ဆရာကြီးယန်းပေါဆတ်ရဲ့ ဖြစ်တည်မှုပဓာန၀ါဒအကြောင်း စတင်မိတ်ဆက်လိုက်ပါတယ်။ ဆရာမောင်သာမညရဲ့ ဘာသာပြန်ဆိုချက်များဖြစ်ပြီး အနည်းငယ် စဉ်းစားပြီးဖတ်မှသာ အတွေးပေါက်နိုင်ပါလိမ့်မယ်ဗျာ။
ဖြစ်တည်မှုဝါဒလို့ ခေါ်တဲ့အရာဟာ ဘာလဲ...။ ဒီစကားရဲ့ အနက်အဓိပ္ပာယ်ကို
ရှင်းပြစမ်းပါဆိုလာရင် သည်စကားလုံးကို သုံးစွဲနေကြသူတွေ အကုန်လုံးလိုလို
စိတ်ရှုပ်သွားကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သည်စကားလုံး
ခေတ်စားလာတဲ့အချိန်ကစပြီး ဘယ်ဂီတဆရာဟာဖြင့် ဖြစ်တည်မှုဝါဒီဖြစ်တယ်၊
ဘယ်ပန်းချီဆရာဟာဖြင့် ဖြစ်တည်မှုဝါဒီဖြစ်တယ် စသည်ဖြင့် လူတွေက
ပျော်ပျော်ပါးပါးကြီး ကင်ပွန်းတပ်ပေးခဲ့ကြတာကိုး။ ကလာတီး (Clartes)
သတင်းစာထဲက ပင်တိုင်ဆောင်းပါးရှင်တစ်ဦးကဆိုရင် သူ့ကိုယ်သူ
ဖြစ်တည်မှုဝါဒီလို့ လက်မှတ်ရေးထိုးပါတယ်။ ဒါကြောင့် လက်တွေ့ မှာ
သည်စကားလုံးကို စည်းမရှိကမ်းမရှိ ထင်သလိုသုံးစွဲနေကြပါပြီ။ ဒါကြောင့်လည်း
ဒီစကားလုံးမှာ သီးခြားအနက်အဓိပ္ပာယ် မရှိတော့တဲ့အထိ ဖြစ်နေပါပြီ။
နောက်ဆုံးပေါ် ဘာသာရေးပုတ်ခတ်မှုလို၊ နောက်ဆုံးပေါ်လှုပ်ရှားမှုလိုအထဲမှာ
ငမ်းငမ်းတက်ပါချင်သူတွေဟာ အမှန်လွန်ဝါဒ (Surrealism) လို
ထူးခြားဆန်းသစ်တဲ့ သဘောတရားမျိုးမရှိဘဲဖြစ်နေတဲ့အတွက်
ဖြစ်တည်မှုဝါဒကိုပဲ အရဖမ်းဆွဲပြီး ဆုပ်ကိုင်ထားလိုက်ကြပါတယ်။ ဒါပေမဲ့
သည်ဖြစ်တည်မှုအတွေးအခေါ်ထဲမှာ သူတို့ရည်မှန်းတာမျိုး တစ်ခုမှမရှိပါဘူး။
ဘာကြောင့်လဲဆိုတော့ ဖြစ်တည်မှုဝါဒဟာ အတွေးအခေါ်
အယူဝါဒတွေအားလုံးအနက် ဘာသာရေးအပေါ် ပုတ်ခတ်ပြောဆိုမှု
အနည်းဆုံးဖြစ်ပြီး သဘောတရားအရလည်း အတင်းကျပ်ဆုံးဖြစ်လို့ပါပဲ။
ဖြစ်တည်မှုအတွေးအခေါ်ဟာ ပညာရှင်းများအတွက်သက်သက် ရည်စူးတဲ့
အတွေးအခေါ်ပါ။ ဒီလိုဖြစ်ပေမယ့်လည်း ဖြစ်တည်မှုအတွေးအခေါ်ကို
လွယ်လွယ်ကူကူ ဖွင့်ဆိုရှင်းလင်းလို့ ရပါတယ်။
ပြဿနာရှုပ်ထွေးနေရတာကတော့ ဖြစ်တည်မှုဝါဒီ နှစ်မျိုးနှစ်စား
ကွဲပြားနေလို့ဖြစ်ပါတယ်။ တစ်မျိုးက ခရစ်ယာန်ဖြစ်တည်မှုဝါဒီဖြစ်ပြီး၊
နောက်တစ်မျိုးကတော့ ဘုရားမဲ့ ဖြစ်တည်မှုဝါဒီဖြစ်ပါတယ်။ ဒီဖြစ်တည်မှုဝါဒီ
နှစ်မျိုးစလုံးက အတူအညီလက်ခံထားတဲ့အချက်ကတော့ ဖြစ်တည်မှုသည်
အနှစ်သာရထက် အရင်ကျသည် ဆိုတဲ့ ယုံကြည်ချက်ပါပဲ။ ဒါမှမဟုတ် ပုဂလဒိဌာန်သဘောသည် အဦးအစဖြစ်သည်ဆိုတဲ့ ယုံကြည်ချက်ပါ။
သည်ယုံကြည်ချက်က ဘာကိုဆိုလိုတာလဲ။
ထုတ်ကုန်ပစ္စည်းတစ်ခုကို စဉ်းစားကြည့်လိုက်စမ်းပါ။ ဥပမာအားဖြင့် မောင်းချဓားတစ်ချောင်းကို စဉ်းစားကြည့်လိုက်စမ်းပါ။ သည်မောင်းချဓားကို ဖန်တီးလိုက်တဲ့သူဟာ မောင်းချဓားနဲ့ပတ်သက်ပြီး စိတ်ကူးအကြံအစည်ရှိတဲ့ လက်မှုပညာသည်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်မှုပညာသည်ဟာ သူ့စိတ်ကူးအကြံအစည်ထဲက မောင်းချဓားကို အာရုံစိုက်ခဲ့ရသလို သိနှင့်ပြီးသားဖြစ်တဲ့ မောင်းချဓားလုပ်နည်းပညာကိုလည်း အညီအမျှ အာရုံစိုက်ခဲ့ရပါတယ်။ မောင်းချဓားထုတ်လုပ်နည်းဟာ မောင်းချဓားနဲ့ပတ်သက်တဲ့ သူ့စိတ်ကူးအကြံအစည်တွေထဲက တစ်ခုပဲပေါ့။ တကယ်တော့ ဒါဟာ ပုံသေနည်းတစ်ခုပဲဖြစ်ပါတယ်။ သည်လိုနဲ့ မောင်းချဓားဟာ နည်းလမ်းတစ်ခုနဲ့ ထုတ်လုပ်နိုင်ပစ္စည်းတစ်ခုဖြစ်နေသလို တိကျတဲ့ရည်ရွယ်ချက်တစ်ခုကို ဖော်ဆောင်ပေးတဲ့ပစ္စည်းတစ်ခုလည်း ဖြစ်နေပါတော့တယ်။ တိကျတဲ့ရည်ရွယ်ချက်တစ်ကို ဖော်ဆောင်ပေးတယ်လို့ဆိုရတဲ့အကြောင်းကတော့ ဘာအတွက်ရည်ရွယ်မှန်းမသိဘဲနဲ့ မောင်းချဓားတစ်ချောင်းကို ထုတ်လုပ်ဖို့ဆိုတာ စဉ်းစားလို့မရနိုင်တဲ့ကိစ္စဖြစ်နေလို့ပါပဲ။ ဒါကြောင့် မောင်းချဓားနဲ့ပတ်သက်လာရင် မောင်းချဓား၏အနှစ်သာရသည် မောင်းချဓား၏ဖြစ်တည်မှုထက် အရင်ကျသည်လို့ ပြောရပါလိမ့်မယ်။ မောင်းချဓားရဲ့အနှစ်သာရဆိုရာမှာ မောင်းချဓားနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေကို လက်တွေ့အကောင်အထည်ဖော် ဖန်တီးထုတ်လုပ်လို့ရအောင်လုပ်ပေးတဲ့ ပုံသေနည်းတွေ၊ အရည်အသွေးတွေ စုစုပေါင်းဖြစ်ပါတယ်။ သည်လိုမောင်းချဓားတစ်ချောင်းဖြစ်လာအောင် ကျွန်တော်တို့မျက်စိရှေ့မှာတင် ပြဌာန်းခဲ့တာဖြစ်ပါတယ်။ သည်နေရာမှာ ကျွန်တော်တို့ဟာ လောကကြီးကို နည်းပညာရှုထောင့်တစ်ခုကနေ ကြည့်မြင်နေတာဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုသည် ဖြစ်တည်မှုထက် အရင်ကျသည်လို့ ပြောနိုင်ပါတယ်ခင်ဗျား။
ကျွန်တော်တို့ဟာ ထာဝရဘုရားသခင်ကို ဖန်တီးရှင်အဖြစ်နဲ့ စဉ်းစားကြည့်လိုက်တဲ့ အခါတိုင်းမှာလည်း မဟာလက်မှုပညာသည်ကြီး ဖြစ်တော်မူပါပေတယ်လို့ ယူဆကြတာချည်းဖြစ်ပါတယ်။ ဒေးကားရဲ့အယူဝါဒနဲ့ တူတာမျိုးကိုဖြစ်ဖြစ်၊ လိုက်ဘနစ်ရဲ့အယူဝါဒနဲ့ တူတာမျိုးကိုဖြစ်ဖြစ် ဘယ်လိုအယူဝါဒမျိုးကိုမဆို သုံးသပ်ကြည့်လိုက်တဲ့အခါတိုင်း အလိုဆန္ဒဟာ အသိတရားရဲ့နောက်ကပဲ လိုက်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အနည်းဆုံးတော့ ပုခုံးချင်းယှဉ်ပြီး ဒွန်တွဲနေပါတယ်။ ဒါကြောင့် ဘုရားသခင်အနေနဲ့ ဖန်ဆင်းခြင်းအမှုကို ပြုတော်မူတဲ့အခါမှာ ဖန်ဆင်းမယ့်အရာကို ဂဃနဏ အပ်ကျမတ်ကျ သိနှင့်တော်မူပြီးဖြစ်သည်လို့ချည်း ယူဆလိုက်တာချည်းဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ စိတ်ကူးအကြံအစည်ထဲက လူပုံစံကို လက်မှုပညာသည်ရဲ့ စိတ်ကူးအကြံအစည်ထဲက မောင်းချဓားပုံစံနဲ့ နှိုင်းယှဉ်လို့ရနိုင်ပါတယ်။ လက်မှုပညာသည်ဟာ သတ်မှတ်ချက်တစ်ခု၊ ပုံသေနည်းတစ်ခုကို လိုက်နာပြီး မောင်းချဓားတစ်ခုကို ဖန်တီးထုတ်လုပ်လိုက်သလိုမျိုး ဘုရားသခင်ဟာလည်း စိတ်ကူးအကြံအစည်တစ်ခုအတိုင်း လူကိုဖန်ဆင်းခဲ့တာဖြစ်ပါတယ်။ သည်တော့ လူသားတစ်ယောက်ချင်းဟာ ထာဝရသခင်ရဲ့ စိတ်ကူးအကြံအစည်တစ်ခု အကောင်အထည်ပေါ် တည်ရှိလာခြင်းဟာ ဖြစ်ပါတယ်။
၁၈ ရာစုနှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ ဒဿနဆရာကြီးများရဲ့ ဘုရားမဲ့ဝါဒမှာ ဖန်ဆင်းရှင် ဘုရားသခင်ဆိုတဲ့အယူကို ချေဖျက်ထားပါတယ်။ ဒါပေမဲ့ နှစ်သာရသည် ဖြစ်တည်မှုထက်အရင်ကျသည်ဆိုတဲ့ အယူအဆကိုတော့ မပယ်ဘဲခြွင်းချန်ထားခဲ့တယ်။
ကျွန်တော်ကိုယ်စားပြုတဲ့ ဘုရားမဲ့ ဖြစ်တည်မှုဝါဒီတွေကတော့ ၁၈ရာစုဘုရားမဲ့ဝါဒထက် ပိုပြီး ရှေ့နောက်ညီညွတ်တဲ့ အယူအဆဖြစ်ပါတယ်။ ထာဝရဘုရားသခင်သာမရှိတော့ဘူးဆိုရင် အနှစ်သာရထက် ဖြစ်တည်မှုက အရင်ကျတဲ့အရှိတရားတစ်ခုကတော့ အနည်းဆုံးရှိနေပြီ။ သည်အရှိတရားဟာ ဘယ်လိုစိတ်ကူးအကြံအစည်နဲ့မှ မသတ်မှတ်ရသေးခင် အရင်ကြိုတင်တည်ရှိနေတဲ့ အရှိတရားဖြစ်ပါတယ်။ သည်အရှိတရားကတော့ လူပါပဲ။ ဟိုက်ဒဂါးရဲ့စကားနဲ့ဆိုရင်တော့ လူအရှိတရား (Human Reality) ပေါ့။
ဖြစ်တည်မှုသည် အနှစ်သာရထက်အရင်ကျသည်ဆိုတဲ့စကားက ဘာကိုဆိုလိုချင်တာလဲဆိုတော့ လူဟာ ဖြစ်တည်တယ်၊ ကိုယ့်ကိုယ်ကိုယ် သိမြင်တွေ့ကြုံတယ်၊ လောကထဲမှာ ပေါ်ထွန်းလာတယ်၊ ပြီးတော့မှ သူ့ကိုယ်သူ အဓိပ္ပါယ်သတ်မှတ်တယ်လို့ ဆိုလိုတာပါ။
ဖြစ်တည်မှုဝါဒီရဲ့အမြင်မှာ လူဟာ ဘာဖြစ်တယ်ဆိုတာမျိုး အဓိပ္ပာယ်ကို အတိအကျသတ်မှတ်လို့မရပါဘူး။ သည်လို အဓိပ္ပာယ်အတိအကျ သတ်မှတ်လို့မရဘူးဆိုရင် လူဟာ အစက ဘာမှမဟုတ်လို့ပဲဖြစ်ရပါမယ်။ နောက်ပိုင်းကျမှသာ လူဟာတစ်ခုခုဖြစ်လာရတာပါ။ သူ့ကိုယ်သူဖန်တီးလိုက်တဲ့အတိုင်း နောက်မှဖြစ်လာရတာပါ။ ဒါကြောင့် လူ့သဘာဝရယ်လို့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူကို ဘယ်လိုပုံစံဖြစ်ရမယ်လို့ ကြိုတင်စီမံပြီး စိတ်ကူးပုံထုတ်မယ့် ထာဝရဘုရားသခင်မှ မရှိပဲကိုး။ လူဖြစ်နေတာဟာ ရိုးရိုးလေးဖြစ်နေတာပါ။ ကိုယ့်စိတ်ဆန္ဒအတိုင်းဖြစ်နေတာပါ။ ဖြစ်တည်မှုဆီခုန်ကူးပြီးတဲ့နောက်မှ ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်ရမယ်လို့ စိတ်ကူးကြံစည်တဲ့အတိုင်း အလိုဆန္ဒရှိသလို ရွေးချယ်ဆုံးဖြတ်လိုက်တဲ့အတိုင်း ဖြစ်နေရတာပါ။ လူဟာ သူ့ကိုယ်သူဖန်တီးထားတဲ့အရာမှတစ်ပါး တခြားဘာမှမဟုတ်ပါဘူး။ သည်အချက်ဟာ ဖြစ်တည်မှုဝါဒရဲ့ အခြေခံစည်းမျဉ်း အမှတ်တစ်ပဲ ဖြစ်ပါတယ်။
လူဟာ ကျောက်တုံးတစ်တုံးထက်ဖြစ်ဖြစ်၊ စားပွဲတစ်လုံးထက်ဖြစ်ဖြစ် ပိုပြီးဂုဏ်မမြင့်ဘူးဆိုတဲ့စကားကရော ဘာကိုဆိုလိုတာလဲ။ ဘာကြောင့်လဲဆိုတော့ စစချင်းမှာ လူဟာ ဖြစ်တည်နေရုံသက်သက်ပဲလို့ ပြောခဲ့တာကိုး။ စစချင်းမှာ လူဟာ သူ့ကိုယ်သူ အနာဂတ်တစ်ခုဆီတွန်းပို့နေရပြီး သည်လိုတွန်းပို့နေရမှုကိုပြန်သိနေတဲ့ အရာတစ်ခုမျှသာဖြစ်တယ်လို့ ပြောခဲ့တာကိုး။
တကယ်တော့ လူဟာ ရေညှိပင်လေးတစ်ပင်လို၊ မှိုပွင့်လေးတစ်ပွင့်လို၊ ပန်းဂေါ်ဘီထုပ်တစ်ထုပ်လို ဖြစ်တည်နေတာမျိုးတော့ မဟုတ်ပါဘူး။ လူဟာ ပုဂလဓိဌာန်ဘ၀တစ်ခုကိုပိုင်ဆိုင်ထားတဲ့ စီမံဖော်ဆောင်ချက်တစ်ခုသာဖြစ်ပါတယ်။ သည်လို ကိုယ့်ကိုယ်ကိုယ်စီမံဖော်ဆောင်ချက်မတိုင်မီက ဘာမျှမရှိသေးပါဘူး။ အရာခပ်သိမ်းသိမြင်နှံ့စပ်တဲ့ အသိဉာဏ်ကောင်းကင်ဘုံကြီးထဲမှာပင် မရှိသေးပါဘူး။ ဆိုလိုတာက လူဟာ သူရည်ရွယ်တဲ့အတိုင်းဖြစ်လာပြီးတဲ့အခါမှသာ ဖြစ်တည်မှုကိုရရှိနိုင်သူပါ။
စဉ်းစားစရာတွေ အများကြီးရသွားတယ်...။ လက်ခံတာတွေရှိသလို...။ လက်ခံ လို့မရသေးတာတွေလဲ တွေ့ရတယ်...။
ReplyDeleteအနှစ်သာရဟာ ဖြစ်တည်မှုထက် ရှေးဦးပေါ်ပေါက်တဲ့ဆိုတဲ့နေရာမှာ...။ အနှစ်သာရ (Essence) ဆိုတဲ့စကားလုံး အစား ကြိုတင်စဉ်းစား ဖန်ဆင်းခြင်း (Imagination) ဟာ ဖြစ်တည်မှုထက် ရှေးဦးဖြစ်တယ်ဆိုရင် ပိုပြီး နားလည်ရလွယ်သွားမလားပဲ...။
တကယ်လို့ အဲ့လို ပြောင်းလဲဖို့မဖြစ်နိုင်ဘူးဆိုရင်တော့ အနှစ်သာရဟာ ဖြစ်တည်မှုရဲ့ အလျှင်ရှေးဦးပေါ်ပေါက်ခဲ့တယ်ဆိုတာကို ကျွန်တော်လက်ခံလို့မ ရပါဘူး...။ အနှစ်သာရ (Essence) ဆိုတဲ့စကားလုံး ရဲ့ အဓိပ္ပါယ်အရ...။ အရာတစ်ခုဟာ ဖြစ်တည်ပြီးတဲ့နောက်မှသာ အဲ့ဒီ့ဖြစ် တည်မှုရဲ့ အနှစ်သာရကို Result တစ်ခုအနေနဲ့ ခင်းကျင်းနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်....။
ကျွန်တော့်ရဲ့ဆွေးနွေးချက်ဟာ ကျွန်တော့်အမြင် (သာမန်လူတစ်ယောက်ရဲ့ အမြင်) တစ်ခုသာဖြစ်ပါတယ်...။ ဆက်လက်ဆွေးနွေးရင် ချဲ့ရင်ချဲ့သလောက်၊ လိုက်ရင်လိုက်သလောက် ကျယ်ြ့ပန့်နိုင်တယ် ဆိုတာကို ကျွန်တော်သိပါတယ်..။
အခုလို တန်ဖိုးရှိတဲ့ အရာလေးတွေကို တင်ပြပေးတဲ့အတွက် ကျေးဇူးတင် မိပါတယ်...။