Skip to main content

အတိုးဆုံးကဗျာများ (၃၂)

မြင်း

မြင်းကောင်းဆိုမှတော့
ခွါမလိပ်တာ သေချာပြီ။
ချိုကျိုးချင် ကျိုးမယ်
နားရွက်ပဲ့ချင် ပဲ့မယ်
ဒါပေမဲ့ ကျွန်တော်က ပြေးတယ်။

စက်လုံးစောင်း

ဝင်ရိုးပေါ်မှာ
၂၃ ၂/၁ ဒီဂရီ တိမ်းစောင်းနေတယ်
ဆိုပါစို့ လက်ထဲက ဂေါ်လီလုံးလေးကိုဆို
ဘယ်လို စောင်းမလဲ
စိတ်ကူးနဲ့ထိုးထားတဲ့ တံဆို့ကို ဖယ်လိုက်ရင်
ကမ္ဘာကြီးလည်း တည့်မတ်လာပြီပေါ့
လည်နေတာကို ရပ်ပစ်လိုက်ဖို့တော့ လိုချင်လိုမှာပေါ့။

ငါဗဟိုပြု

ကျွန်တော်က တစ်ကိုယ်ကောင်းသိပ်ဆန်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ် ကောင်းစေချင်တဲ့ စေတနာကြောင့်။
ဒါမှမဟုတ် ကျွန်တော်က တစ်ကိုယ်ဆိုးဆန်ရမှာလား
တခြားသူတွေရဲ့ ကောင်းခြင်းဆိုးခြင်းနဲ့ပတ်သက်ပြီး
ကျွန်တော့်မှာများ လုပ်ပိုင်ခွင့်တစ်ခုခု ရှိနေသလား။

အဓမ္မဆောင်း

သဘာဝဟာ ကျောသားရင်သားမခွဲခြား
အအေးလှိုင်းများ တည့်တည့်ကြီး တိုးဝင်လာကြ။
ဒါနဲ့တောင် အိမ်ခြေယာမဲ့ကလေးငယ်တွေကိုမှရွေးပြီး
ဝိဉာဉ်နုတ်ယူတာ ဘာသဘောလဲ
ဒီလိုပြောတော့လည်း ဆောင်းကတောင် စောင်းကြည့်တာခံရဦးမယ်။

လမ်းပန်းဆက်သွယ်ရေး

ချစ်ခြင်းတရားဟာ
ကျွန်တော့်ဘ၀ရဲ့ အချက်အခြာနေရာမှာ တည်ရှိပါတယ်
အလိုဆန္ဒတွေကတော့ ဆင်ခြေဖုံးမှာ။
အခုလောလောဆယ် ကျွန်တော်
ဆင်ခြေဖုံးမှာပဲ အနေများတယ်။

ဘုရင့်တဏှာ

ကလီယိုပါထရာရဲ့ ၀တ်လစ်စလစ်အလှကို
မြင်လိုက်ရတဲ့အချိန်မှာ
ကျွန်တော့်မှာ ပထမဆုံးဖြစ်လာတဲ့ ခံစားမှုက
မိမိရဲ့ ဂျူးလီယက်ဆီဆာဘ၀ကို
ကျေနပ်လိုက်မိတာပါပဲ။

တေဇာ (လရောင်လမ်း)

Comments

  1. ကလီယိုပါထရာရဲ့ ၀တ်လစ်စလစ် အလှကို
    မမြင်လိုက်ရတဲ့ ဘ၀မှာ
    ကျွန်တော်ပထမဆုံးဖြစ်လာတဲ့ ခံစားမှုက
    မိမိရဲ့ မိုးယံ ဘ၀ကို
    ကျေနပ်လိုက်တာပါပဲ

    ReplyDelete
  2. ကဗျာလေးတွေ လာရောက်ခံစားပါတယ်...
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေရှင်...
    ဆန္ဒအားလုံးပြည့်ဝပါစေနော်...

    ReplyDelete
  3. ကဗျာတိုကလေးတွေပေမဲ့ ထိထိမိမိနဲ့လှပတယ် အားလုံးနီးပါးကြိုက်တယ် ...
    ခင်တဲ့...
    မလွင်

    ReplyDelete
  4. ဒီတစ်ခါ ကဗျာတိုလေးတွေ အားလုံးကောင်းပါ

    ReplyDelete
  5. တိုးလွန်းလိုက်တာ ..
    အဲတော့လည်း နားစိုက်ထောင်မိတော့တာပေါ့ လို့..း)

    ReplyDelete

Post a Comment