လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

တန်ပြန်သံသရာ

အလူမီနီယံလိုမျိုး အကန့်အသတ်မရှိ
တန်ပြန်သံသရာ လည်နိုင်တယ်
ဒီလိုစိတ်ကလေးနဲ့ပဲ ခင်ဗျားကို ချစ်ခဲ့တာ။

(အတိုးဆုံးကဗျာ)

ပုံသဏ္ဌာန်ကို ကြည့်ပြီး ဆုံးဖြတ်ရင် မှားတတ်တယ် ဆိုတာကိုတော့ အားလုံးသိခဲ့ကြတာပဲ။ သိသိကြီးနဲ့ ပုံသဏ္ဌာန်ကို ကြည့်ပြီးပဲ အများအားဖြင့် ဆုံးဖြတ်တတ်ကြတယ် ဆိုတာကိုလည်း ကျွန်တော် သိခဲ့ပါတယ်။ မျက်လုံးနဲ့ ကြည့်တယ်ဆိုမှတော့ ပုံသဏ္ဌာန်ကိုပဲ မြင်နိုင်မယ်။ အနှစ်သာရကို မမြင်ကြရဘူး။ အနီရဲရဲ ပန်းသီးဟာ ချိုမယ့်ပုံရပါရဲ့၊ ဒါပေမဲ့ သေချာတာမျိုးတော့ မဟုတ်ဘူး။ အရသာနဲ့ အနှစ်သာရဆိုတာက အသိထဲမှာပဲ ရှိတယ်။ ပြီးတော့ ဓါတ်ခွဲခန်း ရလဒ်တွေမှာ ရှိချင်ရှိမယ်။ ဒါကို သိပေမဲ့လည်း ကိုက်ကြည့်ခွင့် မရှိတဲ့ ပန်းသီးတွေကို ကျွန်တော်တို့ အမြင်နဲ့ပဲ ဆုံးဖြတ်ကြရတာ မဟုတ်လား။ အခုကိစ္စမှာက ပန်းသီးတစ်လုံးအကြောင်း မဟုတ်ဘူး။ အရောင်နဲ့ မဆိုင်ဘူး။ ပန်းသီးပုံစံဖြစ်နေတဲ့ အလူမီနီယံစ တစ်ခု အကြောင်းပဲ။


အဲဒီအချိန်တုန်းက သူနဲ့ ကျွန်တော်နဲ့ ချစ်နေခဲ့တယ်။ ချစ်တဲ့ကိစ္စကတော့ တခြားလူတွေလိုပါပဲ၊ ပြောစရာ အထွေအထူး မရှိဘူး။ ဒီတော့ ကျွန်တော့်အကြောင်းကိုပဲ ပြောပြရမှာ။ ကျွန်တော်က ကျွန်တော်ဟာ အလူမီနီယံစတစ်ခုပါ ဆိုတာကို သူ့ကို ၀န်ခံခဲ့တယ်။ ဒါပေမဲ့ သူက လက်မခံဘူး။ သူ့အမြင်မှာတော့ ကျွန်တော်ဟာ ပန်းသီးပဲ။ ကျွန်တော်ဟာ တစ်ချိန်ချိန် ၀င်းမှည့်လာလိမ့်မယ်၊ ချိုမြိန်လာလိမ့်မယ်လို့ သူက ယူဆတယ်၊ မျှော်လင့်တယ်။ ပန်းသီးဆိုတာမျိုးက တစ်ချိန်ချိန်တော့ မှည့်ကြရတာပဲ မဟုတ်လား။  ပန်းသီးမဟုတ်မှန်း အသေအချာ သိနေတာက လွဲလို့၊ ဒီလို သဘာဝကျတဲ့ အယူအဆကို ဆန့်ကျင်ပြီး ကျွန်တော်က အကျယ်မငြင်းဖြစ်ခဲ့ဘူး။ ပန်းသီးမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် လိမ်နေတဲ့ ပန်းသီးလို့ သူက ပြောတတ်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူနဲ့အတူတူ ပန်းသီးဆန်ဆန် နေထိုင်ခဲ့ပါတယ်။ အကိုင်းထက်မှာ ခပ်တည်တည် သီးကြည့်တယ်။ ငှက်တွေလာရင် သစ်ရွက်တွေကြားထဲ ကြောက်လန့်တကြားဟန်နဲ့ သူနဲ့အတူ တိုးဝှေ့ပုန်းအောင်းတယ်၊ ပျော်စရာကြီးပဲ။ လေတိုက်ရင် သူ့ဘက်ကို အသားယူပြီး ပိုပိုသာသာ ယိမ်းနွဲ့ပစ်တယ်။ ခင်ဗျားက အောက်ကနေကြည့်ရင် ကျွန်တော်တို့နှစ်ယောက် ပြွတ်သိပ်နေတာကို မြင်ရမှာ။ ဆိုပါတော့ ကျွန်တော်က အဲဒီအချိန်တုန်းက အလူမီနီယံတန်မဲ့နဲ့ ရုက္ခဗေဒဆန်ဆန် နေကြည့်ခဲ့တယ်။

တစ်ခါတခါတော့ သူကလည်း ပြောပါတယ်။ နင်ဟာ ပန်းသီးဆိုတာကို ငါ မယုံရဲဘူးတဲ့။ နင့်အရောင်က သိပ်ပြီးတော့ ငွေလွှာရောင် သမ်းနေတယ်တဲ့။ နင်ဟာ ပန်းသီးတော့ ဟုတ်ပါတယ်နော်လို့ ကျွန်တော့်ကို မေးလေ့ရှိတယ်။ အားလုံးသိကြတဲ့အတိုင်း ဒီလိုအမေးမျိုးမှာက ဖြေစရာအဖြေက တစ်ခုတည်းပဲရှိတယ်။  Persuasive question လို့ခေါ်မလား၊ ရေလာမြောင်းပေးအမေးမျိုးပဲ။ ကိုယ်ဟာ ပန်းသီးအစစ်ပါ၊ ဘာဖြစ်လို့လဲဆိုတော့....xxx... ၊ ဒါကိုတော့ ယုံစေချင်တယ်...။ အဲဒီလိုပုံစံနဲ့အဖြေကို မျှော်လင့်နေတဲ့ အမေးမျိုး။ ဒီတော့လည်း ကျွန်တော်က ဘာတတ်နိုင်မှာလဲ၊ သူလိုချင်တဲ့အဖြေမျိုး ဖြေပေးရုံပဲ ရှိတော့တယ်။ လိမ်လည်လိုက်မိပြီရယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းစိတ် မခံစားရဘူး။ သိတဲ့အတိုင်း ကျွန်တော်က အလူမီနီယံ မဟုတ်လား။ အဆောက်အဦတစ်ခုလို လေဒဏ်မိုးဒဏ်ကြား မတ်မတ်ရပ်နေခဲ့ဖူးတယ်၊ ပြတိုက်ထဲက အနုပညာ ပစ္စည်းတစ်ခုလိုလည်း မှင်သေသေ ထည်ဝါခဲ့ဖူးတယ်။ စက်ဘီးခွေကလေး တစ်ခုလိုလည်း လမ်းမတွေပေါ်မှာ လည်ပတ်ခဲ့ဖူးတယ်။ နောက်ဆုံး ပြတင်းပေါက်တစ်ခုလိုလည်း လောကကြီးကို ငြိမ်ငြိမ်သက်သက် ထိုင်ရှုနေခဲ့ဖူးတယ်။ အခုလို ကပ်သီးကပ်သပ် ပန်းသီးလာဖြစ်ပြန်တော့လည်း ကျွန်တော် တတ်နိုင်သလောက်  ချိုမြိန်ကြည့်ရတော့တာပဲ။ အဲဒီလို အချိန်ဆိုရင်တော့ သူက ပြောတတ်တယ်။ ဟုတ်ပါတယ် နင်ဟာ ပန်းသီးပဲ၊ အရောင်ဘယ်လိုပဲ ကွဲကွဲ ပန်းသီးပုံသဏ္ဌာန်ပဲ။ ပန်းသီးမဟုတ်ရင် ဘာလို့ ဒီလို သစ်ပင်ပေါ်မှာ သီးနေမလဲ၊ ငါနဲ့အတူ ရှိနေမလဲတဲ့။ ကိုယ်တိုင် သက်သေထူလိုက်တဲ့ အပြောမျိုး။ Confirmation Trap ဆိုတာကို သတိထားမိပေမဲ့ ကျွန်တော်က ဒါကို ဘယ်လို မျက်နှာပေးမျိုးနဲ့ သတိပေးရက်မလဲ။

ပြောရမယ်ဆိုရင်တော့ အဲဒီအတိုင်း ကျွန်တော်တို့ ကာလတစ်ခုကြာ နေထိုင်ခဲ့တယ်။ ဒီအတောအတွင်း သူ တဖြည်းဖြည်း ရင့်မှည့်လာခဲ့တယ်။ ပန်းသီးတစ်လုံးရဲ့ အချိုဆုံးအသက်အရွယ်ကို ရောက်လာတယ်။ ကျွန်တော်ကတော့ ဘာမှမထူးဘူး။ ငွေမှင်ရောင်ပန်းသီးကို မှည့်မမှည့် ဘယ်သူမှ ဆုံးဖြတ်လို့ မရဘူး။ ခင်ဗျားသာမြင်ရင်လည်း ကျွန်တော့်ကို ကိုက်ကြည့်ချင်မှာ မဟုတ်ဘူး။ အတူတူရှိနေတော့ ကျွန်တော်လည်း သိပ်သတိမထားမိခဲ့ဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ သိသိသာသာ ရှုံ့တွနေတာကို ကျွန်တော် ရုတ်တရက်ကြီး မြင်လိုက်ရတယ်။ ဆိုပါစို့ သူ စသီးခါစက အရွယ်နဲ့ အရောင်ကို လောလောဆယ်နဲ့ နှိုင်းယှဉ်ပြီး မြင်လိုက်ရသလိုမျိုး။ မနေ့ကနဲ့ ဒီနေ့ နှိုင်းယှဉ်ရင်တော့ ဘာမှကွာမှာမဟုတ်ဘူး။ ကျွန်တော် နည်းနည်း တုန်လှုပ်သွားမိတယ်။ တုန်လှုပ်တယ်ဆိုတာကလည်း ကျွန်တော်က ပန်းသီးဆန်ဆန်နေလာတာ အကျင့်ပါနေလို့ဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ်တောင် အလူမီနီယံဆိုတာ မေ့ချင်ချင်ဖြစ်နေပြီ။ သူ ရုတ်တရက် ကြွေကျသွားတော့မလား ကျွန်တော် ထင်မိတယ်။ သူ့အရောင်က မည်းပုပ်ပုပ်ဖြစ်လာသလို သူ့စကားတွေကလည်း အရင်ကနဲ့ မတူတော့ဘူး။ နင့်ကိုငါ စိတ်ကုန်နေပြီဆိုတာမျိုးတွေ ပြောတတ်တယ်။ အစတော့ ကျွန်တော် ကြိုးစားပြီး ၀မ်းနည်းနေခဲ့သေးတယ်။ ပန်းသီးကိုး။ နောက်တော့လည်း ကြိုးစားစရာမလိုဘဲ အလွယ်တကူ ၀မ်းနည်းလာနိုင်လို့ ကျေနပ်မိတယ်။ နောက်ဆုံးတစ်နေ့တော့ သူ ရုတ်တရက် ကြွေသွားတယ်။ ဟုတ်တယ် ရုတ်တရက်လို့ပဲ ပြောရမှာ။ အခြေအနေတစ်ခုက တစ်ခုကို အကူးအပြောင်းတိုင်းဟာ ရုတ်တရက်ချည်းပဲ မဟုတ်လား။ ဖေးဖေးမမ ပြောရရင် Transition Pattern လှလှလေးတစ်ခုနဲ့ သူ မြေခသွားတယ်။ နင့်အတွက်ငါ့မှာ အချစ်မရှိတော့ဘူးတဲ့။

ကျွန်တော်လည်း စိတ်ထိခိုက်မိတယ်။ ခုတော့ သစ်ကိုင်းပေါ်မှာ ကျွန်တော် တစ်ယောက်တည်း။ သူ ရှိနေတုန်းက အချိန်တွေကို စိတ်ကူးနဲ့ ပြန်ရစ်ကြည့်တယ်။ တစ်ခုခုလိုနေသလို ခံစားရတယ်။ ကျွန်တော် တကယ်ဝမ်းနည်းနေတယ်။ ဒါပေမဲ့ သိပ်မကြာဘူး တစ်စုံတစ်ခုကို ကျွန်တော် အလန့်တကြား တွေးလိုက်မိတယ်။ ကျွန်တော့်အရောင်ကို ကျွန်တော် ပြန်တွေ့လိုက်ရလို့ပဲ။ ပြီးတော့ ငါက ဘာလို့သူ့လို မကြွေသလဲဆိုတာကို နက်နက်နဲနဲ စဉ်းစားမိလိုက်လို့ပဲ။ တကယ်တော့ ကျွန်တော်ဟာ ပန်းသီးအစစ်မဟုတ်ဘူး၊ ပန်းသီးယောင်ဆောင်ထားတဲ့ အလူမီနီယံတစ်စ ဆိုတဲ့အချက်ဟာ ဘွားခနဲ ပြန်ပေါ်လာတယ်။ သူနဲ့အတူရှိနေခဲ့တဲ့ စဦးကာလတွေတုန်းက သူ့စိတ်ပျော်ရွှင်မှုအတွက် ကျွန်တော် ဖုံးကွယ်ထားခဲ့တဲ့အချက်ပဲ။ ဒီတော့မှ ကျွန်တော် ပြုံးလိုက်မိတယ်။ ကျွန်တော့်ဝမ်းနည်းမှုဆိုတာက အရှိန်လေးနဲ့ ဆက်ရွေ့နေတဲ့ ဟန်ဆောင်မှုတစ်ခုပဲဆိုတာ ကျွန်တော် သတိထားမိတော့ အသံထွက်အောင် တစ်ချက်လောက် ရယ်လိုက်တယ်။ လှောင်ရယ်တာတော့မဟုတ်ဘူး။ ဘယ်လိုပြောမလဲ ကိုယ့်အဖြစ်ကိုယ် နာကျည်းလိုက်မိသလိုမျိုး ခြောက်ကပ်ကပ်ရယ်သံပဲ။ သူ မရှိမှတော့ ကျွန်တော်က ဒီအကိုင်းပေါ်မှာ ဘာလို့ တွဲလောင်းခိုနေတော့မလဲ။ သူလဲလျောင်းနေတဲ့ မြေကြီးပေါ်ကို တစ်ချက်ငုံ့ကြည့်ပြီး ကျွန်တော်လည်း ခပ်တိုးတိုးပြောလိုက်တယ်။ ကိုယ်လည်း မေ့လိုက်ပြီဆိုတဲ့ ကျွန်တော့်လေသံဟာ စက်ရုပ်သံထွက်နေတယ်လို့ ခင်ဗျားတော့ ပြောမလားပဲ။

အခုတော့ ကျွန်တော်က ကောင်းကင်ပေါ် ရောက်နေတယ်။ အမြင့်ဆုံးနေရာမှာ အမြန်ဆုံး အလျင်နှုန်းနဲ့ ကျွန်တော် ပျံသန်းနေတယ်။ ကျွန်တော်က အခု လေယာဉ်တစ်စင်းပါလို့ ပြောရင် ကြွားတယ်လို့ ခင်ဗျား မထင်စေချင်ဘူး။ တကယ်တော့ ကျွန်တော်က အလူမီနီယံပဲ၊ လေယာဉ်တစ်စင်းဖြစ်တာ ဘာဆန်းလဲ။ ဒီလိုပဲ ကျွန်တော် သံသရာ လည်နေကျပဲ။ ခင်ဗျားက ကျွန်တော့်ကို မျက်နှာများသူ၊ သစ္စာမဲ့သူအဖြစ် ယူဆမလားတောင် မသိဘူး။ ကျွန်တော် ပန်းသီးတစ်လုံးလို တကယ် သီးကြည့်ခဲ့တာ။ ရိုးရိုးသားသား နေခဲ့တာပဲ။ ပန်းသီးစစ်စစ်က ကြွေသွားခဲ့တာတောင် ကျွန်တော် ယောင်ပြီး ဆက်သီးနေခဲ့မိသေးတာ ခင်ဗျားလည်း မြင်ပါတယ်။ တကယ်လို့ ဒုတိယ ပန်းသီးတစ်လုံးနဲ့ ပလူးပလဲ ဆက်သီးနေဦးမှာဆိုရင်တော့ ကျွန်တော်ဟာ သစ္စာမဲ့သူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ အမှန်တော့ အသွင်ပြောင်းလဲနိုင်မှု ကိုယ်နှိုက်က ကျွန်တော့်ရဲ့ ဂုဏ်သတ္တိပဲ။ ပန်းသီးတွေရဲ့ မှည့်ရွမ်းတတ်တဲ့ သဘောဝလိုပေါ့။ အခုတော့ ကျွန်တော် ပျံသန်းနေတယ်။ ခင်ဗျားက ကျွန်တော်သယ်ဆောင်လာတဲ့ ခရီးသည်တစ်ဦးတောင် ဖြစ်ချင်ဖြစ်နေမှာ။

တေဇာ (လရောင်လမ်း)

3 comments:

မိုးယံ said...

အလူမီနီယံ ကိုတေပန်းသီး ကျွန်တော်သေချာဖတ်သွားတယ်. အလူမီနီယံ သံသရာလည်ပုံတွေရော... ပန်းသီးဘ၀တုန်းက နောက်တစ်လုံးနဲ့ သစ္စာရှိပုံတွေရောပေါ့...။ အခုအမြင့်မှာ ပျံနေတယ်မဟုတ်လား... ။ ကျွန်တော်ကတော့ ခရီးသည်တစ်ဦးမဖြစ်သေးဘူး.

pandora said...

တကယ်တော့ ပုံသဏ္ဍာန်ကို အမြင်နဲ့ ဆုံးဖြတ်ခဲ့လို့အဲဒီလိုဖြစ်ရတာ။ ပုံသဏ္ဍာန်ကို မျက်စိမှိတ်ပြီး ကိုင်တွယ်စမ်းသပ် ဆုံးဖြတ်ခဲ့ရင် ဒီလိုဖြစ်ချင်မှဖြစ်ခဲ့မယ်။

တေဇာ (လရောင်လမ်း) said...

မျက်စိမှိတ်ပြီး ကိုင်တွယ်စမ်းသပ်မယ်ဆိုရင် အေးစက်လုံးဝန်းတဲ့ အထိအတွေ့ကိုပဲ ရမှာပေါ့။း)

Post a Comment