အဲလ်ဖရက် တဲင်နစ်ဆင် Alfred Tennyson (၁၈၀၉-၉၂) ဟာ ၁၈၈၉ ခုနှစ်၊ သူ့အသက် ရှစ်ဆယ်အရွယ်မှာ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။
အဲလ်ဖရက် တဲင်နစ်ဆင် Alfred Tennyson (၁၈၀၉-၉၂) ဟာ ၁၈၈၉ ခုနှစ်၊ သူ့အသက် ရှစ်ဆယ်အရွယ်မှာ ကဗျာတစ်ပုဒ်ရေးခဲ့ပါတယ်။ ဒီကဗျာကို ရေးချင်နေတာကတော့ ကြာပြီ။ ချရေးလိုက်တော့ မိနစ်နှစ်ဆယ်လောက်ပဲ ကြာတယ်။ ရေးပြီးတော့ သူ့သား ဟဲလယ်(မ)ကို ပြတယ်။ အဲဒီကဗျာကို သူ့ကဗျာပေါင်းချုပ်တွေ ထုတ်ဝေတိုင်း နောက်ဆုံးကဗျာအဖြစ် ဖော်ပြပေးဖို့လည်း မှာထားခဲ့တယ်။ ဟဲလယ်(မ)ကတော့ ဒီကဗျာဟာ သူ့အဖေရဲ့ ကဗျာဆရာအဖြစ် ဖြစ်ရှိနေခဲ့ရခြင်းအကြောင်းပဲလို့ ဆိုတယ်။
ဒီကဗျာကို အင်္ဂလန်နိုင်ငံနဲ့ ရေခြားမြေခြား အိုင်း(လ)ဆော့(ဖ)၀ိတ် Isle of Wight ကို ကူးတို့နဲ့အကူးမှာ ရေးတာလို့ဆိုတယ်။ ဒါပေတဲ့ တဲင်နစ်ဆင်ဟာ ဒယ်ဗွန်တောင်ပိုင်း South Devon မှာ နားနားနေနေ သွားနေတတ်တယ်။ အဲဒီဆီက ဆလ်ကုမ်း Salcombe မြစ်ဘက်က ပင်လယ်အထွက်မှာ ကြုံရတတ်တဲ့ သဲခုံတာ Sand bar တွေကို တွေ့ပြီး၊ ဘ၀နဲ့ယှဉ်ပြီး အတွေးရခဲ့တာလို့လည်း ဆိုတယ် (Bar လို့ဆိုတာက Sand bar ကို ဆိုလိုတာပါ။ မြန်မာလိုတော့ သဲခုံတာလို့ ခေါ်လေ့ရှိတယ်)။ ပင်လယ်ရဲ့ရေစီးကြောင်းနဲ့ မြစ်ရဲ့ရေစီးကြောင်း ဆုံတဲ့နေရာမျိုးမှာ ပေါ်တတ်တဲ့ သဲခုံတာတွေပဲ။ ရေတက်ရေကျမှာ ရေတိုးတော့ ညည်းသံလို ထွက်တတ်တယ်။ ရေလုပ်သားတွေက အဲဒီလိုညည်းသံမျိုးကြားရရင် ကံမကောင်းဘူး၊ လာဘ်မကောင်းလို့ အဲဒီဘက်မှာ အယူရှိတာကို တဲင်နစ်ဆင် ကြားဖူးနားဝ ရှိလိမ့်မယ်။ တဲင်နစ်ဆင်ဟာ သဲခုံတာကိုဖြတ်ပြီး သွားလာနေရတဲ့ ကူးတို့သင်္ဘောကိုကြည့်ပြီး ဘ၀နဲ့ဆက်စပ် ကဗျာဖွဲ့ခဲ့တာပဲ။ ကဗျာကို နေ၀င်ချိန်မှာ ဖွဲ့ထားတယ်။ ဘ၀နေ၀င်ချိန်နဲ့ ချိန်ထိုးကြည့်ဖို့ပဲ။ ခပ်လွယ်လွယ် အရပ်စကားနဲ့ဆိုရရင်တော့ သူသေမယ်ဆိုတဲ့အခါ အေးအေးချမ်းချမ်းသေချင်တယ်ဆိုတဲ့ သဘောလည်းပါတယ်။ ပညာရှင်တစ်ယောက် (James D. Kissane) ကတော့ သေခြင်းတရားကို မသိခြင်းအတွင်းကိုသွားတဲ့ ခရီးနဲ့ အိမ်အပြန်ခရီးဆိုတဲ့ သဘောနှစ်မျိုးစလုံးကို ဖော်ထားတဲ့ အရေးအသားလို့ဆိုတယ်။ မူရင်း ပထမအပိုဒ်မှာ ...clearly call for me ဆိုတာက သူ့အတွက် ရိုးရိုးကလေး မှာထားခဲ့ချင်တယ်ဆိုတာကို ဆိုလိုတာပဲ။
တဲင်နစ်ဆင်ဟာ ၀စ်မင် Walter Whitman (၁၈၁၉-၉၃) ကောက်ချက်ချသလို ဘာသာစကားအသုံးအနှုန်း ပိုင်တယ်။ ဒီပြင် ရိုးရိုးလေးနဲ့လှအောင် ရေးနိုင်တယ်။ တတိယအပိုဒ်မှာ ...evening bell ကို သုံးထားတာကိုသာကြည့်ပါ။ မြန်မာတို့ရဲ့ ဘာသာစကားဘောင်ထဲမှာတော့ ဘာမှထူးခြားမှာမဟုတ်ဘူး။ သူပြချင်တဲ့အလှကိုမြင်ဖို့ ခရစ်စယာန်း အန်ဒါစဲင် Hans Christian Andersen (၁၈၀၅-၇၅) ရဲ့ စားလုံးကို ကူးရေးပြချင်တယ်။ The Bell ထဲမှာ ဒီလိုရေးခဲ့တယ်...
People said "The Evening Bell is sounding, the sun is setting." For a strange wondrous tone was heard in the narrow streets of a large town. It was like the sound of a church-bell: but it was only heard for a moment...
တကယ်လို့ သိမှုရှိမှုအခြေခံတွေနဲ့ ပြောမယ်ဆိုရင် ပထမအပိုဒ်မှာပါတဲ့ evening star ဟာ ရှိမှုအခြေခံသိမှု။ evening bell ဟာ သိမှုအခြေခံ သိမှုပဲ။ တတိယအပိုဒ်မှာ ၀မ်းနည်းစရာတွေချည်းပြပြီး ၀မ်းမနည်းကြစေချင်ဘူးလို့ ဆိုထားတယ်။ သေမှတော့ လွမ်းမနေတော့နဲ့ဆိုတဲ့ သဘောပဲ။
ဒီလိုပဲ အနက်နှစ်မျိုးထွက်ပြီး archaic word လို့ခေါ်ရမယ့် bourne ကို နောက်ဆုံးအပိုဒ်မှာ လှအောင်ထည့်သုံးထားခဲ့သေးတယ်။ ထာဝရဘုရားကို ကဗျာဆရာ အတော်များများက "လမ်းပြ" အဖြစ်သုံး Guide, Compass စသဖြင့် သုံးပေတဲ့ သူကတော့ Pilot လို့ သုံးတယ်။ ဘ၀ကို ရေအကြောင်း၊ သင်္ဘောအကြောင်းနဲ့ အလွှဲအပြောင်းလုပ်ပြီး ရေးထားတဲ့ကဗျာမို့ Pilot လို့သုံးလိုက်တာဟာ ဆီလျော်အပ်စပ်မှုအခြေခံတရားအရပဲ။ Pilot ဆိုတာက ဒီနေရာမှာ ရေကြောင်းပြပဲ။ Captain လို မာလိန်မှူးမဟုတ်ဘူး။ မာလိန်မှူးဟာ ရေကြောင်းပြရဲ့ လမ်းညွှန်ခံ။ ပင်လယ်ဆီချောချောမောမောရောက်ဖို့ သဲသောင်နဲ့မတိုးအောင်၊ သဲခုံတာနဲ့ မညိအောင် ရေကြောင်းပြကမှ ညွှန်နိုင်မှာ။ ထာဝရဘုရားသခင်ရဲ့လမ်းပြမှုကို လှအောင်ရေးနိုင်တယ် ဆိုရလိမ့်မယ်။ သဲခုံတာကိုကျော်ပြီး (သေခြင်းရဲ့ တခြားဘက်မှာ) ထာဝရဘုရားသခင်နဲ့ မျက်နှာချင်းဆိုင် တွေ့ရလိမ့်မယ် (တိုးမယ်) ဆိုတဲ့သဘော ရေးခဲ့တာပဲ။ ဒီကဗျာမှာ ပြောမယ်ဆိုရင် ပြောစရာကလေးတစ်ခုပဲ ရှိနေတယ်။ တဲင်နစ်ဆင်သုံးတဲ့ မက်တာဖော Metaphor တွေဟာ Simile လို ဖြစ်နေလို့ (Simile အဖြစ် လျှောကျနေတာဖြစ်လို့) ဒီအပိုင်းမှာ အားလျော့နေတယ်လို့ ဆိုရမယ်။ ဒါကလည်း မူရင်းဘာသာစကားမှာပါ။
ဒီကဗျာလေးကို ဘာသာပြန်လိုက်ပါတယ်။ ရေးတတ်ဖတ်တတ်ရုံ အင်္ဂလိပ်စာအခြေခံနဲ့ ဘာသာပြန်ရတာမို့ အမှားပါရင် ခွင့်လွှတ်ကြပါ။ ကျွန်တော် ဘာသာပြန်ထားတာက ဒီလိုပါ...
သဲခုံတာ အကျော်
နေ၀င်ချိန်၊ သောကြာကြယ်ထွက်တဲ့အခါ
ရိုးရိုးကလေး ငါတစ်ခုမှာချင်တယ်။
ငါ ပင်လယ်ထဲထွက်တဲ့အခါ
သဲခုံတာတွေရဲ့ ညည်းတွားသံ ပေါ်မလာစေချင်ဘူး။
ဒါပေတဲ့၊ ဒီရေဟာ အကန့်အသတ်မဲ့ နက်ရှိုင်းရာဆီက
ကမ်းဆီကို ပြန်လာကြတဲ့အခါ
ရွေ့လျားနေပုံက အိပ်ပျော်နေသလိုပေတဲ့
အသံနဲ့ ရေမြှုပ်တွေက အလျှံပယ်။
ငါ သင်္ဘောပေါ်တက်တော့
ဆည်းဆာ၊ ညနေစောင်းခေါင်းလောင်းသံ
နောက်တော့ ညအမှောင်၊
အဲဒီနောက်တော့ ခွဲရလို့ ၀မ်းနည်းရတာမျိုး မရှိစေချင်ဘူး။
ဒီရေအတက်မှာ ငါတို့ရဲ့ ကာလနဲ့ အာကာသ
ရေစီးချောင်းထဲကနေ ငါ့ကို အဝေးကို သယ်ဆောင်သွားလိမ့်မယ်။
သဲခုံတာကို ကျော်ခဲ့ပြီဆိုတဲ့အခါမှာတော့
ငါ့ရဲ့လမ်းပြနဲ့ ရင်ဆိုင်တိုးရလိမ့်မယ်လို့ မျှော်လင့်တယ်။
မူရင်းက ဒီလိုပါ .....
Crossing the Bar
Sunset and evening star,
And one clear call for me!
And may there be no moaning of the bar,
When I put out to sea,
But such a tide as moving seems asleep,
Too full for sound and foam,
When that which drew from out the boundless deep
Turns again home.
Twilight and evening bell,
And after that the dark!
And may there be no sadness of farewell,
When I embark;
For tho' from out our bourne of Time and Place
The flood may bear me far,
I hope to see my Pilot face to face
When I have cross the bar.
~မြင့်သန်း
ချင်းတွင်း၊ မေလ ၂၀၀၆
Image Credit: www.thesundaytimes.co.uk
Comments
Post a Comment