မြင့်သန်း
ရေးနေတဲ့ဝတ္ထုနဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေ ရှိလာတာနဲ့ ဘမြင့်ဆီ ထွက်လာခဲ့တယ်။ ဘမြင့်က လူတော်။ ဘယ်သူကမှ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော့်အမြင်အရ ပြောတာ။ ကျွန်တော့်အထင်အရ ကျွန်တော် လက်ခံထားတာ။ ဒီတော့လည်း ကျွန်တော့်ကိုယ်ပိုင် အမှန်တရားပဲလို့ ပြောချင်ရင် ပြောကြ။ ကိုယ်ပိုင်အမှန်တရား ဆိုတာကိုလာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မ ကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့နည်းလမ်းတကျ အမှန်တရား ဆိုတာကို ရှင်းပြလိုက်ရုံပဲ။
ဒီတော့ ခုကတည်းက ဘမြင့်ကို ဘာကြောင့်လူတော်ရယ်လို့ ကျွန်တော်ကလက်ခံထားတယ်ဆိုတာကို ရှင်းပြထားချင်တယ်။ တကယ်တမ်းမှာတော့ ဘမြင့်ဟာ သူများတကာထက် ထူးခြားပြီး တော်တယ်လို့ ပြောလို့ရလောက်တဲ့ အကြောင်းတစ်ခုမှ မရှိဘူး။ ကျွန်တော်လက်ခံထားတဲ့ သဘောတစ်ခုကို ပြောရရင် သူများတကာထက် ထူးထူးခြားခြားပိုပြီး မတော်လှဘူးဆိုတဲ့ လူတိုင်းဟာ လူတော်ပဲလို့ လက်ခံထားတာပဲ။ ဒီလို လက်မခံလို့ကလည်း မဖြစ်ဘူး။ ကိုယ်လည်း လူတော်စာရင်းထဲတော့ ပါချင်သေးတာကိုး။ တကယ်တမ်းတော်မှ လူတော်လို့သတ်မှတ်မယ်ဆိုရင်ဖြင့် လူတော်ဆိုတာတွေ သိပ်နည်းသွားလိမ့်မယ်။ လူတော်နည်းသွားတာက အကြောင်းမဟုတ်ဘူး။ လူတော်နည်းတဲ့ လူ့အဖွဲ့အစည်းဟာ ခပ်ညံ့ညံ့လူ့အဖွဲ့အစည်းပဲလို့ လက်ခံထားကြလေတော့ ကိုယ်ပါဝင်ပတ်သက်နေရတဲ့ လူ့အဖွဲ့အစည်းကြီးကိုတော့ ခပ်ညံ့ညံ့စာရင်းဝင် ဖြစ်မသွားစေချင်ဘူး။ ဒီတော့လည်း လူတော်တွေ ပေါများစေချင်တဲ့ စေတနာနဲ့လို့ ပြောရမှာပဲ။ လူ့အဖွဲ့အစည်းကြီးကို ကောင်းစေချင်တာကိုး။ တချို့ကတော့ လူ့အဖွဲ့အစည်းကြီးကောင်းအောင် သစ်ပင်စိုက်တာတို့ ကြွပ်ကြွပ်အိတ်မသုံးဖို့တို့ လုပ်ကြတယ်။ ကမ္ဘာကြီးကောင်းလာအောင် ဂေဟစနစ်ဆိုလား၊ လုပ်ကြရမယ်လို့ ကြွေးကြော်ကြသေးတယ်။ တော်ပါသေးရဲ့ ဗာလစနစ်တို့ဘာတို့ မထူထောင်ကြပေလို့ပဲ။ ဘာလစနစ်တို့ဘာတို့သာ ရှိခဲ့ရင် ကျွန်တော့်လိုအကောင်မျိုးတွေ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဘာတွေဖြစ်ပြီး အလုပ်များနေလို့ စာတောင် ကောင်းကောင်းရေးရမယ်တောင် မထင်တော့ဘူး။ ဒါပေတဲ့လည်း ကျွန်တော်ကတော့ အဲဒီလောက်အထိ မတွေးတတ်ဘူး။ နားလည်း မလည်ဘူး။ လူတော်တွေများတဲ့ လူ့အဖွဲ့အစည်းထဲက လူတော်ဆိုတော့လည်း အဲဒီလို အသေးအမွှားတွေအထိ လိုက်သိနေဖို့လည်း မလိုတော့ဘူးလို့ ထင်တယ်။ ကျွန်တော်က ဘမြင့်ကို သဘောကျတဲ့အထဲမှာ အဲဒီအချက်လည်း ပါတယ်။ သူကလည်း အဲဒါတွေကို စိတ်မ၀င်စားဘူး။ မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော်လာလို့ ကမ္ဘာကြီး ပိုမိုပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့်ဆောင်းမှာ စောင်ထပ်ဝယ်စရာ မလိုဘူးပေါ့လို့ပဲ သူက ပြောလေ့ရှိတယ်။ နောက်တစ်ချက် သူ့ကို သဘောကျတာရှိသေးတယ်။ ဒီကောင်က စာအတော်ဖတ်တယ်။ တည့်တည့်ပြောရရင်တော့ အားရင် စာပဲဖတ်တယ်။ အားရင်ဆိုတဲ့စကားလုံး ထည့်ပြောရတာကတော့ ပြောရိုးပြောစဉ် ဖြစ်နေလို့ပါ။ ဒီကောင့်မှာက မအားစရာအကြောင်းမှ မရှိဘဲ။ ဘာအလုပ်မှ ရှိတာမှ မဟုတ်ဘဲ။ ဒီကောင်က မအားဘူးလို့ ပြောရင်တော့ စာဖတ်နေလို့ပဲ။
ကျွန်တော်တို့ငယ်ငယ် ကျောင်းသားဘ၀ကတည်းက သူက စာအတော်ဖတ်တယ်။ သူ့ညီ ဘတင့်ကျတော့ သူ့လိုမဟုတ်ဘူး။ သူတို့နှစ်ယောက်က နှစ်နာရီလောက်ပဲ ခြားတယ်။ အမွှာ။ သူ့ကျတော့ ဘာစာမှကို မဖတ်ချင်ဘူး။ ဖတ်လည်း မဖတ်ဘူး။ အလိမ္မာစာမှာရှိတယ်ဆိုတဲ့ စကားသာ မှန်ခဲ့ရင် ဘတင့်နဲ့ အလိမ္မာဆိုတာကြီးက အတော်ဝေးနေကြမှာ။ ဒါပေတဲ့လည်း စီးပွားရေးသမားမဟုတ်လို့ ရှာရဖွေရကျပ်တဲ့ ကာလကြီးမှာ သင်းတို့က မကြောင့်မကြ နေနိုင်တယ်။ ဒါကတော့လည်း သင်းတို့တော်လို့ မဟုတ်ဘူး။ သင်းတို့အဖေ သွားလေသူ ဦးဘ တော်ခဲ့ပေလို့ပဲ။ ဦးဘက လယ်ပိုင်၊ ချောင်းပိုင်၊ ဒီပြင် ပိုင်တာတွေလည်း များပုံပေါ်တယ်။ ဘိုလိုလည်း ပြောနိုင်တယ်။ မင်းပွဲစိုးပွဲ တက်ရတယ်။ မျိုးချစ်စိတ်ကလည်း အတော်ရှိတာ။ ပွဲထိုင်တက်ရင် တိုက်ပုံနဲ့၊ ကော်လာ လည်ကတုံးနဲ့၊ မြောက်ပြင်နဲ့။ ဒါပေတဲ့ ဖိနပ်ကတော့ ပမ့်ရှူးနဲ့ ကိုလိုနီရဲ့ ယဉ်ကျေးမှုကို ကျုပ်က ခြေဖ၀ါးအောက်မှာ ထားတာလို့တော့ သူက ပြောလေ့ရှိတာပဲ။ သူ့သားနှစ်ယောက်ကို သာသနာပြုကျောင်း ပို့တယ်။ ဒီတော့ ဆာနိမ်းဆိုတဲ့ကိစ္စ ပေါ်လာတယ်။ သူ့သားတွေကို ဘိုနာမည် မပြောင်းနိုင်ဘူး။ ဆာနိမ်းထည့်ရအောင် သူ့နာမည်က ဘတစ်လုံးတည်းရယ်။ ဘယ်နာမည်နောက်ကမှ ဘတစ်လုံးတည်းကို ထည့်လို့မှ မဖြစ်ဘဲ။ ဒီတော့ မြောက်ဘက်က နောင်ကြီးများရဲ့ အရှေ့တိုင်းအစဉ်အလာကိုယူပြီး မိသားစုနာမည်ကို ရှေ့ကထားတဲ့မူ ယူလိုက်ပါလေရော။ ဒီတော့ ဘမြင့်၊ ဘတင့်မှာ ဘက ဆာနိမ်း၊ ဖင်မလီနိမ်း။ သူ့ဟာနဲ့သူတော့ ဟုတ်နေသားပဲ။ ဦးဘက သူ့သားတွေကိုလည်း အမြဲလို တော်စေချင်တာ။ ထိပ်က နေစေချင်တာ။ ဒုတိယဆိုတာ ပထမမဟုတ်ဘူးဆိုတဲ့မူကို လက်ခံထားတာ။ ဒီမူအရတော့ ပထမနေရာက နေနိုင်တဲ့လူသာ လူတော်ကိုး။ ဦးဘက သူ့သားတွေကို ဒုတိယဟာ ပထမမဟုတ်ဘူးဆိုတဲ့ အခြေခံမူတစ်ရပ်နဲ့ ထိန်းကျောင်းခဲ့ပေတဲ့လည်း သင်းတို့ကတော့ တစ်ကနေ တစ်ဆယ်စာရင်းထဲတောင် မပါနိုင်တဲ့ အကောင်တွေ။ ဦးဘခမျာ သေသာသွားရော သူ့သားတွေကို ဒုတိယနေရာလောက်မှာတောင် မတွေ့သွားခဲ့ရဘူး သူ့ဘာသာလည်း သိပုံပေါ်တယ်။ ဒါကြောင့်ပဲ ထင်ရဲ့၊ သူ့သားတွေရဲ့ ရှေ့ရေးကို သူ့စာရင်းကိုင် မစ္စတာချောင်ဒရီနဲ့ တိုင်ပင်ပြီး စီမံလုပ်ကိုင်ထားခဲ့တယ်။ ဒီတော့လည်း ဦးဘမရှိတော့တဲ့နောက် မစ္စတာချောင်ဒရီဟာ ဘညီနောင်ရဲ့ ကျေးဇူးရှင်ပဲ။
ခုတော့ စာသိပ်မဖတ်ချင်တဲ့ ဘတင့်က ပန်းချီဆရာဖြစ်လာတယ်။ အရင်ကတော့ မဂ္ဂဇင်းတွေမှာ အစ်လာ့စထရေးရှင်းဆိုသလားပဲ ဆွဲသတဲ့။ ခုတော့ ပန်းချီကားကြီးတွေလည်း ဆွဲတယ်။ ပွဲစားကောင်းကောင်းနဲ့ သံရုံးတွေမှာ ရောင်းတော့ အတော် ပိုက်ဆံကောင်းကောင်း ရတယ်။ အမှန်မှာတော့ ကျွန်တော်ပေးတဲ့အကြံ။ မင်းမှာ စားဖို့သောက်ဖို့မှ မပူရဘဲ၊ အချိန်ယူပြီး ပန်းချီကားကောင်းကောင်းဆွဲ၊ သံရုံးက ငနာတွေကြိုက်မှာမျိုး ရှာကြံဆွဲပြီး ပွဲစားနဲ့ရောင်းခိုင်းလို့ ကျွန်တော်က ပြောဖူးတယ်။ ဒါတင်မဟုတ်ဘူး သံရုံးတွေမှာ လိုက်ပြီး ပွဲစားလုပ်နေတဲ့သူ တစ်ယောက်နဲ့လည်း မိတ်ဆက်ပေးလိုက်တယ်။ အဲဒီကတည်းက ဘတင့်လည်း ပန်းချီပညာတွင်အခြေခံသော စီးပွားရေးလုပ်ငန်းရှင် ဖြစ်သွားတော့တာပဲ။ တချို့သံရုံးက ငနဲတွေက ပန်းချီကားဖိုးကို ပိုက်ဆံအစား သူတို့ဆီမှာရှိတဲ့ ပစ္စည်းနဲ့ လဲချင်ကြတယ်။ ကိုယ့်ဘက်က မနာအောင်တွက်ပြီး သာရင် လဲလို့ ကျွန်တော်က အကြံပေးလိုက်တော့ ပိုပြီး ဟန်ကျသွားတယ်။ သူတို့လဲတဲ့ပစ္စည်းက ကိုယ်နဲ့ အသုံးမတည့်ပေတဲ့ ပြန်ရောင်းစားလို့ ရတာကိုး။ သံရုံးထွက်ပစ္စည်းကို လိုက်ရှာဝယ်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ သုံးနေတဲ့လူတွေ အပုံကြီးကိုး။ ဘတင့်က ပန်းချီကားကို အလဲအဖယ်စနစ်နဲ့ ရောင်းချလိုက်တဲ့အခါ ၀ီစကီပုလင်းတွေ ပါလာတတ်တယ်။ အဲဒီအခါမျိုးကျရင် အစ်ကိုရေ ညနေဘက်ကျရင် ၀ီစကီကလေး လာမြည်းစမ်းပါဦးဆိုပြီး ဖုန်းလှမ်းဆက်တတ်တယ်။ ဒီကောင်က ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း သိတတ်တယ်။ ဒါကြောင့်လည်း အောင်မြင်တာဖြစ်မယ်။ အရင်ကတည်းက ကျွန်တော့်ကို အစ်ကိုလို့ ခေါ်လေ့ရှိတယ်။ ဂုဏ၀ဒ္ဓီတို့၊ ၀ယ၀ုဒ္ဓီတို့ကို ဒီကောင်က သိတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ အသက်အားဖြင့် ကြီးမြင့်တာ၊ ဂုဏ်အားဖြင့် ကြီးမြင့်တာကို ပြောတာ။ လူကြီးတွေပြောပြောနေတဲ့ အသက်အားဖြင့် တစ်ရက် တစ်မွန်းတည့် တစ်မနက်၊ တစ်နာရီ တစ်စက္ကန့်ကြီးတဲ့လူကို ရိုသေရမယ်ဆိုတာ တရားတာပဲ။ အထူးသဖြင့် ကိုယ်က အသက်ပိုကြီးနေရင် ပိုပြီးတရားသေးတယ်။
ဘမြင့်ကတော့ အရင်ကတည်းက မင်းနဲ့ငါနဲ့ပဲ ပြောတယ်။ တကယ်တော့ ကျွန်တော်က နှစ်ယောက်စလုံးထက် ရှစ်လလောက် ကြီးတယ်။ ၀ါစဉ်ယှဉ်စတမ်းဆိုရင် ကျွန်တော့်ကို ဘယ်မီမလဲ။ ဘမြင့်ရဲ့ပြဿနာက ဘယ်သူ့ကိုမှ သိပ်ပြီး ရိုသေပြမနေတာပဲ။ မင်း မှတ်ထား။ ရိုသေပြတယ်ဆိုတာတို့ ဘာတို့က လူ့အဖွဲ့အစည်းကြီးက ဖန်တီးထားတာ။ လူ့အဖွဲ့အစည်းတိုင်းမှာ အဲဒီ ထွင်လုံးတွေရှိတယ်။ အရင်လူက နောက်လာတဲ့လူကို သူလုပ်ချင်တာလုပ်လို့ရအောင် ထွင်ထားခဲ့တာ။ အစဉ်အဆက် စားလို့ကောင်းအောင် ၀ါးလို့ကောင်းအောင် စားကြောထွင်ထားတာလို့ သူက ပြောသေးတယ်။ ဒီလိုဖြင့် တို့ လူ့လောကကြီးမှာ ရိုသေတယ်ဆိုတာ မလိုတော့ဘူးလားဟလို့ မေးကြည့်တော့ သူက ပြောတယ်။ ရိုသေတယ်ဆိုတာ မင်းရဲ့အသိ၊ မင်းရဲ့ ဆင်ခြင်တုံတရားထဲက လာရမှာ။ ဥပမာ စာတစ်ပုဒ်ကိုဖတ်ပြီး စာရေးတဲ့သူကို ရိုသေသွားတယ်၊ ကြည်ညိုသွားတယ်။ အဲဒါက မင်းရဲ့ အသိအမြင်၊ မင်းရဲ့ ဆင်ခြင်တုံတရားအရ ဖြစ်လာတာ။ အခုဟာက ဒီလိုလူဆို ရိုသေပြ၊ ဒီလိုဟာမျိုး ရိုသေစရာဆိုတာတွေက သစ်သားချောင်းတစ်ချောင်းမှာ အမှတ်အသားကလေးတွေ တားထားပေးပြီး ဒီလောက်ဆို တစ်ပေခေါ်တယ်။ ဒီလောက်ဆို ရှစ်လက်မဆိုပြီး ပြောသလိုမျိုးပဲတဲ့။ သူ့ဟာနဲ့သူတော့ ဟုတ်လို့ကိုး။ သူက တစ်သက်လုံး အဲ့ဒီ ဆင်ခြင်တုံတရားကြီးကို ရှေ့တန်းမှာထားလာတာ။ ဒီတော့လည်း သူ့အဖေဦးဘ မျှော်မှန်းခဲ့တဲ့ ထိပ်ဆုံးကလူ၊ နံပါတ်ဝမ်း၊ တစ်ဂဏန်းမှာနေဖို့ကိစ္စက သူ့အတွက် နေရာမှ မရှိဘဲ။ ကာလ ဒေသ ပယောဂဆိုတာတွေနဲ့ လိုက်လျောညီထွေ နေတတ်ရမှာကိုး။ ဒါကို ဘိစနက်ကို ဘိစနက်လို့ မြန်မာလိုပြောင်ပြောင်တင်းတင်းရေးလာကြတဲ့ ကာလကြီးမှာ ကာလတရားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောရရင် ၀ါတာဖောလိုး ဖစ်(ရှ)ဖောလိုး ဖြစ်ကြရမှာ။ ဒါမှလည်း ကာလတရားနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အသိပညာမှန်သမျှသာ နိုးဒိုး နိုးစွာ့(ဒ်)မူနဲ့ တံခါးမရှိ ဓားမရှိ ၀င်လာကြမှာ မဟုတ်ဘူးလား။
ဘမြင့်တို့အိမ်ဆီရောက်တော့ အိမ်ရှေ့ခန်းထဲဆီမှာ သံရုံးပွဲစားနဲ့ ကောင်းကောင်း အရောင်းအ၀ယ်လုပ်နေပုံရတဲ့ ဘတင့်ကို လှမ်းတွေ့လိုက်ရတယ်။ ဘတင့်က အခန်းထဲကနေ လက်ဟန်နဲ့ သူ့အစ်ကို နောက်ဘက်မှာရှိတယ်ဆိုတဲ့ပုံပြလို့ ကျွန်တော်လည်း ခေါင်းညိတ်ပြပြီး အိမ်နောက်ဘက်ဆီ ထွက်ခဲ့တယ်။ သူတို့အိမ်ရဲ့ နောက်ဘက်မှာ စာကြည့်ခန်းလို အခန်းကြီးရှိတယ်။ ဦးဘရှိစဉ်က စာကြည့်ခန်းလို လုပ်ထားတာ။ အခုတော့ စာကြည့်ခန်းရယ် မဟုတ်ပါဘူး။ အကုန်ကြည့်တဲ့အခန်းလို့ ပြောရလိမ့်မယ်။ အဲဒီအခန်းထဲမှာ တီဗွီ၊ ဒီဗီဒီ၊ စီဒီ အကုန်ကြည့်တာပဲ။ အကုန်ကြည့်တာပဲဆိုပေတဲ့ ကြည့်တဲ့လူစာရင်းထဲမှာ ဘမြင့်မပါဘူး။ သူက ရုပ်မြင်သံကြားလို့ခေါ်တဲ့ တီဗွီကို မကြည့်ဘူး။ တီဗွီက လာတာတွေဟာ ဖြေဖျော်မှုပေးတာတော့ မှန်တယ်၊ အဲဒီဖြေဖျော်မှုကြောင့် လူရဲ့ သိနိုင်တဲ့အတိုင်းအတာတွေ ပျင်းရိသွားတတ်တယ်ဆိုပဲ။ သူများရဲ့ အားထုတ်မှုနဲ့ ကိုယ့်ရဲ့ ပျင်းရိမှုဟာ အခိုက်အတန့်ပဲ ပျောက်မှာ။ ဖြေဖျော်မှု ပြီးသွားရင် ပိုတောင် ပျင်းရိငြီးငွေ့သွားဦးမှာတဲ့။ ဥပမာ ဘောလုံးပွဲ ထိုင်ကြည့်တာမျိုးတဲ့။ ကျွန်တော်ကတော့ သူ့လောက် နားမလည်ဘူး။ ကျွန်တော်နဲ့ ဘတင့်ကတော့ နဂိုကတည်းက ဘောလုံးပွဲ မကြည့်တတ်ကြဘူး။ အကြောင်းအပေါင်း သင့်တဲ့အခါ ဘတင့်က သံရုံးက စွန့်ပစ်တဲ့ ဒီဗီဒီဆိုတာကလေးတွေ ရလာရင် ထိုင်ကြည့်တတ်ကြတယ်။ တချို့က အပျင်းမပြေလောက်ပေတဲ့လည်း အတော့်ကို ကောင်းတယ်။ သဘာဝအတိုင်း ပြေးလွှားနေကြတဲ့ ကောင်မလေးတွေ။ တစ်ခါတလေ ထွေးလားလုံးလား လုပ်ကြတယ်။ မျက်စိ၏အဆာသည် ကြည့်ချင်စဖွယ်တို့ကို ကြည့်ရှုခြင်းဖြစ်သည်ဆိုတဲ့ အဆုံးအမထဲကလိုပဲ။ ဘမြင့်ကတော့ မကြည့်ဘူး။ ဒါပေတဲ့လည်း သူကြည့်ချင်တာတွေ သူ့ဘာသာ ၀င်ကြည့်တယ်။ များသောဖြင့်ကတော့ တောတွေ တောင်တွေအကြောင်း၊ ရှေးတုန်းက မြို့တွေဘာတွေအကြောင်း။ ကျွန်တော်ကတော့ မကြိုက်လှဘူး။ ဒါပေမတဲ့လည်း သူ့ကို အားနာတာနဲ့ပဲ တစ်ခါတလေ သူနဲ့ထိုင်ပြီးကြည့်ရတယ်။ ကျွန်တော့်အဖို့တော့ ပျင်းရိငြီးငွေ့ခြင်းအထဲမှာ ပျင်းရိငြီးငွေ့စရာတွေ ထပ်ဝယ်နေရသလိုပဲ။ ၀ဋ်တွေကံတွေ သိပ်မယုံပေတဲ့လည်း ၀ဋ်ရှိလို့ ခံရတယ်ဆိုတာ ဒါမျိုးထင်ပါ့လို့ တွေးကြည့်ရတာပဲ။
ခုလည်း နောက်ဘက်အခန်းထဲမှာ ဘမြင့်တစ်ယောက် ဘာတွေကြည့်နေမယ် မသိဘူး။ အခန်းဝရောက်လို့ မှန်တံခါးကနေ အထဲလှမ်းကြည့်လိုက်တော့ ဘမြင့်နဲ့ လူတစ်ယောက်ထိုင်ပြီး စကားပြောနေတာ တွေ့လိုက်ရတယ်။ အဲဒီလူက ဘမြင့်ရဲ့ မိတ်ဆွေ။ ကျွန်တော်နဲ့ ဆုံဖူးတယ်။ ကောလိပ်ကျောင်းက ဆရာဆိုသလားပဲ။ အင်္ဂလိပ်လိုတော့ အက်ဆိုဆီရိပ်ပရောဖက်ဆာတဲ့။ တည့်တည့်မြန်မာလိုပြန်ကြည့်ရင်တော့ ဖက်စပ်ပါမောက္ခ၊ မဟုတ်ရင် အသင်းအပင်း ပါမောက္ခရယ်လို့ ဘာသာပြန်ရမယ်ထင်တယ်။ ဘာသာပြန်တယ်ဆိုတာကလည်း အဘိဓာန်တစ်အုပ်ရှိ ပြီးတာပဲလို့ ပြောကြတယ်မဟုတ်ဘူးလား။ တတ်နေ သိနေစရာတောင် မလိုဘူးဆိုပဲ။ လွယ်တာကတော့ ကောလိပ်ကျောင်းဆရာဆို ပြီးတာပဲ။ သူ့ဟာသူ ဘာလုပ်လုပ်၊ အဲဒီလိုခေါ်လို့ ကိုယ့်လည်း တရားစွဲမှာမှ မဟုတ်ဘဲ။ ဒီလူက ဘမြင့်ကိုတော့ အတော့်ကို ကြည်ညိုသား။ ဘမြင့်မှ မဟုတ်ဘူး ကျွန်တော့်ကိုတောင် ရိုသေတယ်။ အခန်းထဲဝင်လိုက်တော့ သူက အရိုအသေပေးတဲ့သဘောနဲ့ ထိုင်ရာကနေ ထတယ်။ လူကြီးသူမကို ရိုသေတတ်လို့လည်း သင်း ကောလိပ်ကျောင်းမှာ ဆရာဖြစ်တာပဲဖြစ်မယ်လို့ တွေးကြည့်လိုက်မိတယ်။ တစ်ချိန်တည်းမှာပဲ တွေးကြည့်လိုက်မိတာတစ်ခုက ကောလိပ်ကျောင်းဆရာမို့ လူကြီးကို ရိုသေတတ်တာ ဖြစ်ကောင်းဖြစ်မယ်ဆိုတာပဲ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် လူကြီးကိုရိုသေတတ်တာ ကောင်းတာပဲ။ ကိုယ်က လူကြီးကိုး။ အရိုအသေခံရတာကို မကောင်းဘူးပြောလို့ ဘယ်ဖြစ်မှာတုံး။ ကိုယ်က အရိုအသေပေးနေရရင်သာ သိပ်မကောင်းလှတာ။ ကျွန်တော်လည်း ထိုင်မလိုလို ထမလိုလိုဖြစ်နေတဲ့ ကောလိပ်ကျောင်းဆရာကို ထိုင်ပါဗျာလို့ပြောပြီး ဆိုဖာတစ်ခုပေါ်မျာ ၀င်ထိုင်လိုက်တယ်။ တစ်ဆက်တည်း ရောက်နေတာကြာပြီလားလို့ မေးလိုက်တယ်။ အမှန်မှာတော့ သူ့ဘာသာ ရောက်နေတာ ကြာကြာမကြာကြာ ကျွန်တော့်အလုပ်မှ မဟုတ်ဘဲ။ သူက ရိုရိုသေသေနဲ့ပဲ ပြန်ဖြေတယ်။ မကြာသေးပါဘူး ခင်ဗျာ။ တစ်နာရီသာသာလောက်ပဲ ရှိပါသေးတယ်တဲ့။ ကြားလိုက်တယ်မဟုတ်လား သူဖြေလိုက်ပုံ။ တစ်နာရီသာသာကို မကြာသေးပါဘူးတဲ့။ ကောလိပ်ကျောင်းဆရာမှာ တစ်နာရီဆိုတာ သိပ်မကြာဘူးဆိုတဲ့ သဘောပဲ။ သူတို့မှာက စာသင်တာရယ်၊ အစည်းအဝေးကလေးဘာလေး ထိုင်တာရယ်၊ လက်ဖက်ရည်ဆိုင် ထိုင်တာရယ်၊ သူများအိမ်သွား လေပစ်တာရယ် ဒါလောက်ပဲ ရှိတာကိုး။ သူ့မှာ အချိန်တွေ အပုံကြီး။ သူ့အတွက် တစ်နာရီဟာ သိပ်မကြာဘူးလို့ ပြောလို့ရတယ်။ ရိုးရိုးလူတစ်ယောက်အတွက်တော့ တစ်နာရီမှာ မိနစ်ခြောက်ဆယ်ရှိတယ်။ စက္ကန့်နဲ့ဆိုရင် သုံးရာ့ခြောက်ဆယ်ရှိတယ်။ နည်းတာမှမဟုတ်ဘဲ။ ဒါကို သိပ်မကြာဘူးလို့ ပြောလို့မှမဖြစ်ဘဲ။ ပိုဆိုးတာက ဒီလူက ဒဿနိကဗေဒသင်တဲ့ ကောလိပ်ကျောင်းဆရာ။ ဒီလူတွေက သူများထက် ပိုဆိုးတယ်။ သူတို့မှာက တိုင်း(မ)အင်စပေ့(စ)လို့ ခေါ်တဲ့ ကာလနဲ့ အာကာသဆိုတာ ရှိတယ်။ ဒဿနိကဗေဒ လေ့လာခဲ့တဲ့ လူတွေရဲ့ ဖွားဖက်တော်လိုဟာမျိုး။ ဒီတိုင်း(မ)အင်စပေ့(စ)ဆိုတာကို သူတို့ပိုင်တယ် ထင်တာ။ ဒီတော့ အချိန်ဆိုတာကို သူတို့ပြောချင်သလို ပြောတော့တာပဲ။
ဘမြင့်ကတော့ ကျွန်တော့်ကိုကြည့်ပြီး နေကောင်းလား၊ ဘယ်လာသလဲ၊ ဟိုကောင့်ဆီလားလို့ မေးတယ်။ သူ့ရှေ့တည့်တည့်ရောက်နေတဲ့ လူတစ်ယောက်ကို နေကောင်းသလား၊ ဘယ်လာသလဲတဲ့။ နေကောင်းလို့ သူ့အိမ်ကိုလာတာ။ သူ့အိမ်ကိုလာလို့ သူ့ရှေ့ရောက်နေတဲ့လူကို ဘယ်လာသလဲတဲ့။ သူ့ဆီလာတာ သူ့ဆီလာတာပဲ။ ဟိုကောင့်ဆီမှ မဟုတ်ဘဲ။ အမှန်မှာတော့ ဒီကောင် ရိုင်းလှလို့တော့ မဟုတ်ဘူး။ ပြောချင်ရင် ဘာသာစကားရဲ့ ရိုးအမှု အစဉ်အလာကြီးကို အပြစ်ပြောရမှာပဲ။ သူများဘာသာစကားမှာလို ဟိုင်းတို့၊ ဟဲလိုတို့မှ မရှိဘဲ။ ဒီတော့ ကြုံရာနဲ့ စရတော့တယ်။ ဒီတော့ ကြုံရာစနစ်အခြေခံ နှုတ်ဆက်နည်းလို့ ပြောရတော့မှာပဲ။ မင်းဆီလာတာပဲလို့ ကျွန်တော်ကပြန်ပြောလိုက်တော့ သူက ထိုင်လေတဲ့။ အဲဒီတော့ ကျွန်တော်က ထိုင်တောင်ပြီးနေပြီ။ သူက ထိုင်လေဆိုပေတဲ့ ထပ်ပြီးထိုင်လို့ မရတော့ဘူး။ ထိုင်တယ်ဆိုတာကလည်း ထနေမှ ထိုင်လို့ရတာကိုး။ ထိုင်နေရာကနေ ထပ်ပြီး ထိုင်လို့မရဘူး။ မြေပဲတို့နှမ်းတို့သာ နှစ်ပြန်ကြော် ကြော်လို့ရတာ။ ထိုင်တာက ဒီလို လုပ်မရဘူး။ ကျွန်တော်လည်း ဘာမှထပ်ပြီး မပြောသေးဘဲ ကောလိပ်ကျောင်းဆရာဘက်ကို လှည့်ပြီး ပြုံးပြလိုက်မိတယ်။ သူကလည်း ပြန်ပြီး ပြုံးပြရင်း နေကောင်းသလားဆရာလို့ ပြောတယ်။ ဆရာလို့ ခေါ်တာက အကြောင်းမဟုတ်ဘူး။ ကိုယ်က အခေါ်ခံထိုက်လို့ အခေါ်ခံရတာမို့ သိပ်စောဒက တက်နေစရာမရှိဘူး။ နေကောင်းသလားဆိုတာကတော့ ခုနင်က ပြောခဲ့သလိုပဲ။ ကြုံရာစနစ်အခြေခံ နှုတ်ဆက်နည်းပဲ။ လူတစ်ယောက်ကိုတွေ့တာနဲ့ နေကောင်းသလားရယ်လို့ စပြောရမယ်တဲ့လား။ စကား စ,စရာတွေ အပုံကြီးပါ။ ခင်ဗျားယောက္ခမကြီး မဆုံးသေးဘူးလား ဆိုတာမျိုး၊ ဒီနှစ် မိုးဦးကောင်းတယ်နော်၊ ခင်ဗျား အလုပ်က လာသလားဆိုတာမျိုး ပြောမယ်ဆိုရင် ပြောစရာတွေ အပုံကြီးပဲ။ ဘာလို့များ နေကောင်းသလားလို့ မေးနေကြမှန်း မသိဘူး။ ဒီကိစ္စကလည်း ပြောမယ်ဆိုရင်တော့ အတော်ရှည်ရှည်ပြောရမှာ။ မတတ်သာရင် အာဒိကပ္ပကျမ်းတို့ ဘာတို့အထိ ပြန်သွားပြီး သလေးစပါး ပေါ်တာတို့၊ မဟာသမ္မတမင်းမြှောက်တာတို့အထိ သွားရမှာ။ အဲဒီလိုဖြင့် အချိန်က အတော်ကုန်မှာ။ အချိန်ကုန်ဆို လူတိုင်းကမှ ကောလိပ်ကျောင်းဆရာမဟုတ်ဘဲ။ လူတိုင်းမှာ အချိန်တွေ ပိုပိုလျှံလျှံသိပ်ရှိကြတာ မဟုတ်ဘူး။ ဒီတော့ ဘမြင့်ကို တည့်တည့်ပဲပြောရင်း မေးရတယ်။ ငါ မင်းဆီသက်သက် လာတာ၊ စကားနည်းနည်းပြောချင်လို့၊ မင်းမှာ အချိန်ရှိသလား။ သူက လက်ပတ်နာရီကို ကြည့်လိုက်ပြီး နှစ်နာရီလောက်ကျရင်တော့ သူနဲ့လိုက်သွားမလို့။ ခုအတိုင်းတော့ဖြင့် တစ်နာရီသာသာလောက် အချိန်ရတယ်လို့ ဖြေတယ်။ သူဖြေပုံကြည့်ရတာ အချိန်ဆိုတာ လက်ပတ်နာရီထဲက ထွက်လာသလိုပဲ။ လက်ပတ်နာရီကြည့်ပြီးမှ အဆုံးအဖြတ် ပေးနိုင်ရှာတာ။ အကြောင်းထူးရှိသလားလို့ သူ့ကို ကျွန်တော်က ထပ်မေးကြည့်မိပြန်တယ်။ သူနဲ့လိုက်သွားမလို့လို့ သူက ပြန်ဖြေရင်း ကောလိပ်ကျောင်းဆရာဘက်ကို မသိမသာ မေးထိုးပြတယ်။
ဒီတော့ ကောလိပ်ကျောင်းဆရာက ကျွန်တော့်ကို ဆရာရော လိုက်ခဲ့ပါလား။ ကျွန်တော့်တပည့်လေးတွေကို ဆရာနဲ့ စကားပြောစေချင်လို့ ကျွန်တော်စီစဉ်ထားတယ်လို့ ပြောတယ်။ ဘာအကြောင်းတွေများ ပြောကြမှာတုံးလို့ ကျွန်တော်က မဆင်မခြင် ချက်ချင်းလိုပဲ ပြန်မေးလိုက်မိတယ်။ ဒီတော့ ဘမြင့်က ကြားဝင်ဖြေတယ်။ ဘာရယ်မဟုတ်ပါဘူးကွာ၊ တို့ဖြတ်သန်းလာခဲ့တဲ့အကြောင်း၊ တို့ဘ၀အတွေ့အကြုံ စသည်ဖြင့် ကြုံရာပေါ့တဲ့။ ကျွန်တော့်ခေါင်းထဲမှာတော့ ထူတူတူ၊ အူတူတူ ဖြစ်သွားတယ်။ ဒါနဲ့ပဲ တို့တွေမှာ ပြောလောက်စရာအကြောင်း ရှိလို့လားလို့ မေးလိုက်မိပြန်တယ်။ ဘမြင့်က ပြုံးတယ်။ ကျေနပ်လို့ပြုံးတာမျိုးတော့ မဟုတ်ဘူး။ သူ မကျေနပ်လည်း ကျွန်တော်ကတော့ မတတ်နိုင်ဘူး။ ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့မှာ ဘာများထွေထွေထူးထူး ပြောစရာအကြောင်း ရှိလို့လဲ။ ကျွန်တော်တို့ ဆိုတာက ကျွန်တော်ရယ်၊ ဘမြင့်ရယ်၊ ကောလိပ်ကျောင်းဆရာရယ်မှ မဟုတ်ဘူး။ အားလုံး လူတိုင်း။ လူတွေမှာ ဘာများ ကြီးကြီးကျယ်ကျယ် ပြောစရာရှိနေလို့လဲ။ မိုးလင်းတယ်။ မိုးချုပ်တယ်။ အိပ်ယာက ထတယ်။ အိပ်ယာ ၀င်တယ်။ ပျော်တဲ့လူ ရှိတယ်။ ၀မ်းနည်းတဲ့လူ ရှိတယ်။ ပိုက်ဆံချမ်းသာလို့ စိတ်ချမ်းသာတယ်။ ပိုက်ဆံမရှိလို့ စိတ်မချမ်းသာဘူး။ ပိုက်ဆံမရှိရင် ဖိနပ်အသစ် မ၀ယ်နိုင်သေးလို့ စီးနေတဲ့ဖိနပ်ကို ထိန်းစီးနေရလို့ စိတ်မချမ်းသာဘူး။ ဟော ပိုက်ဆံရှိတော့ အိပ်ချင်တဲ့လူနဲ့ အိပ်လို့ရတယ်။ ဘာဖြစ်သတုံး။ နေကောင်းတဲ့လူက နေကောင်းတယ်။ လူနေကောင်းပေတဲ့ စိတ်ထဲက နေမကောင်းနေတဲ့လူက ရှိသေးတယ်။ စိတ်ချမ်းသာပေတဲ့ ဘာမှ အသုံးမကျတဲ့ကောင် ရှိတယ်။ လောကထဲမှာတော့ လူတွေဟာ ဒီလိုချည်းပါပဲ။ တကယ်တမ်းမှာတော့ လူတွေဟာ သေမယ့်ရက်ကို စောင်နေ့ကြတာချည်းပဲ။ မသိချင်ယောင် ဆောင်နေကြတဲ့လူတွေ။ ရက်ချိန်းမရသေးတဲ့ လူတွေ။ သေခြင်းဆိုးလို့ လူတကာကခေါ်ပေတဲ့ မသေနိုင်သေးတဲ့ လူတွေ။ မေတ္တာတရားတွေ၊ ဣတိပိသောတွေနဲ့နေတဲ့ လျှောသွားတဲ့ သူတော်စင်တွေ၊ ပြောရရင် မဆုံးပါဘူး။
ဆိုချင်တာကတော့ လူတွေဟာ သူ့ရဲ့ ပုဂ္ဂလိကဘ၀ကလေးထဲမှာ သူတို့ဘာသာ နေနေကြတာပဲ။ ဘာများ ထူးဆန်းလို့လဲ။ ဒီတော့ ဘယ်သူက ဘယ်သူ့ကို ဘာများ ထူးထူးဆန်းဆန်း ကြီးကြီးကျယ်ကျယ် ပြန်ပြောနေစရာ ရှိလို့လဲ။ လူမှန်ရင် ဖြတ်သန်းလာပုံဆိုတာက အတူတူချည်းပဲ။ မွေးရာက သေရာကိုပဲ။ ဒီထက် ဘယ်သူမှ မပိုဘူး။ ဒီတော့ ဘာတွေများသင်းက ပြန်ပြောပြချင်ရတာလဲ။ အဲဒီတော့ ကောလိပ်ကျောင်းဆရာက ပြောတယ်။ ဒီလိုပါ ဆရာရယ်၊ ဆရာတို့ကြီးပြင်းရတဲ့ ခေတ်နဲ့ ကျွန်တော်တို့ခေတ်နဲ့က မတူဘူးမဟုတ်လား။ ဒီတော့ ကာလတရား မတူညီမှုမှာ အခြေခံလို့ မတူညီခဲ့တဲ့ အတွေ့အကြုံ အသိအမြင်ကလေးတွေပေါ့ ဆရာရယ်လို့ အသံခပ်ပျော့ပျော့နဲ့ ပြောတယ်။ ကောလိပ်ကျောင်းဆရာဆိုတော့ စကားလုံးခပ်ကြီးကြီး ကြိုက်ပုံပဲ။ ကျွန်တော်ကတော့ ကောလိပ်ကျောင်းဆရာက ကိုယ့်ကို ဆရိာလု့ခေါ်တာနဲ့ပတ်သက်လို့ ကန့်ကွက်စရာတော့ မရှိပါဘူး။ သူက ကောလိပ်ကျောင်းဆရာဆိုတော့ ဆရာတန် ဆရာခေါ်မှာပဲ။ သင်းက ပညာရှိကိုးလို့ပဲ သဘောထားလိုက်တယ်။ ဒါပေတဲ့ အမှန်တရားဆိုတဲ့အပိုင်းက ရှိနေသေးတော့ မေးလိုက်ရပြန်တယ်။ ခင်ဗျားက ကာလတရားတစ်ခုခုတိုင်းမှာ ပေါ်လာခဲ့တဲ့ အကြောင်းတိုင်းဟာ ပြောစရာတွေချည်းပဲလို့ ထင်သလားလို့ မေးလိုက်မိတယ်။ သူက ဘာမှတော့ ပြန်မပြောဘူး။ ဘမြင့်က ၀င်မေးတယ်။ မင်းက ဘာကိုဆိုလိုချင်တာလဲတဲ့။ ဒီတော့လည်း ပြောရပြန်တယ်။ ကမ္ဘာစစ်သမိုင်းမှာ လှေတွေ မီးရှို့ပစ်ပြီး အနိုင်တိုက်တဲ့စစ်သူကြီး ဘယ်နှစ်ယောက်လောက်ရှိတယ်လို့ မင်းထင်သလဲလို့ သူသိတဲ့ဘာသာစကားနဲ့ သူ့ကို မေးကြည့်ရတယ်။ ဒီတော့ သူက ပြုံးတယ်။ လိုလိုလားလား ပြုံးပြတာ။ ကျွန်တော်က ကောလိပ်ကျောင်းဆရာကို လှည့်ကြည့်လိုက်တော့ သူ့ခမျာ အူတူတူဖြစ်နေပုံရတယ်။ ဒါနဲ့ပဲ ခင်ဗျား လော့ဂျစ်ဆိုတာကလေးများ လေ့လာခဲ့ဖူးသလားလို့ မေးလိုက်တော့ သူက ကျွန်တော်တို့ ပထမနှစ်လောက်က သင်ခဲ့ဖူးလို့ အခြေခံလောက်တော့ သိပါတယ်တဲ့။ ဒီတော့လည်း လွယ်လွယ်ပဲ ပြောလိုက်ရတယ်။ ယုတ္တိစနစ်အရ မှန်ကန်နေခဲ့လို့ နိဒါန်းအဆိုဟာ ဘယ်လိုမှားနေနေ အဲဒီစနစ်အရ ရယူလိုက်တဲ့ နိဂုံးဟာ မှန်နေတယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လားလို့ ပြောတော့ သူက ခဏကြာအောင်တွေးနေပြီးမှ ဖြည်းဖြည်းနဲ့ ပညာရှိအပြုံး ပြုံးတယ်။ သူကလည်း ကောလိပ်ကျောင်းက ပညာရှိပဲ။ ချက်ချင်းတော့ ဘယ်ပြုံးမလဲ။ ပညာရှိဆိုတာက ဘယ်လောက်ပြောင်မြောက်တဲ့ ပျက်လုံးပဲဖြစ်ဖြစ် ချက်ချင်းမရယ်ရ မပြုံးရဘူး။ အချိန်ယူရတယ်။ ဒါမှ ပညာရှိ ပီသတာကိုး။ ဒါပဲလို့ ကျွန်တော်ကပြောပြီး သူတို့နှစ်ယောက်စလုံးကို တစ်လှည့်စီ လှည့်ကြည့်လိုက်မိတယ်။ ပြီးမှ ဆက်ပြောလိုက်တယ်။ လူဆိုတာ အဲဒီလိုပဲ။ သူတို့ရဲ့ သီးခြားစနစ်တွေအထဲမှာ မှန်နေကြတာချည်းပဲ။ နိဒါန်းအဆိုတွေ မှန်ကောင်းမှန်မယ်၊ မှားကောင်း မှားနေမယ်၊ ဒါပေတဲ့ သူတို့ရဲ့ သီးခြားစနစ်ထဲမှာတော့ နိဂုံးတွေဟာ မှန်နေတာချည်းပဲ။ ဒီတော့ ဘယ်သူက ဘယ်သူ့ကို ဘာများပြောစရာ ရှိနေတော့မှာလဲလို့ ပြောလိုက်မိတယ်။ ဘမြင့်တို့နှစ်ယောက်သား ဘာမှပြန်မပြောဘဲ သူတို့ဘာသာ တွေးနေကြပုံရတယ်။ နောက်တော့မှ ဘမြင့်က မင်းလာတာ အဲဒါပြောဖို့လာတာလားလို့ မေးတယ်။ မဟုတ်ပါဘူးလို့ ကျွန်တော်ကဖြေလိုက်ရင်း ကြီးကျယ်ခမ်းနားသော အရေးအသားများအကြောင်း နည်းနည်းပြောချင်လို့လို့ ဆက်ပြောချလိုက်မိတယ်။ ဘမြင့်က ဆိုဖာပေါ် ကျောမှီထိုင်နေရာက ကျောကိုခွာပြီး ရှေ့ကိုငိုက်လိုက်ရင်း ဘာကြီးကျယ်ခမ်းနားသော အရေးအသားများ၊ ဘာတဲ့လို့ ပြောသလိုလိုနဲ့ မေးတယ်။ ငါ စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တို့ဆီက ပို့စ်မော်ဒန်ဆရာကြီးတစ်ယောက် ရေးတာ။ အဲဒါက ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားပြီ ဆိုသလားပဲလို့ ကျွန်တော်က ပြောလိုက်တော့ ဘမြင့်က ဒီတော့ ဘာဖြစ်သလဲလို့ ချက်ချင်းပြန်မေးတယ်။ ဘာဖြစ်ရမှာလဲ ငါ့လူရဲ့။ ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရင် ငါရေးတာတွေ အဲဒီစာရင်းထဲ ဘယ်ပါနိုင်တော့မလဲ။ ငါလည်း ကြီးကျယ်ခမ်းနားတဲ့စာရင်းထဲ ပါချင်သေးသပေါ့ကွာ။ နည်းနည်းဖြစ်ဖြစ်ပေါ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ဘမြင့်က ပြုံးတယ်။ ကောလိပ်ကျောင်းဆရာကလည်း သူ့ရဲ့ ပညာရှိအပြုံးနဲ့ ပြုံးပြန်တယ်။ ဘမြင့်က ဘာကို ကြီးကျယ်ခမ်းနားသော အရေးအသားဆိုတာက ဘာလဲလို့ မေးတယ်။ ဂရင်း(ဒ)နယ်ရေးတစ်ကို ပြောတာလို့ ကျွန်တော်က ပြန်ဖြေတော့ ဘမြင့်က ဂရင်း(ဒ)နယ်ရေးတစ်ဟာ ကြီးကျယ်ခမ်းနားသော အရေးအသားဆိုရင်တော့ မင်း ဘာမှစိတ်မပူနဲ့၊ မင်းရေးတာတွေ အဲဒီစာရင်းထဲ ပါမှာမဟုတ်ဘူးတဲ့။ ဘာလို့တုန်းကွလို့ ကျွန်တော်ကမေးတော့ သူက သူတို့ပြောတဲ့ ဂရင်း(ဒ)နယ်ရေးတစ်ဆိုတာက တို့နားလည်တဲ့ ကြီးကျယ်ခမ်းနားသော နာမ၀ိသေသနနဲ့ အနက်ဖော်ထားတာ မဟုတ်ဘူး။ သူတို့ပြောတဲ့ ဂရင်း(ဒ)နယ်ရေးတစ် တို့မှာလည်း မရှိဘူးလို့ သူက ပြန်ဖြေတယ်။
ကျွန်တော်ကတော့ အတော်ကျေနပ်လိုက်မိတယ်။ မရှိတဲ့အထဲတော့လည်း မပါချင်ဘူး။ မကြီးကျယ်ရ၊ မခမ်းနားရလို့လည်း အရေးမကြီးဘူး။ မရှိတဲ့အထဲမှာ ကြီးကျယ်ခမ်းနားနေလို့ ဘာသွားလုပ်ရမှာလဲ။ လူတစ်ယောက်နှစ်ယောက်က ရှိတယ် မရှိဘူးလို့ ထင်ရာစိတ်ကူး အတွေးထူးနဲ့ ဆုံးဖြတ်ရုံနဲ့တော့လည်း ဒီလောကကြီး ဘာမှဖြစ်မှာမဟုတ်ဘူး။ အဲဒီတုန်းမှာပဲ ကောလိပ်ကျောင်းဆရာက ဆရာခုနကပြောတဲ့အထဲမှာ လူတွေအားလုံးဟာ အတူတူပဲမို့ ဘာမှမထူးကြလို့ ပြောစရာအကြောင်း မရှိလှဘူးဆိုရင် ဆရာဝတ္ထုရေးနေတာတွေကကောလို့ မေးတယ်။ မေးပုံကဖြင့် နောက်ချေးနံ့ကို အညာရနံ့လုပ်ချင်လို့မေးတဲ့ အမေးမျိုး။ ကျွန်တော်ကတော့ ပြောစရာရှိတာပေါ့။ ခွင်ဝင်လာလို့ကဖြင့် ဖေရှင်ဘုရင်ကို မင်းမြှောက်ပေးနေစရာတောင် မလိုဘူး။ ပလ္လင်အောက်ဆီကတင် ဖနောင့်နဲ့ ထပေါက်ပြပါ့မယ်။ ခံဟဲ့နင့်ကျော ဆိုတဲ့အတိုင်းပဲ။ ကျွန်တော်က ၀တ္ထုရေးဆရာကိုး။ ၀တ္ထုရေးဆရာမှာက ခင်ဗျားတို့ ဘမြင့်တို့မှာမရှိတဲ့ စွမ်းအားတစ်မျိုးရှိတယ်။ အဲဒါက ဖန်တီးနိုင်စွမ်းပဲ။ ခင်ဗျားတို့လို လူသာမန်တွေ၊ သာမန်လူတွေ၊ ပညာရှိတွေ၊ ပညာတတ်တွေမှာမရှိတဲ့ စွမ်းရည်တစ်မျိုးဗျလို့ ပြောနေတုန်း ဘတင့်တစ်ယောက် အခန်းပေါက်ဝဆီကို ရောက်လာတယ်။ သူ့ကို ကျွန်တော်တို့အားလုံး လှမ်းကြည့်လိုက်မိကြတယ်။ သူကတော့ ကျွန်တော့်ကိုပဲ ကြည့်လိုက်ရင်း အစ်ကို ဒီမှာကိစ္စပြီးရင် ကျွန်တော့်ပန်းချီအခန်းဘက်ဆီ ၀င်ခဲ့ဦးလေလို့ ပြောတယ်။ ကျွန်တော်က ဘာမှမပြောရသေးခင် ဘမြင့်က ဘာထူးသလဲလို့ သူ့ညီကို မေးတယ်။ မထူးပါဘူးလို့ ဘတင့်က ပြန်ဖြေရင်း ခုနတင် ၀ီစကီခြောက်လုံးရထားလို့ အစ်ကိုများ အကြောင်းထူးမရှိရင် ၀ီစကီမြည်းရအောင်လို့ လာခေါ်တာပါလို့ ဖြေတယ်။ ငါ့မှာ ဘာကိစ္စမှ ထွေထွေထူးထူးမရှိတော့ပါဘူးလို့ ပြောရင်း ကျွန်တော်က ထိုင်ရာက ထလိုက်မိတယ်။ ဘမြင့်နဲ့ ကောလိပ်ကျောင်းဆရာက ကြည့်နေတယ်။ သူတို့ကိုကြည့်လိုက်ရင်း မင်းတို့လည်း သွားချင်ရာသွားတော့၊ ငါလည်း ၀ီစကီသွားမြည်းလိုက်ဦးမယ်လို့ ပြောလိုက်တယ်။ ဘမြင့်က ခုနက မင်းပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့အရေးအသား ကိစ္စက ပြီးပြီလားလို့ မေးတယ်။ ပြီးပြီလို့ ပြောလိုက်တော့ ဘမြင့်က ပြုံးနေတယ်။ ကျွန်တော် ဘာကိုဆိုလိုတယ်ဆိုတာ သူ သဘောပေါက်သွားပုံရတယ်။ ပေါက်ရမှာပဲ သူက လူတော်။ လူတော်မဖြစ်လို့ မဖြစ်ဘူး။ ကျွန်တော့်လိုကောင်းမျိုးနဲ့ သူငယ်ချင်းဖြစ်နေမှတော့ လူတော်ဖြစ်ရမှာပဲ။ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ခပ်ညံ့ညံ့လူ ရှားတယ်။ ပထမတန်း နံပါတ်ဝမ်း၊ တစ်ဂဏန်းထဲက လူတွေမဟုတ်တောင် ဒုတိယက ပထမမဟုတ်ဘူးဆိုတာလောက်တော့ သိတယ်။
မြင့်သန်း
မနေ့က ဒီတပုဒ် ဘာလို့ ကျော်သွားတယ်မသိဘူး။
ReplyDeleteမြင့်သန်းစာတွေ နောက်ဆုံး ဘာပြောချင်မှန်းမသိပေမယ့် အရေးအသားကို သဘောကျတယ်။