Skip to main content

သူမ

[၁]
တြိဂံပုံအမိုး ကျေးလက်အခန်းငယ်လေး တစ်ခုအတွင်းမှာ ထိုင်နေရင်း တံခါးရွက်နှစ်ခုပါမှန်တံခါးကိုဖြတ်ပြီး အပြင်ကို သူမ လှမ်းကြည့်နေမိတယ်။ စိုထိုင်းထိုင်း နွေတစ်နေ့ပါပဲ။ သူမ ၀တ်စားထားပုံကတော့ သိပ်ခေတ်မဆန်လှဘူး။ ရှေ့အိတ်ကပ်နှစ်ခုပါ စစ်ဖျင်ကြမ်း ရှပ်အင်္ကျီလက်တို၊ အိတ်ကပ်တစ်ခု အတွင်းမှာတော့ ခဲတံတစ်ချောင်း ထိုးသွင်းထားတယ်။ အရောင်အသွေးကင်းမဲ့နေပြီဖြစ်တဲ့ မီးခိုးဖျော့ရောင် အကြမ်းစားဘောင်းဘီက ဆူးပင်တွေကြား ဖြတ်ခဲ့ရတာကြောင့် တချို့နေရာတွေမှာ စုတ်ပြဲနေပြီ။ သူမ အရှက်ကိုရော ပိုးမွှားတွေရန်ကပါ တစ်ပြိုင်တည်း တာဝန်နှစ်ခုယူ ကာကွယ်ပေးထားတဲ့ အရာပဲဖြစ်ပါတယ်။ ပိုးမွှားတွေဆီက ထုတ်လွှတ်တဲ့ ယူကလစ်ဆီနံ့ အကြွင်းအကျန်တွေ ရှိနေသေးတဲ့ သန်မာပြီး ကြွက်သားပြည့်ဝတဲ့ သူမရဲ့ လက်ဖျံတွေ။ ဒီလက်ဖျံတွေက အပြိုင်းအရိုင်းပေါက်နေတဲ့ ကိုင်းပင်တွေကြားမှာ လမ်းဖြစ်အောင် ဖယ်ရှားရှင်းလင်းသွားနိုင်ကြောင်းကို ပြသနေတယ်။ ပြီးတော့ သူမရဲ့ ကြမ်းရှရှခြေဗလာကလည်း မညီမညာ ပက်ကြားအက်တွေပေါ် လျှောက်သွားနိုင်စွမ်းရှိကြောင်းကို သက်သေထူနေပါတယ်။

ဆင်ခြေလျောဖုန်းဆိုးမြေဆီ သူမ ဝှေ့ကြည့်လိုက်တယ်။ တစ်ဖက်မှာ ပင်လယ်ရေတိုက်စားထားတဲ့ ဆားသောင်ပြင်ကို ဝေ့၀ိုက်ပိုင်းခြားထားတဲ့ ပင်လယ်ဝမြစ်ပြင်။ ဒီထက်ရှေ့ဆက်ကြည့်ရင် ထူထပ်ခိုင်မာတဲ့ အဖြူရောင်ကျောက်သားတန်းကြီး ရှိနေပြီး၊ အဆုံးမှာတော့ ကုန်းမြင့်ကြီးဆီကို ထိစပ်သွားတဲ့ နောက်ထပ် သောင်ပြင်ကြီးတစ်ခု ထပ်ရှိနေပါတယ်။ သူမကြားနေရတဲ့ အသံတွေက ရေခဲသေတ္တာအဟောင်းကြီးရဲ့ တဟမ်းဟမ်း မြည်သံ၊ ပုရစ်အော်သံ၊ ကမ်းရိုးတန်းတစ်ဖက် ကျွန်းထိပ်ပေါ်က ညည်းငွေ့ဖွယ် ဆီးနှင်းအချက်ပြ ဥသြဆွဲသံတို့သာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းသုံးပတ်လောက် ကြာအောင် ငှက်တွေကို သူမ ရေတွက်နေခဲ့တယ်။ ဒါတွေကို လက်ပ်တော့ကွန်ပြူတာထဲ စာရင်းရေးသွင်းခဲ့တယ်။ အမြီးလတ် ငှက်တော်၊ နှံပြီစုတ်၊ အမွှေးကောက် ဇီးကွက်၊ ပင်လယ်ဇင်ယော် စသည်ဖြင့်ပေါ့။

တစ်ယောက်တည်းရှိနေရတာကို သူမ နှစ်သက်ပါတယ်။ မြို့ကြီးပြကြီးပေါ်မှာ အလုပ်လုပ်ရတာထက်တော့ အနည်းနဲ့အများ ပိုကောင်းတာပေါ့။ နှစ်သက်ဖွယ် နေ့လေးတစ်နေ့။ ဒါ့အပြင်လည်း ဒီထက်ပို နေထိုင်လို့ကောင်းတဲ့ နေရာတစ်ခု သူမအတွက် ရှိနိုင်မည်မထင်တော့။

“မီးခိုးဖျော့ရောင်၊ ဟုတ်လား” လို့ ဘယ်သူ့ကိုမှ ရည်ရွယ်ရင်းမရှိကြောင်း သိသာစွာ သူမက ရုတ်တရက် ပြောလိုက်တယ်။
“ဒီတော့ ရှင်က ချောကလက်ရောင် ချည်သားကို မီးခိုးဖျော့ရောင်လို့ ပြောလိုက်တယ်ပေါ့”
မီးခိုးဖျော့ရောင်ဆိုတာ ဘာကိုဆိုလိုမှန်း ကျွန်တော်ကောင်းကောင်း ဆုံးဖြတ်နိုင်ပါတယ်။ ဒီလောက် ဂရုတစိုက် အကွက်ချစိတ်ကူးထားတဲ့ ဇာတ်ကွက်ကို သူမက အခုလို ဖြတ်တောက်ပြောဆိုရလောက်အောင် ဒီမီးခိုးဖျော့ရောင်ကိစ္စက ဘာများအရေးကြီးလို့လဲ။
 
“ဘာပဲဖြစ်ဖြစ်လေ၊ ရှင့်လုပ်ပုံကို ကျွန်မသဘောမကျဘူး။ ဒီတော့ အခုလို တောကြီးမျက်မည်းထဲမှာ ကျွန်မကို တစ်ယောက်တည်းပစ်ထားပြီး ငှက်သုတေသနလုပ်ခိုင်းဖို့ ရှင်က တကယ်ပဲ စိတ်ကူးနေတာပေါ့”
အကြာကြီးတော့ မဟုတ်ပါ။
“အို.. တကယ်လားရှင့်”
သူမအနေနဲ့ တစ်စုံတစ်ယောက်နဲ့ မကြာခင် တွေ့ဆုံမှာ ဖြစ်ပါတယ်။
“ဒါဖြင့် ရှင်ပြောတော့ ကျွန်မက တစ်ကိုယ်တည်းနေရတာ ကြိုက်တယ်ဆို”
သူမက တစ်ကိုယ်တည်းနေရတာကို ကြိုက်တဲ့အခါမှာတော့ ကြိုက်တယ်။ မကြိုက်တဲ့အခါလည်း ရှိမှာပေါ့လေ။

[၂]

“ဒီလို လွင်တီးခေါင်နေရာမှာ ဘယ်လိုလူက သန်မာတဲ့ ခြေချောင်းကလေးတွေ ရှိရုံနဲ့ ၀မ်းသာနေနိုင်မလဲ။ ၀က်ဝံနက်တွေကလား”
ဒီနေရာက လွင်တီးခေါင်မဟုတ်ပါ။ တကယ်တော့ ကောင်ကင်ဘုံပင် ဆန်နေပါသေးတယ်။ သူမရဲ့ ခြေထောက်တွေကို ကျွန်တော် နှစ်သက်တယ်။
“အို ဒုက္ခပါပဲ။ ပြောစမ်းပါရှင် ကျွန်မ ဘယ်လိုလူမျိုး ဖြစ်ရမယ်လို့ ရှင်ရည်ရွယ်ထားတာလဲ”
သူမက ငှက်ကြည့်ဗေဒပညာရှင်တစ်ဦး ဖြစ်ပါတယ်။
“အို ငါ့အစ်ကိုရယ်။ ဘာတွေလဲဆိုတာကို အတိအကျပဲ ပြောစမ်းပါရှင်”
သူမဟာ ကော်နဲလ်တက္ကသိုလ်က ဇီဝဗေဒနဲ့ ပါရဂူဘွဲ့ရထားတဲ့ အလွန်ထက်မြက်တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမ ဘွဲ့ယူစာတမ်းရဲ့ နာမည်က “ကြက်ဆင်ရိုင်းအမများ၏ မျိုးပွားအင်္ဂါ ခန္ဒာဗေဒ” ဖြစ်ပါတယ်။
“ဒါနဲ့ပဲ ရှင်က ရှင့်ကိုယ်ရှင် စာရေးဆရာလို့ ခေါ်တယ်ပေါ့”
သူမဟာ ဆွဲဆောင်မှုရှိတယ်လို့ ကျွန်တော်ထင်တယ်။

“သိပ်သေချာတာပေါ့။ ရှင်သာ အဲဒီ ကြက်ဆင်အမရဲ့ ဆီးပြွန်ထဲရောက်သွားပြီ ဆိုရင်”
တကယ်ပါ။
“ကျွန်မက နာမည်တစ်ခု ရမှာလား။ ဒါမှမဟုတ် ရှင် ကျွန်မကို ဒီဇာတ်လမ်းတစ်ပုဒ်လုံး သူမ လို့ပဲ ဆက်ခေါ်သွားတော့မှာလား”
ဒါကို ကျွန်တော် မဆုံးဖြတ်ရသေးပါ။ ကျွန်တော်စဉ်းစားမိသလောက်က ..ဆိုကြပါစို့၊ “မိလိပ်ပြာ” ဒါမှမဟုတ် အဲဒီလိုဆန်ဆန် နာမည်တစ်ခုခုပေါ့။ ကိစ္စတော့ မရှိပါ၊ ဒီအတွက် ကျွန်တော်နောက်မှ ရွေးချယ်နိုင်ပါတယ်။
 “ရှင်ကတော့ တော်တော်ကြောင်တာပဲ။ ဒုတိယတတိယတန်းစား ရွက်ကြမ်းရည်ကြို စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ထဲက ပိုးကောင်စော်နံတဲ့၊ ကြွက်သားများတဲ့၊ ခြေဖ၀ါးကြီးကြီး၊ ငှက်ကြည့်သုတေသီ မိလိပ်ပြာလုပ်ပါ့မယ်လို့ ရှင့်ကို ကျွန်မ ဘယ်တုန်းက ပြောဖူးလို့လဲရှင့်”
ဒီလိုပြောနေတာကိုက သူမဉာဏ်ရည်ထက်မြက်ကြောင်း သိသာစေတာပဲမဟုတ်လား။
“ကျွန်မကို သူမလို့ ခေါ်နေတာကို ရှင်ရပ်တော့နော်။ ပြီးတော့ ရှင့်ကို ကျွန်မ ဒီလိုဖြစ်ဖို့အတွက် တောင်းဆိုခဲ့တာမဟုတ်ဘူး။ ရှင် ကျွန်မအတွက် ပုံစံချထားတာတွေထက်စာရင် ဘာမှ မဖြစ်တာကမှ အပုံကြီးကောင်းသေးတယ်”
သူမ အချစ်ကို တွေ့ရှိပါလိမ့်မယ်။
“ရုတ်တရက်ကြီး ဒီလို တောကြီးမျက်မည်းထဲမှာလား။ ရှင် သိပ်တော်တဲ့ စာရေးဆရာပဲ”
ဒီတောအုပ်ထဲမှာ လူတစ်ယောက်နဲ့ သူမ တွေ့ဆုံပါလိမ့်မယ်။
“ဘာလဲ။ ရှင့်လို လူစားမျိုးနဲ့လား”

ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းကို ဒီအတိုင်းတော့ ရပ်မပစ်လိုက်နိုင်ပါ။ သူမကို ကျွန်တော် ဖန်တီးခဲ့တာဖြစ်လို့ သူမနဲ့ ပတ်သက်ပြီး ကျွန်တော် တစ်စုံတစ်ခု လုပ်ရမှာပါပဲ။
“ကောင်းပြီလေ။ ဒါဆိုလည်း ဇာတ်ကွက်ကို ပြောင်းပေါ့။ မန်ဟက်တန်မြို့ဆိုရင် ဘယ့်နှယ့်လဲရှင်”
ဆူညံပြီး အနံအသက်မကောင်းသော မန်ဟက်တန်မြို့။ အခုလိုနေရာမှာတော့ သူမ တွေ့ရမယ့်လူတစ်ယောက်နဲ့ ငှက်ကလေးတွေလည်း ရှိနေပါတယ်။

[၃]

“ကျွန်မ ရှင့်ကို စိတ်မဆိုးဘူးလို့ပဲ သဘောထားပါ။ ရှင် ကျွန်မကို နျူးယော့မြို့က ဆွဲဆောင်မှုရှိတဲ့ ကဗျာဆရာမလေး လုပ်ပေးမလား”
ကျွန်တော်က သူ့ကို ဆွဲဆောင်မှုရှိတဲ့ ကဗျာဆရာမလေးတစ်ယောက် မဖြစ်စေချင်ပါ။ ငှက်ကြည့်သုတေတီသာ ဖြစ်စေချင်ပါတယ်။
“ရှင့်စာအုပ်ကိုရော ရှင့်ကိုရော ကျွန်မ ငြင်းမှာ ရှင်မကြောက်ဘူးလား”
စဉ်းစားကြည့်ပါ။ ဇာတ်ကွက်က ဝေးလံခေါင်ဖျားတဲ့ ငှက်ကြည့်လေ့လာရေး တောတောင်ကြီးထဲမှာ။ သူမက ငှက်ကြည့်သုတေသီတစ်ဦး၊ သူမတာဝန်က ငှက်တွေကို ရေတွက်ဖို့ ဖြစ်ပါတယ်။ ဒီတောအုပ်ထဲမှာ အမှတ်မထင်တွေ့ဆုံတဲ့ လူတစ်ဦးနဲ့ သူမ ချစ်ကျွမ်းဝင်သွားမှာ။ ခြေထောက်တွေကို ကျွန်တော်က ပြောင်းပေးရမှာလား။

သူမကို ဘဲလေးအကမယ်တစ်ဦးလို နူးညံ့သွယ်ပြောင်းတဲ့ ခြေထောက်လေးတွေ ပေးရမှာလား။ မှန်တံခါးကနေ သူမ ငှက်ကလေးတွေကို ရေတွက်နေစဉ်မှာ သူမရဲ့ သွယ်ပြောင်းတဲ့ ခြေကျင်းဝတ်တွေက ဘဲလေးရှူးဖိနပ်ထဲကို ရွရွကလေး စွပ်ထားတယ်လို့ ဖွဲ့နွဲ့ရမှာလား။
“ဒါဆို ကျွန်မကလည်း ကျွန်မရဲ့ အဲဒီ ရှင်ပြောသလို စစ်ဖျင်ကြမ်းအင်္ကျီရဲ့ အပေါ်ဆုံးကြယ်သီး သုံးလုံးကို ဖြုတ်ထားလိုက်နိုင်တာပဲ။ ဒီလိုပေါ့.. ရှင်ကြည့်လိုက်လေ..”
သူမအ၀တ်အစားတွေကို ချွတ်ချင်ရင်ဖြင့် ကျွန်တော့်သဘောရှိ ပြုလုပ်နိုင်ပါတယ်။
“ရှင် အရူးပဲ”
ဒါပေမဲ့ အဲဒါက ကျွန်တော့်စိတ်ကူးမဟုတ်ဘူးလေ။ သူမက ပညာတတ်တစ်ယောက်။ ဒီဇာတ်လမ်းက အပျော်ဖတ်မဟုတ်ပါဘူး၊ သိမ်မွေ့တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။
“ကောင်းပြီ။ ကျွန်မကိုကြည့်ပါဦး ကိုသိမ်မွေ့ရယ်။ ကျွန်မရဲ့ မီးခိုးဖျော့ရောင်၊ ပိုးကောင်ရန်ကကာကွယ်တဲ့ ဘောင်းဘီက ကြယ်သီးတွေကို ကျွန်မ လျှော့ထားလိုက်မယ်၊ ဒီနေ့က အရမ်းအိုက်တယ်ရှင့်။ ကျွန်မ တင်ပါးကို အဲဒီ လက်စမသတ်သေးတဲ့ ထင်းရှူးသားစားပွဲပေါ်မှာ မှေးတင်ထားလိုက်မယ်။ အနီးကပ် လာကြည့်ကြည့်စမ်းပါ။ ရှင် ကျွန်မကို အရမ်းလက်ရာမြောက်တဲ့ တက်တူးတစ်ခု ထိုးပေးမှာလား။ အထက်နားလေးမှာလေ..၊ ကျွန်မရဲ့ အမွှေးရိတ်ထားတဲ့၊ ယူကလစ်ဆီနံ့ စွဲနေတဲ့…….”

ထိုသို့သော အရာမျိုး ကျွန်တော် ဘယ်တုန်းကမှ မပြုလုပ်ခဲ့ဖူးဘူး။
“ဒါဆိုရင် ကျွန်မကလည်း ဒီလိုဇာတ်လမ်းမျိုးကို မလိုချင်ဘူးဆိုရင်ရော..”
သူမတွင် ရွေးစရာ မရှိပါ။
“ရှင်က အဲ့ဒီလို ထင်တယ်ပေါ့”
သူမအနေဖြင့် ထိုင်ရာမှထသွားရုံဖြင့် လွတ်မြောက်သွားမှာ မဟုတ်ပါ။
“ရှင် ကျွန်မကို ကြည့်နေ။ အဲဒီ မှန်တံခါးကနေ။ ပြီးတော့ သူမလို့ခေါ်နေတာကို အခုချက်ချင်းရပ်”
ဒါကတော့ သဒ္ဒါဆိုင်ရာရှူထောင့် ကိစ္စပါပဲ။ ဣတ္ထိလိင်တတိယနာမ်စားတစ်မျိုးတည်းကို သုံးစွဲပြီး စာပေဆိုင်ရာ နိုဘယ်လ်ဆုရရှိခဲ့တဲ့ စာရေးဆရာတချို့တောင် ရှိခဲ့ပါတယ်။

[၄]

“ကျွန်မကို ကြည့်”
မကြာခင် မိုးရွာတော့မယ်။ တကယ့်ကို သည်းသည်းထန်ထန်။ လျှပ်စီးမိုးကြိုးတွေ၊ ပြီးတော့ ၀က်ဝံတွေ။
“ရှင့် အပေါစား ၀ါကျအပိုင်းအစတွေကို ကျွန်မ ကြောက်မယ်များ ထင်နေလား”
ဝံပုလွေတွေ၊ တောကြောင်တွေ၊ မြွေပါတွေ။ ကျွန်တော် တမင်ခြောက်လှန့်နေတာ မဟုတ်ပါဘူး။ အရမ်းအန္တရာယ်များပြီး စိုးရိမ်စရာ ကောင်းတဲ့..။
“ရှင် ကျွန်မကို ဘာလုပ်လုပ် ကျွန်မ ဂရုမစိုက်ဘူး”
အို တကယ်ပဲလား။ သူမ ဂရုမစိုက်ဘူးတဲ့လား။ ကောင်းပြီလေ ဒါဆိုလည်း ဖြစ်သားပဲ။ ဘယ်လောက်ဝေးဝေးထိ သူမ ရောက်မလဲ ကြည့်ကြရအောင်။ မှန်တံခါးရဲ့ ဘယ်ဘက်ခြမ်းကို ဖွင့်လိုက်မယ်၊ ပြီးရင် သူမ နောက်မှာ ဂျိမ်းခနဲ ပြန်ပိတ်သွားမယ်၊ ကဲ.. ခြေဗလာ (ကျွန်တော်နှစ်သက်တဲ့ ခြေထောက်တွေပေါ့) နဲ့ အဲဒီ ဖုန်းဆိုးမြေတောရိုင်းထဲကို လျှောက်သွားမယ်၊ ကောင်းကင်က ပိန်းပိတ်အောင်မှောင်လို့၊ လေပြင်းတွေက မကြာခင်မုန်တိုင်းတစ်ခု ရောက်လာတော့မယ့်အကြောင်း နိမိတ်ပြလို့၊ သူမကတော့ ဆားသောင်ပြင်ရှိရာဆီသွားတဲ့ ရှည်လျားတဲ့ ဆင်ခြေလျောအတိုင်း လျှောက်လို့။ ပုစဉ်းရင်ကွဲတစ်ကောင်က သူမကို ဖြတ်ပြီး ပျံသန်းသွားတယ်၊ သူ့ အတောင်ပံသေးသေးလေးတွေကို လှုပ်ခါရင်း၊ သေဆုံးရပ်တန့်နေတဲ့ လေထုထဲ လျှောတိုက်ချရင်း၊ ပိုမိုကွာဝေးလာတာနဲ့အမျှ သူမဟာ တဖြည်းဖြည်း သေးသေးလာတယ်။ နောက်ဆုံးတော့ မြက်ရိုင်းတွေပေါက်နေတဲ့ နွံတောအပေါ်က ဖုန်းဆိုးမြေနောက်ကို သူမ ထာဝရ နစ်မြုပ်ပျောက်ကွယ်သွားတော့တယ်။

အို ပုရစ်တွေက ကြေကွဲဖွယ် မြည်တမ်းနေကြပါလား။ ရေခဲသေတ္တာရဲ့ တဂျီးဂျီးမြည်နေတဲ့ ယန္တယားသံဟာ တြိဂံပုံအမိုး ကျေးလက်အခန်းအိုလေးကို မခံမရပ်နိုင်ဖွယ် တိတ်ဆိတ်သွားစေသလိုပဲ။ အနီးတစ်နေရာ သမိုင်းဝင်မီးပြတိုက်ဆီက နှစ်ပေါင်းရာကျော်ကြာ ဧကစာကျင့်ခဲ့တာကို နောင်တဗျာပွေညည်းညူနေသံ ကြားလိုက်ရပါတယ်။ 

သူမကတော့ မန်ဟက်တန်ကိုသွားတဲ့ လမ်းပေါ်မှာ။

တေဇာ (လရောင်လမ်း)
She by Charles Kaufmann ကို ဆီလျော်သလို။
Image Credit: www.rehabcenterla.com

Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”