Skip to main content

ဇစ်ပိုမီးခြစ်

ဂျွန်က ပြောလိုက်သည်။

“ငါ အိပ်မက်တစ်ခု မက်တယ်။ အဲဒီအကြောင်းကို မင်းကို ပြောပြချင်တယ်။ ငါက ဘီယာဘားတစ်ခုထဲမှာ ဘော်ဒါတွေနဲ့အတူ မတ်တပ်ရပ်နေတယ်။ သောက်ရင်းစားရင်း စကားပြောရင်းပေါ့။ သောကြာနေ့ညဆိုတော့ ဘားကတော့ ထုံးစံအတိုင်း လူပြည့်နေတာပေါ့။ သီချင်းသံလည်း ကျယ်ကျယ်လောင်လောင် ဖွင့်ထားတယ်။ ဘီယာသောက်ထားလို့ ငါက ကောင်းနေပြီ။ ဒါပေမဲ့ ခေါင်းစိုက်အောင် ကောင်းနေတာမျိုးတော့ မဟုတ်ဘူး။ ငါ့စိတ်ထဲမှာတော့ အတော်ကို အထာကျတဲ့နေရာပဲလို့ ခံစားနေရတယ်၊ ကောင်မလေးတွေကလည်း လှတယ်။ တစ်ညလုံး ဒီအတိုင်းဆက်ကဲဖို့ ငါ့အိတ်ထဲမှာ ပိုက်ဆံ အလုံအလောက်ပါတယ်။ မင်းသိပါတယ်၊ ရွှေဖြစ်နေတယ်ပေါ့ကွာ”
သူက ပြတင်းပေါက်ကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်သည်။ ပြီးနောက်မှ အသက်ကိုပြင်းပြင်း ရှူရင်း ဆက်ပြောသည်။


“ငါ့ ဘီယာဝယ်ရမယ့် အလှည့်ရောက်တော့ ငါလည်း ကောင်တာကို သွားတယ်။ အဲဒီမှာ လူတွေအုပ်လိုက်ကြီးရှိနေပေမယ့် ငါ့အတွက် ချက်ချင်းရတယ်။ ဘော်ဒါတွေကို သူတို့သောက်ဖို့အတွက် ပေးပြီးလို့ ငါ့အတွက်ဘီယာ ယူမယ်ဆိုပြီး ပြန်လှည့်လိုက်တဲ့အချိန်မှာပဲ ကောင်မလေးတစ်ယောက်နဲ့ ၀င်တိုက်မိရော။ ငါပြောတာက သူက ငါ့ကို ၀င်တိုက်တာပါ။ ပြီးတော့ ပြုံးမိကြတယ်ပေါ့ကွာ။ တကယ့်ကို အကြည့်ချင်းဆုံမိတာပေါ့။ ငါကတော့ စိတ်ထဲက တွေးလိုက်မိတယ်၊ ရွှေဖြစ်မယ့် ညပဲလို့။ အဲဒီအချိန်မှာသာ ငါနိုးသွားရင်ကွာ၊ ငါ မှိုရတဲ့မျက်နှာမျိုးနဲ့ နိုးလာမှာ။ မင်းသိပါတယ်၊ အိပ်မက်ဆိုတာတွေကို။ အိပ်မက်ကောင်းမက်ပြီဆို မင်းရဲ့ အသိစိတ်တစ်ဝက်က ဒါတွေအကုန်လုံး အတုတွေပဲဆိုတာ သိနေတယ်ပေမယ့် လန့်နိုးမသွားဘူးဆိုတာကတော့ ကံကောင်းလို့ပေါ့။ တွေ့သမျှ အားလုံး အလုပ်ကိုဖြစ်နေတယ်ပဲ ဆိုပါစို့”

“အဲဒီအချိန်မှာပဲ ချာတိတ်တစ်ကောင် ဘားထဲကို ၀င်လာတယ်။ ပထမ ငါ သူ့ကို မမြင်ပါဘူး။ ဒါပေမဲ့ ငါ့အိပ်မက်ကတော့ သူ့ကို မြင်တယ်ထင်တယ်၊ ဒါမှမဟုတ် နောက်ကျမှ ငါ ပြန်သတိထားမိတာလားတော့ မသိဘူး။ ချာတိတ်က ဂျပိန်လေးပါ ရှိုးတိုးရှန့်တန့်နဲ့၊ ဒါပေမဲ့ တကယ့်ကို ဒေါသူပုန်ထနေတဲ့ ရုပ်မျိုး၊ ပြီးတော့ သူ့လက်ထဲမှာ ဓာတ်ဆီပုံးတစ်ခု ကိုင်လာတယ်။ သူ လူအုပ်ကြားထဲက တိုးထွက်လာချိန်မှာ ဆီပုံးက ဆီတွေက တပွက်ပွက်နဲ့ အောက်ကို ကျနေတယ်”
“ငါ့ရှေ့ရောက်လာတဲ့ သူ့ကို ကြည့်လိုက်ချိန်မှာပဲ ချာတိတ်က သူ့လက်ထဲက ဆီပုံးနဲ့ ငါ့မျက်ခွက်တည့်တည့်ကို ပစ်လိုက်တော့တာပဲ။ အဲဒါပြီးတဲ့အချိန်မှာတော့ လူတွေအားလုံး နောက်ဆုတ်သွားကြလို့၊ ငါ့ကို မချိုမချဉ်နဲ့ ကြည့်နေတဲ့ ချာတိတ်ကလွဲလို့ ငါတစ်ယောက်တည်း အဲဒီနေရာမှာ ထီးထီးကြီး ရပ်နေမိတာ တွေ့လိုက်ရတယ်၊ တစ်ကိုယ်လုံး ဓာတ်ဆီတွေ ရွှဲနစ်လို့။ ဓာတ်ဆီတွေ မျက်စိထဲဝင်သွားလို့ စူးခနဲဖြစ်နေတယ်၊ ငါ့ဘီယာထဲမှာလည်း အဆီတွေဝေ့နေတယ်”
ဂျွန်က ကျွန်တော့်ကိုကြည့်ပြီး မချိပြုံး ပြုံးလိုက်သည်။

“ငါ အဲဒီမှာ ရောက်နေတယ်ကွာ။ မီးလောင်နိုင်တဲ့ အရည်တွေ အိုင်ထွန်းနေတဲ့အထဲ တစ်ယောက်တည်းရပ်နေရတယ်။ အဲဒီအရည်တွေက ငါ့အ၀တ်အစားတွေကို ဖောက်ပြီး အထဲစိမ့်ဝင်နေတယ်။ ယားကျိကျိနဲ့ နေရထိုင်ရအတော်ခက်တဲ့ အဖြစ်မျိုး။ ဘာဆက်ဖြစ်တော့မယ်ဆိုတာ ငါသိနေတယ်၊ ပြီးတော့ ငါ့ကိုယ်ငါ မေးခွန်းထုတ်နေမိတယ်၊ ဘာကြောင့် ငါမှ ဒါမျိုးလာဖြစ်ရတာလဲ။ ဒါမျိုး ကြုံရလောက်အောင် ငါဘာများလုပ်ခဲ့မိလို့လဲပေါ့။ မင်းစဉ်းစားကြည့်၊ သောကြာနေ့ည အရက်ဘားတစ်ခုမှာ အရှင်လတ်လတ်မီးရှို့ခံရဖို့ဆိုတာ ငါ့အနာဂတ်အစီအစဉ်တွေထဲ ဘယ်လိုနည်းနဲ့မှ မပါခဲ့ဘူးလေ”

[၂]

"ချာတိတ်က သူ့အိတ်ကပ်ကို စမ်းလိုက်ပြီး ဇစ်ပိုမီးခြစ်တစ်လုံး ထုတ်လိုက်တယ်။ ငါ့ဆီကို မြင်သာအောင် ထောင်ပြပြီး ပြုံးတယ်။ သူသွားလေးတွေက ဖြူးဖွေးပြီးညီညာနေတာ ငါ သတိထားလိုက်မိတယ်။ ပြီးတော့ ကိုယ့်ဖာသာ တတွတ်တွတ် ပြောနေမိတယ်၊ “ဒါမျိုးဖြစ်လာမယ်လို့ ငါ့မှာ စဉ်းစားဖို့ အချိန်မှ မရှိခဲ့တာ၊ ဒီကိစ္စမျိုးအတွက် ငါ ဘာမှပြင်ဆင်ထားတာမရှိဘူး။ ငါအဆင်သင့် မဖြစ်သေးဘူးလေ

“ငါ့ဘ၀တစ်ခုလုံး ဖျပ်ခနဲလောင်ကျွမ်းသွားဖို့ ငါ့မှာ စောင့်နေရတယ်။ ငါ့မျက်စိရှေ့တင်ပဲ ချာတိတ်က ဇစ်ပိုမီးခြစ်ကို ထောက်ခနဲ ဖွင့်လိုက်တယ်။ ဒါပေမဲ့ မီးခြစ်က မီးမတောက်ဘူး။ ချာတိတ်က နောက်တစ်ခါ ထပ်ခြစ်ပြန်တယ်။ မတောက်ပြန်ဘူး။ သူက ငါ့ကို ပြောတာ တောင်းပန်နေသလား မှတ်ရတယ်။ “ခဏလေးစောင့်နော်။ ခဏနေရင် အဆင်ပြေသွားမှာပါ” တဲ့။ ပြီးတာနဲ့ တကယ့်ကို အားသွန်ခွန်စိုက် သူ့ဇစ်ပိုကို ခြစ်နေတော့တယ်”
“အဲဒီအချိန်မှာပဲ ငါ အလျင်အမြန် နိုးလာတယ်။ ည၀တ်အင်္ကျီက စိုရွှဲနေပြီ။ တစ်သက်မှ တစ်ခါမှ ဒီလောက် ကြောက်ဒူးမတုန်ဖူးဘူး”

ဂျွန်က သူ့ပုခုံးကို တွန့်လိုက်ပြီး လေထွက်ပေါက်ကို လက်ဖြင့် ဆော့ကစားနေသည်။
“အဲဒီအိပ်မက်ကိုမက်တာ လေးခါရှိပြီ”
သူက ပြတင်းပေါက်ကို ဖြေလျှော့လိုက်ပြန်သည်။ ထို့နောက် လတ်ဆတ်စိုထိုင်းသောလေထုအတွင်းသို့ တံတွေးကို ပစ်ခနဲထွေးလိုက်သည်။

“ပထမနှစ်ခါကတော့ ငါ့အာရုံကြောစနစ်ကို ရှော့ခ်ရိုက်လိုက်သလိုပဲ၊ တော်တော်လေး ဂယောက်ဂယက်ဖြစ်သွားတာ။ အဲဒါပြီးတော့ ရက်တော်တော်များများ အိပ်မရတော့ဘူး။ တတိယအခါကျတော့ မဖြစ်ခင် သုံးလေးရက်အလိုမှာကတည်းက အိပ်မရတော့ဘူး။ အဲဒီအိပ်မက်ကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ငါ ခံစားရတယ်။ သိပ်ကို အဆင်သင့်ဖြစ်နေပြီ။ အဲဒီအကြိမ်တော့ အိပ်မက်ကို ငါ လျင်လျင်မြန်မြန်ပဲ အပြတ်ဖြတ်ပြီး လန့်နိုးလာနိုင်ခဲ့တယ်၊ ချာတိတ်ခမြာ သူ့အိတ်ကပ်ဆီကို လက်လှမ်းဖို့တောင် အချိန်မရလိုက်ဘူး”

“နောက်ဆုံးအကြိမ် ပြန်မက်တဲ့အချိန်ကတော့ ငါ အဲဒီအိပ်မက်ကို မေ့လုလုတောင် ဖြစ်နေပြီ။ နောက်ဆုံးအကြိမ် မက်ခဲ့တဲ့အချိန်က သိပ်ကြာခဲ့ပြီလေ။ မင်းသိတဲ့အတိုင်းပဲ၊ ငါက ဘော်ဒါတချို့နဲ့ အရက်ဘားထဲမှာ မတ်တပ်ရပ်နေတယ်။ ရွှေဖြစ်နေတဲ့အချိန်။ ပြီးတော့ အဲဒီကောင်မလေးက ငါ့ကို ၀င်တိုက်မိတယ်ပေါ့။ သူ့အပေါ်အင်္ကျီက ပါးပါးလေးရယ်၊ ပြီးတော့ ဘရာလည်း မပါဘူး။ ငါ့လက်မောင်းကို သူ့ရင်သားလေးနဲ့ ပွတ်တိုက်သွားတာ ခံစားလိုက်ရတယ်။ အခန်းက နွေးထွေးနေပေမယ့် သူ့နို့သီးဖျားလေးတွေက မာနေတယ်။ သာယာတယ်ပေါ့ကွာ။ မင်းလည်းသိပါတယ်၊ သူ့ကိုတော့ဖြင့် ငါမကြိုက်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အသိပေးရမယ့် မိန်းကလေးမျိုး ငါ မတွေ့ဖူးပါဘူး။ ဒါပေမဲ့ ဒီတစ်ယောက်နဲ့ကတော့ ရုတ်ချည်းဆိုသလို နက်ရှိုင်းမှုတစ်ခု ရှိသွားတယ်လို့ ပြောရမယ်။ ကောင်းသောညလေးဖြစ်တော့မယ်လို့ ငါပြောရဲတယ်”

“ဒါပေမဲ့ ဟိုချာတိတ်ကတော့ မပျက်မကွက် ရောက်လာတာပါပဲ။ သူက ငါ့ကို နောက်ကျောကနေ လှမ်းဆွဲလို့ လှည့်ကြည့်လိုက်ချိန်မှာပဲ ငါလည်း ခေါင်းကနေ ခြေဖျားအထိ ဓာတ်ဆီတွေ ရွှဲနေပြီ။ ကောင်မလေးကိုတော့ အစအနတောင် ရှာမတွေ့တော့ဘူး”

[၃]

“သူလည်း ဒီဇာတ်ကွက်ကို သိနေတာ ဖြစ်ချင်ဖြစ်မှာ။ သူလည်း ဒီဇာတ်ကွက်မှာ အလိုတူအလိုပါ ဖြစ်မှာ” ဟု ကျွန်တော်ပြောလိုက်သည်ကို ဂရုမစိုက်ဘဲ ဂျွန်က ဆက်ပြောသည်။
“ငါ့ ဂျင်းဘောင်းဘီနဲ့ တီရှပ်တွေက ဓာတ်ဆီတွေကို စုပ်ယူနေတာ ငါ ခံစားနေရတယ်။ ဆီတွေက ငါ့အတွင်းခံဘောင်းဘီအထိ ရောက်ပြီး ဝှေးစေ့နောက်နားက ငါ့တင်ပါးနှစ်ခုကြားထဲကို အကြောင်းလိုက် စီးလာတယ်။ ဒီတစ်ခါတော့ ဇစ်ပိုမီးခြစ်က မီးတောက်သွားတယ်။ ဒီတစ်ခါ အဲဒီငနဲလေးက မီးခြစ်ကို ပြင်ပြီးမှ လာခဲ့တာကိုး။ ပြီးတော့ သူ့လက်တွေက ငါ့ဆီကို ရွေ့လာတယ်၊ အပြာရောင်မီးတောက်လေး ထွက်နေတဲ့ သူ့လက်နက်လေးကို ကိုင်ရင်းပေါ့”
“ငါ နိုးလာတာနဲ့တစ်ပြိုင်နက်တည်း ဝေါခနဲ အသံတစ်ခု ကြားလိုက်ရတယ်။ ငါ့ ရင်ဘတ်၊ ဒါမှမဟုတ် ဗိုက်ကထွက်လာတဲ့ အသံဖြစ်မှာ။ ကုတင်အောက် ကြမ်းပြင်ပေါ်ကို ငါ အန်ချထားမိတာကိုး”

“ပထမနှစ်ကြိမ်တုန်းက ငါ့အနေနဲ့ လုံးဝပြင်ဆင်မှုမရှိခဲ့လို့ စိတ်အနှောင့်အယှက် ဖြစ်ရတာ။ ပြီးတော့ အဲဒီလို ထောင်ချောက်ထဲရောက်ရတဲ့ ခံစားချက်မျိုးကို ငါမုန်းတယ်လေ။ ဒါပေမဲ့ နောက်ဆုံးအကြိမ်ကျတော့ ငါတကယ် ကြောက်နေတာ ဘာလဲဆိုတာ ငါသိလာတယ်။ အဲဒါကတော့ အနှေးနဲ့အမြန်၊ ဒါပေမဲ့ သိပ်မကြာတော့တဲ့ အချိန်မှာပေါ့၊ အဲဒီ ဇစ်ပိုမီးခြစ်ဟာ အလုပ်လုပ်လာမယ်၊ ပြီးတော့ ငါ့ကို မသေမချင်း မီးလောင်တိုက်သွင်းလိမ့်မယ်ဆိုတာကို ငါသိနေလို့ပဲ”
သူက စကားပြော ရပ်လိုက်ပြီး ခေတ္တမျှ အတွေးနက်နေသည်။

“..ဆိုတော့ ဘာဆက်ဖြစ်မှာလဲ” ဟု ကျွန်တော်က မေးလိုက်သည်။
“ဒီတော့လား၊ ငါ နောက်တစ်ခါဆို အိပ်ယာက လန့်နိုးဖို့ ကြိုးစားတော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အမြဲတမ်း ငါဒီလို လက်ဦးအောင် လျင်လျင်မြန်မြန် ပြန်လန့်နိုးနေနိုင်မှာ မဟုတ်ဘူး” ဟု သူက မျက်နှာကို ကျွန်တော့်ဆီလှည့်ပြီး ပြောသည်။

သူ့အတွက် ပြင်းထန်သော ခံစားချက်တစ်ခု ကျွန်တော့်ရင်တွင် ဖြစ်ပေါ်လာသည်။ သို့သော် သူ၏ သစ်အယ်သီးရောင် မျက်ဝန်းများကို မှိတ်ချပြီးနောက် ကြောက်ရွံ့မှုတစ်စွန်းတစ်စကို ကွယ်ဝှက်လိုက်သည့် ပျင်းရိသောမြွေနဂါးတစ်ကောင်၏ အပြုံးတစ်မျိုး သူ့မျက်နှာပေါ် ဖြတ်သန်းသွားစဉ်တွင်ပင် ကျွန်တော့်ခံစားချက်မှာ အငွေ့ပျံပျောက်ကွယ်သွားခဲ့သည်။

“အဲဒီလိုလုပ်ဖို့ပဲ ရှိတော့တယ်” ဟု သူက ကျွန်တော့်ကိုပြောသည်။

ကျွန်တော်တို့ ကားအတွင်းမှ ထွက်လိုက်ကြပါသည်။

တေဇာ (လရောင်လမ်း)
Zippo by James Ross ကို ဆီလျော်သလို။
Image Credit: www.freebestpictures.blogspot.com

Comments

  1. အစွဲအလမ်း ရဲ့ ခြောက်ခြားဖွယ် ခြောက်လှန့်မှု ... ဥပါဒါန် ကြောင့် ဖြစ်သွားတတ်တဲ့ ဥပါဒ်များ ....

    ကိုတေဇာ ရဲ့ ဘာသာပြန် လက်ရာ ကလည်း ဖတ်ရတာ ရှင်းရှင်းလင်းလင်း ရှိပါတယ် ခင်ဗျာ ....

    Congratulations ပါ ....

    ခင်မင်သော အားဖြင့် ....

    သိ င်္ဂါ ရ

    ReplyDelete
  2. အခုလို လာဖတ်ပေးတာ ကျေးဇူးပါဗျာ။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”