တောင်ထိပ်တွင် ဘောလုံးကလေးတစ်လုံးကို ချထားပါ။ ပြီးရင် အဲဒီဘောလုံးကလေးကို တောင်ကြားဆီသို့ လိမ့်ချလိုက်ပါ။ သူဘယ်နား ကျလိမ့်မလဲမပြောနိုင်ဘူး မဟုတ်လားဗျာ။ ဒါဟာ မသေချာမှု၊ (တစ်နည်း ဧကန်မဲ့မှု) (Uncertainty) ပေါ့။ ဒီဘောလုံးလေးဟာ သူလိမ့်ဆင်းလာရာ လမ်းတစ်လျှောက် ခလုတ်ကန်သင်းတွေနဲ့ တွေ့ရမှာပေါ့။ ကျောက်ခဲသေးသေးလေးတစ်တုံးနဲ့ တိုက်မိခဲ့သည်ဖြစ်စေ သူ့ရဲ့လားရာဟာ အများကြီးပြောင်းလဲသွားနိုင်တယ်မဟုတ်လား။ သူကျရောက်မယ့် တောင်ကြားလေးထဲကနေရာဟာ ကျောက်ခဲသေးသေးလေးတစ်တုံးကြောင်း အများကြီးလွဲချော်သွားစရာ ရှိတယ်မဟုတ်လား။ ဒါဟာ လိပ်ပြာတောင်ပံခတ် အကျိုးဆက် (Butterfly Effect) ကို အရိုးရှင်းဆုံးရှင်းပြတဲ့ ဥပမာပါ။ အမေဇုန်တောထဲက လိပ်ပြာကလေးတစ်ကောင် အတောင်ပံခတ်တာ မုန်တိုင်းကြီးတွေဖြစ်ပေါ်စေတယ်ဆိုတာ နည်းနည်းယုတ္တိမတန်သလို ထင်ရပေမဲ့ ဘောလုံးဥပမာကတော့ ယုတ္တိတန်ပြီး ထင်သာမြင်သာရှိပါတယ်။
သိပ္ပံဝတ္ထုတွေထဲကလို အတိတ်ကိုသာ ပြန်ပြီးခရီးသွားနိုင်တယ်ဆိုပါစို့။ သူဟာ မူလရှိပြီးသား သူနေခဲ့တဲ့ ပစ္စုပ္ပန်ဆီပြန်ရောက်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အတိတ်ကိုသွားပြီး ပြောင်းလဲမှုတစ်စုံတစ်ရာ(သေးသေးလေးပဲဖြစ်ဖြစ်) လုပ်ခဲ့မိပြီဖြစ်လို့ပါပဲ။ ထို့အတူ အနာဂတ်ဟာလည်း ခုပစ္စုပ္ပန်မှာ လုပ်ခဲ့တဲ့ အပြောင်းအလဲသေးသေး လေးတွေကြောင့် ကြီးမားစွာ ပြောင်းလဲသွားနိုင်တာပါပဲ။
ကဲဟုတ်ပါပြီ ဒါ လိပ်ပြာတောင်ပံခတ် အကျိုးဆက် (Butterfly Effect) ရဲ့ အကြမ်းဖျင်း ဥပမာလေးတွေပါ။ သိပ်နက်နက်နဲနဲလည်း ကျွန်တော် ရှင်းမပြတတ်ပါဘူး။
ကဲ ဒါကြီးကို ကျွန်တော်တို့က ဘာလုပ်ရမှာလဲ။ ဘယ်လိုအသုံးချရမှာလဲ။ ထိုင်ကြည့်နေရုံပဲလား၊ ကိုင်တွယ်အသုံးချလို့မရဘူးလား...လျှောက်စဉ်းစားကြည့်မိပါတယ်။ ဒီလိုဗျာ ဒီစဥ့်ကလားသီအိုရီအရ ဖြစ်လာနိုင်တဲ့ ကျွန်တော်တို့ရဲ့ ဖြစ်လာနိုင်ဖွယ်ရာရှိတဲ့အနာဂတ်ကို အပြောင်းအလဲ သေးသေးမွှားမွှားကလေးများမှတစ်ဆင့် အကြီးအကျယ်ပြောင်းလဲ ပစ်လိုက်နိုင်တယ်လို့ အဖြေထွက်နေတယ်။ နေ့စဉ်ဘ၀ရဲ့ အပြောင်းအလဲ ပိစိကွေးလေးကြောင့် ကျွန်တော်တို့တစ်တွေ သူဌေးလည်းဖြစ်သွားနိုင်တယ်၊ ခွေးလည်းဖြစ်သွားနိုင်တယ် ဆိုရမှာပေါ့။ ဒါဆို ဘယ်လိုအပြောင်းအလဲမျိုးက ဘယ်ဆီကို ဦးတည်စေသလဲဆိုတာ စဉ်းစားရတော့မယ်။ စဉ်းစားတဲ့နေရာမှာ ဆင်ခြင်တုံတရား (Wisdom) သာမက ညဏ်ပညာ(Knowledge)ပါ လိုလာပါပြီ။ ဒါလေးတွေကို ကျွန်တော်တို့ မဖြစ်မနေဖြည့်ဆည်းရမှာပါ။
ကျွန်တော့်အနေနဲ့ကတော့ အနာဂတ်ဟာ အရှင်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်အတွက် သတ်မှတ်ပြဌာန်းပြီး အနာဂတ်တစ်ခုရှိတယ်လို့ လက်မခံနိုင်ပါဘူး။ အချိန်မရသေးပါဘူး။ နောက်မှ ဆက်ဆွေးနွေးပါ့မယ်။
တေဇာ။

Comments
Post a Comment