Skip to main content

စတုတ္ထအနားတစ်ဖက် မလိုအပ်သည့် တြိဂံများအကြောင်း

မြင့်သန်း
ထွန်းမောင်နဲ့ကျွန်တော် ဒီနားမှာ ဆုံလေ့ရှိတယ်။ ဒီအချိန်လောက်ပဲ။ အထူးသဖြင့် ကြာသပတေး၊ သောကြာလိုနေ့မျိုးတွေမှာ။ သူက တောင်ဘက်ထဲဆီက ပြန်လာတယ်။ ကျွန်တော်ကတော့ မြောက်ဘက်ဆီက လာတာ။ ဒီကနေ တောင်ဘက်ထဲကို တည့်တည့်ဆင်းသွားရင် ကားလမ်းမကြီးဆီ ရောက်တယ်။ လမ်းမကို ကျော်လိုက်ရင် တပ်ဘက်ကိုရောက်တယ်။ ကြာသပတေး၊ သောကြာဆိုရင် တပ်ထဲမှာ အမဲပေါ်လေ့ရှိတယ်။ ထွန်းမောင်က အမဲဖျက်ပေးရတတ်တယ်။ တစ်ခါတလေ သူကိုယ်တိုင်ပဲ ပေါ်ပေးလိုက်ရတာရှိတယ်။ အဲဒီလို နေ့မျိုးတွေမှာတော့ အမဲကလီဇာထုပ်ကလေး ဆွဲလာတတ်တယ်။ သူ့လက်ထဲမှာ အထုပ်ကလေး ပါလာရင်ဖြင့် အဲဒီနေ့မှာ သူကိုယ်တိုင် အမဲပေါ်ခဲ့တာပဲ။ တကယ်တော့ အမဲကလီဇာက သူစားဖို့ မဟုတ်ဘူး။ ကျွန်တော်စားဖို့။ သောင်းရင်တို့သာအဖ တဲဆီရောက်ရင် ညွန့်မောင်ကိုချက်ခိုင်းပြီး ကျွန်တော်က မြည်းတယ်။ ညွန့်မောင်က ဟင်းချက်ကောင်းတယ်။ အရင်က ထန်းတက်ပေတဲ့ ခုတော့ သူ့သား သောင်းရင်နဲ့ လွှဲထားပြီး လိုင်စင်စီ စနစ်တကျ လုပ်နေတယ်။ ဟင်းချက်ပြီး ရောင်းလေ့ရှိတယ်။ လစ်တဲ့အခါတော့လည်း အဖြူလေးဘာလေး ချက်တယ်။ တစ်ခါက ကျွန်တော်နဲ့ ကျောင်းနေဖက်ကောင်တစ်ကောင် လက်ထောက်မြို့ပိုင်ဖြစ်လာတော့ ကျွန်တော်က ဒီဘက်ထဲကိုခေါ်လာပြီး ညွန့်မောင်ကို ချက်ပြုတ်ခိုင်းပြီး စားကြသောက်ကြတယ်။ ဒီကတည်းက သောင်းရင်တို့ သားအဖ တဲဆီကို ဘယ်သူကမှ ပြဿနာမလုပ်ရဲကြတော့ဘူး။ ဒီတော့လည်း ညွန့်မောင်အတွက် လစ်နေတာက များတယ်ပဲ ပြောရလိမ့်မယ်။

ထွန်းမောင်က သောင်းရင်တို့ သားအဖနဲ့ပတ်သက်ပြီး သိတာ။ ဒီဘက်ကို ကျွန်တော် ပြောင်းမလာခင်ကတည်းက သူတို့ သားအဖနဲ့ ခင်တယ်။ ဘုရားလူကြီးစာရင်းထဲ ပါတဲ့ ကိုကြီးမူနဲ့ စကားစပ်မိတော့ ထန်းရည်ကောင်းကောင်းတော့ သောက်ချင်သဗျာလို့ ပြောမိတယ်။ သူက သောင်းရင်တို့ သားအဖ တဲကို ညွှန်းတယ်။ ညွှန်းပေတဲ့ ကျုပ်ပြောတယ်လို့တော့ မပြောနဲ့တဲ့။ ဘာလို့တုံးဆိုတော့ ကျုပ်က ဘုရားလူကြီးတဲ့။ ဒီတော့လည်း ကျွန်တော်က မနေနိုင်ဘူး။ ခင်ဗျားဘုရားက တစ်နှစ်တစ်ခါလောက် ထုံးသင်္ကန်းကပ်ပြီး ပွဲလုပ် အရပ်ဇာတ်ကရတဲ့ ဘုရားပါဗျာလို့ ပြောလိုက်မိတယ်။ ဒီတော့သူက မင်းကလည်းကွာလို့ပြောပြီး ခဏလောက်တော့ တွေသွားတယ်။ ပြီးတော့မှ ငါ့ယောက္ခမ သိသွားလို့လည်း မကောင်းဘူးလို့ ထပ်ပြောတယ်။ ဒီလိုဆိုရင်တော့ဖြင့် ကျုပ်သဘောကျပါတယ်လို့ ဖြေချလိုက်ရတယ်။ အဲဒီတုန်းက သတိပေးသလိုလိုနဲ့ သူက ပြောသေးတယ်။ အမြဲတော့လည်း သွားမနေနဲ့ပေါ့ကွာ။ မင်းက ကျောင်းဆရာတဲ့။ ဒီတော့လည်း ရှင်းရပြန်တယ်။ ကျုပ် သူများအသတ် မသတ်ဘူး။ သူများပစ္စည်း မခိုးဘူး။ သူများ သားမယားကို ကြာကူလီမရိုက်ဘူး။ တတ်နိုင်ရင် မလိမ်ဘူး။ မတတ်နိုင်တဲ့အခါ ကျတော့လည်း လိမ်ရသပေါ့ဗျာ။ တစ်ခါတလေ ထန်းရည်လေး၊ အရက်ကလေးသောက်ပြီး ဇိမ်ခံတတ်တယ်။ နေ့စဉ်နေ့တိုင်း ကျုပ်မလုပ်တာတွေကို လုပ်နေတဲ့ကောင်တွေထက်စာရင် ကျုပ်ကိုယ်ကျုပ် တော်တယ်လို့ ယုံတယ်။ ဒီတော့ ခင်ဗျားက ကျုပ်ကို မပူနဲ့။ ကျုပ်မှာ ခင်ဗျားလို အထင်ကြီးအောင် သိက္ခာရှိအောင် လုပ်ပြနေဖို့ ယောက္ခထီး၊ ယောက္ခမလည်း မရှိဘူး။ မတော် ရှိလာလည်း တခြားနည်းနဲ့ အထင်ကြီးအောင် လုပ်မယ်လို့ ပြောလိုက်ရသေးတယ်။ သူလည်း ဘာမှ မပြောသာတော့လို့ ခေါင်းပဲ ခါနေတော့တယ်။

ထွန်းမောင်နဲ့ညွန့်မောင်က ညီအစ်ကို တော်တယ်။ ဒါပေတဲ့ တစ်မအေတည်းပေါက်တော့ မဟုတ်ဘူး။ တစ်မအေစီဆိုပေတဲ့ အတော်တော့ သံယောဇဉ်ရှိကြပုံရတယ်။ ရုပ်ရည်လည်း ကွာတယ်။ ညွန့်မောင်ကတော့ ထန်းသမားဖြစ်မယ့် ရုပ်မျိုး။ မြို့ပိုင်တို့၊ ရာဇ၀တ်အုပ်တို့ မပြောနဲ့ ၀န်ရှင်တော်မင်းကြီး တက်ဖြစ်တောင် သင်းရုပ်က ထန်းသမားရုပ်ရည်ထက်တော့ မပိုဘူး။ ပြင်လို့ရမှာမဟုတ်တဲ့ ရုပ်ရည်မျိုး။ ကော်ပတ်စားပေးလို့ ပြောင်လာပေတဲ့ ပြောင်းမသွားတဲ့ရုပ်မျိုး။ မည်းမည်းညစ်ညစ် နုတ်နုတ်  အရည်ကြိုပြီး အသစ်ပုံလောင်းတောင် ညိုညစ်ညစ်က ပါလာဦးမှာ။ ထွန်းမောင်ကတော့ လူကောင်ကကြီးကြီး၊ ခပ်ဖြူဖြူ ဗလကောင်းကောင်း။ ကော်လံပြတ်နဲ့တိုက်ပုံနဲ့ အင်းလေးနဲ့သာဆင်လိုက်၊ မြို့ပိုင်နယ်ပိုင်လို့ပြောရင် ယုံလောက်တယ်။ မဆီမဆိုင် တစ်ခါတလေ သူတို့ညီအစ်ကို အကြောင်းကို တွေးကြည့်မိတတ်တယ်။ ဘာရယ်တော့လည်း မဟုတ်ဘူး။ ဒါကြောင့်မို့ပဲထင်တယ်၊ ဘာအဖြေမှ မရဘူး။ အထူးသဖြင့် ဘယ်သူ့ဘ၀ ဘယ်သူ့အနေအထားဟာ ကောင်းသလဲ၊ ဘယ်သူ့အခြေအနေက ဆိုးသလဲ ဆိုတာကို တွေးကြည့်လိုက်တိုင်း အတွေးထဲမှာ ကိုးလိုးကန့်လန့်ဖြစ် ကျန်ရစ်ခဲ့တယ်။ နှာခေါင်းထဲမှာ ယားလာလို့ နှာချေချင်သလိုလိုဖြစ်လာပြီးကာမှ မချေလိုက်ရသလိုမျိုးပဲ။ ဘာကို အပြစ်တင်ရမှန်းတောင် မသိတော့ဘူး။ လောကကြီးမှာ အပြစ်တင်မယ်ဆိုရင် တင်စရာတော့ ရှိတာပဲ။ သူတို့ညီအစ်ကိုနဲ့ကျကာမှ ဘာမှ အပြစ်တင်စရာ ရှာမရပါလားလို့ စိတ်ထဲဖြစ်ရတယ်။ တကယ်တော့ သူတို့ညီအစ်ကိုက သူတို့အဖေဆုံးကာမှ တွေ့ကြ သိကြရတာ။ ဒီလို ..

သူတို့အဖေက မြို့ကလူတွေ အခေါ်တော့ တောပွဲစား။ တောက အခေါ်တော့ ပွဲစားကြီး။ ဘာချည်းဖြစ်ဖြစ် သူ့အရပ် သူ့ဇာတ်နဲ့ ယှဉ်ပြောရရင်တော့ ပိုက်ဆံ အထိုက်အလျောက်ရှိတယ်။ တောဘက်ကို အရောင်းအ၀ယ်နဲ့သွားရင်း ညွန့်မောင်တို့အမေနဲ့ ညားတာ။ တစ်ရွာတစ်ကျီဆောက်ဆိုတဲ့စကား ပျောက်သွားမှာစိုးတာနဲ့ အကောင်အထည်ဖော်လိုက်ပုံ ရပါတယ်။ နောက်တော့ ညွန့်မောင်ကို မွေးတယ်။ ထွန်းမောင်တို့အမေကတော့ ဒီကိစ္စတွေ မသိဘူး။ နောက်တော့ ပွဲစားကြီးသေရော။ ပွဲစားကြီးသေတယ်ကြားတော့ ညွန့်မောင်တို့အမေက သားကိုဆွဲပြီး အသုဘအိမ်ကို ရောက်လာတာ။ ဒီတော့ ဇာတ်စုံခင်းကြရရော။ ဒီတော့ ထွန်းမောင်တို့အမေဘက်ကတို့ သွားလေသူကြီးဘက်တို့က ညွန့်မောင်အမေကိုပဲ ၀ိုင်းပြီး လက်ညှိုးငေါက်ငေါက်ထိုးပြီး နင်ပဲငဆ လုပ်ကြပါလေရော။ ဖြစ်ချင်တော့၊ ဖြစ်ချင်တော့လို့ပဲ ပြောရမှာ။ ကံကောင်းတယ်လို့ပြောရင် ဒီနေရာမှာ ဘယ်သူ ကံကောင်းမှန်းမှ မသိဘဲ။ ပြောမယ့်သာ ပြောရတယ် ကံကောင်းတာက သွားလေသူ ပွဲစားကြီးတောင် ဖြစ်နိုင်တယ်။ ဖြစ်ချင်တော့ ထွန်းမောင်အမေက အကုန်လုံးကို တားတယ်။ ပြီးတော့မှ အားလုံးကို ပြီးတာ ပြီးပြီ။ ကျုပ်လည်း သူ့မယား၊ ရှင်လည်း သူ့မယား။ ဒီတော့ ရက်လည်တဲ့အထိ အိမ်မှာနေပြီးတော့ ကျုပ် စီစဉ်ပေးမယ်။ ကျုပ်သားလည်း ရှင့်သားလေးနဲ့ ကစားဖော်ရတယ်လို့ ဆိုပြီး တစ်ချက်လွတ်အမိန့် ထုတ်လိုက်တော့တာပဲ။ ဒါပေတဲ့ အစကတည်းက မဖြစ်ထွန်းချင်တဲ့ကောင်များ ဘယ်လိုမှ ဖြစ်ထွန်းမလာဘူးဆိုတဲ့ အတိုင်းပဲ။ ညွန့်မောင်က ထွန်းမောင်လို စာတွေဘာတွေ မတတ်ဘူး။ သေစာရှင်စာလောက်ပဲ တတ်တယ်။ ဒါတောင် သေသေချာချာပြောရရင် သူတတ်တဲ့ သေစာရှင်စာကိုက အသက်က ခပ်ငင်ငင်ရယ်။ ထွန်းမောင်ကတော့ ဘုန်းကြီးကျောင်းမှာ ကိုရင်ဘ၀နဲ့ အငယ်တန်းတွေဘာတွေ ပြီးခဲ့သေးတယ်။ သူကျတော့လည်း အခြေအနေကတစ်မျိုးလို့ ပြောရပြန်မယ်။ အပြစ်တင်မယ်ဆိုရင်တော့လည်း ကံကို အပြစ်တင်ချင်တင်ပေါ့။ အလကားလည်း တင်လို့ရတယ်။ ကံဆိုတာက ခပ်ပေါ့ပေါ့ရယ်။ ဘာမှန်းညာမှန်း သေသေချာချာ သိနေစရာ မလိုဘူး။ သေသေချာချာ မသိတာမှန်သမျှ ကံဘက်သာလှည့် အပြစ်တင်။

ထွန်းမောင်က ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ရာကနေ စာလိုက်နိုင်တော့ ကျောင်းကဘုန်းကြီးတွေက သင်္ကန်းဝတ်ကနေ မထွက်စေချင်ဘူး။ ဒါပေတဲ့ ဘုန်းကြီးတွေ ဖြစ်စေချင်တဲ့အတိုင်းက ဖြစ်မလာဘူး။ တကယ်တမ်းမှာတော့ ဘုန်းကြီးတွေဖြစ်စေချင်ရင် ဖြစ်တာများတယ်။ ဘုန်းကြီးကြီးတွေက စာတတ်တော့ ပြောတတ်ဆိုတတ်ကြတာကိုး။ လေကောင်းကျောင်းစည် ဆိုသလိုပဲ။ ဒါပေတဲ့ ထွန်းမောင်ကိစ္စမှာတော့ ကျောင်းက ကိုယ်တော်တွေ အဟောအပြောကောင်းလို့ ကျောင်းတိုက်မှာ လူစည်ပေတဲ့ ထွန်းမောင်ကို သင်္ကန်းမြဲအောင် မလုပ်နိုင်ကြဘူး။ ဒီကိစ္စကဖြင့် ကံနဲ့ဆိုင်မဆိုင် မပြောတတ်ဘူး။ ကြီးကြီးကျယ်ကျယ် ပြောရရင်ဖြင့် ထွန်းမောင်ကြီးရဲ့ စိတ်နေစိတ်ထားက လူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ သဟဇာတ မဖြစ်နိုင်တဲ့ သဘောထားလို့ ပြောရမလားပဲ။ ဖြစ်တာက ဒီလို။ မြို့ကလာတဲ့ အာဂန္တုတစ်ပါးက လေထွားထွားနဲ့ တောအကြောင်း ထင်ရာတွေလျှောက်ပြောတော့ ကိုရင်ထွန်းမောင်နဲ့ ထိပ်တိုက်တိုးတော့တာ။ မြို့ကလာတဲ့ ကိုယ်တော်ဆိုတော့လည်း တရားဟောခပ်ချွဲချွဲ၊ လေသံများက မသဲကွဲ ဆိုတာမျိုးကိုး။ ထွန်းမောင်က အတော်သည်းခံတတ်တဲ့လူမျိုး။ ဒါပေတဲ့ သည်းခံနိုင်စွမ်းရှိတဲ့ လူတိုင်းမှာ ဆက်သည်းမခံနိုင်တဲ့ နေရာရှိတယ်။ အဲဒီရောက်ရင်ဖြင့် ပေါက်ကွဲတတ်တယ်။ ဘယ်လိုကဘယ်လိုဖြစ်မှန်းတော့ မသိဘူး။ တစ်နေ့တော့ မြို့ကလာတဲ့ ကိုယ်တော် မဏိတော်မှာ သွေးခပါလေရော။ ကိုရင်ထွန်းမောင် လက်သံပြောင်လိုက်တာပဲ။ ဒါနဲ့ပဲ ဆရာတော်တို့ တိုက်အုပ်တို့က ထိန်းထိန်းသိမ်းသိမ်းကလေးလုပ်ပြီး မြို့ကကိုယ်တော်ကို ဆေးကုပေး၊ ထွန်းမောင်ကို ရုံးမရောက်၊ ဂတ်မရောက်အောင် လူဝတ်လဲ။ တစ်ရပ်တစ်ကျေးပို့ပြီး ခြေစလက်စ ဖျောက်လိုက်ကြတယ်။ တကယ်တော့ ထွန်းမောင်ကို သူ့အဖေရဲ့ ကျေးဇူးရှိခဲ့ဖူးတဲ့ ကုန်ရုံလုပ်တဲ့ ထောင်ကဲကြီးတစ်ယောက်ဆီ ပို့ထားလိုက်ကြတာပဲ။ လိုရင်းပြောရရင်တော့ အဲဒီကနေ ထွန်းမောင်က အထက်တန်းကျောင်းဆက်တက်တယ်။ အထက်တန်းမှာ တဖုန်းဖုန်းကျတယ်။ နောက်တော့ ထောင်ကဲကြီးသမီးနဲ့ ညားပြီး ကုန်ရုံမှာ တာလီစာရေး ဖြစ်လာတော့တယ်။

ဒါပေတဲ့ ထွန်းမောင်မှာ ရုံးတို့ဂတ်တို့ရောက်ဖို့အကြောင်းက ရှိနေပုံရတယ်။ လူပြန်တော်လေနဲ့ ပြောရရင် ပစ္စည်းဆက်ကလေးတွေက ရှိနေပုံရတယ်။ တစ်နေ့တော့ ထောင်ကျရော။ ကျရတာကလည်း သူ့အပြစ်ချည်းပဲတော့ မဟုတ်ဘူး။ သူ့မိန်းမ ထောင်ကဲမကလေးက ပျံတန်တန်၊ နန့်တန့်တန့်ရယ်။ သူ့အဖေက ပေးစားလိုက်လို့ ထွန်းမောင်ကို လင်လုပ်နေရပေတဲ့ ဂတ်စာရေးနဲ့ ရှုပ်လိုက်၊ ကားဂိတ်ကကောင်နဲ့ ရှုပ်လိုက်။ တစ်နေ့တော့ ထွန်းမောင်ရဲ့ ခံနိုင်မှုအတိုင်းအတာ ဂိတ်ဆုံးကိုရောက်သွားတော့ ထွန်းမောင်ကရိုက်လို့ ဂတ်စာရေး ဆေးရုံတင်လိုက်ရတယ်။ ထောင်ကဲကြီးကတော့ သမီးကို အမွေပြတ်ပြီး ထွန်းမောင် ဆိုးဆိုးရွားရွားမဖြစ်အောင် လိုက်လုပ်ပေးတယ်။ ဒါပေတဲ့ ထောင်သုံးနှစ် ကျသွားတယ်။ ထောင်ကထွက်ကတည်းက မြို့ကိုမပြန်တော့ဘဲ ညွန့်မောင်တို့နဲ့ လာနေတော့တာပဲ။ ညွန့်မောင်ကလည်း သူ့အစ်ကိုကိုတော့ စောင့်ရှောက်တယ်လို့ ပြောရမှာပဲ။ ထွန်းမောင်က မြို့မှာ ကျောင်းနေလာလို့ စာလေးဘာလေး တတ်တာကလွဲလို့ ထန်းမကိုင်တတ် ယာမကိုင်တတ်ပေတဲ့ ညွန့်မောင်က မငြိုငြင်ရှာဘူး။ ညွန့်မောင်ကတော့ ထုံးစံအတိုင်းပဲ။ ထန်းတက်တာကလွဲလို့ ဘာမှမလုပ်တတ်ဘူးပြောပေတဲ့ ငတ်မသေအောင်တော့ ရှာစားတတ်သေးတယ်။ သူဘ၀င်မကျတာကလေးများ ကြားရရင်တော့ သူတည်ထားတဲ့ ထန်းသမားရည်ချန်ကလေးကိုသောက်ပြီး ခင်ဗျားတို့က ခေတ်ကောင်းမှ မမီပဲကိုလို့ ထွေတေတေအသံနဲ့ ပြောတတ်တယ်။

ဟုတ်ပါရဲ့ ညွန့်မောင်တစ်ယောက် ခေတ်အဆက်ဆက် မီခဲ့တာပါ။ တိုင်းပြည်ကြီး လွတ်လပ်ရေးရကတည်းက ပါလီမန်ဒီမိုကရေစီခေတ်တို့၊ ဘာခေတ် ညာခေတ်တို့ အစုံပဲ။ ပါလီမန်ဒီမိုကရေစီခေတ်ကြီးတုန်းက လိုင်စင်ရလို့ သူများတွေ မာစီဒီးစီးကြတုန်းကလည်း သင်းက ထန်းသမားပဲ။ အဲဒီတုန်းက လက်နက်နဲ့ ဒီမိုကရေစီ လဲတယ်ဆိုပြီး ရဲဘော်ဖြူတွေ လက်နက်ချတော့လည်း ညွန့်မောင်က ထန်းသမားပဲ။ ရဲဘော်ဖြူတွေ ဒီမိုကရေစီ ရ,မရတော့ မသိဘူး၊ ဖော့ဦးထုပ်တစ်လုံးစီတော့ ရလိုက်ကြတယ်။ ထန်းရည်အလကားတိုက်လိုက်ရတာတော့ သူမှတ်မိနေသေးတယ်။ နောက်တော့ တန်-ပြောဆိုတဲ့ တောပြန်တွေ လေများများနဲ့ ပင်နီအင်္ကျီဝတ်၊ ဂုန်နီအိတ်သားနဲ့အိတ်ကို လက်ကကိုင်ပြီး ဆိုရှယ်လစ်လောကနိဗ္ဗာန်ကြီးဆီ ချီတက်သွားကြတုန်းကလည်း သင်းထန်းတက်နေရတာပဲ။ အဲဒီတုန်းကတော့ တန်-ပြောတွေ လေထဲ ရောသောပေါသော ခဏပါသွားသေးတာ။ သူတို့သားအဖကို စီးပွားရေးလုပ်ငန်းရှင် စာရင်းထဲထည့်တုန်းက သူ့ကိုယ်သူ အတော် အထင်ကြီးသွားသေးတာ အရင်းရှင်စာရင်းထဲ ၀င်သွားတာ အဟုတ်ကြီးထင်မိတာကိုး။ ကံကောင်းလို့ပဲ ခေါ်ရမှာ တိုက်အုပ်တူ ဗိုလ်ကြီးဘယ်သူဆိုသလား ကောင်းမှုကြောင့် သားအဖနှစ်ယောက်တည်း ရှာဖွေစားသောက်နေရတဲ့ ထန်းတက်တာကလေး ပြည်သူပိုင်အသိမ်း မခံရတယ်။ ဘာချည်းဖြစ်ဖြစ် ပါလီမန်ဒီမိုကရေစီခေတ်ကြီးကိုတော့ သူက သတိအရဆုံး။ ရဆို အဲဒီတုန်းက မြို့ကလာတဲ့ ကျောင်းဒကာသားက သူ့ကို ရန်ကုန်က ထွန်းသန်းစတိုးကချုပ်တဲ့ တက်ထရွန် ရှပ်အင်္ကျီအဖြူ လက်ဆောင်ပေးသွားလို့ ရခဲ့ဖူးတာကိုး။ သူ့အလိုအရတော့ အဲဒီခေတ်က ခေတ်ကောင်းဖြစ်လိမ့်မယ်။ ခေတ်ကောင်းဆိုတာကလည်း နောက်မှာ ကျန်ရစ်ခဲ့တာမျိုးပဲ မဟုတ်လား။

ကျွန်တော် ဒီဘက်ကိုပြောင်းလာပြီးကတည်းက တစ်ပတ်တစ်ရက်တော့ ညွန့်မောင်တို့ တဲဆီ ရောက်တယ်။ ကျွန်တော် ဒီကိုပြောင်းလာတာက အကြောင်းပေါင်းများစွာရှိတယ်လို့ ပြောရမှာပဲ။ ကျောင်းဆရာဖြစ်လာတာကိုက အကြောင်းရှိတယ်။ ကျွန်တော်တို့ တစ်မျိုးလုံးက ကျောင်းဆရာတွေများတယ်။ အဖေတို့အမေတို့လည်း ကျောင်းဆရာပဲ။ ဒီတော့ ကျွန်တော်တို့မောင်နှမလည်း ကျောင်းဆရာမဖြစ်စရာအကြောင်း မရှိတော့ဘူး။ ကျောင်းဆရာဖြစ်လာပေတဲ့ အဖေနဲ့ကျွန်တော် မြင်ပုံချင်းတော့ မတူဘူး။ သူ့ကို မတော်လှန်ရဲလို့ ကျောင်းဆရာဖြစ်လာပေတဲ့ ဘာသာရွေးပုံတော့ မတူဘူး။ အဖေတို့ အမေတို့အမြင်မှာ သမိုင်းတို့၊ ပထ၀ီတို့၊ မြန်မာစာ အင်္ဂလိပ်စာတို့က လူမျိုးတစ်မျိုးအတွက် သိပ်အရေးကြီးသတဲ့။ ဟုတ်မှာပါ။ လူမျိုးတစ်မျိုးအတွက် အရေးကြီးတယ်ဆိုရင်  အမြင်ကျဉ်းလူမျိုးကြီးဝါဒ ထူထောင်ချင်သလို ဖြစ်သွားပြန်ရော မဟုတ်လား။ ဒါပေတဲ့ ဒါကတစ်ပိုင်း။ အဖေတို့အမေတို့ဆိုရင် ကျောင်းဆရာဘ၀တစ်လျှောက်လုံး စာတွေ သိပ်ဖတ်ကြရတာ။ ပင်စင်ယူသွားတာတောင် တပည့်တွေက လာမေးရင် ဖြေနိုင်အောင်ဆိုပြီး အားရင် စာပဲဖတ်နေကြတာပဲ။ ကျွန်တော်က ကျောင်းဆရာဖြစ်တောင် သက်တောင့်သက်သာဖြစ်ချင်တယ်။ တစ်သက်မှာ တစ်ခါပဲ အသက်ရှင်နေရတာဆိုတော့လည်း ဘ၀ဆိုတာကို နွားများလို့ ရုန်းကန်မနေချင်ဘူး။ ဒီတော့လည်း အရာရာကို တွက်တယ်။ တွက်ရင်းက သင်္ချာဆရာဖြစ်လာတာပဲ။ သိပ္ပံဆရာဆိုတာက တစ်ခါလေ့လာထားလိုက်ရင် တစ်သက် သင်စားလို့မှ မကုန်ဘဲ။ ဘယ်သူကမှ တြိဂံကို ဗဟုဂံလုပ်ပစ်လို့မရဘူး။ ပိုက်သာဂေါရပ်(စ) မှားသဟေ့။ ချား(စ)သီအိုရီကို ကျုပ်လက်မခံဘူးလို့မှ မပြောရဲကြဘဲ။ မင်းတို့ စာမေးပွဲအောင်ချင်ရင် ငါပြောတာမှတ်ထား ဆိုတာနဲ့ ပြီးတယ်။ သိပ္ပံပညာရှင်ကြီးဖြစ်လာချင်ရင် တက္ကသိုလ်ရောက်ကာမှ ကြိုးစားကြ။ ဒါကတော့မင်းတို့အပိုင်းဆိုရင် ပြီးတယ်။

ဒီဘက်ကိုပြောင်းလာတဲ့ အကြောင်းတွေထဲမှာတော့ အဓိကကျတယ်လို့ ပြောရမယ့်အချက် နှစ်ခုရှိတယ်။ ကျောင်းအုပ်ဖြစ်ချင်တာရယ်၊ မခင်မြရယ်ပဲ။ ကျောင်းဆရာသက်ကလေး နည်းနည်းရလာတော့ ကျောင်းအုပ်ဖြစ်ချင်လာတယ်။ ဒီတော့ အဆက်အသွယ် အပေါင်းအသင်းတွေနဲ့ ၀ိုင်းပြီး ကြံရတော့တာပေါ့။ ဒီကိစ္စက ကံနဲ့မဆိုင်ဘူး။ ကံကောင်းလို့ ထီပေါက်ချင်ပေါက်မယ်၊ ဗေကင်စီမရှိရင် အဆက်အသွယ်မရှိရင် ကျောင်းအုပ်မဖြစ်နိုင်ဘူး။ အဖေ့မိတ်ဆွေကြီးတစ်ယောက် ခေါ်မေးတယ်။ မင်း အဲဒီကို ဒုကျောင်းအုပ်အဖြစ်နဲ့ သွားမလားတဲ့။ ကျွန်တော့်ကို ဆုံးဖြတ်ဖို့ အချိန်ပေးပါလို့ တစ်ပတ်လောက်အချိန်တောင်းပြီး ကျောင်းကို သွားကြည့်တယ်။ ကျောင်းက အသစ်။ အဲဒီမှာ အထက်တန်းကျောင်းဖြစ်တာ မကြာသေးဘူး။ ကျောင်းအုပ်က အမျိုးသမီး။ အဲဒီအရပ်မှာ တာဝန်ကျတဲ့ ဗိုလ်မှူးကတော်။ ဖြစ်ချင်တော့ မခင်မြကို အမှတ်မထင် သွားတွေ့တယ်။  ကျောင်းက သူတို့အရပ်က ကျောင်း။ မခင်မြကို ကျွန်တော် ပိုးဖူးတယ်။ ရန်ကုန်မှာ ဘီအီးဒီသွားတက်တုန်းက တွေ့တာ။ သူက မြန်မာစာတက်နေတယ်။ ကျွန်တော်ကတော့ ကျောင်းအုပ်ဆရာ ဖြစ်ပြီးကာမှ အဖေကစီစဉ်ပေးလို့ ပြန်တက်ရတာ။ မခင်မြက ယဉ်တယ်။ အချောအလှချည်း မဟုတ်ဘူး။ တောသူဌေးသမီးဆိုပေတဲ့ မြို့ရောက်လို့ မြို့ကမိတ်ကပ်ကို သာယာမသွားဘူး။ လင်ယူသားမွေးကိစ္စဆိုတာက အတော်အရေးကြီးတာလို့ လက်ခံထားတဲ့ သူမျိုး။ မြို့ကကျောင်းသူတွေလို ဖုတ်ဖက်ခါထသွားပြီး မေ့ပစ်တတ်ကြတာမျိုး မဟုတ်ဘူး။ မြို့ကဟာမတွေလို ယောက်ျားဆိုတာ နွားထက် လက်နှစ်လုံးသုံးလုံးလောက် သာတာပါလို့ သဘောထားကြတာမျိုး မဟုတ်ဘူး။ ဒီတော့လည်း တောသူဌေးသမီးကို ပိုးရတာ မြို့က သူဌေးသမီးကို ပိုးရတာလောက် မလွယ်ဘူး။ သူ့ကိုလိုက်ပိုးတဲ့ လူတွေလည်း ရှိတယ်။ အဲဒီတုန်းက မခင်မြက ဒီကိစ္စတွေကို ကျောင်းပြီးခါမှ ကျွန်မစဉ်းစားချင်တယ်လို့ ပြောတယ်။ ဒီတော့လည်း ဘာတတ်နိုင်မှာလဲ။ ဒါပေတဲ့ မျက်နှာသေကလေးနဲ့ ခင်ဗျားစဉ်းစားတဲ့တစ်နေ့ ကျွန်တော့်ကိုတော့ သတိရပါလို့ပြောပြီး သဘောတူတူမတူတူ စရန်ကို ဆုံးချင်ဆုံးပစေလို့ သဘောထားပြီး ပေးထားလိုက်ရတယ်။

အဲဒီနေ့ကတည်းက မခင်မြအဖေကြီးနဲ့ တွေ့ခဲ့ရတယ်။ မခင်မြကပဲ အိမ်လိုက်ပြီး ထမင်းစားပါလို့ ဖိတ်လို့ လိုက်သွားရာက တွေ့ရတာပဲ။ အဘိုးကြီးက အင်ဂလိုဗင်နစ်ကူလာစကူးထွက်၊ ဒွတ်ဒက်ရွှတ်ရှက်လုပ်နိုင်တယ်။ ဧည့်ခန်းထဲကစားပွဲပေါ်မှာ ရီဒါ(စ)ဒိုင်ဂျက်(စ) ခြောက်အုပ် ခုနစ်အုပ်လောက် တွေ့ရတယ်။ တွေ့ဆို အန်ကယ်လို့ခေါ်ပြီး လက်အုပ်မချီရုံကလွဲလို့ ကိုယ်ကိုယ်ကို အတော်အောက်ချထားလိုက်တော့ အဘိုးကြီးက ညွှတ်သွားပုံပဲ။ အတော်ကလေး လေကျသွားတယ်။ အဲဒီကတည်းကပဲ မခင်မြတို့အိမ်ကို လွယ်လွယ်ဝင်ထွက်သွားလာခွင့် ရသွားခဲ့တာ။ ဒီကို လက်ထောက်ကျောင်းအုပ်အဖြစ်နဲ့ ပြောင်းလာကတည်းက တစ်လမှာ တစ်ခါနှစ်ခါလောက် မခင်မြတို့အိမ်မှာ ထမင်းသွားစားဖြစ်တယ်။ ဒါပေတဲ့လည်း ပေးထားတဲ့ စရန်အကြောင်းကတော့ ပြန်မစရသေးဘူး။ မခင်မြကိုယ်တိုင်ကလည်း သုံးဆယ်နား နီးနေပြီ။ ဒီထက်နှောင်းသွားရင် ပါးဟက်ညိုလို့ ညနေဈေးမှာ အောက်ဈေးနဲ့ရောင်းရဖို့ များသွားလိမ့်မယ်ဆိုတာ သူ့ဘာသာတော့ သိမှာပါ။ တန်ဖိုးဆိုတာမျိုးကလည်း ကာလတရားမှာ တည်သေးတာကိုး။ ညွန့်မောင်စကားနဲ့ ပြောရရင်တော့ ဈေးကောင်းရမယ့်အချိန်ဟာ ကျန်ခဲ့ပြီပဲ။ ကျွန်တော့်အနေအထားကျတော့ ပြောင်းပြန်။ အရင်က ဘာမှမဟုတ်လှတဲ့ ကျောင်းဆရာကလေး။ ခုတော့ဒုကျောင်းအုပ်။ ကျောင်းအုပ်ကြီးရဲ့ ယောက်ျားကိုပဲ မေတ္တာပို့နေရတယ်။ သူမြန်မြန်ရာထူးတိုးလို့ ပြောင်းသွားတာနဲ့ သျှောင်နောက်ဆံထုံးပါ အစဉ်အလာအရ သူ့မိန်းမ သူ့နောက်လိုက်သွားမှာမို့ ကျွန်တော် ကျောင်းအုပ်ဖြစ်မှာ။ ဒီကိစ္စက သိပ်ပူနေစရာ မလိုဘူး။ မြို့မှာ တစ်ခါတည်း စီစဉ်ခဲ့ပြီးသား။ အခု အဓိကထားစဉ်းစားနေရတာက ဒီမှာ အခြေချဖို့ပဲ။ ဒီမှာအခြေချပြီး အားလုံးအဆင်ပြေသွားရင် ပင်စင်ယူလိုက်ရုံပဲ။ ဒါကလည်း မဖြစ်စရာအကြောင်း မရှိလှဘူး။ ဒါက ကံနဲ့မဆိုင်ဘူး၊ အကြံနဲ့ပဲဆိုင်တယ်။ အကြံဆိုတာက တွက်တာပဲ။ ဘာမှမရည်ရွယ်ထားရင် ဘာမှမတွက်နဲ့ ဘာမှမဖြစ်ဘူး။ မရှုံးဘူး။ မမြတ်ဘူး။ အားထုတ်ခြင်းကင်းမဲ့တဲ့ဘ၀တိုင်းမှာ ဘယ်တော့မှ အရှုံးအမြတ်မရှိဘူး။ အရှုံးအမြတ်မရှိရင် အပြစ်တင်စရာ မရှိဘူး၊ ရှင်းနေတာပဲ။ ဘ၀ဆိုတာက အဲဒီလိုဆိုရင် အဲဒီလိုပဲပေါ့။

ဒီနေ့တော့ ထွန်းမောင်ကြီး ပေါ်မလာဘူး။ ကျွန်တော်နဲ့သူနဲ့ ဆုံနေကျနေရာဆီမှာ ရပ်စောင့်နေရာက နောက်ဆုံး သစ်မြစ်ဆုံတစ်တုံးပေါ်မှာ ထိုင်ရင်း အတော်ကြာအောင် စောင့်နေမိတယ်။ နောက်တော့ ဆက်မစောင့်တော့ဘဲ သောင်းရင်တို့သားအဖ တဲဘက်ဆီ လျှောက်ခဲ့တော့တယ်။ အတော်တောင် နေစောင်းသွားပါပကောဆရာလို့ ညွန့်မောင်က ပြောရင်း သူတို့တဲ နံဘေးဘက်ဆီ ခေါ်သွားတယ်။ နေကျသွားတဲ့အခါ သူ့တဲနံဘေးက အရိပ်ထဲဆီက ပက်လက်ကုလားထိုင်မှာ ကျွန်တော် ထိုင်လေ့ရှိတယ်။ ထွန်းမောင်ကြီးစောင့်နေတာနဲ့ နောက်ကျသွားသဗျာလို့ ဖြေလိုက်တော့ ညွန့်မောင်က ကျွန်တော့်စကားကို ထောက်ခံတယ်။ ဒီကောင်ကြီးက အချိန်တော့အတော်မှန်တာ ဆရာရယ်။ အကြောင်းကြီးငယ်တစ်ခုခု ရှိလို့သာ နောက်ကျတာပဲဖြစ်မယ်လို့ ပြောတယ်။ အတော်ချည်းနောက်ကျကာမှ ထွန်းမောင် ပေါက်ချလာတယ်။ ကန်တော့ပါဆရာရယ်၊ ဆရာသမားတော့ ကျုပ်ကိုစောင့်နေမယ်ဆိုတာ ကျုပ်လည်း တွေးမိလိုက်ပါရဲ့။ သို့ပေသိ လုပ်စရာရှိတာကလေးကို ကိစ္စပြီးအောင်လုပ်နေရလို့ နောက်ကျသွားသဗျာလို့ပြောပြီး တောင်းပန်တယ်။ ရွှင်ရွှင်ပြပြလည်း မရှိဘူး။ ကျွန်တော့်ရဲ့ မလှမ်းမကမ်းက ထန်းပလက် ထိုင်ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်တယ်။  ဘာဖြစ်လာလို့တုံး ထွန်းမောင်ကြီးရလို့ ကျွန်တော်က မေးလိုက်မိတယ်။ ထွန်းမောင်က သက်ပြင်းချရင်း သူ့ပုခုံးပေါ်က တဘက်အဟောင်းကိုယူပြီး သူ့မျက်နှာကို လေယပ်လိုက်တယ်။ ပြီးမှ တာလမ်းပေါ်မှာဗျာ ခွေးတစ်ကောင် ကားတိုးသွားလို့လို့ပြောပြီး ရပ်နေတယ်။ ညွန့်မောင်က ဘေးနားကစားပွဲပေါ်မှာ ဖန်ခွက်တစ်လုံးလာချတော့ ထွန်းမောင်က အသာလက်ခါပြလိုက်တယ်။ ခွေးကလေးက ကားလာတိုင်း လိုက်ဟောင်နေကျ။ အဲဒီနားမှာ စားကြွင်းစားကျန် ရှာစားနေတဲ့ ၀ဲစားလေးရယ်ပါ။ ကျုပ် တပ်ထဲကပြန်လာတော့ ခွေးကလေး ကားလမ်းနံဘေးမှာ ကြည့်မကောင်းဘူးပေါ့ဗျာ။ အသွားတုန်းကတောင် ဟောင်နေသေးတယ်။ ဒါနဲ့ပဲ ကျုပ်လည်း လမ်းနဲ့နီးတဲ့ ထွန်းအုံတို့အိမ်မှာ ပေါက်ပြားသွားငှားပြီး မြှုပ်လိုက်ရတယ်။ တတ်သမျှမှတ်သမျှကလေးလည်း ရွတ်ဖတ်လိုက်ရသေးတယ်လို့ ထွန်းမောင်က ဆက်ပြောတယ်။

ဖန်ခွက်လာချပေးတဲ့ ညွန့်မောင်ကပါ တဲထဲပြန်မ၀င်သေးဘဲ ရပ်ပြီး နားထောင်နေတယ်။ ခဏနားပြီးတော့ ထွန်းမောင်က ဆက်ပြောပြန်တယ်။ ကျုပ်လည်း အတော်စိတ်ထိခိုက်မိတယ်။ ဒါနဲ့ပဲ ကျောင်းနောက်ဖေးက ကန်ထဲသွားပြီး ရေချိုးအပြီးမှာ ကျောင်းထဲခဏ ၀င်လိုက်မိပြန်တယ်။ ဘုန်းကြီးလေးနဲ့ တိုးတာနဲ့ မိုးတိုးမတ်တပ်၊ အကျိုးအကြောင်းလျှောက်ပြီး ပါတဲ့ပိုက်ဆံလေး နည်းနည်းဖဲ့လှူပြီး ရေစက်ချခိုင်းလိုက်ရတာပေါ့လို့ပြောပြီး ရပ်သွားတယ်။ ဘာမှဆက်မပြောတော့ဘူး။ ကျွန်တော်ကတော့ နားထောင်ရင်း သနားသလိုလို၊ ရယ်ချင်သလိုလိုပဲ။ ညွန့်မောင်က မျက်မှောင်ကုပ်ပြီး နားထောင်နေရာက မင်းက ခွေးအတွက် ကောင်းရာမွန်ရာရောက်အောင် သွားလုပ်ပေးတယ်ဆိုတဲ့ သဘောပဲလားကွလို့ မေးလိုက်တယ်။ ပြောတတ်ဘူးလို့ပဲ ထွန်းမောင်က ပြန်ဖြေတယ်။ ညွန့်မောင်က တစ်ခုခုထပ်ပြီး ပြောမယ်လို့လုပ်ပြီး ပါးစပ်ပြင်လိုက်ရင်း ကျွန်တော့ကိုလှမ်းကြည့်တော့ ကျွန်တော်က မသိမသာ ခေါင်းခါပြလိုက်ရတယ်။ အားလုံးငြိမ်သွားတော့ ထွန်းမောင်က သူ့ဘာသာပြောလိုက်သလိုလိုနဲ့ ပြောတယ်။ တစ်ခုခုတော့ ဘ၀င်ကျသွားရတာပေါ့ကွာတဲ့။ ဒီတစ်ချီတော့ ညွန့်မောင်ပါးစပ်က ထိန်းလို့ရပုံမပေါ်တော့ဘူး။ မင်းဟာက မဟုတ်သေးပါဘူးကွာလို့ အသံထွက်လာတယ်။ ထွန်းမောင်က ဒေါသထွက်သွားပြီး မင်းဒါတွေ ဘာမှနားမလည်ပါဘူးကွာလို့ ပြောတယ်။ ကျွန်တော်ကပဲ ကြားဝင်လိုက်ရတယ်။ ဒီလိုကွာ ညွန့်မောင်ရာလို့ အသာလေပြေထိုးလိုက်ပြီးမှ သူသိထားတဲ့ အကြောင်းကလေးတစ်ခု ပြန်ပြောပြရတယ်။ ပြီးခဲ့တဲ့နွေတုန်းက မင်းနဲ့ငါ လှဖေတို့ တဲဘက်ဆီလျှောက်ကြရင်း ဘုရားပျက်ကုန်းထိပ်နားရောက်တော့ မြစ်ကိုတွေ့ကြတယ်ကွာ။ ဒီတော့မင်းက မြစ်ဘက်သွားစို့လို့ ပြောတယ်မဟုတ်လား။ ငါက ဘာလုပ်ရအောင်လဲလို့မေးတော့ မင်းက ရေစိမ်ရအောင်ပေါ့ဗျာ။ ခုလိုခါများ ရေစိမ်လိုက်ရင် သိပ်ကောင်းမှာလို့ဆိုတာနဲ့ မင်းနဲ့ငါ မြစ်ဘက်ကို သွားကြပါလေရော။ မင်းပြောသလိုပဲ ရေစိမ်တာ ဇိမ်ရှိတာပေါ့ကွာ။ တစ်ခုပဲရှိတယ်။ တို့နှစ်ယောက်သား ဒီကိုပြန်လျှောက်လာတော့ ဒီလည်းရောက်ရော ချွေးကိုရွှဲလို့။ မင်းသဘောပေါက်သလားလို့ ကျွန်တော်က စကားကိုအဆုံးသတ်လိုက်ရင်း ညွန့်မောင်ကိုပြောလိုက်တယ်။

ညွန့်မောင်က စာသင်လို့မတတ်တာကလွဲလို့ မညံ့လှဘူး။ ကျွန်တော့်ကိုကြည့်နေရင်း ဖြည်းဖြည်းချင်း ခေါင်းညိတ်နေတယ်။ ထွန်းမောင်ကတော့ သိပ်ရေရေရာရာ ရှိပုံမရဘူး။ သူက ဘာမှမမေးသေးခင်ပဲ ကျွန်တော်က ပြောပြလိုက်ရတယ်။ မင်းက ကုန်းထိပ်ကနေ မြစ်ဘက်ကို လှမ်းကြည့်ပြီး ရေသွားစိမ်ရရင် ကောင်းမှာပဲလို့ တွေးကြည့်ပြီး မြစ်အထိမသွားတဲ့လူမျိုး။ ညွန့်မောင်ကတော့ အဲဒီအနားဆီရောက်လို့ အိုက်စပ်စပ်ဖြစ်လာရင် ရေစိမ်ဦးမှာပဲ မဟုတ်လားကွလို့ပြောရင်း ကျွန်တော်က ညွန့်မောင်ကိုကြည့်ပြီး မေးလိုက်တယ်။ ညွန့်မောင်က ခေါင်းညိတ်ပြတယ်။ ငါကတော့ တစ်ကြိမ်ရောက်ပြီးပြီ။ ရေစိမ်ရတာနဲ့ အပြန်မှာပင်ပန်းတာနဲ့ မမျှတာသိပြီးလို့ နောက်တစ်ကြိမ်သွားစို့ဆိုရင်ဖြင့် မသွားတော့ဘူး။ ဒါပဲလို့ပြောပြီး စကားအဆုံးသတ်လိုက်တယ်။ သူတို့နှစ်ယောက်သား ဘာမှ ပြန်မပြောကြတော့ဘူး။ နောက်တော့မှ ညွန့်မောင်ကပြောတယ်။ ဒီကောင်က ကံသမားဆရာရဲ့။ ကံကောင့်ဘာကြောင့်ဆိုတာတွေ ယုံတယ်။ ကျုပ်က အဲဒါတွေ သိပ်အယုံအကြည်မရှိဘူး။ ကျောမှာအခွံပါလို့ လိပ်ဖြစ်တာ၊ အကြေးပါရင် ငါးဖြစ်မှာလို့ ကျုပ်မတွေးဘူး။ လိပ်ဟာလိပ် ငါးဟာငါးပဲ။ ဘ၀ဟာ ဇကာကုန်းထဲမှာ ဇီးဖြူသီးကိုထည့်လှိမ့်ထားသလိုမျိုးပဲ။ သိပ်တော့ထူးမှာမဟုတ်ဘူးထင်တယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ ပြုံးလိုက်မိတယ်။ ထပြီး ပြန်တော့မယ်လုပ်တော့ ထွန်းမောင်က ရုတ်တရက် သတိရသွားပုံရတယ်။ ဘယ်နေ့ အိမ်ပြောင်းမှာတုံးဆရာလို့ မေးရင်း ထိုင်ရာက ထလိုက်တယ်။ လကုန်ပြီးမှပါ။ မင်းတို့ပဲ ၀ိုင်းပြောင်းပေးရမှာလို့ ဖြေလိုက်တယ်။ ဘယ်ပြောင်းမှာတုံးလို့ ညွန့်မောင်က မေးတယ်။ ဒီတော့လည်း အကြောင်းစုံ ရှင်းပြရပြန်တယ်။ ငါအခုငှားနေတဲ့ တာလမ်းတစ်ဖက်က အိမ်က မကောင်းလှဘူး။ စကားစပ်မိလို့ပြောတော့ မခင်မြအဖေကြီးက သူတို့အိမ်တစ်လုံး ဒီအတိုင်းပိတ်ထားတာ ရှိတယ်တဲ့။ ကျောင်းနဲ့လည်း မဝေးဘူး။ ဈေးပေါပေါနဲ့ငှားမယ် ဆိုတာနဲ့ အဲဒီပြောင်းမယ်လို့ ပြောလိုက်တယ်။ စိတ်ချဆရာသမား ကျုပ်တို့ဝိုင်းပြောင်းပေးမှာလို့ ထွန်းမောင်က ချက်ချင်း ပြန်ပြောတယ်။

ညွန့်မောင်ကတော့ ပြုံးဖြီးဖြီးလုပ်နေရာက ဆရာသမားရာ ပြောင်းမှတော့လည်း မခင်မြတို့အိမ်ပဲ တစ်ခါတည်းပြောင်းလိုက်ပါလားလို့ ပြောတယ်။ ကျွန်တော်က ဘာမှမပြောတော့ဘဲ ထွက်သွားတော့မယ်လို့ လုပ်ပြီးကာမှ ညွန့်မောင်ကိုလှမ်းကြည့်ရင်း၊ ညွန့်မောင် ဘုရားပျက်ကုန်းထိပ်ကနေကြည့်ရင် မြစ်ကို မြင်ရတယ်။ အဲဒီကုန်းထိပ်ကို မရောက်သေးရင်တော့ ဟိုဘက်မှာ မြစ်ရှိနေတယ်ဆိုတာကို သိပဲသိနေရတယ်၊ မမြင်ရဘူး။ မရောက်ဖူးသေးရင်ဖြင့် ကုန်းထိပ်ကို မြင်ရလောက်တဲ့အထိတော့ သွားလိုက်ချင်သေးတယ်လို့ ပြောလိုက်တယ်။  ညွန့်မောင်က ပါးရိုးတင်းသွားအောင် ပြုံးလိုက်တယ်။ ပြီးတော့ လက်သီးကိုဆုပ်ပြီး လေထဲမှာ အားရပါးရ ထုလိုက်တယ်။ ထွန်းမောင်ကြီးကတော့ ဆက်ပြီး စဉ်းစားကြည့်နေပုံရတယ်။ ကျွန်တော်လည်း သူတို့တဲဆီက ထွက်လာခဲ့တော့တယ်။

မြင့်သန်း၊ ချင်းတွင်းမဂ္ဂဇင်း

Comments

  1. အဲ.. အပြင်အဆင်တွေပြောင်းသွားတယ်.. နောက်ခံအရောင်မပြောင်းနဲ့ မျက်စိအေးတယ်... စီပုံးမရှိလို့ ဒီမှာအော်ရပါတယ်.. နောက်မှ ပြန်လာဖတ်မယ် အစ်ကိုရေ...ဒါမျိုးက (ကျွန်တော်) ဖြည်းဖြည်းဖတ်မှရမယ်

    ReplyDelete
  2. မြင့်သန်းအရေးအသား မူရင်း၊ ဘာသာပြန် အကုန်ကြိုက်၏။ ကော်ဖီတစ်ခွက်နှင့် ဖြည်းဖြည်းချင်း မှိန်းဖတ်ရတာ သဘောကျပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...