တိုနီတခိတနိရဲ့ နာမည်အရင်းကလည်း တိုနီတခိတနိပဲ။ သူရဲ့ ခပ်ဆန်းဆန်းနာမည်၊ သူ့ရဲ့ ဆံပင်လိမ်ကောက်ကောက်နဲ့ သူ့ကိုယ်ဟန်အနေအထားတွေကြောင့် သူ့ကို ကပြား, ကလေးလေးလို့ ထင်မှတ်တတ်ကြတယ်။ အချိန်ကလည်း စစ်ပြီးစဆိုတော့ ပတ်ဝန်းကျင်မှာ အမေရိကန်သွေးနှောတဲ့ ကလေးတွေရှိနေတတ်တာလည်း ဆန်းမှမဆန်းပဲ။ ဒါပေမဲ့ တိုနီတခိတနိရဲ့ မိဘနှစ်ပါးစလုံးကတော့ တစ်ရာရာနှုန်း ဂျပန်လူမျိုးစစ်စစ်တွေပါ။ သူ့အဖေ ရှိုဇာဘုရိုတခိတနိက အတော်ကလေးကို အောင်မြင်ထင်ရှားတဲ့ ဂျက်ဇ်ခရာမှုတ်သမားတစ်ဦးပဲ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်မီးကြီး စစချင်း သိပ်မကြာဘူး၊ မိန်းမနဲ့ပတ်သက်တဲ့ အရှုပ်အထွေးတစ်ခုကြောင့် တိုကျိုမြို့ကနေ ထွက်ပြေးရဖို့ ဖန်လာတယ်။ သူလည်း စဉ်းစားတယ်။ တိုကျိုမြို့မှာ နေလို့မဖြစ်တော့ဘူးဆိုရင်တော့ လွတ်ရာကျွတ်ရာကိုသာ ရောက်အောင်ပြေးတာ အကောင်းဆုံးပဲ။ ဒါနဲ့ နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်ထဲကို ၀င်လာခဲ့တာ၊ သူ့ရဲ့ ခရာကြီးကလွဲလို့ သူ့လက်ထဲ ဘာတစ်ခုမှ ပါမလာခဲ့ဘူး။ အဲဒီအချိန်တုန်းကတော့ ရှန်ဟိုင်းဆိုတာက နာဂါဆကီမြို့ကနေ သင်္ဘောတစ်ရက်လောက်ပဲစီးရတဲ့ ခရီးကိုး။ နောက်ဆံတင်းစရာ ပိုင်ဆိုင်မှုဆိုလို့လည်း တိုကျိုမှာရော ဂျပန်တစ်နိုင်ငံလုံးမှာပါ ရှိုဇာဘုရိုအနေနဲ့ ဘာတစ်ခုမှ ပိုင်ခဲ့တာမဟ...