတွားမိတယ်။ သူဟာ အိပ်ယာထဲမှာ ဟိုဘက်လူးလိုက်၊ ဒီဘက်လှိမ့်လိုက်နဲ့ လုပ်နေခဲ့မိတယ်။ သူလုံးဝ အိပ်မရဘူး။ အဝေးကမြစ်ရေစီးသံကို သူ ကြားနေရပါတယ်။ သူ့ကို အိပ်စက်အနားယူခွင့် မပေးတဲ့အရာကလည်း အဲဒီမြစ်ရေစီးသံပါပဲ။
မနက်ဖြန်ဆိုရင်တော့ သူ မြစ်ထဲကိုဆင်းမယ်။ ဟုတ်တယ်၊ အသေအချာကို ဆင်းမယ်။ ဌာနချုပ်ကလာတဲ့ အမိန့်တွေ ဘာတွေကိုလည်း နားမလည်တော့ဘူး။
တခြားတပ်သားတွေကတော့ အိပ်မောကျနေခဲ့တာပေါ့။ သူ့မှာသာ အိပ်မရဖြစ်နေတာ။ ဒါနဲ့ နောက်ဆုံးတော့ သူလည်း အိပ်ပျော်သွားတော့တာပါပဲ။ အဲဒီညက သူ အိပ်မက်မက်တယ်။ အိပ်မက်က အိပ်မက်ဆိုး။ အိပ်မက်ထဲမှာ သူ ပထမဆုံးမြင်လိုက်ရတာက မြစ်ကြီးတစ်စင်း။ မြစ်ကြီးက သူ့အရှေ့မှာ လဲလျောင်းစီးဆင်းပြီး သူ့အလာကို စောင့်နေလေရဲ့။ သူကိုယ်တိုင်ကလည်း ကမ်းပေါ်မှာ အ၀တ်ဗလာနဲ့။ ဒါပေမဲ့ မြစ်ထဲကို သူ ခုန်မဆင်းဖြစ်ခဲ့ဘူး။ မမြင်နိုင်တဲ့လက်တစ်ဖက်က သူ့ကို ဆွဲထားသလို ခံစားရတယ်။ အဲဒီနောက် မြစ်ကြီးဟာ မိန်းမတစ်ယောက်အဖြစ် အသွင်ပြောင်းသွားတယ်။ ခန္ဓာကိုယ်တောင့်တောင့်၊ အသားမည်းမည်းနဲ့ မိန်းမငယ်တစ်ယောက်ဖြစ်သွားတယ်။ မြက်ခင်းပေါ်မှာ အ၀တ်ဗလာနဲ့လဲလျောင်းပြီး သူ့ကိုစောင့်မျှော်နေလေရဲ့။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာလည်း မိန်းမငယ်ရှိရာဆီ သူ,မလှမ်းမိဘူး။ မမြင်ရတဲ့လက်တစ်ဖက်က သူ့ကို လှမ်းဆွဲထားတယ်လို့ ခံစားရဆဲပဲ။
မောဟိုက်စွာနဲ့ သူ အိပ်မက်က လန့်နိုးလာတယ်။ အပြင်မှာ အလင်းရောင်မရှိသေးပါဘူး။
[ ၃ ]
မြစ်ကမ်းပေါ် သူရောက်သွားတဲ့အခါ သူ မတ်တပ်ရပ်ပြီး မြစ်ကို ငေးကြည့်တယ်။ သြော်.. မြစ်ကြီး။ ဒါဖြင့်ရင် ဒီမြစ်ကြီးဟာ အမှန်တကယ်တည်ရှိနေတဲ့ ဟာကြီးပေါ့။ သူဟာ ဆက်လက်မတ်တပ်ရပ်ပြီး မြစ်ကြီးဟာ အမှန်တကယ်တည်ရှိတဲ့ အရာလား၊ ဒါမှမဟုတ် သူတို့အားလုံးက အာရုံမှောက်မှားပြီး တကယ်မရှိတာကို ရှိတယ်လို့ထင်နေကြတာလား စသည်ဖြင့် နာရီအတော်ကြာအောင် တွေးတောနေခဲ့ပါတယ်။
တစ်နေ့မှာတော့ အခွင့်အရေးတစ်ခုကို သူ, ရခဲ့တယ်။ ဒါနဲ့ သူဟာ မြစ်ကြီးဆီ သုတ်ခြေတင်ပါတယ်။ အဲဒီတုန်းက မနက်ခင်းဟာလည်း အံ့မခန်း လှပနေခဲ့တာပေါ့။ ကံကောင်းထောက်မလို့ သူတို့ သူ့ကို ခြေရာမခံမိကြဘူးဆိုရင် အနိပ်ပဲပေါ့။ တကယ်တော့လည်း သူ့အနေနဲ့က ရေထဲကို ဒိုင်ဗင်ပစ်ပြီး အားပါးတရကူးခွင့်သာ ရခဲ့မယ်ဆိုရင် ဘာတွေပဲဖြစ်လာပါစေ သူမမှုပါဘူး။
အ၀တ်တွေကို ကမ်းပေါ်က သစ်ပင်တစ်ပင်အနားမှာ သူပုံလိုက်တယ်။ ရိုင်ဖယ်သေနတ်ကိုလည်း သစ်ပင်ရင်းမှာမှီပြီး ထောင်ထားလိုက်တယ်။ အဲဒီနောက် တစ်စုံတစ်ယောက်များ သူ့ကို မြင်သွားမလားဆိုတဲ့အတွေးနဲ့ ကျောဘက်ကိုလှည့်ပြီး နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်တယ်။ “တစ်ဘက်လူတွေ” ရဲ့ ကမ်းဘက်ကိုလည်း နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်တယ်။ ပြီးတော့မှ ရေထဲကို ခုန်ဆင်းလိုက်တယ်။
အဲဒီအချိန်ကစလို့ သူ့ရဲ့ ၀တ်လစ်စလစ် ခန္ဓာကိုယ်ဟာ ရေထုထဲကို ၀င်ရောက်သွားပါတော့တယ်။ နှစ်နှစ်ခွဲလောက် ညှင်းပမ်းနှိပ်စက်ခံထားရတဲ့ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာနှစ်ခုထားရစ်ခဲ့တဲ့ အမာရွတ်တွေ ရှိတယ်။ အခုအချိန်မှာတော့ ခန္ဓာကိုယ်အသစ်နဲ့လူလို သူ ခံစားမိလာတယ်။ လက်တစ်ဖက်က သူ့ခန္ဓာကိုယ်ကို ရေမြှုပ်တစ်စနဲ့ပွတ်တိုက်ပြီး ခန္ဓာကိုယ်ပေါ်က နှစ်နှစ်ခွဲဆိုတဲ့ အချိန်ကာလကို ရေနဲ့အတူ သပ်ချလိုက်သလိုမျိုးပေါ့။
သူဟာ ပက်လက်အနေအထားနဲ့ရော မှောက်လျက်အနေအထားနဲ့ပါ ရေကူးတယ်။ ရေစီးကြောင်းထဲမှာလည်း သူ့ကိုယ်သူ မျောပါစေတယ်။ ဒိုင်ပင်အရှည်ကြီးတွေလည်း ထိုးချတယ်။
အခုဆိုသူဟာ ကလေးလေးတစ်ယောက်လို ဖြစ်နေပြီပေါ့။ တကယ်တော့လည်း သူ့အသက်က (၂၃) နှစ်သာ ရှိသေးတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲကာလဟာ သူ့စိတ်ထဲမှာ နက်ရှိုင်းတဲ့အမာရွတ်တွေကို ထားရစ်ခဲ့တယ်။
မြစ်ကမ်းရဲ့ ဘယ်ဘက်ညာဘက်တွေမှာ ငှက်တွေက ဟိုဟိုဒီဒီ ပျံသန်းလို့နေတယ်။ တစ်ခါတစ်ရံ သူ့ခေါင်းပေါ်ကတောင် ပျံသန်းပြီး သူ့ကို နှုတ်ဆက်သွားသေးရဲ့။
တစ်ကြိမ်မှာ ရေစီးကြောင်းအတိုင်းရွေ့လာတဲ့ သစ်ကိုင်းတစ်ခုက သူ့အရှေ့ကို မျောလာတယ်။ သူက ဒိုင်ဗင်ထိုးပြီး သစ်ကိုင်းဆီကိုရောက်အောင် ကြိုးစားတယ်။ ရောက်လည်းရောက်သွားခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကြီးက သစ်ကိုင်းရဲ့ဘေးမှာ ဘွားခနဲပေါ်လာခဲ့တာပေါ့။ သူ အတော်ကိုပျော်ရွှင်နေခဲ့တာ။ အဲ.. တစ်ချိန်တည်းလိုလိုမှာပဲ လူဦးခေါင်းတစ်ခုကို သူ့ရဲ့အရှေ့ဘက်မှာ မြင်လိုက်ရတယ်။
ရေကူးတာကိုခဏရပ်လိုက်ပြီး ပိုလို့ ရှင်းရှင်းလင်းလင်းမြင်ရအောင် သူကြိုးစားကြည့်တယ်။ အဲဒီလူကလည်း သူ့ကိုမြင်သွားတာမို့ ရေကူးတာကိုခဏရပ်ပြီး သူ့ကို အကဲခတ်တယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်ကြတယ်။
ချက်ချင်းဆိုသလိုပါပဲ၊ သူဟာ သူ့ရဲ့ မူလစိတ်သဘာဝဆီ ပြန်လည်ပူးကပ်သွားတယ်။ စစ်ကြီးကို နှစ်နှစ်ခွဲလောက်ကြုံတွေ့ခဲ့ရတဲ့ စစ်သားတစ်ယောက်ရဲ့စိတ်။ တပ်မတော်ကချီးမြှင့်တဲ့ ကြက်ခြေခတ်သဏ္ဌာန် ဆုတံဆိပ်ကို ရရှိထားသူ စစ်သားတစယောက်ရဲ့စိတ်၊ စတဲ့စိတ်တွေက သူ့ရင်ထဲကို ပြန်လည်ဝင်ရောက်လာတယ်။
သူနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ငနဲဟာ သူတို့တပ်ထဲကလား၊ ဒါမှမဟုတ် “တစ်ဘက်လူတွေ” ရဲ့ တပ်ထဲကလားဆိုတာကို သူ, မခွဲခြားနိုင်ပါဘူး။ ဘယ်ခွဲခြားနိုင်ပါ့မလဲ၊ သူမြင်ရတာ ဦးခေါင်းတစ်ခုတည်းပဲဥစ္စာ။ ဒီတော့ ဦးခေါင်းဟာ သူတို့ရဲ့တပ်ထဲက လူတစ်ယောက်ရဲ့ခေါင်းဖြစ်နိုင်သလို “တစ်ဘက်လူတွေ” ထဲက တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းလည်း ဖြစ်နိုင်တယ်။
[ ၄ ]
မိနစ်အနည်းငယ်ကြာတဲ့အထိ သူတို့နှစ်ယောက်စလုံး ရေထဲမှာ မလှုပ်မယှက်ရှိနေခဲ့တယ်။ ခဏနေတော့ နှာချေသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုဖျက်ပစ်လိုက်တယ်။ နှာချေလိုက်တဲ့သူက သူကိုယ်တိုင်ပါပဲ။ နှာချေပြီးတဲ့အခါ သူ့အလေ့အထအတိုင်း အသံခပ်ကျယ်ကျယ်နဲ့ သူ ဆဲရေးလိုက်တယ်။ ဒီအခါ သူ့အရှေ့ကငနဲဟာ ရန်သူတွေရှိရာ ဟိုဘက်ခြမ်းဆီကို အလျင်အမြန်ကူးခတ်သွားတယ်။ သူကိုယ်တိုင်လည်း အချိန်ဖြုန်းမနေတော့ဘဲ ခွန်အားကို အမြင့်ဆုံးအသုံးချပြီး သူ့ရဲ့တပ်ရှိရာ ဒီဘက်ကမ်းကို ပြန်ကူးလာခဲ့တယ်။ ကမ်းပေါ်ကို သူ အရင်ရောက်တယ်။ သူ့ရဲ့ရိုင်ဖယ်ရှိရာ သစ်ပင်ဆီသွားပြီး သေနတ်ကိုသူဆွဲယူလိုက်တယ်။ ရန်သူဘက်ကလူဟာဖြင့် အခုမှ ကမ်းပေါ်ကိုတက်ဖို့ ကြိုးစားနေတုန်း။ ကမ်းပေါ်ကိုရောက်တော့ သူလည်း သူ့ရိုင်ဖယ်သေနတ်ရှိရာဆီ ပြေးသွားလေရဲ့။
သူကတော့ သူ့ရဲ့ရိုင်ဖယ်ကိုပင့်လိုက်ပြီး ဟိုငနဲကိုချိန်ထားလိုက်တယ်။ အဲဒီငနဲရဲ့ခေါင်းထဲကို ကျည်တစ်တောင့်ပစ်ထည့်လိုက်ဖို့ဆိုတာ သူ့အတွက် လွယ်လွယ်လေးပဲ။ မီတာနှစ်ဆယ်အကွာမှာ အ၀တ်မပါဘဲပြေးလွှားနေတဲ့ရန်သူဟာ သူ့အဖို့ အင်မတန်လွယ်ကူတဲ့ ပစ်မှတ်တစ်ခုသာ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ညှိုးခလုတ်ကို သူ, မဆွဲဖြစ်သေးပါဘူး။ တစ်ဘက်ကလူဟာ တစ်ဘက်ကမ်းပေါ်မှာ မိမွေးတိုင်းဖမွေးတိုင်းနဲ့၊ သူကိုယ်တိုင်လည်း ဒီဘက်ကမ်းပေါ်မှာ အ၀တ်ဗလာနဲ့။
လက်ညှိုးခလုတ်ကို သူ, မဆွဲဖြစ်သေးဘူး။ နှစ်ယောက်စလုံးဟာ ၀တ်လစ်စလစ်နဲ့မို့ ၀တ်လစ်စလစ်နဲ့ လူနှစ်ယောက်ပေါ့။ အ၀တ်ဆိုတာမရှိ။ နာမည်ဆိုတာမရှိ။ လူမျိုးဆိုတာလည်းမရှိ။ ကာကီရောင်ဝတ်အတ္တဘ၀တွေလည်းမရှိ။ ဘာဆိုဘာမှမရှိတဲ့ လူနှစ်ယောက်။
လက်ညှိုးခလုတ်ကို သူ, မဆွဲဖြစ်သေးဘူး။ အခုဆို မြစ်ကြီးဟာလည်း သူတို့နှစ်ယောက်ကို မပိုင်းခြားနိုင်တော့ဘူး။ တစ်ဘက်ကနေ ဆင်ခြင်ကြည့်ရင် ဒီမြစ်ကြီးကတောင် သူတို့နှစ်ယောက်ဆုံဖြစ်ဖို့ ဖန်တီးခဲ့တာမဟုတ်လား။
လက်ညှိုးခလုတ်ကို သူ, မဆွဲသေးဘူး။ တကယ်တော့ “တစ်ဘက်လူ” ဆိုတဲ့ ငနဲဟာလည်း သူ့လို လူသားတစ်ယောက်ပဲ မဟုတ်လား။
ရိုင်ဖယ်သေနတ်ကို သူ အောက်ပြန်ချလိုက်တယ်။ ခေါင်းကိုလည်း အောက်ငုံ့ထားလိုက်တယ်။ ဒီလိုနဲ့ အဆုံးထိ ဘာကိုမျှ သူ, မမြင်တွေ့တော့ပါဘူး။ တစ်ဖက်ကမ်းပေါ်က သေနတ်ပစ်သံတွေ ပေါ်လာတဲ့အခိုက် ငှက်တစ်ချို့ ကြောက်လန့်တကြား ပျံသန်းသွားတာကိုပဲ သူဖျတ်ကနဲ တွေ့လိုက်ရတယ်။ အဲဒီနောက် သူ လဲကျသွားတယ်။ ပထမဆုံးအနေနဲ့ သူ့ရဲ့ ဒူးတွေ ကွေးကျသွားတယ်။ နောက်ဆုံးတော့ မြေကြီးပေါ်မှာ မှောက်လျက်သား…။
~ မောင်ဒေး
*************************************
ဂရိနိုင်ငံ၏ အထင်ရှားဆုံး စာရေးဆရာများအနက်မှ တစ်ယောက်ဖြစ်သည့် Antonis Samarakis သည် ၀တ္ထုတို၊ ၀တ္ထုရှည်များစွာကို ရေးသားခဲ့သူဖြစ်သည်။ သူ၏ ၀တ္ထုများကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးပြီး ဖြစ်သည်။ သူသည် စာပေထူးချွန်ဆုများကိုလည်း ရခဲ့၏။
~ စတိုင်သစ်၊ ဖေဖော်ဝါရီ ၂၀၀၅
Comments
Post a Comment