Skip to main content

`ကိုယ်ပိုင်ခြေထောက်ပေါ်ရပ်တည်သော မင်းသမီးငယ်´


ဟိုးရှေးရှေးတုန်းက ပင်လယ်နံဘေးကတိုင်းပြည်တစ်ခုမှာ အရပ်မြင့်မြင့်နဲ့ နေကြာပန်းလေးတစ်ပွင့်လို ထွန်းလင်းတောက်ပတဲ့ မင်းသမီးလေးတစ်ပါးရှိခဲ့ဖူးတယ်။ နန်းတွင်းပရောဟိတ်ကြီးတွေ သင်ကြားသမျှ အရာအားလုံးကိုလည်း သူမဟာ အလွယ်တကူ သင်ယူတတ်မြောက်ခဲ့တယ်။ သူမရဲ့ ရွှေနဲ့ငွေ ပေသီးခုံလေးတွေနဲ့လည်း နန်းတွင်းရတနာတွေကို တွက်ချက်ပြီး စာရင်းပြုစုနိုင်တယ်။ နောက်ဆုံး သူမရဲ့ အလွန်တရာနှစ်လိုဖွယ်ကောင်းမှုကြောင့် နန်းတွင်းစုန်းကြီးနဲ့တောင် သင့်တင့်အောင် ပေါင်းသင်းနိုင်ခဲ့တယ်။ အတိုချုပ်ပြောရရင်တော့ မင်းသမီးလေးဟာ ချစ်ခြင်းမေတ္တာကလွဲလို့ ကျန်တဲ့အရာအားလုံးမှာ ပြောစရာမရှိအောင် ပါရမီပါခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာကတော့ သူမရဲ့အချစ်နဲ့ထိုက်တန်တဲ့ အမျိုးသားတစ်ဦးတစ်လေမှ အဲဒီတိုင်းပြည်အတွင်းမှာ မရှိလို့ပေါ့။

သူမဟာ ဒုံမင်းတီးတယ်။ ပိုးသားပေါ်မှာ အရုပ်လေးတွေရေးထိုးတယ်။ ပြီးတော့ ငှက်ကလေးတွေကို သူမရဲ့လက်ထဲကအစာကိုလာစားဖို့ လေ့ကျင့်ပေးတယ်။ မင်းသမီးလေးဟာ တိရိစ္ဆာန်ကလေးတွေနဲ့ အကျွမ်းတ၀င်ရှိလှပါတယ်။

ဒါပေမဲ့ မင်းသမီးလေးဟာ သာမန်လူတွေနဲ့သွေးချင်းမနီးတဲ့ တော်ဝင်မင်းသမီးလေးတွေ တစ်ခါတစ်ရံခံစားရတဲ့အတိုင်း အထီးကျန်ပြီး ပျင်းရိနေတုန်းပါပဲ။ သူမရဲ့အဖြစ်ကိုသိတဲ့ စုန်းကြီးဟာ တစ်နေ့တော့ သူမဆီရောက်လာပါတယ်။ သူ့ခြေထောက်ဘေးမှာလည်း တောက်တောက်တောက်တောက် လမ်းလျှောက်လိုက်လာတဲ့ ထူးဆန်းလှပတဲ့ အကောင်ငယ်လေးတစ်ကောင် ပါလာတယ်။ အထူးအဆန်းမှန်သမျှ သဘောကျတတ်တဲ့ မင်းသမီးလေးက အကောင်ငယ်လေးကို လက်နဲ့ပွေ့ချီလိုက်တယ်။

`ဒါဘာကောင်လေးလဲ´ လို့ သူမက မေးလိုက်တယ်။ စုန်းကြီးက မဲ့ရွဲ့လိုက်တယ်။
`ဘယ်သိမှာလဲ။ မင်း သဘောကျစရာ အကောင်လေးလို့တော့ ထင်တာပဲ´
စုန်းကြီးက ဆက်ပြောလိုက်တယ်။

`ဒီအကောင်လေးက တခြားဘယ်လိုပုံစံကိုမှမပြောင်းဘူး။ သူ့အတိုင်းတိုင်းပဲ ရှိနေလိမ့်မယ်´ လို့ သူကရှင်းပြတယ်။ `ဒါပေမဲ့ ဘာကောင်လေးလဲ´ လို့ မင်းသမီးလေးက မေးလိုက်ပြန်တယ်။

`သူတို့ကတော့ ခွေးလို့ခေါ်ကြတာပဲ။ အာဖဂန်ဟောင့်ဒ်တဲ့´ လို့ စုန်းကြီးက ပြောလိုက်တယ်။

တိုင်းပြည်အတွင်းကခွေးတွေကို တစ်ခါမှ မမြင်ဖူးခဲ့တော့ မင်းသမီးလေးဟာ တော်တော်လေးကို ပျော်ရွှင်သွားတယ်။ သိုးမွှေးလို ချောမွတ်နေတဲ့ ရွှေအိုရောင်ခွေးကလေးကို ပွတ်သပ်လိုက်တဲ့အချိန်မှာပဲ သူမစိတ်ထဲမှလည်း နူးညံ့တဲ့နှာခေါင်းလေးနဲ့ နန်းဆန်ဆန်အရောင်အသွေးရှိတဲ့ အကောင်ငယ်လေးဟာ သူမနဲ့ ခပ်ဆင်ဆင်တူပါလားလို့ တိတ်တဆိတ် တွေးလိုက်မိပါတယ်။ တကယ်တော့ စုန်းကြီးကိုယ်တိုင်လည်း ဒီတိုင်းပဲ တွေးနေမိတာပဲ။ ဒါပေမဲ့ ရွှေမင်းသမီးလေးတစ်ပါးဟာ ဘယ်လိုစကားမျိုးကို စော်ကားမှုအဖြစ် သတ်မှတ်မယ်ဆိုတာ မသေချာတာနဲ့ပဲ နှုတ်ဆိတ်နေလိုက်တော့တယ်။ ဒီလိုနဲ့ပဲ အဲဒီနေ့ကစလို့ မင်းသမီးလေးနဲ့ခွေးကလေးဟာ ထာဝရအဖော်တွေ ဖြစ်သွားပါတော့တယ်။ သူမ နံနက်ခင်း မြင်းစီးထွက်တဲ့ အချိန်မှာ ခွေးကလေးဟာ သူမနောက် တကောက်ကောက်လိုက်တတ်တယ်။ အိပ်ယာဝင်တဲ့အခါမှာ သူမရဲ့ခြေရင်းမှာ အမြဲတမ်းအိပ်တယ်။ သူမ စကားပြောတဲ့အခါမှာလည်း စိတ်အားထက်သန်စွာ နားထောင်နေတတ်လို့ သူမပြောတာတွေကို နားလည်သလားလို့တောင် မကြခဏ အတွေးဝင်မိပါတယ်။

ဒါပေမဲ့လည်းပေါ့။ ခွေးကလေးဟာတော့ ခွေးကလေးပဲပေါ့။ မင်းသားလေးတစ်ပါးမှ မဟုတ်တာပဲ။ မင်းသမီးလေးဟာ လက်ထပ်ထိမ်းမြားဖို့တော့ တောင့်တနေမိတာပေါ့။ မကြာခဏဆိုသလို မြင့်မားတဲ့နန်းတော်ဆောင်ပြတင်းတံခါးမှာထိုင်ပြီး သူမဟာ လမ်းမထက်ကို ငေးကြည့်နေတတ်တယ်။ ရွှေလှောင်အိမ်စံ အထီးကျန်ခံစားချက်နဲ့ ပြိုးပြိုးပြက်ပြက်ချပ်ဝတ်တန်ဆာတွေဝတ်ထားတဲ့ ချောမောလှပတဲ့ မင်းသားလေးတစ်ပါးကို အိပ်မက်ရင်းနဲ့ပေါ့။

တစ်ခုသောနွေရာသီတစ်နေ့မှာတော့ အိမ်နီးချင်းတိုင်းပြည်က မင်းသားလေးတစ်ပါးဆီက နှစ်ပြည်ထောင် မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးချင်တဲ့အကြောင်း သ၀ဏ်လွှာရောက်လာခဲ့ပါတယ်။ နန်းတွင်းက မောင်းမမိဿံတွေရဲ့ တီးတိုးပြောပြချက်အရ ချောမောခန့်ညားပြီး တော်ဝင်မင်းသားဆန်ကြောင်းကြားပြီးတဲ့နောက် မင်းသမီးလေးရဲ့ နှလုံးသားဟာ ပီတိတွေဖြာနေပါတော့တယ်။ သူမဟာ စေ့စပ်ပွဲအခမ်းအနားကို စိတ်အားထက်သန်စွာ စောင့်မျှော်နေမိပါတယ်။

ညစာစားပွဲခန်းမဆီ မင်းသားလေးဝင်လာပြီး သူ့ရဲ့ ညိုမှောင်မှောင်မျက်ဝန်းတွေနဲ့ ချစ်ရည်ရွှမ်းတဲ့ အကြည့်တစ်ချက် သူမထံသို့ ဟန်ပါပါကြည့်လိုက်စဉ်မှာတော့ မင်းသမီးလေးဟာ ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းနိုင်ဘဲ ထိုင်ခုံပေါ်မှာတင် အသက်ရှူရပ်သွားမိမတတ်ပါပဲ။ မင်းသားလေးနဲ့ ရွှေမင်းသမီးလေး၊ ပြီးတော့ နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် အားလုံးသောလူများ ဂုဏ်ပြုယမကာသောက်သုံးနေလချိန်မှာတော့ မင်းသမီးလေးဟာ ရှက်ရွံ့စွာနဲ့ ထိုင်နေမိပါတယ်။ ခွေးကလေးကတော့ သူ့ရဲ့ကိုယ်ပိုင်နေရာဖြစ်တဲ့ မင်းသမီးလေးရဲ့ခြေတော်ရင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်လို့ပေါ့။

အေးဆေးသက်သာစွာ စကားစမြည်များပြောကြပြီးနောက် ခမ်းနားတဲ့ညစာစားပွဲကြီး ပြီးဆုံးခဲ့ပါတယ်။ ဂီတဖျော်ဖြေရေးအဖွဲ့ဆီမှ တီးမှုတ်လိုက်သံ စတင်ထွက်ပေါ်လတယ်။ သူတို့ရဲ့အချစ်ကို ကြည်နူးပီတိဖြစ်ရင်း မင်းသားလေးနဲ့မင်းသမီးလေးဟာ သီချင်းစာသားတွေမှာ စီးမျောနားထောင်နေတယ်။ တခြားလူတွေမမြင်စေဘဲ မင်းသမီးလေးက သူမရဲ့လက်ကလေးကို စားပွဲရဲ့အောက်ကနေ မင်းသားလေးကို ကိုင်ခွင့်ပြုထားတယ်။ သူတို့ရဲ့ ရွှေရောင်တောက်ပတဲ့အနာဂတ်ကိုစိတ်ကူးကြည့်ရင်း သူတို့နှစ်ဦးဟာ မဖော်ပြနိုင်လောက်အောင် သာယာကြည်နူးနေကြတာပေါ့။ မကြာခင်မှာပဲ ကပွဲစတင်ဖို့အချက်ပေးသံ ထွက်ပေါ်လာပါတယ်။ မင်းသမီးလေးဟာ မင်းသားလေးနဲ့တွဲကရမယ့်အရေးကို ရင်ခုန်စွာတွေးရင်း သူ့ရဲ့ ဖိတ်ဖိတ်တောက်နေတဲံ မျန်ဝန်းတွေကို ရှက်ရွံ့စွာကြည့်နေတယ်။ `ကဲ… မောင်တော်တို့ ကဖို့ အချိန်ရောက်ပြီ´ လို့ မင်းသားလေးက ပြုံးရွှင်စွာပြောလိုက်တယ်။ မင်းသမီးလေးက အသာခေါင်းငြိမ့်ပြလိုက်ပြီး နှစ်ယောက်စလုံး ပြိုင်တူလိုလို မတ်တပ်ရပ်လိုက်ကြတယ်။

ထိုစဉ်မှာပဲ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ မတ်တပ်ရပ်လိုက်စဉ်မှာပဲ မင်းသားလေးရဲ့ပြုံးနေတဲ့မျက်ဝန်းတွေဟာ ရုတ်တရက် ခက်ထန်တဲ့အသွင်ကို ပြောင်းသွားတယ်။ ပြီးတော့ မင်းသမီးလေးကို အေးစက်စက်နဲ့ ကြည့်နေပါတယ်။ မင်းသမီးလေးဟာ အလွန် အံ့အားသင့်သွားမိပါတယ်။ `ဘာဖြစ်လို့လဲမောင်တော်..ဘာမှားနေလို့လဲ´ လို့ စိုးရွံ့စွာမေးလိုက်ပါတယ်။ မင်းသားလေးဟာ စကားတစ်ခွန်းမှမပြောတော့ဘဲ မင်းသမီးလေးကိုစိမ်းစိမ်းကြည့်ပြီး ခန်းမဆောင်အတွင်းက တစ်ဟုန်ထိုးထွက်ခွာသွားပါတော့တယ်။ မင်းသမီးလေးရဲ့ပါးပြင်ပေါ်ကို မျက်ရည်များစီးကျလာပါတယ်။ ဧည့်သည်တော်များအားလုံးရဲ့ အံ့အားသင့်မှု၊ နားမလည်မှုတို့နဲ့ ခန်းမဆောင်အတွင်း ငြိမ်သက်တိတ်ဆိတ်နေပါတော့တယ်။

သူမရဲ့ အိပ်ခန်းဆောင်အတွင်းမှာ မင်းသမီးလေးဟာ တသိမ့်သိမ့်ရှိုက်ငိုနေပါတယ်။ သူမရဲ့အဖော်မွန် ခွေးကလေးကတော့ သူ့ရဲ့မျက်ဝန်းညိုကြီးတွေနဲ့ မင်းသမီးလေးကို စိတ်မကောင်းစွာ ငေးကြည့်နေပါတယ်။ `ဘာဖြစ်လို့လဲကွယ်…၊ သူဘာလို့ အခုလိုဖြစ်သွားရတာလဲ´ လို့ မင်းသမီးလေးက ၀မ်းနည်းကြေကွဲစွာ မေးလိုက်တယ်။ `မင်းသမီးလေးရဲ့ အရပ်ကြောင့်ပါ´

မင်းသမီးလေးဟာ အလွန် အံ့အားသင့်သွားပြီး ကိုယ့်နားကိုယ်မယုံနိုင်လောက်အောင် ဖြစ်သွားမိတယ်။ `ဟင်.. နင်စကားပြောတတ်တယ်…ဟုတ်လား” ဟု မင်းသမီးလေးက အလန့်တကြားမေးလိုက်တယ်။ ခွေးကလေးက ခေါင်းငြိမ့်ပြလိုက်တယ်။ “အရင်တုန်းကတော့ တစ်ခါမှ မပြောဖူးပါလား” လို့ မင်းသမီးလေးက မေးလိုက်တယ်။ “မင်းသမီးလေးက တစ်ခါမှ မေးခွန်းမှမမေးဖူးတာ” လို့ ခွေးကလေးက ပြန်ပြောတယ်။ ဒါနဲ့ မင်းသမီးလေးက ထပ်မေးလိုက်တယ်။ “ငါ့အရပ်နဲ့ ဘာဆိုင်လို့လဲကွယ်…”

“ဆိုင်တာပေါ့ မင်းသမီးလေးရယ်…။ တော်ဝင်မင်းသားတွေဟာ မာနကြီးကြတယ်။ သူတို့ရဲ့ ယောက်ျားဆန်တဲ့ အသွင်အပြင်ကို ဂုဏ်ယူကြတယ်။ သူတို့ထက်သာတာကို မခံချင်ကြဘူး။ မင်းသမီးလေးရဲ့အရပ်က သူ့ထက်ပိုမြင့်နေတော့ ဒါကို သူ မခံချင်ဖြစ်သွားတာပါ” လို့ ခွေးကလေးက ရှင်းပြတယ်။ မင်းသမီးလေးဟာ အခုမှ သဘောပေါက်လိုက်မိတယ်။ “ငါ့အရပ်နဲ့ပတ်သက်လို့ ငါဘာများတတ်နိုင်မှာလဲကွယ်” လို့ ၀မ်းနည်းပက်လက် ရေရွတ်လိုက်ပြီး ခွေးကလေးကိုဖက်ပြီး ငိုနေပါတော့တယ်။

နောက်တစ်နေ့နံနက်ခင်းမှာ မင်းသမီးလေးမြင်းစီးထွက်တဲ့အခါမှာတော့ မင်းသားလေးပါ အတူပါလာပါတယ်။ ခွေးကလေးကတော့ ထုံးစံအတိုင်း မင်းသမီးလေးနောက်က တစ်ကောက်ကောက် လိုက်လို့ပေါ့။ မင်းသမီးလေးက ချစ်ခင်ရင်းနှီးစွာ စကားပြောနေပေမယ့် မင်းသားလေးကတော့ ခပ်တန်းတန်းပါပဲ။ စကားသိပ်မပြောဘဲ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ လိုက်ပါလာတယ်။ တောစပ်တစ်နေရာ အရောက်မှာတော့ မင်းသားလေးက မြင်းပေါ်က ခုန်ဆင်းလိုက်တယ်။ မင်းသမီးလေးဆင်းလိုက်စဉ်မှာတော့ မထင်မှတ်ဘဲ ခြေခေါက်ပြီး လဲကျသွားပါတယ်။ မင်းသားလေးဟာ အပြေးအလွှားဆွဲထူပေမယ့် မင်းသမီးလေးဟာ ခြေထောက်မထောက်နိုင် တော့ပါဘူး။ ဒါနဲ့ မင်းသားလေးဟာ မင်းသမီးလေးကိုပွေ့ချီပြီး နန်းတော်ဆီ ပြန်လာခဲ့ရတယ်။

မင်းသမီးလေးရဲ့ အိပ်ခန်းဆောင်အတွင်းမှာတော့ ဘုရင်ကြီး၊ မိဖုရားကြီးနဲ့ မင်းသားလေးတို့ဟာ သူမကို စိုးရိမ်ပူပန်စွာ ကြည့်နေပါတယ်။ နန်းတွင်းသမားတော်ကြီးက ဒဏ်ရာကိုကြည့်ရှုစစ်ဆေးပြီး ဆေးစည်းပေးလိုက်တယ်။ “နောက်တစ်ရက်နှစ်ရက်လောက်ကြာရင် ဒဏ်ရာ အရှင်းပြန်ကောင်းသွားမှာပါ အရှင်မင်းကြီး။ ဒဏ်ရာက မပြင်းထန်ပါဘူး”လို့ သူက လျှောက်တင်လိုက်တယ်။ ဒီတော့မှ ဘုရင်ကြီးနဲ့ မိဖုရားကြီးဟာ စိတ်အေးသွားပြီး မင်းသမီးလေးကိုနှုတ်ဆက်ကာ ထွက်ခွာသွားတော့တယ်။

အိပ်ခန်းဆောင်တွင်း နှစ်ယောက်ထဲကျန်တော့တဲ့အချိန်မှာတော့ မင်းသားလေးဟာ မင်းသမီးလေးရဲ့လက်ကလေးကို ယုယစွာဆုပ်ကိုင်လိုက်တယ်။ “မောင်တော်စိုးရိမ်လိုက်တာ နှမတော်”လို့ ကြင်နာစွာပြောလိုက်တယ်။ မင်းသမီးလေးသမီးလေးက ကျေနပ်စွာပြုံးပြီး ကြည့်နေတယ်။ မင်းသားလေးထွက်ခွာသွားချိန်မှာတော့ ခွေးကလေးဟာ မင်းသမီးလေးရဲ့ခြေတော်ရင်းကိုခုန်တက်လိုက်ပြီး နှစ်ဦးစလုံး ငြိမ်းချမ်းစွာအိပ်ပျော်သွားပါတော့တယ်။

အဲဒီနေ့ကစလို့ မင်းသားလေးဟာ မင်းသမီးလေးရဲ့အိပ်ခန်းဆောင်ကို နေ့တိုင်းလာပြီး ကြင်နာစွာ အားပေးစကားပြောပါတယ်။ မင်းသမီးလေးရဲ့ လက်ဖ၀ါးနုနုလေးကိုဆုပ်ကိုင်ရင်း ချစ်စကားတွေဆိုလေ့ရှိတယ်။ မင်းသမီးလေးဟာလည်း အတိုင်းမသိ ကျေနပ်ပျော်ရွှင်နေတာပေါ့။ ဒီလိုအချိန်မျိုးတွေမှာ ခွေးကလေးကတော့ အိပ်ခန်းဆောင်ထောင့် တစ်နေရာကနေ သူတို့နှစ်ဦးကို ငေးကြည့်နေလေ့ရှိတယ်။ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်ကုန်လာခဲ့ပေမယ့် မင်းသမီးလေးရဲ့ခြေထောက်ဟာ ပြန်မကောင်းလာခဲ့ပါဘူး။ နန်းတွင်းသမားတော်ကြီး ဘယ်လိုပင်ကြိုးစားပေမယ့် မင်းသမီးလေးရဲ့ခြေထောက်ပြန်ရပ်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ မင်းသမီးလေးကတော့ ဒီအတွက် ဘာမှခံစားမိပုံမရဘဲ အိပ်ယာထက်မှာလဲလျောင်းပြီး မင်းသားလေးပြောသမျှ ချစ်စကားတွေကို သာယာကြည်နူးနေလျက်ပါပဲ။ ဘုရင်ကြီးနဲ့မိဖုရားကြီးတို့ဟာ သမီးတော်လေးရဲ့ခြေထောက်အတွက် စိုးရိမ်သောကရောက်နေရပေမယ့် သူတို့နှစ်ဦးကတော့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ မင်းသားလေးကလည်း ခြေထောက်ကိစ္စကို အမှုထားမိပုံ မပေါ်ပါဘူး။ ခွေးကလေးကလည်း အိပ်ခန်းဆောင်ထောင့်တစ်နေရာကနေ သူ့ရဲ့ နားလည်တဲ့မျက်ဝန်းညိုကြီးတွေနဲ့ ငေးကြည့်နေလျှက်ပဲပေါ့။

ဒီလိုနဲ့ ရက်မှလသို့ကူးပြောင်းလာတဲ့အခါမှာတော့ မင်းသားလေးဟာ အရင်လို ရွှင်ရွှင်ပြပြမရှိတော့ပါဘူး။ မင်းသမီးလေးက စိုးရိမ်စွာနဲ့ မေးလိုက်တယ်။ “မောင်တော် ဘာအလိုမကျတာ ရှိလို့လဲဟင်” “ဘာမှမဟုတ်ပါဘူး နှမတော်၊ မောင်တော် စကားပြောရတာကို ညည်းငွေ့လာလို့ပါ” မင်းသမီးလေးဟာ ၀မ်းနည်းစွာနဲ့ မင်းသားလေးကို ကြည့်နေတယ်။ မကြာခင် မင်းသားလေးဟာ ထွက်ခွာသွားပါတော့တယ်။ မင်းသားလေးထွက်ခွာသွားပြီးတဲ့နောက် ခွေးကလေးဟာ မင်းသမီးလေးရဲ့အိပ်ယာထက်ကို ခုန်တက်လာ ပါတယ်။ မင်းသမီးလေးဟာ ၀မ်းနည်းကြေကွဲစွာနဲ့ ငိုရှိုက်လိုက်ပြီး ခွေးကလေးကို သိုင်းဖက်ထားလိုက်တယ်။ “ဘာဖြစ်လို့လဲကွယ်…၊ ငါ ဘာအမှားလုပ်ခဲ့မိလို့လဲ..” လို့ မင်းသမီးလေးက မေးလိုက်တယ်။ “ချစ်တယ်ခင်တယ်ဆိုတဲ့စကားတွေဟာ အချိန်တန်ရင် ပြောစရာကုန်သွားစမြဲပဲလေ…..” လို့ ခွေးကလေးက ဖြေလိုက်တယ်။ အဲဒီနောက်မှာတော့ မင်းသမီးလေးရဲ့ခြေတော်ရင်းမှာ ခွေခွေလေးအိပ်ပျော်သွားပါတော့တယ်။

နောက်တစ်နေ့မှာတော့ မင်းသားလေးဟာ မင်းသမီးလေးဆီ ရောက်လာပါတယ်။ မင်းသမီးလေးက လှပစွာပြုံးပြီး ကြည့်နေတယ်။ စကားတော့ တစ်ခွန်းမှမပြောပါဘူး။ မင်းသားလေးဟာ ကျေနပ်နေသလို မင်းသမီးလေးကလည်း ပျော်ရွှင်နေတာပါပဲ။ ဒီလိုနဲ့ နှစ်ဦးသားပျော်ရွှင်နေရင်း ရက်တွေကုန်လာပြန်တယ်။ တစ်နေ့မှာတော့ မင်းသမီးလေး အိပ်ယာဝင်ခါနီးမှာ မင်းသားလေးရောက်လာပါတယ်။ “မောင်တော် နှမတော်နဲ့ လက်ထပ်ချင်တယ်” လို့ နူးညံ့ညင်သာစွာပြောလိုက်တယ်။ မင်းသမီးလေးဟာ အတိုင်းမသိ ပျော်ရွှင်ကြည်နူးသွားမိပါတယ်။ သူမရဲ့ချစ်စဖွယ်မျက်လုံးလေးတွေနဲ့ လှပစွာပြုံးလိုက်ပြီး မင်းသားလေးကို ခေါင်းငြိမ့်ပြလိုက်တယ်။ ထိုစဉ်မှာပဲ မင်းသားလေးဟာ မင်းသမီးလေးရဲ့ ကုတင်ခြေရင်းက ခွေးကလေးကိုမြင်သွားပြီး အကြီးအကျယ် မျက်နှာပျက်သွားတယ်။ “ဒီသတ္တ၀ါကို မောင်းထုတ်ပစ်လိုက်လို့ မရဘူးလား နှမတော်” လို့ ခပ်ထန်ထန်ပြောလိုက်တယ်။ မင်းသမီးလေးဟာ အံ့အားသင့်ပြီး ၀မ်းနည်းသွားတာပေါ့။ ခွေးကလေးဟာ သူမရဲ့ဘ၀တစ်လျှောက်လုံး အဖော်မွန်ပဲ မဟုတ်လား။ အနားမှာရှတဲ့ စာရွက်တစ်ရွက်ကိုလှမ်းယူလိုက်ပြီး “ဒီခွေးကလေးဟာ နှမတော်ရဲ့ဘ၀တစ်လျှောက်လုံး အဖော်မွန်ပါပဲ” လို့ မင်းသမီးလေးက တောင်းပန်တိုးလျှိုးပြီး ရှေးပြရှာတယ်။ ဒါပေမဲ့ မင်းသားလေးက လက်မခံပါဘူး။ “ခွေးဆိုတဲ့ ယုတ်ညံ့တဲ့သတ္တ္လ၀ါတွေကို မောင်တော် အရမ်းမုန်းတယ်။ ဒီသတ္တ၀ါဟာ နှမတော်ရဲ့ အိပ်ခန်းဆောင်နဲ့ ဘယ်လိုမှ မအပ်စပ်ဘူး။ မောင်တော့်ကို အမှန်တကယ်ချစ်တယ်ဆိုရင် ဒီသတ္တ၀ါကို နှမတော်စွန့်ပစ်ရလိမ့်မယ်။ မနက်ဖြန်ကျရင် မောင်တော် သူ့ကို မမြင်ပါရစေနဲ့” လို့ ပြတ်သားစွာပြောလိုက်ပြီး ပြန်လည်ထွက်ခွာ သွားပါတော့တယ်။

မင်းသားလေးထွက်ခွာသွားချိန်မှာတော့ မင်းသမီးလေးဟာ ခွေးကလေးကို ရင်ခွင်ထဲထားပြီး ရှိုက်ကြီးတငင် ငိုကြွေးနေမိပါတယ်။ အချစ်အတွက်နဲ့ သူမရဲ့အကောင်းဆုံး အဖော်မွန်ကို စွန့်ပစ်ရတော့မယ့်အတွက် မခံမရပ်နိုင် ခံစားနေရတာပေါ့။

နောက်နေ့တွေမှာတော့ မင်းသားလေးရောက်လာရင် ခွေးကလေးဟာ ကုတင်အောက်မှာ ပုန်းနေရတယ်။ မင်းသားလေးပြန်သွားချိန်မှာ ခွေးကလေးဟာ ကုတင်အောက်ကထွက်လာတယ်။ မင်းသမီးလေးဟာ ခွေးကလေးကို ၀မ်းနည်းစွာ ပွေ့ဖက်ထားမိတယ်။ ခွေးကလေးကတော့ သူ့ရဲ့နားလည်တဲ့မျက်ဝန်းညိုကြီးတွေနဲ့ ကြည့်နေဆဲပဲပေါ့။ ဒီလိုနဲ့ မင်္ဂလာပွဲကြီးဟာ တဖြည်းဖြည်းနီးကပ်လာပါတယ်။ မင်းသမီးလေးဟာ ခွေးကလေးနဲ့ခွဲရမှာကိုတွေးပြီး အရမ်းကို ၀မ်းနည်းနေရှာတယ်။ “ငါဘယ်လို မင်းကိုစွန့်ပစ်ရက်မှာလဲကွယ်” လို့ပြောပြီး ရှိုက်ကြီးတငင် ငိုကြွေးနေပြန်တယ်။ ခွေးကလေးကတော့ သူမကို သနားစဖွယ်ကြည့်နေတယ်။ “နောက်တစ်နေ့ကျရင် မင်္ဂလာပွဲရှိတယ်။ အိပ်ပါတော့ မင်းသမီးလေးရယ်….” လို့ သူက စိတ်မကောင်းစွာ နှစ်သိမ့်လိုက်တယ်။ မကြာခင်မှာပဲ မင်းသမီးလေးဟာ မောပန်းစွာ အိပ်ပျော်သွားတယ်။

နံနက်လင်းတဲ့အခါမှာ မင်းသမီးလေးဟာ နိုးနိုးချင်း သူမရဲ့ခြေထောက်ကြားထဲမှာ လစ်ဟာနေတာကို သတိထားမိလိုက်တယ်။ သူမဟာ အထိတ်တလန့်နဲ့ ခြေရင်းကို ကြည့်လိုက်တယ်။ နှစ်ပေါင်းများစွာ သူမရဲ့ခြေထောက်ကြားထဲမှာ ခွေခွေလေးအိပ်နေတတ်တဲ့ ခွေးကလေးကို မတွေ့ရပါဘူး။ မင်းသမီးလေးဟာ တစ်ခန်းလုံး လှည့်ပတ်ရှာဖွေကြည့်ပေမယ့် ခွေးကလေးကို မတွေ့ရပါဘူး။ နောက်ဆုံးမှာ သူမဟာ ကုတင်အောက်ကို ငုံ့ကြည့်လိုက်တဲ့ အခါမှာတော့ ခွေးကလေးကို တွေ့လိုက်ရပါတယ်။ အပြစ်ကင်းစင်စွာ အိပ်ပျော်နေဟန်ရှိပေမဲ့ သူမပွေ့ချီလိုက်တဲ့အခါမှာတော့ ခွေးကလေးဟာ အသက်ဝိညဉ်ကင်းမဲ့နေပြီ ဖြစ်ကြောင်း ၀မ်းနည်းဖွယ်တွေ့လိုက်ရပါတော့တယ်။ မင်းသမီးလေး အပြင်းအထန်ငိုကြွေးနေစဉ်မှာပဲ အပြင်ဘက်က မင်္ဂလာပွဲစတင်ဖို့ သတိပေးသံ ထွက်ပေါ်လာတယ်။

ပရိသတ်အပေါင်းရဲ့အလယ်မှာ မင်းသားလေးဟာ ထည်ဝါခန့်ညားစွာ ရပ်နေပါတယ်။ မင်္ဂလာပွဲကြီးစတင်ဖို့ အချိန်နီးကပ်လာပြီဖြစ်လို့ မင်းသားလေးဟာ မင်းသမီးလေးလာမယ့်လမ်းကို ရင်ခုန်စွာ စောင့်မျှော်ကြည့်နေတာပေါ့။ မကြာခင်မှာပဲ မင်းသမီးလေးဟာ နန်းဆန်ဆန်ခြေလှမ်းတွေနဲ့ ဖြည်းညင်းစွာလျှောက်လှမ်းလာပါတယ်။ ဘုရင်ကြီး၊ မိဖုရားကြီးနဲ့ တိုင်းသူပြည်သားအပေါင်းဟာ မင်းသမီးလေး လမ်းပြန်လျှောက်လာနိုင်တာမြင်ရတော့ အလွန်အံ့သြ၀မ်းမြောက်စွာနဲ့ လက်ခုတ်သြဘာပေးလိုက်တယ်။ မင်းသားလေးက မင်းသမီးလေးကို ပြုံးရွှင်ကြည်နူးစွာကြည့်ရင်း လက်ကမ်းလိုက်တယ်။ ခုတစ်ကြိမ်မှာတော့ မင်းသမီးလေးရဲ့ မျက်နှာမှာ အပြုံးမရှိသလို မင်းသားလေးကမ်းပေးတဲ့လက်ကိုလည်း ဂရုမပြုပါဘူး။ “ဒီမင်္ဂလာပွဲကို သမီးတော်ဖျက်သိမ်းပါတယ် ခမည်းတော်” လို့ ဘုရင်ကြီးကို မင်းသမီးလေးက တည်ငြိမ်စွာ လျှောက်တင်လိုက်တယ်။

မင်းသမီးလေး လမ်းပြန်လျှောက်၊ စာကားပြန်ပြောလာနိုင်တာတွေကို အံ့အားသင့်တာရော၊ လက်ထက်ပွဲကို ဖျက်သိမ်းလိုက်တာတွေရောကြောင့် ဘုရင်ကြီးနဲ့ မိဖုရားကြီးအပါအ၀င် နန်းတွင်းသူနန်းတွင်းသားအားလုံးဟာ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေကြတယ်။ မင်းသားလေးဟာလည်း အံ့အားသင့်ခြင်း၊ မယုံကြည်နိုင်ခြင်းတို့နဲ့ စကားမပြောနိုင်လောက်အောင်ဖြစ်နေပြီး ခေါင်းငိုက်စိုက်ချထားတယ်။ မင်းသမီးလေးဟာ ဘာမှဆက်မပြောတော့ဘဲ သူမရဲ့ဝတ်ရုံထဲကနေ အသက်ကင်းမဲ့နေတဲ့ ခွေးကလေးကို ထုတ်ယူပွေ့ချီပြီး တောစပ်ရှိရာဘက်ကို ထွက်ခွာသွားပါတော့တယ်။ နန်းတွင်းမှူးမတ်တွေကြားမှာတော့ စုန်းကြီးဟာ မြင်ကွင်းကို ပြုံးပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ ကြည့်နေတာကို ဘယ်သူမှ သတိမထားမိခဲ့ပါဘူး။

ခွေးကလေးရဲကမြေပုံနံဘေးမှာ မင်းသမီးလေးဟာ ဒူးထောက်ထိုင်နေပါတယ်။ သူမဟာ ငိုကြွေးမနေ တော့ပါဘူး။ “ ငါဟာ ခပ်ကြောင်ကြောင် မင်းသားတစ်ပါးအတွက်နဲ့ ငါ့ရဲ့အကောင်းဆုံးအဖော်မွန်ကို သေစေခဲ့ပြီ။ ဆုံးရှုံးခဲ့ရပြီ။ ငါသာ အချစ်အတွက်နဲ့ မရူးမိုက်ခဲ့ဘူးဆိုရင်………….”

§ § § § § § §

သာယာတဲ့နံနက်ခင်းတစ်ခုမှာ မင်းသမီးလေးဟာ မြင်းစီးထွက်ခဲ့ပါတယ်။ မကြာခင်မှာပဲ သူမဟာ တောစပ်နားကိုရောက်လာတယ်။ ရုတ်တရက် သူမရဲ့ရှေ့မှာ မြင်းတစ်စီးရဲကျောပေါ်က မင်းသားလေးတစ်ပါးကို ဘွားခနဲတွေ့လိုက်ရတယ်။ ချပ်ဝတ်တန်ဆာတွေက ပြိုးပြိုးပြက်ပြက်နဲ့ အညိုရောင်မျက်ဝန်းတွေနဲ့ သူမကို ကြင်နာစွာကြည့်နေလေရဲ့….။ ချက်ချင်းဆိုသလို သူမ မှတ်မိလိုက်တယ်။ ဒါဟာ သူမနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးဖူးခဲ့တဲ့ မျက်ဝန်းညိုညိုတွေပဲလေ………။

မင်းသားလေးဆီက ညင်သာသောစကားသံထွက်ပေါ်လာတယ်။

“တစ်ချို့သောလူတွေဟာ အချစ်အတွက်နဲ့ မိမိရဲ့ခြေထောက်တွေကို စွန့်လွှတ်ရဲတယ်၊ အသံသြဇာကို စွန့်လွှတ်ရဲတယ်၊ ချစ်ခင်နှစ်သက်သူတွေကိုတောင် စွန့်လွှတ်ရဲတယ်။ တစ်ချို့ကျတော့ အချစ်မှာ တောင်းဆိုမှုတွေ များတတ်တယ်။ အင်း….. တစ်ချို့ကျတော့လည်း အချစ်အတွက်နဲ့ ကိုယ့်ရဲ့အသက်ကိုတောင် စွန့်လွှတ်ရဲတယ်။ ဟုတ်တယ်…….၊ တစ်ခါတစ်ရံ သေဆုံးဖို့ဆိုတာ လိုအပ်တယ်…။ သေဆုံးမှလည်း အသစ်ကပြန်စနိုင်မှာ မဟုတ်လား ……..”

မင်းသမီးလေးဟာ မြင်းပေါ်ကဆင်းပြီး မြေကြီးပေါ်မှာ ခြေကို မတ်မတ်ရပ်လိုက်တယ်။ မင်းသားလေးကလည်း မြင်းပေါ်ကဆင်းလိုက်တယ်။ သူ့ရဲ့ မျက်ဝန်းညိုတွေနဲ့ မင်းသမီးလေးကို ချစ်ခင်မြတ်နိုးစွာကြည့်နေတယ်။ မင်းသမီးလေးက အနားကိုလျှောက်သွားပြီး သူမရဲ့လက်ကလေးကို ကမ်းပေးလိုက်တယ်။ ပြီးတော့ သူတို့နှစ်ဦး နန်းတော်ကြီးဆီသို့ တရွေ့ရွေ့ လက်တွဲထွက်ခွာသွားခဲ့ကြတော့တယ်….။        

◄ တေဇာ ► ၂၃ ဧပြီလ ၂၀၀၉

dedicated 2 someone!
Jeanne Desy __ The Princess who stood on her own two feet. ကို မှီးပါသည်။

Comments

  1. အရမ်းကောင်းတယ်ဗျာ ..။ ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပဲဗျာ။

    ReplyDelete
  2. ပုံလေး အရမ်းကြိုက်တယ်။ ပုံပြောလည်း ကောင်းလိုက်တာ။
    ဖတ်ရတာ စိတ်ချမ်းသာလွန်းလို့ နောက်တစ်ကြိမ် someone ကို dedicate လုပ်ပါဦး။

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”