Skip to main content

ကဗျာကို ဘာသာပြန်တဲ့ကိစ္စ [မြင့်သန်း]

ကဗျာကို ဘာသာပြန်ဖို့
ကဗျာနောက်က ကဗျာ
The Poem behind the poem ကို
သိဖို့လိုလိမ့်မယ်

(အမှာ။ အလျင်က မဂ္ဂဇင်းတချို့မှာ ကဗျာကိုဘာသာပြန်တဲ့ကိစ္စဆိုပြီး ရေးခဲ့ဖူးပါတယ်။ အကြောင်းအရာက မျိုးတူစုတစ်ခုတည်းအောက်မှာဖြစ်နေလို့ ဒီနာမည်ပဲ ထပ်ပေးလိုက်ရပါတယ်။)
ကဗျာကိုဘာသာပြန်တဲ့အလုပ်ကို စနစ်တကျ ဦးဆောင်ဦးရွက်ပြုလုပ်နေတဲ့ ပညာရှင်တွေရှိပါတယ်။ ဒီပညာရှင်တွေရဲ့ အယူအဆကို အထိုက်အလျောက်ထည့်ပြီး စဉ်းစားကြည့်ကြစေချင်ပါတယ်။ ဒီလို စဉ်းစားကြည့်ဖို့လိုရတာက ကဗျာကိုဘာသာပြန်တာပဲ ဘာခက်တာမှတ်လို့၊ အဘိဓာန်တစ်အုပ်နဲ့ အပျင်းပြေဘာသာပြန်လို့ဖြစ်တယ်လို့ ထင်ထားတဲ့လူတွေ ယုံမှတ်မှားသလောက် မလွယ်ဘူးဆိုတာကလေး ပေါ်လွင်စေချင်လို့ပါ။ ရန်ကုန်ရောက်တုန်းက လူငယ်ကဗျာရေးသမားတစ်ယောက်က ပြောပြတယ်။ အင်္ဂလိပ်စာသင်သူတစ်ယောက်က အင်္ဂလိပ်ကဗျာတွေကို စာလုံးတစ်လုံးချင်းအနက်ဖော်, ပြန်စီ၊ Paraphrase လုပ်ပြီး အနက်ဖော်ရတယ်လို့ ရေးဖူးသတဲ့။ ဘယ်သူရေးတယ်ဆိုတာကတော့ သူလည်း မမှတ်မိတော့လို့ အသေအချာ မသိလိုက်ရဘူး။ အင်္ဂလိပ်စာ ရေးတတ်ဖတ်တတ်အောင် သင်တဲ့နေရာမှာ Paraphrase ဟာ သိဖို့လိုအပ်ပါတယ်။ ဒါပေတဲ့ ကဗျာလို အရေးအသားတစ်ရပ်နဲ့တည်ဆောက်ထားတဲ့ စာပေပစ္စည်းတစ်မျိုးမျိုးမှာ ကနဦး/အရင်းခံ ရေးသားထားပုံကို ကိုယ်လိုသလိုပြန်တည်ဆောက်ပြီး အနက်ဖော်ခိုင်းတာကတော့ အန္တရာယ်များရုံတင်မကဘူး စော်ကားသလိုတောင်ဖြစ်နေမယ်။ ဒါကြောင့်လည်း စာပေအနုပညာလက်ရာတွေအပေါ်မှာ Paraphrasing is dangerous and sometimes quite offended လို့ ဆိုကြတာ။



ဘာန်းစတုံး Tony Barnstone ဆိုတဲ့ ပညာရှင်တစ်ယောက်ရဲ့အမြင်ကို အရင်တင်ပြချင်ပါတယ်။ ဘာန်းစတုံးဟာ တက္ကသိုလ်ပညာရှင်တစ်ဦးဖြစ်ရုံတင်မကဘူး၊ တရုတ်ကဗျာအတော်များများကို ဘာသာပြန်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။ တရုတ်ကဗျာကို အင်္ဂလိပ်လိုဘာသာပြန်တာနဲ့ပတ်သက်လို့ သူပေးတဲ့နမူနာဟာ အတော့်ကို သဘောကျစရာကောင်းပါတယ်။ သူက ခိုးလာတဲ့ကားတစ်စီးကို တစ်စစီဖြုတ်ပြီး ပြန်ဆင်တယ်။ အပြင်ဘက်ကို အမေရိကန်ဆေးသုတ်လိုက်တယ်။ အင်္ဂလိပ်လို အရောင်တင်တယ်။ အင်ဂျင်ကတော့ တရုတ်အင်ဂျင်ပဲ။ ကားဘီးလိမ့်စေတာကတော့ဖြင့် တရုတ်အင်ဂျင်ပဲလို့ သူက နမူနာပေးတယ်။ ဆိုလိုတာကတော့ တရုတ်ရဲ့ အရင်းခံသဘောကတော့ ရှိနေရဦးမယ်ဆိုတာပဲ။ ဒီတော့ ဘာန်းစတုံးအလိုအရ ကဗျာကိုဘာသာပြန်ဖို့ ကဗျာနောက်က ကဗျာ The Poem behind the poem ကို သိဖို့လိုလိမ့်မယ်လို့ ဆိုရလိမ့်မယ်။ ဆိုလိုတာကတော့ အဲဒီကဗျာက ဘာကိုပေးသလဲ၊ ဘာကိုဆိုလိုသလဲ ဆိုတာပဲ။ ဒီနေရာမှာ “ဘာကိုပေးသလဲ” ဆိုတာက မြန်မာကဗျာဆရာတချို့ ပြောလေ့ရှိတဲ့ မက်ဆေ့(ဂျ) Message ကို ဆိုလိုတာ မဟုတ်ပါဘူး။ (တကယ်တော့ မက်ဆေ့(ဂျ)ဆိုတာက အရေးအသားတစ်ခုထဲက ပဓာနကျတဲ့အကြောင်း စိတ်ကူးသက်သက်ပဲ။ မြန်မာကဗျာရေးတဲ့လူတချို့က ဘာစိတ်ကူး ဘယ်လိုအနက်မျိုးနဲ့ မက်ဆေ့(ဂျ)ကိုသုံးရင်း တက်ထောင်မောင်းနင်းပြောနေကြမှန်းတော့ မသိဘူး။) အင်္ဂလိပ်လိုဆိုရရင်တော့ ပညာရှင် ရစ်ချာဒ် I.A. Richards ပြောတဲ့ Four meanings ဆိုတဲ့ သဘောပဲ။

ရစ်ချာဒ်က ၁၉၂၉ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ လက်တွေ့ဝေဖန်ရေး Practical Criticism လို့ နာမည်ပေးထားတဲ့စာအုပ်မှာ ကဗျာတစ်ပုဒ်ထဲက အဓိပ္ပာယ်လေးမျိုးအကြောင်း ရှင်းပြခဲ့ဖူးပါတယ်။ အင်္ဂလိပ်လိုပဲ ရေးပြပါရစေ…
The sense what is actually said; Feeling- the writer’s emotional attitude towards it; Tone- the writer’s attitude towards his reader; Intention- the writer’s purpose, the effect he is aiming at ဆိုတာပဲ။ ပြောမယ်ဆိုရင်တော့ Metapoem လို့ ထပ်ပြောနိုင်တယ်။ Metapoem ကို၊ ကြည့်နေပေတဲ့ မတွေ့ဘဲဖြစ်တတ်တယ်။ မြင်ဖို့လိုတယ်။ တစ်ခါတလေ ကြိုးစားအားထုတ်ပြီး ရှာပေတဲ့ မတွေ့ဘဲ ဖြစ်နေတတ်တယ်။ မရှာတော့ဘဲ တခြားတစ်ခုခု လုပ်ကိုင်နေတုန်း ကဗျာရဲ့ဆိုလိုရင်းက ကိုယ့်ဆီရောက်လာတတ်တယ်။ ဒီတော့ ကဗျာနောက်က ကဗျာကိုတွေ့ကာမှ (သိကာမှ) ဘာသာပြန်လို့ကောင်းမယ်လို့ ဘာန်းစတုံးက ဆိုတယ်။
ဒီအယူအဆကို ကျွန်တော် သဘောကျတယ်။ (လူတိုင်းကျရမယ်လို့ မဆိုလိုပါဘူး။ အသေလက်ခံ မှတ်ယူထားရမယ်လို့ မဆိုလိုပါဘူး။) ကျွန်တော့်အနေနဲ့ သဘောကျတယ်ဆိုတာက ဘာန်းစတုံးပေးတဲ့ဆင်ခြေဟာ ပညာရပ်နယ်ပယ်ထဲမှာ လက်ခံနိုင်လောက်အောင် ခိုင်ခံ့လို့ပါ။ ဘာသာပြန်တယ်ဆိုတာကလည်း အသစ်တစ်ခု ဖြစ်ပေါ်လာခြင်းပဲ။ အသစ်တစ်ခုဆိုပေတဲ့လည်း ဗီဇအရင်းခံက ရှိနေသေးတယ်။ မြင်သာအောင် လွယ်လွယ်ဆိုရရင် တိုင်းရင်းသားဖြစ်နေတဲ့ ထောင်ကဲကြီးလင်မယားက မွေးစားထားတဲ့၊ မြန်မာပြည်မှာ မွေးတဲ့ မိဘမဲ့ ကုလားကလေးတစ်ယောက် ဆိုပါစို့။ ထောင်ကဲကြီးက မွေးစားထားပေတဲ့ သူက မြန်မာကလေးပဲ။ ဒါပေတဲ့ ကုလားလေးဖြစ်ခြင်းက ရှိနေသေးတယ်။ ဆိုလိုတာက အသစ်ဖြစ်ခြင်းအတွင်းမှာ မူလဂုဏ်ရည်က ရှိနေသေးတယ်။ ဒါပေတဲ့လည်း မူလဂုဏ်ရည်အတိုင်းတော့ မဟုတ်တော့ဘူး။ မူလဂုဏ်ရည် ရှိနေသေးတာကလွဲလို့ မူလကအတိုင်း မဟုတ်တော့ဘူး။ ဘာသာပြန်ထားတဲ့ကဗျာဟာ ဒီသဘောမျိုးလို့ ဘာန်းစတုံးက မြင်တယ်။ ဒီလိုဆိုရတာက ဘာသာပြန်တဲ့သူက သူပြန်လိုက်တဲ့ကဗျာထဲမှာ သူ့ဘာသာစကားရဲ့ ပုံစံ၊ တင်ကူးလက်ခံထားတဲ့ သူ့ယဉ်ကျေးမှုပုံစံ (အနေအထား)၊ သူအားသန်တဲ့ ရသအမြင် စတာတွေ ထည့်ထားလို့ပဲ။ ဘာသာပြန်ထားတဲ့ကဗျာဟာ မူရင်းကဗျာရှေ့မှာ မှန်ထောင်ပြထားတာမျိုး မဟုတ်တော့ဘူး။ ပတ်ဝန်းကျင်အသစ်ထဲမှာ ဘ၀သစ်တစ်ခု ဖော်ထုတ်ပေးလိုက်တာပဲ။

ဘာန်းစတုံးက အစဉ်အလာ တရုတ်ကဗျာတွေကို ဘာသာပြန်ခဲ့တဲ့သူမို့ တရုတ်ကဗျာကနေ အင်္ဂလိပ်လိုပြန်ဆိုခဲ့ရတဲ့ အတွေ့အကြုံတွေမှာ အခြေခံပြီး ရှင်းပြတယ်။ အထူးသဖြင့် တရုတ်စာရေးတာနဲ့ ပန်းချီရေးတာရဲ့ကြားက ဆက်နွယ်နေမှုကို တင်ပြခဲ့တယ်။ အစဉ်အလာ တရုတ်ပန်းချီနဲ့ ကဗျာ(စာ) ရေးတာဟာ စုတ်တံကိုသုံးပြီး ရေးတယ်။ “အရုပ်တွေဟာ ကဗျာပဲ၊ ကဗျာဟာ အရုပ်ပဲ” လို့ ဆိုရမယ်။ တာအိုအမြင်အခြေခံ ရသပညာ (Taoist asthetics ကို ဆိုလိုပါတယ်။ တာအိုကို တောက်ခေါ်ခေါ်၊ တောက်တဲ့ခေါ်ခေါ်၊ အိမ်မြောင်ခေါ်ခေါ် ကြိုက်သလို အသံထွက်နိုင်ကြပါတယ်။) အရတော့ စုတ်ချက်တွေဟာ “ယင်း” နဲ့ “ယန်း” အခြေခံမှာ တည်တယ်။ ဆိုလိုတာက ဥပမာ အမှောင်၊ မဲနက်တာ၊ အမျိုးသမီး (ဣတ္ထိလိင်) Dark, blackness, woman စတာတွေဟာ “ယင်း” ရဲ့ သဘောတွေပဲ။ အဲဒီလိုပဲ အလင်း၊ ဖြူတာ၊ ယောက်ျား(ပုလ္လိင်) Light, whiteness, man ဆိုတာတွေဟာ “ယန်း” ရဲ့ သဘောတွေပဲ။ စုတ်တံကိုသုံးပြီး ရေးထားတဲ့ ပန်းချီကားနဲ့ ပန်းချီကားပေါ်က ကဗျာကို အင်္ဂလိပ်လိုပြန်ရာမှာ ဒီအချက်တွေ ပါမလာတော့ဘူး။ အဲဒီလိုပဲ မူရင်းဘာသာစကားရဲ့ အသံအခြေခံ ဖော်ထုတ်ချက်တွေ (Onomatopoeia ကို ဆိုလိုတာပါ) ဟာ ဘာသာပြန်လိုက်တဲ့ ဘာသာစကားရဲ့အတွင်းမှာ တစ်သားတည်းကျတာ မရနိုင်ဘူး (ဖန်တီးယူလို့ ရကောင်းရမယ်။ တစ်သားတည်း/တစ်မျိုးတည်းကျတဲ့ အရသာကို မရနိုင်ဘူး။) အင်္ဂလိပ်လိုဘာသာပြန်ပြီး ရေးထားတဲ့ကဗျာမှာ မူလအရေးအသားမှာ ဖော်ထုတ်ထားခဲ့တာတွေကို အင်္ဂလိပ်လို ဘယ်လိုခံစားနိုင်မလဲ ဆိုတာကိုပဲ အလေးပေးရတော့မယ်လို့ သူက ဆိုတယ်။ သူ့ရဲ့ အဓိကဆိုလိုရင်းကတော့ ကဗျာနောက်မှာရှိနေတဲ့ ကဗျာကို ဘာသာပြန်တဲ့လူက သိမှတ်ခံစားနားလည်ဖို့ လိုမယ်။ ပြီးမှ တခြားဘာသာစကားတစ်ခုထဲမှာ ဘယ်လိုအံဝင်မလဲဆိုတာ စဉ်းစားဖို့ပဲ။
ဘာန်းစတုံးရဲ့အမြင်ကို ဒီနေရာမှာတင် ရပ်ခဲ့ပါရစေ။ ဘာကိုဆိုလိုမှန်း သဘောပေါက်လောက်ကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်ဆွေးနွေးချင်တဲ့ အချက်နှစ်ခုကို ဆွေးနွေးပါရစေ။ ရန်ကုန်ရောက်တုန်းက မိတ်ဆွေကျောင်းဆရာတစ်ယောက်ရဲ့ တပည့် ကဗျာရေးစာရေးတဲ့ ကျောင်းဆရာ (ကောလိပ်ကျောင်းဆရာ) က မေးတယ်။ “ကဗျာတစ်ပုဒ်ကို ဖတ်တဲ့လူအကြိုက် အနက်ဖော်လို့ရတယ်ဆိုတာ ဟုတ်သလား” တဲ့။ အဲဒီအမေးမျိုး အရင်ကလည်း ကျွန်တော် အမေးခံရဖူးတယ်။ (Reader Response Theory ကို အနက်ယူလွဲစရာဖြစ်အောင် ရေးကြရာက အဲဒီအမြင်မျိုးပေါ်လာတယ် ထင်တယ်။) တကယ်တော့ ကဗျာတစ်ပုဒ်အဖြစ် တည်ဆောက်ပြထားတဲ့ စာလုံးတွေကို နားလည်တာနဲ့ ကဗျာတစ်ပုဒ်လုံးရဲ့ အနက်ကို မကွဲလို့လည်း ဖြစ်မယ်ထင်တယ်။ ကဗျာအဖြစ် တည်ဆောက်ထားတဲ့ စာလုံးနဲ့ အသုံးအနှုန်းကိုတော့ သိကိုသိရမှာပဲ။ ဒါပေတဲ့ ကဗျာရေးတဲ့သူ သုံးနှုန်းထားတဲ့ စာလုံးနဲ့ အသုံးအနှုန်းရဲ့ အနက်ဟာ အဘိဓာန်လာအနက် ဟုတ်ချင်မှဟုတ်မယ်။ ကဗျာဖန်တီးသူရဲ့ အသံအပေါ်မှာ တည်ပြီး အနက်ဖော်ဖို့  လိုကောင်းလိုလိမ့်မယ်။ ကဗျာတစ်ပုဒ်ရဲ့ အနက်အားလုံးကို အပြည့်ရအာင် ဖော်ထုတ်ချင်မှ ဖောတ်ထုတ်နိုင်ကြမယ်လို့ ဆိုတာက လက်ခံစရာပါ။ ဒီလိုပဲ သတိထားသင့်တာက ကဗျာတစ်ပုဒ်ကို ကိုယ်လိုသလို/ထင်သလို အနက်ဖော်လိုက်လို့ မရနိုင်ဘူးဆိုတာပဲ။ ဆိုလိုတာက ကဗျာထဲမှာ “ရေ” လို့ ရေးထားတာကို၊ ကိုယ့်ဘာသာ “လေ” တို့ “မြေ” တို့ လုပ်လိုက်လို့ မရဘူး။ ဒါပေတဲ့ ရေဟာ ရိုးရိုးရေကို ရည်ရွယ်သလား၊ အဆိပ်ရည်ကို ရည်ရွယ်သလားဆိုတာက ကဗျာဖန်တီးသူရဲ့ အသံထဲမှာ ရေးသားထားပုံအရသာ သိရတာ။ ဒီနေရာမှာ အနက်ယူလွဲနိုင်တယ်။ ကဗျာတည်ဆောက်ထားပုံကို လိုက်ပြီး အနက်ဖော်ရမှာပဲ။ ထင်သလို အနက်ဖော်လိုက်လို့တော့ ရမယ်မထင်ဘူး။ အရင်က ကျွန်တော်ရေးခဲ့ဖူးသလိုပဲ၊ ဟေနီကဗျာထဲက …a vision ကို အိန္ဒိယသား ပညာရှင်တစ်ဦးက Vision နှစ်ခုရယ်လို့ အဓိပ္ပာယ်ကောက်သလို ဖြစ်သွားမယ်။ Blue ဆိုတိုင်းလည်း အပြာရောင်ပဲလို့ မြင်ထား၊ လက်ခံထားလို့ မရသလိုပဲ။ သီးခြားစာလုံးတစ်လုံးကနေ ယေဘုယျအနက်ကို  ဖော်ပေးတာမျိုး (Syne- doche လို့ လက်ခံကြတာမျိုး) တွေကိုလည်း သိဖို့ လိုသေးတာပဲ။

တချို့အနေအထားမှာ သီးခြားလူမှုယဉ်ကျေးမှုအခြေခံ အဖွဲ့အစည်းတစ်ခုခုရဲ့ ဘာသာစကားသုံးစွဲသူတွေ (Language user of certain socialcultural community ကို ဆိုလိုတာပါ) မှပဲ သဘောပေါက်မယ့် အသုံးအနှုန်းတွေလည်း ရှိတယ်။ ဘာသာစကားတည်ဆောက်ပုံမှာလည်း အဲဒီလိုပဲ။ ပထ၀ီအနေအထား၊ ဒေသဆိုင်ရာမတူညီမှု စတာတွေမှာ အခြေခံပြီး တည်ဆောက်ထားတာတွေလည်း ရှိတယ်။ ခပ်လွယ်လွယ် အယ်မလီဒစ်ကင်ဆင်ရေးတဲ့ “လမ်းညွှန်မဲ့” Chartless ကဗျာမှာ I never sw a moor ဆိုတဲ့ ပထမစာကြောင်းကိုပဲ ကြည့်ပါ။ (Chart ဟာ အသေးစိတ်၊ ဒါမှမဟုတ် ရှင်းလင်းဖော်ပြထားချက်ပဲ။ ဒီနေရာမှာ ခပ်လွယ်လွယ် လမ်းညွှန်လို့ပဲ ဘာသာပြန်လိုက်ပါတယ်။ လမ်းညွှန်ဆိုပေတဲ့ မြေပုံသဘောမျိုးလည်း မဟုတ်ဘူး။ ရေပုံအဖြစ်တော့ သုံးတတ်ကြတယ်။) Moor ဆိုတာ အင်္ဂလန်မှာ လူတိုင်းသိတယ်။ မမြင်ဖူးတဲ့သူ ရှားမယ်။ ခြုံပုတ်ကလေးတွေလောက်ပဲရှိတဲ့ မြက်ခင်းကျယ်ကြီးတွေ။ မြေရိုင်းတွေလို့ပဲ ခေါ်ရမယ် (အလယ်ခေတ်အင်္ဂလိပ်စကား Mor က ဆင်းသက်လာတာ၊ မြက်ထူတဲ့ နွံတောလိုဟာမျိုး။) အင်္ဂလိပ်ဘာသာ စာဖတ်ကျင့်ရှိတဲ့လူအဖို့ အင်္ဂလိပ်မဟုတ်တဲ့လူတစ်ယောက် ရေးတဲ့စာဆိုတာ တန်းသိနိုင်တယ်။ ဒီမှာ အယ်မလီရဲ့ တင်စားချက်က လှရုံတင်မကဘူး၊ ပီပြင်တယ်။ ဒီကဗျာဆာ Syllogism တစ်မျိုးနဲ့ တည်ဆောက်ထားတာပဲ။ ဆင်ခြင်တုံတရားအခြေခံ သက်ဝင်ယုံကြည်မှုကို ပြချင်တာပဲ။ ကဗျာရဲ့ နောက်ဆုံးစာကြောင်းနှစ်ကြောင်းမှာ ဘာသာစကားကို အခိုင်အမာပြုပြီး တည်ဆောက်ပုံ ပြချင်လို့ပါ။ အကြမ်းထည်ဘာသာပြန်ရရင် “ဒါပေတဲ့ ဘယ်မှာဆိုတာ ငါသေချာတယ်။ အသေးစိတ်လမ်းညွှန်များ ရထားသလိုပဲ” Yet certain am I of the spot As if the chart were given ဆိုလိုတာက Yet certain am I … လို့ပဲ ရေးပြီး၊ Yet I am certain … လို့ မရေးတာကို သတိထားကြည့်ရင်၊ အင်္ဂလိပ်ဘာသာ စာ/စကားအရ အားကောင်းပုံ၊ အရသာရှိပုံကို တွေ့ရပါလိမ့်မယ်။ ဒါပေတဲ့ တခြားဘာသာစကားပြောင်းလိုက်တဲ့အခါ တခြားဘာသာစကားရဲ့ဘောင်ထဲမှာ ပေါ်လွင်မှာမဟုတ်တော့ဘူး။

ဒီနေရာမှာ ဘာန်းစတုံးရဲ့အမြင်ဖြစ်တဲ့ ကဗျာနောက်က ကဗျာဆိုတဲ့အကြောင်းဆီ ပြန်သွားပါရစေ။ အယ်မလီရဲ့ကဗျာကို စာလုံးတစ်လုံးချင်းအနက်ကောက်ပြီး တခြားဘာသာစကားနဲ့ အနက်ဖော်ရင် တစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်။ တစ်ခါက ကဗျာရဲ့ ရသစနစ်အကြောင်း သင်ကြားတဲ့ဆရာကြီးက အင်္ဂလိပ်စာတတ်ပေတဲ့ လုံးချင်းအနက်ကောက်လေ့ရှိတဲ့ သူ့တပည့်တစ်ယောက်က Moor ဆိုတဲ့ စာလုံးကို လှေ/သင်္ဘောရပ်တာ (ရပ်နေအောင် ကြိုးချည်ထားတာမျိုး) အဓိပ္ပာယ်ကောက်တဲ့အကြောင်း ပြောပြဖူးတယ်။ ဘာလို့ အဲဒီလို အနက်ဆွဲယူသလဲဆိုတော့ ကဗျာရဲ့ဒုတိယစာကြောင်းမှာ ပင်လယ်ဆိုတာပါလို့လို့ ပြောသတဲ့။ ဒါဟာ ဘာန်းစတုံးတင်ပြသလို ကဗျာတစ်ပုဒ်ရဲ့ ရှိနေခြင်းနောက်က ကဗျာကိုမမြင်ဘဲ လုံးချင်းအနက်ကောက်ခြင်းရဲ့ ပြဿနာတစ်ရပ်ပဲ။  အဲဒီလိုပဲ ရှေ့မှာတင်ပြခဲ့တဲ့ စာကြောင်းတည်ဆောက်ထားပုံမှာလည်း …Yet certain am I ကို …Yet I am certain လို့ ပြောင်းလို့ရမယ်။ အနက်အရ တူတယ်လို့ထင်ရပေတဲ့ ကဗျာရေးသူဆီက ထွက်လာတဲ့အသံက မတူတော့ဘူး (Syntax မတူတော့တဲ့အတွက် The mode of experiencing meaning ပြောင်းသွားတယ်၊ မတူတော့ဘူးလို့ ပြောရမှာပဲ။ စာကြောင်းကိုတည်ဆောက်ထားတဲ့ အင်အား (၀ိတ်ခေါ်ချင်ခေါ်ပါ) မတူတော့ဘူး။ ခိုင်မာအောင် Affirmative တင်မကဘူး၊ ဘာသာစကားတည်ဆောက်ထားတဲ့ အခြေခံအတိုင်း စာကြောင်းတစ်ကြောင်းရဲ့ ဘယ်ဘက်ကနေ ညာဘက်ကို ဖတ်သွားရတဲ့အခါ စာလုံးနေရာချထားပုံ (word order ကိုဆိုလိုတာပါ) ဟာ ဒီနေရာမှာ အရေးပါတယ်။ Yet certain.. နဲ့ Yet I … ဟာ မတူဘူး။ (ပထမအပိုဒ်မှာလည်း ကဗျာရေးသူက Yet know I… လို့ ရေးတတယ်။ Yet I know… လို့ မရေးခဲ့ဘူး။ Yet + know; Yet + certain က သူတို့ဘာသာစကားရဲ့ ဘောင်ထဲမှာ အရသာရှိတယ်။ မြန်မာလို “ဒါပေမဲ့ သေချာတယ်” နဲ့ “ဒါပေမဲ့ ငါ သေချာတယ်” အကြားမှာ သိပ်ထူးခြားချက် မရှိဘူး။ အနက်ဖော်တဲ့ကိစ္စနဲ့ပတ်သက်လို့ သူတို့ ဘာသာစကားမှာ Syntagmatic structure ဆိုတာ ရှိတယ်။ ကျွန်တော်တို့ဆီမှာလည်း ရှိကောင်းရှိမယ်။ အပ်ကျမတ်ကျ တူချင်မှတူမယ်။ ဒီအကြောင်းကိုတော့ ဒေါက်တာခင်အေးလို လူမျိုးက ရှင်းပြလေမှပဲ။ ကျွန်တော်တော့ ဉာဏ်မမီဘူး) ဒီတော့ ကဗျာရေးသူက အင်္ဂလိပ်ဘာသာစကားအရ တည်ဆောက်ထားတဲ့ကဗျာရေးပုံ (Poetic diction) ထဲက အရသာ (အရသာလို့ပဲ လွယ်လွယ်ခေါ်ပါရစေတော့) မျိုး မြန်မာဘာသာမှာ ရဖို့ မလွယ်ဘူး။ (ဒီနေရမှာ ခြွင်းချက်လို့ပဲ ဆိုရမယ်။ ကျွန်တော့်လို လမ်းပေါ်က လူတစ်ယောက်အနေနဲ့ မရေးနိုင်တာကိုသာ ဆိုလိုတာပါ။ သီချင်းစာသားတွေမှာ ခိုင်မာလာအောင်၊ အားရှိလာအောင် စာလုံးတွေ စာကြောင်းတွေ တည်ဆောက်နိုင်တဲ့ (ဒေါက်တာ) စိုင်းခမ်းလိတ်လို ပညာရှင်မျိုးဆိုရင် ရေးနိုင်လိမ့်မယ်ထင်တယ်)
ဒီလိုအနေအထားမှာ ဘာသာပြန်သူဟာ မူရင်းစာလုံးများ တည်ဆောက်ထားပုံရဲ့ ယေဘုယျအနေအထားပေါ်မှာ ရိုးသားမှု၊ စစ်မှန်မှု ရှိဖို့ပဲ ရှိတော့တယ်။ ဆိုလိုတာက စာကြောင်းအဖြစ် တည်ဆောက်ထားပုံ (တစ်နည်းဆိုရင် စာကြောင်းရဲ့ အသက်ဝိညာဉ်) ကို သိဖို့လိုမယ်။ ဒါကလည်း ကဗျာနောက်က ကဗျာကို နားလည်ခြင်းတစ်မျိုးပဲ။ မကြာခင်က ဖတ်ရတဲ့ ကိုတာရဲ့ နေရူဒါကဗျာ ဘာသာပြန်ထဲမှာ ဘာသာပြန်ထားတာတစ်ခုကို ခုလိုတွေ့ရတယ် …

Where is the child I was
Still inside me or gone?
ဖိုးတာဆိုတဲ့ အကလေး
ကိုတာ့ထဲမှာ ရှိသေးလား
မရှိတော့ဘူးလား မေး။
(စာ ၆၀၊ နေရူဒါ၏ ပုစ္ဆာများ)

ဒီနေရာမှာ ကိုတာက နေရူဒါရဲ့ I ကို ကောင်းကောင်းကြီး သိမှတ်နားလည် ခံစားနိုင်ပုံရတယ်။ ကနဦး/အရင်းခံကဗျာကို တည်ဆောက်တဲ့လူရဲ့ “ငါ” ကို ဘာသာပြန်သူက သူ့ရဲ့ “ငါ” နဲ့ အစားထိုးပြီး ပေးလိုက်တယ်။ ဘာသာစကားအခြေခံနဲ့ သိမှု လက်ပြောင်းလက်လွှဲလုပ်ရာမှာ “ငါ” ဟာ ပြောင်းလဲမသွားဘူး။ ပျက်စီးမသွားဘူး။ တန်ဖိုးလျော့ပါးမသွားဘူး။ တစ်ချိန်တည်းမှာပဲ ဖတ်တဲ့လူတစ်ယောက်က သူ့ရဲ့ “ငါ” ကို အစားထိုးဖတ်သွားနိုင်တယ်။ ဆင်ခြေတစ်ခုအနေနဲ့ ပေးရရင်တော့ နေရူဒါရဲ့ပုစ္ဆာ ကဗျာတွေဆိုတာက အဖြေရှာခိုင်းနေတဲ့၊ အဖြေတောင်းတဲ့ ကဗျာမျိုးမဟုတ်လို့ပဲ။ Rhetorical question သဘောမျိုးတွေပဲ။ ဆင်ခြင်တုံတရားရဲ့ ဘောင်ထဲက အဖြေရှာခိုင်းတာ မဟုတ်လို့ပဲ။ ကိုတာက နေရူဒါသုံးတဲ့ “I” ကို ကောင်းကောင်းကြီးတွေ့လိုက်တော့ “I” ကို “ငါ” လို့မပြန်တော့ဘဲ ပြန်ဆိုသူရဲ့ “ငါ” ဖြစ်တဲ့ “ဖိုးတာနဲ့ ကိုတာ” ကို ဖလှယ်ပြီး သုံးပြသွားတယ်။ ဒါကြောင့်လည်း စောစောပိုင်း (နေရူဒါ၏ပုစ္ဆာကဗျာများ စာအုပ်အဖြစ် ထွက်မလာသေးခင်က) သူ့ဘာသာပြန်တချို့ မဂ္ဂဇင်းထဲမှာဖတ်ရတော့ သူ့ဘာသာပြန်အထဲမှာ မူရင်းကဗျာဆရာရဲ့လေကို ကြားရတယ်လို့ ကျွန်တော်ကောက်ချက်ချမိခဲ့ဖူးတယ်။ မူရင်းကဗျာဆရာရဲ့ လေကို မိဖို့ဆိုတာက ဘာန်းစတုံးတင်ပြခဲ့တဲ့ ကဗျာနောက်က ကဗျာကို သိဖို့ပဲ။

(ဆက်ပါဦးမယ်)
မြင့်သန်း
ချင်းတွင်း၊ ဇွန်လ ၂၀၀၆

Comments

  1. တစ်ခါထဲဖတ်ရုံနဲ့တော့ မလုံလောက်ဘူးဗျာ ။ ကျေးဇူးပါ ။

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...