Skip to main content

အတိုးဆုံးကဗျာများ (၃၄)

နှုတ်ကပါတ်တော်များ

ဘာသာစကားသာ မရှိဘူးဆိုရင်
ဘုရားပွင့်ဖို့တောင် ခက်လိမ့်မယ်
ခက်တာက ဘာသာစကားရှိပြန်တော့လည်း
ဘုရားတွေ အလွယ်တကူ ပွင့်နိုင်နေတာပါပဲ။

ရထား

လွတ်လပ်စွာရွေးချယ်ခွင့်
တကယ်ရှိသလားလို့ ကျွန်တော်တွေးနေတယ်
သို့မဟုတ် တွေးနေရတယ်
သို့မဟုတ် မတွေးရမနေနိုင်ပဲ ဆိုပါစို့
ဒီဘူတာပဲ ဆိုက်လို့နေပါပြီ။

ရှည်လျားအမြင်

ကျွန်တော်သာ ကြားနေသူဆိုရင်
ကြယ်လေးတွေလို့ မမြင်ပါဘူး
ခုတော့ ကျွန်တော်က
ကမ္ဘာသားတွေဘက်ကနေ
ကြယ်တွေကိုတောင် အထင်သေးလိုသေးနဲ့။

ကပ်နေသော အရာနှစ်ခု

စကားကို ကပ်မပြောနဲ့အချစ်ရယ်တဲ့
သူက ကျွန်တော့်နားထဲ
တိုးတိုးလေးပြောတယ်
ကဲ ဘယ်လိုလဲ
ကျွန်တော် အဝေးဆုံးပြေးထွက်ရတော့မှာပဲ။

ပုံသေ

နောက်တစ်ခါပြန်မရတော့တဲ့ အခွင့်အရေးထဲမှာ
မြင်မြင်ချင်း သူ့ကို မချစ်ခဲ့မိတာပါတယ်
အမြဲတမ်းရှိနေတော့မယ့် ရလဒ်ကတော့
သူ့ မမြင်ကွယ်ရာက ကျွန်တော့်ရဲ့
အလွမ်းပဲ။

တေဇာ (လရောင်လမ်း)

Comments

  1. ရထား စီးပြီး ကပ်မနေအောင် အဝေးဆုံးထွက်သွားလိုက်တော့မယ်း)


    မောင်မျိုး

    ReplyDelete
  2. ကပ်နေသော အရာနှစ်ခုကတော့ ပုံသေ မဟုတ်လောက်ဘူးထင်တယ်။

    ReplyDelete

Post a Comment