Skip to main content

ရေတွင်းကုန်းက ငတုံးတွေအကြောင်း (မြင့်သန်း)

“ယုတ္တိမတန် ကြောင်းမမှန်ရင် သံသရာတောင် ပဲပင်မြစ်လောက် ရှည်မယ့်ပုံမပေါက်ဘူး” လို့ ဆိုရတော့မယ်။ ဒီရေတွင်းကုန်းဆီက ငတုံးတွေ ပြောသမျှ ဘာမှ စိစိပေါက်ပေါက် မရှိဘူး။

ပြောလိုက်ရမယ် ဆိုရင်တော့ ပက်ပက်စက်စက်ကလေး ပြောလိုက်ချင်တာပဲ။ ကိုရင်သောင်းစိန် ပြောသလို မအေတွေ နှမတွေထည့်ပြီး ပျစ်ပျစ်နှစ်နှစ်ကလေး ပြောထည့်လိုက်ချင်တာ။ ခက်နေတာက သင်းတို့နဲ့ သွားပြီးပတ်သတ်နေတာက ရှိနေသေးတယ်။ ပြောထည့်လိုက်ပြန်ရင်လည်း ပက်လက်လှန်တံထွေး ထွေးသလို နေမှာမဟုတ်လား။ တောက်…။ ဘယ် သေနာကောင်ကများ စမ်းသပ်တဲ့အနေနဲ့ ပက်လက်လှန်ပြီး တံထွေးထွေးဖူးသလဲတော့ မသိဘူး။ အမှန်တော့ စကားအူပေါက် လျှောက်ပြောကြရာက ဒီစကားထွက်လာတာပဲ ဖြစ်မယ်။ လူမှန်ရင် အဲဒီလောက်ထိတော့ တုံးမယ် မထင်ဘူး။ ကျုပ်ပြောချင်တာ ပြန်ဆက်ရရင်တော့ ကျုပ်နှမ စမ်းညွန့်နဲ့ သင်းတို့ထဲက တစ်ကောင်နဲ့ ညားသွားလို့ ကျုပ်လည်း သိပ်မပြောသာဘူး ဖြစ်နေတာပါ။ သို့ပေသိ ပြောတော့ ပြောရဦးမှာ.။

အဲဒီဆီက အကောင်တစ်ကောင်နဲ့ စမ်းညွန့်နဲ့ ညားသွားရတာကလည်း အစ်ကိုတို့အစ်မတို့ အသုံးမကျရတာတွေ ပါတယ်။ ကျုပ်အတန်တန် သတိပေးရက်ကနဲ့ ဖြစ်တာ။ ကျုပ်ပြောရင် ဘယ်သူကမှ ဟုတ်တယ် မထင်ဘူး။ အစ်ကိုကြီး အဖအရာတဲ့လား။ ကျုပ်က သားအကြီးဆုံး။ အစ်ကိုကြီး။ ကျုပ်နှမတွေက ကျုပ်ကိုများဆို  ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် သဘောမထားကြဘူး။ အစောကြီးကတည်းက ကျုပ်ပြောဖူးတယ်။ မိန်းကလေးပဲ။ သေစာရှင်စာကလေး တတ်ရင်တော်ရောပေါ့လို့။  ထမင်းဟင်းချက်တတ် ပြီးကရောပေါ့။ အစ်ကိုကပြောတယ်။ စမ်းညွန့်က ထွန်းထွန်းပေါက်ပေါက်ရှိတယ်။ တို့ဖက်က အထက်တန်းကျောင်းရောက်တဲ့သူလည်း ရှားသမို့လားတဲ့. ကောလိပ်ကျောင်း တက်ရစေတော့ရယ်လို့  အထက်တန်းကျောင်းမှာ ဆက်ထားရာက ဟိုအကောင်နဲ့ တွေ့တာပဲ။ ဟိုကလာတောင်းတော့ ရှောရှောရှူရှူကို ပေးစားလိုက်ကြတာ။ ဒီအကြောင်းတွေ ပြောတိုင်း အစ်မကတော့ ဟဲ့၊ နင်မှ ခုနစ်တန်း မအောင်ဘဲ။ နင်အောင်ရင်လည်း တို့က ကျောင်းဆက်ထားမှာပဲ။ နင်ကမှ ကျောင်းဆက်နေချင်တဲ့ အကောင်မှ မဟုတ်ဘဲတဲ့။ ခပ်သာသာနဲ့ နှိပ်တယ်။ ကြည့်၊ ခုတော့ ဘာအတန်းကြီးရောက်ရောက် စမ်းညွန့်တစ်ယောက် သူများ အိမ်မှာ သူများ မယား၊ သူ့ယောက်ျားကို ချက်ပြုတ်ကျွေးရတာပဲ။  ချက်တတ်ပြုတ်တတ်ရင် ပြီးပါသော်ကောလို့ ကျုပ်ပြောတုန်းကတော့ ဘယ်သူကမှ ဟုတ်တယ် မထင်ကြဘူး။

ကျုပ် ခုနစ်တုန်းမအောင်တာ ကတော့လည်း ဘယ်တတ်နိုင်မှာတုန်း။ ဒါကိုချည်း ရမယ်ရှာ ပြောနေလို့ ဘယ်သဘာဝကျမှာတုန်း။ ကျုပ် ရှင်းရှင်းပြောမယ်။  ကျုပ်ခုနစ်တန်းမအောင်တာ ကျုပ်အသုံးမကျလို့ချည်း မဟုတ်ဘူး။  ခုနစ်တန်းကို အစိုးရစစ်လုပ်ပစ်တဲ့ သူတွေမှာလည်း တာဝန်ရှိတယ်။ ကျုပ်ဖြေနိုင်အောင် မမေးတဲ့လူတွေမှာလည်း တာဝန်ရှိတယ်။ ဘယ့်နှယ်ဗျာ၊ မေးခွန်းကို ခက်ခက်ခဲခဲ ဖြစ်အောင် ထုတ်ရတယ်လို့…၊ ဖြေသာအောင် မေးရတယ်။ ဖြေတယ်ဆိုတဲ့သူက သိပ်တတ်ရတယ်။ မေးတဲ့သူက တောမေးတောင်မေး မေးတော့ ဖြေတဲ့လူက သိပ်တတ်ပါမှ။ အမေး နွားကျောင်း၊ အဖြေ ဘုရားလောင်း ရယ်လို့ ရှိတယ်မဟုတ်လား။ ကျုပ်လို ဘာကောင်မှ မဟုတ်တာက နွားကျောင်းသားလို ကောင်မျိုးတွေ မေးတာကို ဘယ်ဖြေနိုင်မှာတုန်း။ အလယ်တန်း ရောက်ကတည်းကိုက ကျုပ်အဖို့တော့ ဘာမှ အမြီးအမောက် မတည့်တော့ဘူး။ နေရာမကျနတဲ့ အကြောင်းတွေထဲ ကျုပ် တစ်ခုနှစ်ခု ပြောပြမယ်။ မှတ်ရသားရအောင်လို့။ ခုနစ်တန်းတက်တော့ သိပ္ပံဆိုတာ သင်ရတယ်။ အဲဒီထဲမှာ ကျုပ်တို့ ရှူတာ အောက်ဆီဂျင်တဲ့။ လေ၊ လေပေါ့ဗျာ။ သေသွားတဲ့ ဘထွေးကြီး ဦးအုန်းပန်း ရှူသွားတာလည်း ဒီလေပဲ။ အစ်ကိုတို့ အစ်မတို့ ရှူတာလည်း ဒီလေပဲ။ ကျုပ်ရှူတာလည်း ဒီလေပဲ။ ဘာ…ဆီဂျင်မှ မဟုတ်ဘူး။ အလကားပဲတင်းနဲ့ မရှုပ် ရှုပ်အောင် လုပ်ထားတာ။

နောက်တော့ အဲဒီအထဲမှာ ပါသေးတယ်။ လူကရှူထုတ်တာက ကာဗွန်ဒိုင်…ဘာဆိုပဲလား။ မီးခိုးလိုဟာမျိုးတွေကို ခေါ်တာတဲ့။ အဆိပ်ဖြစ်တတ်သတဲ့။ ဘယ့်နှယ်ဗျာ၊ မီးခိုးရှူမိလို့ အဆိပ်ဖြစ်သေရင် ကျုပ်တို့ တရွာလုံး ဘယ်မှာ အသက်နဲ့ ကိုယ် မြဲနေကြတော့မှာတုံး၊။ ဆောင်းတွင်းများဆို တစ်ရွာလုံးမီးခိုး အူနေတာပဲ။ .ယာတွေ မီးရှို့တဲ့ အခါကော၊ တောရှင်းတဲ့ အခါတွေကော မီးခိုးမှိုင်းကို ထနေတာ။ ကောင်းကင်တောင် မှိုင်းစွဲလောက်တယ်။ ဒီတော့ ကျုပ်ဆိုချင်တာက အဲဒီဟာတွေ ဖတ်၊ အဲဒီဟာတွေမှတ်နဲ့သာ နေရရင် ကျုပ် ရွာမှာလည်း နေလို့ ဖြစ်မှာ မဟုတ်တော့ဘူး။ နွားလှည်းမောင်းတတ်မှာ မဟုတ်ဘူး။ ယာလည်း ကိုင်တတ်မှာ မဟုတ်တော့ဘူး။ ကျုပ်နှမ စမ်းညွန့် ယောက်ျားလိုနေမှာ။ နွား မမောင်းတတ်၊ လှည်းမမောင်းတတ်၊ ယာများကိုင်တတ်ဖို့ဆို ဝေလာဝေး။ ဒီတော့ ဘာဖြစ်တယ် ထင်လဲ။ ဆယ်တန်း ဆယ့်တစ်တန်း အောင် အောင် သင်ရရှာတယ်။  ယာမှ မကိုင်တတ်ဘဲကိုး။ ကောကလိပ်ကျောင်းဆိုတာကို ဆက်တက်ရသတဲ့။ အဲဒီ ကောလိပ်ကျောင်းဆိုတာက အိုးပစ် အိမ်ပစ်နဲ့ သူများအရပ်မှာ သွားတက်ရသေးတာ.။ နောက်တော့ နယ်ပိုင်ရုံးမှာ စာရေးကြီးလုပ်ရသတဲ့။ ရွာမှာတောင် မနေဝံ့တော့လို့ မြို့ပြောင်းနေရသတဲ့။ ကျုပ်ပြောချင်တာ အဲဒါပဲ။ သင်းတို့ တုံးတယ်ဆိုတာ အဲဒါပဲ။ ရေတွင်းကုန်းဆီကကောင်တွေ တုံးတယ် ဆိုတာ အဲဒါပဲ။
 
သင်းတို့ကို တုံးတယ် ပြောတော့ သူကြီးဦးကံရကတောင် သိပ်မကြိုက်လှဘူး။ မကြိုက်ဆို ရေတွင်းကုန်းက သူ့အပိုင်ထဲကကိုး။ သင်းတို့အရပ်က ဆယ်တန်းဆယ့်တစ်တန်းရောက်တဲ့ လူ အများဆုံးပဲတဲ့။ သူကြီးဆိုတော့လည်း ပြန်ပြောလိုက်လို့ မကောင်းဘူး။ ရောက်တော့ ဘာလုပ်ရမှာတုန်း လို့ ပြောထည့်လိုက်ချင်တာ။ ဦးကံရ ကြီးကိုက အဲဒါမျိုးတွေမှာ သာယာတာ။ တစ်ခါက နယ်ပိုင်ကြီးလုပ်တဲ့ လွတ်လပ်ရေးပွဲ အဖိတ်ခံရတယ်။  သူက သူကြီးမို့ အဖိတ်ခံရတာ ဘာဆန်းသလဲ။ သို့ပေသိ သူက ဘာလုပ်တယ် ထင်သလဲ။ ဖိတ်စာကို မှန်ဘောင်သွင်းပြီး သူ့အိမ်မှာ ချိတ်ထားသဗျ။  ဖိတ်တာက ဝတ်ကျေး တန်းကျေ နေမှာ။ အဲဒါကို သူက ဂုဏ်ခံပြီး မှန်ဘောင်သွင်းထားရတယ်လို့။ ကြားလို့မှ မကောင်းဘူး။ မှန်ဘောင်ဖိုးကကို သုံးကျပ်ခွဲလောက် ကျသတဲ့။ ဦးကံရကြီးက အဲဒီလို။ ဖြစ်နိုင်ရင် စမ်းညွန့်နဲ့ ရတဲ့ကောင်ကို သူ့သမီးနဲ့ ပေးစားချင်တာ သူ့သမီးက မြစ်ဟိုဘက်ကကောင်နဲ့ လိုက်သွားလို့။ မဟုတ်လို့ကတော့ အတင်းကို ပေးစားမှာ။ ရေတွင်းကုန်းကအကောင်တွေကိုများဆိုရင် ကြိုက်တဲ့လူ၊ ပေးစားချင်တဲ့လူ တယ်ပေါပဲ။ တကယ်တော့ အလကားကောင်တွေ။ ရေတွင်းကုန်းဆိုတာကိုပဲကြည့်။

ရေတွင်းကုန်းဆိုတာက ရွာတည်စက ရွာလည်က ကုန်းမို့မို့လေးမှာ ရေတွင်းရှိလို့ အမည်စွဲမှည့်ထားတာတဲ့။ ခုတော့ ရေတွင်းက ရွာတောင်ဘက်ထဲတောင်ရောက်နေပြီ။  ရွာသစ်ဖက်မှာဆို အဝီစိထိ တူးထားတောင် ရှိသတဲ့။ အဲဒါကလည်း ဒီကောင်တွေ ကြွားပေါက်ပဲ နေမှာ ။ အဝီစိကသာ ရေထွက်ရင် ဘယ်ကောင်းမှာတုန်း ပူမှာပေါ့။ အဲဒါသာကြည့်။ ရေတွင်းကုန်းက အကောင်တွေ သောက်သုံးမကျပုံ။  သောက်ကျိုးနဲ ဗျောက်အိုးကွဲ၊ မှောက်ထိုးလဲဆိုတဲ့ အကောင်တွေ။ သင်းတို့က ဆယ်တန်း ဆယ့်တစ်တန်း ရောက်တယ် ဆိုတာနဲ့ ဆရာက တယ်လုပ်ချင်တာ။ ရေတိမ်ကန်ကျောင်းကို ဘုန်းကြီးလေး ဦးအဂ္ဂပြောင်းလာတုန်းက အကြောင်းလေးတစ်ခု ကျုပ်ပြောပြဦးမယ်။ ဘုန်းကြီးလေးမှာက ခရီးဆောင် လေဒီယိုကလေး ပါတယ်။ သင်းတို့က ထရန်…ဘာဆိုလား ရေဒီယိုလို့ ခေါ်သတဲ့။ ထရန်…ဘာဘာညာညာခေါ်တာကို ကျုပ်မပြောဘူး။ သူတို့က အင်္ဂလိပ်လို တတ်တယ်။ ခေါ်ချင်ရာခေါ်။ သူတို့အလုပ်၊ သို့ပေသိ လေဒီယိုကို လေဒီယိုလို့ မခေါ်ရဘူးဆိုတော့ ကျုပ် မခံနိုင်ဘူး။ တသက်လုံး လေဒီယိုလို့ ခေါ်လာတာ လေဒီယိုပေါ့။ သင်းတို့က ပြောတယ်။ ရေဒီယိုလို့ ခေါ်မှ မှန်သတဲ့။ အဲဒါသာကြည့် ပညာကလေး နည်းနည်း တတ်သွားတယ် ဆိုတာနဲ့ ကျုပ်တို့ကို လာဝါးချချင်ကြတာ။  ဒီတော့လည်း ကျုပ်က ရှင်းပြေရသေးတယ်။ လေဒီယိုဆိုတာက အသံက လေထဲက လာတာ။ လေထဲကနေ ဟောဒီဟာကလေးထဲ အသံကဝင်လာတာ။  ရှင်းရဲ့နော်။ ကျုပ် ပြန်ရှင်းပြမယ်။  လေထဲက အသံ ဒီထဲဝင်လာတော့ လေဒီ ဖြစ်လာပြီ။ အသံက ဒီအတိုင်းမနေဘူး။ ဒီထဲကနေ ပြန်ပြီးထွက်လာတယ်။ ဒီတော့ကာ ပြန်ထွက်လာတယ် ဆိုတာက ယိုပစ်လိုက်တဲ့ သဘော။ လူ့သဘောနဲ့ ယှဉ်ကြည့်။ 

ကောင်းတာ မကောင်းတာ။ ချိုတာ ပေါ့တာ။ ဘာတွေချည်း ဖြစ်ဖြစ် ကိုယ်ထဲ ဝင်လာတာတွေကို ပြန်ထုတ်ပစ်ရတာပဲ ။ ယိုပစ်တယ် မဟုတ်လား။ ဒီသဘောပဲ။ လေထဲက လာတဲ့ အသံက ဒီအထဲကို ဝင်လာတော့ ပြန်ယိုပစ်ရတာပဲ။ ဒါကြောင့် လေဒီယိုလို့ ခေါ်ကြတာ.။ ရေဒီယိုလို့ ခေါ်ချင်ရင် မြစ်စပ်မှာ ဝမ်းပေါက် ရေယိုနေလို့ ကျွဲကော်လောင်း ဖာထားတဲ့ လှေလိုဟာမျိုးကို ခေါ်ရမှာ.။  ဒီလိုရှင်းပြလိုက်တော့ သင်းတို့က ခေါင်းခါသေးတာ။ ခေါင်းခါတယ်ဆိုတာက နားမလည်တဲ့ သဘောကိုး။ ကျုပ်လည်း ဒီထက်တော့ ရှင်းမပြတတ်တော့ဘူးဗျာ။ သင်းတို့ ဥာဏ်မမီတာတော့လည်း ကျုပ် မတတ်နိုင်ဘူး။ ဥာဏ်မမှီလို့ နားမလည်တာကတော့ ကိုယ့်ဘာသာ ကြိုးစားယူကြရမှာ။  ကျုပ်က ဘာမှ လုပ်မပေးနိုင်ဘူး။ နွားလှည်းမှဖြောင့်အောင် မမောင်းတတ်ရင် ဒီသဘောတွေက လွယ်လွယ် ဘယ်နားလည်မှာတုန်း။

ကျုပ်က လှည်းနဲ့ နွားနဲ့ အကြောင်းတွေကိုချည်း နင်းပြောနေရတာက ကျုပ်တို့လိုလူတွေမှာ လှည်းနဲ့ နွားက အခရာပဲ။ ရှင်းရှင်းပြောရရင် နွားများဆို ကျုပ်က အားကြီးသဘောကျတာ။ နွားများလို့ ရုန်းဟယ် ကန်ဟယ်နဲ့ နေတာဟာ ဂုဏ်ယူစရာကြီးတစ်ခုလို့ မြင်တယ်။  ပြောရဦးမယ်။ တစ်နေ့ကတော့ အစ်ကိုက ကျုပ်ကို မေးတယ်။ မင်း မိန်းမတွေ ဘာတွေများ မလိုချင်ဘူးလားတဲ့။ မင်းကြိုက်တာရှိရင်ပြော ငါတို့သွားပြီး တောင်းရမ်းပေးမယ်။ မရှိရင်လည်း တို့ရှာပြီး စပ်ဟပ်ပေးမယ်တဲ့။ ကျုပ်နားထဲ အဝင်မချောလိုက်တာဗျာ။ ကျုပ်က ဘာလို့ မိန်းမယူချင်ရမှာတုန်း။ ဒီတော့ ကျုပ်က အစ်ကိုတို့ အစ်မတို့ တစ်သက် ကျုပ် နွားများလို ကုန်းရုန်းကျွေးချင်တာပါဗျာ။ မိန်းမယူပြီး ဒုက္ခသစ်မရှာချင်ပါဘူးလို့ ပြောလိုက်တယ်။ မိန်းမယူတယ် ဆိုတာကလည်း တဏှာရာဂ ကိစ္စ မဟုတ်ပေဘူးလား။ ကျုပ်က သေသေချာချာ သိလို့တော့ မဟုတ်ပါဘူး။ ဘုန်းကြီးလေး ဦးပညာသာမိဟောတဲ့ အထဲ ပါတာကိုပြောတာပါ။ တဏှာဆိုတာ မီးတစ်မျိုးပဲ။  မလောင်ခင် တားရသတဲ့။  ကျုပ်က အဲဒါတွေ ပြောပြတော့ ကျုပ်ပြောတာ နားထောင်ပြီး အစ်မက ကောင်းပါလေရဲ့ တော် လို့ ပြောပြီး ထသွားတယ်။ အနားမှာ ရှိနေတဲ့  ဘထွေးလေး ကိုမောင်ဆင့်ကတော့ ကျုပ် ပခုံးကို ပုတ်ရင်း အစ်ကို့ကို လှမ်းပြောတယ်။ မင်းကောင်ကြီးက ဂျိုထောင်ကြီးတို့ နပြာကြီးတို့လို မင်းတို့ကို ရုန်းကျွေးမယ့် ကောင်တဲ့။ ပြီးတော့မှ ကျုပ်ပခုံးကို အသာဖက်ရင်း မင်းက နွားလိုကောင် မဟုတ်ဘူးလားကွ လို့ ကျုပ်ကို ပြောတာ။ အဲဒီနေ့ဆီကများဆိုရင် ကျုပ် ဝမ်းသာလွန်းလို့ အတော်နဲ့ အိပ်မပျော်ဘူး။

ကျုပ်ကို နွားနဲ့ နှိုင်းတာ ဒီတစ်ခါပဲ ခံရဖူးသေးတာ။ နှိုင်းတဲ့လူဆိုတာကလည်း ဘထွေးလေး ကိုမောင်ဆင့်ရယ်။ ဘထွေးလေးက မူလတန်းကျောင်းဆရာတွေ ဘာတွေ လုပ်ဖူးတာ။ ရုံးပြင်ကနားကိစ္စဆို သူ့ကိုတိုင်ပင်ရတယ်။ သူက လက်ရေးလက်သားလည်း ကောင်းသတဲ့။ အစ်ကိုတို့ ပြောသံတစ်ခု ကြားဖူးတယ်။ ဘထွေးလေးကဆို ကျောင်းဆရာလုပ်ရင်း တစ်ရွာတစ်ကျတည်တယ် ဆိုလားပဲ။ အဲဒါကို ပညာအုပ်ဆိုတာက သိသွားလို့ အလုပ်ကနေ ဖြုတ်ပစ်လိုက်တာတဲ့။ ကျုပ်အမြင်အရပြောရရင်တော့ ပညာအုပ်ဆိုတဲ့ ငနဲက မလိုတမာဖြစ်လို့ နေမှာ။ ကျီတည်တယ်ဆိုတာက လွယ်မှတ်လို့ သင်းကမှ ကျီမတည်တတ်ဘဲ။ ရေတွင်းကုန်းက အကောင်တွေလို နွားမမောင်းတတ်၊ လှည်းမမောင်းတတ်နေမှာ.။ ကျုပ်ကတော့ ဘထွေးလေး ကိုမောင်ဆင့်ကို အထင်တောင်ကြီးမိသေးတယ်။ ကျောင်းဆရာ လုပ်ဖူးရုံတင် မကဘူး၊ ကျီတောင် တည်တတ်သေးတော့ အထင်သေးလို့ မဖြစ်ဘူး။ သူလိုလူက ကျုပ်ကို နွားလိုကောင်လို့ ပြောတာမှ ကျုပ်က ဂုဏ်မယူရင် ဘာကိုသွား ဂုဏ်ယူရမှာတုန်း။ ဘထွေးလေး ကိုမောင်ဆင့်က ဗဟုသုတလည်း စုံတဲ့လူဆိုတော့ ကျုပ် ဂုဏ်တက်စရာအကြောင်းကလေး ပြောပြဖူးတယ်။ အနောက်ဘက်က ဘင်္ဂလားပြည်မှာဆို တချို့က နွားတွေကို ကန်တော့တာတဲ့ဗျ။ ကြည့်စမ်း၊ နွားတွေကို ကန်တော့တာ။  ဒီတော့ ကျုပ်ကို ကျုပ် နွားတွေလို သဘောထားခံရတာကို ဂုဏ်ယူတာ လွန်သလား။ ကျုပ်က စမ်းညွန့်ယောက်ျားလို ရေတွင်းကုန်းကကောင်တွေလို ဆယ်တန်း၊ ဆယ့်တစ်တန်း မရောက်ပေတဲ့လည်း နွားလိုကောင်မျိုးပါ။ အကန်တော့ ခံထိုက်တဲ့ သတ္တဝါမျိုးပါ။ ဒီတော့ ကျုပ်က သင်းတို့လို ဆင်ခြေ ဆင်လက်တွေနဲ့ အသက်ရှင်မနေဘူး။ အားတိုင်းယားတိုင်း ဦးနှောက်ကို သုံးမနေဘူး။ ဦးနှောက်ဆိုတာက ခေါင်းထဲ သူ့ဘာသာ နေနေတာ။ သုံးထိုက်မှ၊ သုံးတတ်မှ အသုံးတည့်တာ။ တာလမ်းထိပ်က မန်းကျည်းပင်ကြီးအောက်က သောက်ရေအိုးစင်လိုပဲ။ ကြည့်၊ ရေဆာတဲ့လူမှ ဝင်သောက်တာ။ သေးပေါက်ချင်တဲ့လူက တောတိုးရုံပဲ။ ရေအိုးစင်ဆီ လာစရာမလိုဘူး။ ရေအိုးစင်ဟာ အသုံးမတည့်ဘူး။

ရေတွင်းကုန်က အကောင်တွေ ဆင်ခြေဆင်လက်များပုံကလေး ကျုပ်ပြောပြဦးမယ်။ ဆောင်းတွင်းရောက်တော့ ချမ်းသတဲ့။ နွေကျတော့ ပူသတဲ့။ စဉ်းစားကြည့်စမ်းပါ။ ဆောင်းတွင်းဆို ချမ်းသပေါ့ဗျာ။ ခွေးများတောင် သိတယ်။ မြူအိုးဖုတ်တဲ့ နားဆီက ပြာပုံကိုခွေးတွေသီတဲ့ အချိန်ပေါ့.။ ဆောင်းတွင်းမို့ ချမ်းတာဟာ အပြစ်ဆိုစရာလား။ ကြေးများစရာလား။ နွေမို့ ပူတာဟာ ဆင်ခြေဆင်လက်များ ပြစရာလား။ လောကမာန်အောင် ဘုရားပွဲကြီးတိုင်း လာနေကျ ရုပ်စုံဆရာမင်္ဂလာ ဦးကျော်စွာများ စာရွတ်သလို “ယုတ္တိမတန် ကြောင်းမမှန်ရင် သံသရာတောင် ပဲပင်မြစ်လောက် ရှည်မယ့်ပုံမပေါက်ဘူး” လို့ ဆိုရတော့မယ်။ ဒီရေတွင်းကုန်းဆီက ငတုံးတွေ ပြောသမျှ ဘာမှ စိစိပေါက်ပေါက် မရှိဘူး။ တကယ်တော့ ချမ်းလည်း ဒီလူပဲ။ ပူလည်း ဒီလူပဲ။ ဒါတွေကို ရမည်ရှာပြောနေစရာမဟုတ်ဘူး။ ပါတင်းကောက်ရုံလောက်နဲ့ ဝိုင်းလုံးကျွတ် ဘယ်မှာ စားလို့ရမှာတုန်း။ ဆယ်တန်း ဆယ့်တစ်တန်း ရောက်ပေသိ အတွေးအခေါ် မရှိကြဘူးကိုး။ အဲဒါနဲ့တောင် ဒီတစ်ကြောဆီကကောင်မတွေက သင်းတို့ကို ညွှတ်နေကြသေးတယ်။  ဒီထဲ ကျုပ်နှမတွေလည်း ပါသေးတယ်။ ခုတော့ ကျုပ်လည်း သင်းတို့နဲ့ နှမပေးယောက်ဖတော်နေရတော့တာပေါ့။  ဒါကလည်း ပြောမယ်ဆိုရင်တော့ အစ်ကိုတို့ အစ်မတို့ ညံ့လို့လည်း ပါတယ်။ ဟိုက လာတောင်းတယ် ဆိုတာနဲ့ကို သဘောတူလိုက်တာကိုး။ ရေတွင်းကုန်းကကောင်တွေများမလည်း မာတင်္ဂမှော်များ အောင်ထားကြသလား မသိဘူး။

စမ်းညွန့် ရေတွင်းကုန်းက အကောင်တစ်ကောင်နဲ့ ညားပြီးကာမှ သင်းတို့လည်း အချိုးပြောင်းလာတယ်။ ကျုပ်ကိုတောင် စမ်းညွန့်ယောက်ျားနဲ့ အဲဒီဆီက အကောင်တော်တော်များများက အစ်ကိုကြီးလို့ ခေါ်တယ်။ ဂုဏဝုဒ္ဓိ၊ ဝယဝုဒ္ဓိ ဆိုတာနေမှာ။ သင်းတို့က ခပ်တုံးတုံးတွေ ဆိုတော့လည်း ဘာဂုဏ်မှ ရှိမှာမဟုတ်ဘူး။ ဘာဂုဏ်မှ မရှိတဲ့ ကောင်တွေက ဘယ်လိုခေါ်ခေါ် ကျုပ်အဖို့တော့  ဘာမှ ဂုဏ်တက်စရာ မရှိလှဘူး။ အစ်ကိုကြီးလို့ ခေါ်တာ မြှောက်ပင့်ခေါ်တာပဲ။  အင်း။ ကျုပ်က ဒီလောက်တော့ မညံ့ပါဘူး။ မြှောက်လို့ မြှောက်မှန်း သိပါသော်ကော။ ပြောရဦးမယ် ဦးလေးတင် ဒီဆီလာတုန်းက မြှောက်တဲ့ ပင့်တဲ့ အကြောင်း ပြောပြဖူးတာတစ်ခု ရှိတယ်။ လူဆိုတာ အမြှောက်အပင့် ကြိုက်သတဲ့။ မြှောက်မှန်း မသိရင် အပြည့်ကြိုက်တာဆိုပဲ။ မြှောက်မှန်းသိနေရင်တောင် တစ်ဝက်တော့ ကြိုက်သေးတာပဲတဲ့။
အင်း။ ဒီကောင်တွေ ကျုပ်ကို မြှောက်နေမှန်း ကျုပ် သိပါသော်ကော….။

မြင့်သန်း
ချင်းတွင်း မဂ္ဂဇင်း၊ အမှတ်(၄)၊ ဧပြီလ၊ ၂၀၀၆

Comments

  1. စာဖတ်ရင်းပြုံးမိသါားတယ်အကို။ဖတ်ခွင့်ရလို့ကျေးဇူးပါ။ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  2. ကောင်းလိုက်တာ...အရေးသွက်သွက် အတွေးထက်ထက်နဲ့ သယ်သွားတယ်...ဒါကြောင့်လဲ သူငယ်ချင်းက မြင့်သန်းမှ မြင့်သန်းဖြစ်နေတာကိုး...

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA