တစ်နေ့တော့ ငယ်သူငယ်ချင်း ဆူဇာနာက ဖုန်းဆက်တယ်။ တယ်လီဖုန်းကောက်ကိုင်ပြီး ဖြေလိုက်တာနဲ့ ပြောတောင်မပြောချင်တော့ဘူးလို့ သူက စကားစတယ်။ ဒီတော့ မပြောချင်လည်း ဘာဖြစ်လို့ တကူးတကန့် အချိန်ကုန်ခံ၊ ပိုက်ဆံအကုန်ခံပြီး ဖုန်းဆက်နေသေးသလဲ။ ငါ တယ်လီဖုန်းချလိုက်မယ်လို့ ကျွန်တော်က ပြန်ပြောလိုက်တော့မှ၊ သူပြောနေကျအတိုင်း သေချင်းဆိုးလို့ ထပ်ပြောတယ်။ နင် ရယ်ချင်ရင် ရယ်ရအောင်လို့ ငါပြောမယ်၊ ငြိမ်းမောင်ကိုတော့ ပြောပြီးပြီလို့ သူက ဆက်ပြောတာနဲ့ပဲ ကျွန်တော်က ပြောလို့ သူ့ကိုပြောလိုက်တယ်။ ငါ့အိမ်နားကအဘိုးကြီးကို နင်မှတ်မိသလားလို့ သူက မေးတယ်။ ငါမှတ်မိတာကတော့ နင်တို့အိမ်ဘေးကခြံမှာ အဘိုးကြီးအဘွားကြီး တစ်စုံတွဲရှိတယ်ဆိုတာပဲ၊ ခပ်ရေးရေးရယ်လို့ ပြောလိုက်တော့ သူက အဘွားကြီးဆုံးတာ နှစ်နှစ်လောက်ရှိသွားပြီလို့ သူကပြောပြီး ခဏကြာအောင် ဆက်မပြောဘဲနေတယ်။ နောက်တော့ ရယ်သံသဲ့သဲ့နဲ့ အဲဒီ မုဆိုးဘိုအဘိုးကြီးက ငါ့ကို လာပိုးနေတယ်ဟဲ့လို့ သူက ပြောတော့ ကျွန်တော် မထိမ်းနိုင်ဘဲ ရယ်လိုက်မိတယ်။ သူလည်း တခြားတစ်ဖက်ကနေ ရယ်နေပုံရတယ်။ ပြီးတော့မှ နင်ယူလိုက်ပေါ့ဟဲ့လို့ ပြောလိုက်တော့ သူလည်း အရယ်ရပ်သွားတယ်။ နင်က အဘိုးကြီးတွေနဲ့ အကျိုးပေးပုံရတယ်လို့ ထပ်ပြီး ကျွန်တော်ကပြောလိုက်တော့ နင်နဲ့ငြိမ်းမောင်က ဒီလိုတော့ဖြင့်ပြောမယ်လို့ ငါတွက်ပြီးသားလို့ သူကပြန်ပြောပြီး ကျွန်တော်တို့ငယ်ငယ်ကအကြောင်းတွေ ဆက်ပြောကြတယ်။
ကျွန်တော်တို့ ငယ်ငယ်ကလည်း သူ့ကို သူ့မိဘတွေနဲ့ရင်းနှီးတဲ့ လူကြီးတစ်ယောက်က ကြိုက်ဖူးတယ်။ ဒီလူကြီးက အရှေ့ရိုးမဆီက ပိုက်ဆံပေါပေါ၊ ရုပ်ချောချောပဲ။ အဲဒီတုန်းက ကျွန်တော်နဲ့ငြိမ်းမောင်က ဆူဇာနာကိုတွေ့ရင် သီချင်းဆိုပြီး နောက်လေ့ရှိတယ်။ ငြိမ်းမောင်မှာ ဂစ်တာတစ်လက်ရှိတယ်။ ဒါပေတဲ့ သူက သီချင်းတစ်ပုဒ်လောက်ပဲ တီးတတ်တယ်။ အဲဒီသီချင်းတစ်ပုဒ်တောင် ဆူဇာနာကိုလှောင်ဖို့ သူ့ခမြာ အတော်လေ့ကျင့်ထားရတာ။ သီချင်းက Oh Sussana ဆိုတဲ့ သီချင်းပဲ (ဒီသီချင်းအလိုက်ကိုယူပြီး ဘရဏီဆိုတဲ့ မြန်မာသီချင်း စပ်ထားတာ ရှိတယ်။)။ ကျွန်တော်တို့ဆိုကြတာက Oh Sussana / Don't you cry for me / I came down from Albama with banjo on my knee ဆိုတဲ့ အပိုဒ်ကလေးပဲ။ ဒီထက်လည်း မရဘူး။ နောက်တော့ ဆူဇာနာက ရာထူးရာခံ ကောင်းကောင်းရတယ်။ ဒီတော့လည်း သူ့အထက်က အဘိုးကြီးတွေက သူ့ကို ပိုးကြပြန်ရော။ ကျွန်တော်နဲ့ငြိမ်းမောင်ကတော့ နင် အဘိုးကြီးတစ်ယောက်ယောက်ကို ယူလိုက်ပါလား၊ နောက်ထပ်ပြဿနာမတက်အောင်လို့ မြှောက်တော့ပေးကြသေးတယ်။ ဘာလို့မှန်းတော့ မသိဘူး၊ သူကြိုက်တဲ့လူတွေဟာ အသက်ကြီးကြီးတွေ များတယ်။ ဒါပေတဲ့ ခုထိတော့ ဆူဇာနာက အပျိုကြီးပဲ။ ဆူဇာနာလို့ နာမည်ပေးရင် အဘိုးကြီးတွေ ကြိုက်တတ်သလားမသိဘူးလို့ အဆက်အစပ်မရှိဘဲ တွေးကြည့်ဖူးတယ်။ နောက်တော့ ဝေးသွားကြတယ်။ နှစ်တွေကြာသွားတယ်။
တစ်နေ့တော့ (၁၉၈၀ ကာလလောက်မှာ) အရပ်တစ်ပါးမှာ ကျွန်တော် ရှေးဟောင်းဂရိအတွေးအခေါ်ကို လေ့လာနေတုန်း ပါမောက္ခက ရှေးဦးဂရိသမိုင်း၊ ခရစ်ယာန်ဘာသာ၊ ဟီဗရူးအယူဝါဒ စတာတွေကို ဆက်စပ်ပြီး ပို့ချနေရင်း ဆူဇာနာအကြောင်း ပါလာတယ်။ ဒီဆူဇာနာကတော့ ကျွန်တော့်သူငယ်ချင်း ဆူဇာနာမဟုတ်ဘူး။ ရိုမန်ကက်သလစ်တွေရဲ့ Book of Daniel ထဲက။ ပရိုတက်စတင့်တွေရဲ့ Apocryphal ကျမ်းထဲက။ အဲဒီ ဆူဇာနာကိုလည်း အဘိုးကြီးတွေက အတင်းလိုက်ကြိုက်ပြီး မတော်မတရားကြံကြတာ။ အဲဒီအကြောင်းတွေကို တက္ကသိုလ်စာကြည့်တိုက်မှာ ရှာဖတ်ရင်း စာနှစ်မျက်နှာစာလောက်ကို မိတ္တူကူးပြီး ဆူဇာနာဆီ ဖက်(စ)နဲ့ ပို့လိုက်သေးတယ်။ (အဲဒီတုန်းက ခုလို အီးမေး(လ)ကို လှိုင်လှိုင် မသုံးကြသေးဘူး) ငြိမ်းမောင်တို့ဆီလည်း ပို့လိုက်သေးတယ်။ သိပ်မကြာဘူး၊ သူ့ဆီက ကျွန်တော့်ဆီ ဖက်(စ) ပြန်လာတယ်။ ကျွန်တော်ပို့လိုက်တဲ့ စာရွက်တစ်ရွက်ပေါ်မှာ `သေချင်းဆိုး´ လို့ ကန့်လန့်ဖြတ် ခပ်ကြီးကြီးရေးပြီး ပြန်ပို့လိုက်တာ။
ကျမ်းစာထဲက ဆူဇာနာအကြောင်းက ဒီလို။ ဟီဗရူးအသံထွက်နဲ့ဆိုရင်တော့ ရှိုရှာနာလို့ အသံထွက်တယ်။ ရှေးကျမ်းတွေအရတော့ သူက ဟီဗရူးလူမျိုးပဲ။ ဒါပေတဲ့ (ဆန်းတယ်လို့ပဲ ပြောရမယ်ထင်တယ်) အဲဒီအကြောင်းကို ဂျူးလူမျိုးတွေရဲ့ အရေးအသားတွေထဲမှာ မတွေ့ရဘူး။ ဆူဇာနာက ဟီဗရူးတစ်ယောက်ရဲ့ မိန်းမ။ တစ်နေ့ သူ့ခြံထဲမှာ တစ်ယောက်တည်းရေချိုးနေတုန်း အဘိုးကြီးနှစ်ယောက် ချောင်းမြောင်းကြည့်တယ်။ ဆူဇာနာရေချိုးပြီးလို့ သူ့အိမ်ဖက်ကို အပြန်မှာ အဘိုးကြီးနှစ်ယောက်က လိုက်လာပြီး သူတို့နဲ့ ကိုယ်ကာယချင်းနှီးနှောရမယ်လို့ တောင်းဆိုကြတယ်။ သူတို့ရဲ့တောင်းဆိုချက်ကို မလိုက်လျောရင် ဆူဇာနာဟာ သူ့ခြံထဲက တစ်နေရာမှာ အခြားလူငယ်တစ်ယောက်နဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်နေတယ်ဆိုပြီး အရပ်ကိုတိုင်မယ်တဲ့။ ဆူဇာနာကငြင်းလေတော့ အဘိုးကြီးတွေက တိုင်တယ်။ ဒီမှာ ဆူဇာနာဟာ သေဒဏ်အပေးခံရတယ်။ ဆူဇာနာကို သတ်တော့မယ်ရယ်လို့ စီမံနေတုန်း ဒယ်နီရယ်လို့ခေါ်တဲ့ လူငယ်တစ်ယောက်ပေါ်လာပြီး အပြစ်မဲ့တဲ့သေဒဏ်မျိုး မဖြစ်ရအောင် စစ်ဆေးကြည့်မယ်လို့ တောင်းဆိုတယ်။ အဘိုးကြီးနှစ်ယောက်ကို တစ်ယောက်တစ်နေရာစီမှာ ခွဲထားပြီးစစ်လိုက်တော့ ကပေါက်တိကပေါက်ချာတွေ ဖြစ်နေရော။ ထွက်ချက်တွေက မညီတော့ဘူး။ နောက်ဆုံးတော့ အဘိုးကြီးနှစ်ယောက်ကို သေဒဏ်ပေးလိုက်တယ်။ ဆူဇာနာ အပြစ်က လွတ်သွားတယ်။ အမှန်တရား ပေါ်သွားတဲ့ သဘောပဲ။
ဆူဇာနာရဲ့ ဇာတ်လမ်းနဲ့ပတ်သက်လို့ အနုပညာလက်ရာ အများကြီးရှိခဲ့တယ်လို့ ပြောရမှာပဲ။ ပန်းချီကားတွေလည်း အပုံကြီးပဲ။ ဖန်တီးမှုစာပေမှာလည်း ရှိတယ်။ အဲဒီအထဲမှာ ဝေါလေ့(စ)စတီဗင်(စ) Wallace Stevens ရဲ့ ကဗျာတစ်ပုဒ်ကို ကျွန်တော်သဘောကျတယ်။ သဘောကျရတဲ့အကြောင်းထဲမှာ စတီဗင်(စ)ရဲ့ ဖန်တီးမှုအပိုင်းလည်း ပါတယ်။ ဒါပေတဲ့ တချို့အပိုင်းတွေကို မြန်မာလိုပြန်ဖော်ပြီး အရသာခံခိုင်းဖို့တော့ လွယ်မယ်မထင်ဘူး။ ဒီအပြင် စတီဗင်(စ)တို့ ခေတ်အခါက အရေးအသားတွေဟာ သောကောရောကောဖတ်ပြီး ကိုယ့်အထင်နဲ့ အနက်ဖော်၊ နားလည်ချင်သလို နားလည်လို့ မဖြစ်နိုင်ဘူး။ ကျောထောက်နောက်ခံအကြောင်းကို သိဖို့၊ များများမဟုတ်တောင် အခြေခံတော့ သိဖို့လိုတယ်။ ဒီပြင် ကဗျာရဲ့ ဘာသာစကားဆိုတာဟာ ဘယ်အခါကာလမှာပဲဖြစ်ဖြစ် ရှိနေတယ်ဆိုတာ လက်မခံလို့မဖြစ်ဘူး။ ကျွန်တော်တင်ပြချင်တဲ့ကဗျာက ဝေါလေ့(စ)စတီဗင်(စ)ရဲ့ Peter Quince at the Clavier ပါ။ Clavier ဆိုတာကတော့ စန္ဒယားလို၊ အော်ဂင်လိုဟာမျိုးကို ခေါ်တာပဲ။ ကျွန်တော်ကတော့ မြန်မာ့မျက်စေ့နဲ့ ထင်သာမြင်သာဖြစ်အောင် `စန္ဒယားတီးနေတဲ့ ပီတာကွင့်(စ)´ လို့ပဲ ဘာသာပြန်လိုက်ပါတယ်။ ဒီ ဘာသာပြန်မှာ မြန်မာသိမှုနဲ့ နီးစပ်အောင် ပြန်ပါတယ်။ စာလုံးတစ်လုံးချင်း ဘာသာပြန်တာမျိုးမဟုတ်ဘဲ၊ အနက်ရင်းကို သိမှတ်ခံစားနားလည်နိုင်တဲ့ အနေအထားရဖို့ လွတ်လပ်တဲ့သဘောမျိုးမှာလည်း အခြေခံထားပါတယ်။ ဘာသာပြန်ထားတဲ့ကဗျာရဲ့နောက်မှာ ကျွန်တော်ဉာဏ်မီသမျှ အထိုက်အလျောက် ဆက်ပြီးရှင်းပြပါ့မယ်။
စန္ဒယားတီးနေတဲ့ ပီတာကွင့်(စ)
[တစ်]
ဒီစန္ဒယားခလုတ်တွေပေါ်က ငါ့လက်ချောင်းတွေဟာ
ဂီတကိုဖြစ်ပေါ်လာစေသလို ငါ့ရဲ့ဝိဉာဉ်မှာလည်း
တစ်သားတည်းဂီတသံတစ်ခု ပေါ်လာခဲ့စေသလိုပဲ။
ဂီတဟာ ခံစားချက်၊ ဒီတော့ အသံမဟုတ်ဘူး
ပြီးတော့ ဟောဒီအခန်းထဲကနေပြီး မင်းကိုတမ်းတနေတာ
မင်းရဲ့ အပြာရောင်ပိုးသားအင်္ကျီကို တွေးမိလို့
ငါ ခံစားနေတာဟာ ဂီတပဲ။
အဘိုးကြီးတွေဆီမှာ နိုးထလာတဲ့
ဆူဇာနာရဲ့ ဆွဲဆောင်မှုလို။
ကြည်လင်နွေးထွေးတဲ့ အစိမ်းရောင် ညနေတခြမ်း
ငြိမ်သက်နေတဲ့ပန်းခြံထဲ ရေချိုးတုန်း
မျက်လုံးနီနီနဲ့ အဘိုးကြီးနှစ်ယောက်က ချောင်းအကြည့်
သူတို့ရဲ့နှလုံးခုန်သံ၊ ရင်တုန်သံတွေဟာ
ပြောမပြနိုင်တဲ့သံစဉ်များလိုဖြစ်လာတော့ သွေးများတောင်
ကျဲလာပြီး သွေးခုန်သံဟာ ဟိုစန်နာရဲ့ လက်ခတ်သံလို
တစ်ချက်ချင်း..။
[နှစ်]
စိမ်းတဲ့ ကြည်တဲ့ နွေးတဲ့ရေထဲ
ဆူဇာနာ လှဲနေဆဲ။
နွေဦးရဲ့ အစအနကလေးကိုများ
တွေ့လေမလားလို့ သူအရှာ။
ဖော်မပြနိုင်တဲ့ အတွေးစတွေကိုသာ
သူကတွေ့။
များလှတဲ့ သံစဉ်တွေမို့
သက်ပြင်းသာ ချခဲ့ရ။
ကမ်းပါးစပ်ဆီ
သုံးစွဲလိုက်ပြီးခဲ့တဲ့ စိတ်လှုပ်ရှားမှုရဲ့
အအေးဓာတ်အထဲမှာ ရပ်နေရင်း၊
သစ်ရွက်တွေအကြားဆီက
ရှိခဲ့ဖူးတဲ့ ခံစားချက်ဟောင်း
မိုးနှင်းစက်ကလေးတွေ ရှိနေလေရယ်လို့
သူမ ခံစားလိုက်မိတယ်။
မြက်ခင်းပေါ်ဖြတ်လျှောက်သွားတော့
သူမက တုန်လှုပ်နေဆဲ။
လေဟာ သူမရဲ့ အစေအပါးတွေလို
ယိုင်နဲ့တဲ့ ခြေထောက်တွေနဲ့
သူမရဲ့ပုဝါကို လိုက်ဆွဲနေပေတဲ့
မဝေခွဲတတ်ကြဘူး။
သူမလက်ပေါ်ကျခဲ့တဲ့ ထွက်သက်တစ်ခုဟာ
ညကို တိတ်ဆိတ်သွားစေခဲ့တယ်
သူမဟာ
ဆူညံနေတဲ့ လေမှုတ်တူရိယာတွေအကြားက
လင်းကွင်းသံတစ်ချက် ဖြစ်သွားခဲ့တယ်။
[သုံး]
မကြာခင်ပဲ အသံညံညံ တစာစာနဲ့
ဘိုင်ဇင်တိုင်းကခေါ်လာတဲ့ ကျွန်မတစ်သိုက်
ရောက်လာခဲ့သတဲ့။
အဘိုးကြီးနှစ်ယောက်အကြားက ဆူဇာနာတစ်ယောက်
ဘာကြောင့်မို့များ ငိုနေရ၊ သူတို့ဘာသာတွေးကြည့်ကြ။
တီးတိုးတွက်ထိုးရင်း ထပ်တလဲလဲပြောနေကြတာက
မိုးကြောင့်လှုပ်ယမ်းနေတဲ့ မိုးမခပင်လို။
မကြာခင်ပဲ သူတို့ရဲ့မီးအိမ်ကို မီးဇာမြှင့်တော့
ဆူဇာနာရဲ့ အရှက်အကြောက်တရားလည်း ပေါ်ပေါ့။
ဒီနောက်တော့ သရော်တော်တော်အပြုံးနဲ့
ဘိုင်ဇင်တိုင်းက ကျွန်မတို့ ထွက်လို့ပြေးတော့
အသံစာစာညံညံပဲပေါ့။
[လေး]
လှပခြင်းဆိုတာက စိတ်ထဲ တစ်ခဏ
မထင်မှတ်ဘဲတွေ့ရတဲ့ ခန်းဆောင် ၀ ။
အသွေးအသားရတော့ မဆုံးတစ်ဘ၀ ။
ရုပ်ခန္ဒာကသေ၊ ရုပ်ခန္ဓာရဲ့အလှက ရှင်သန်နေ။
ညနေများစွာသေဆုံးသွား၊ အစိမ်းရောင်တို့ ရှင်သန်ဆဲ
လှိုင်းတစ်ခုလို မဆုံးနိုင်အောင်လွင့်မြောလို့။
ပန်းခြံတွေ နောင်တရရင်း သေဆုံးခဲ့။ သူတို့ရဲ့
အလိုတူအလိုပါရနံ့ဟာ ဆောင်းရဲ့သင်တိုင်းပေါ်လွှမ်းခြုံလို့။
အပျိုမတို့ သေဆုံးခဲ့၊ အပျိုမတစ်ယောက်ကို ချီးပတဲ့
အာရုံဦးဆုတောင်းပွဲက တေးသံနဲ့အတူ။
ဆူဇာနာရဲ့တေးသံဟာ ခေါ်ဖြူဖြူအဘိုးအိုတို့ရဲ့
ရာဂလက်ကွက်သံမှာ ငြိခဲ့။ လွတ်မြောက်နေခဲ့ရ။
သေခြင်းတရားရဲ့ အနက်လွဲစောဒကတက်မှုသာ ကျန်ရစ်။
ခုတော့ နိစ္စ ထာစရအမြဲတရားထဲ
သူမကိုသတိရနေရနေရင်း ကြည်ကြည်လင်လင်တီးမှုတ်လို့
မဆုံးတမ်း ချီးကျူးထောပနာ ပြုနေကြလေရဲ့။ ။
ဒီကဗျာကို ဝေါလေ့(စ)စတီဗင်(စ)က ၁၉၁၅ ခု ပတ်ဝန်းကျင်မှာ ရေးခဲ့တာ။ ကနဦးကတော့ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာ။ သူ့ရဲ့ ကဗျာတွေကို Harmonium အမည်နဲ့၊ ၁၉၂၃ ခုနှစ်မှာ ထုတ်ဝေတော့ အဲဒီထဲမှာ ထည့်ပြီး ဖော်ပြခဲ့တယ်။ ကဗျာတည်ဆောက်ထားပုံကို သူတို့ ကဗျာပေတံနဲ့တိုင်းပြီးပြောရင် အတော်ပြောစရာရှိတဲ့ကဗျာ။ ဥပမာ ကာရန်ယူရမယ့်နေရာမှာ လွဲခဲ့တာမျိုး။ စာကြောင်းအတိုအရှည် မညှိခဲ့တာမျိုးတွေပဲ။ ဒါတွေကို ကျွန်တော်တို့ ဘာသာစကားနဲ့ ရှင်းနေလို့လည်း အပိုပဲမို့ ချန်ထားခဲ့ပါရစေ။ ပြောစရာကလေးတစ်ခုကတော့ ဒီကဗျာကို တည်ဆောက်ထားပုံက ဂီတသဘောမျိုး ပါတယ်။ စတီဗင်(စ)အနေနဲ့ သူ့ကဗျာကို လေးပိုင်းခွဲထားခဲ့တာကိုက လေးယောက်တွဲတီးခတ်တဲ့ဂီတ Quartet သဘော၊ ဆင်(မ)ဖနီ Symphony သဘောတွေမှာ အခြေခံတာပဲလို့ ပညာရှင်တွေက ဆိုတယ်။ သဘောကတော့ စာပေလက်ရာတစ်ခုကိုဖတ်ရင်း ဂီတသံလို နာခံလာနိုင်အောင် အားထုတ်ထားတဲ့သဘောပဲ။ ကဗျာဆရာအနေနဲ့ သူ့ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ပီတာကွင့်(စ)ရဲ့ ဂီတဖန်တီးမှုကို စာဖတ်သူ ကြားစေချင်တယ်။ ဘာသာစကားတည်ဆောက်ပုံ၊ အသံစနစ်မတူပုံကြောင့် ဘာသာပြန်မှာတော့ ဒီအချက်တွေ ပျောက်နေမှာပဲ။ စိတ်ဝင်စားရင်တော့ မူရင်းကိုသာ ရှာဖတ်ကြပါ။ ခေါင်းစဉ်က `စန္ဒယားတီးနေတဲ့ ပီတာကွင့်(စ)´ ဆိုပေတဲ့၊ အဓိကဇာတ်ကောင်ဟာ ဆူဇာနာပဲ။ ပီတာကွင့်(စ)ဆိုတာက ဝေလျာမ်ရှိပ်စပီးယားရဲ့ `နွေလည်ညအိပ်မက်´ ပြဇာတ်ထဲက ဇာတ်ကောင်တစ်ယောက် [1] ။ ကဗျာကိုဖွင့်ဟေ့ဆိုတာနဲ့ စတီဗင်(စ)က စန္ဒယားရဲ့အသံနဲ့ ဖွင့်တယ်။
ဒီစန္ဒယားခလုတ်တွေပေါ်က ငါ့လက်ချောင်းတွေက
ဂီတကိုဖြစ်ပေါ်လာစေသလို၊
ဆိုပြီး စလိုက်တယ်။ ဒီနေရာမှာ ပီတာကွင့်(စ)က ပြောနေတာ၊ ကဗျာဟာ ပီတာကွင့်(စ)ရဲ့ လက်သံတစ်ခုပဲ။ ဘာသာပြန်ထားတဲ့ ကဗျာရဲ့ စာကြောင်း (၈) ရောက်ကာမှ ကဗျာရဲ့ အဓိကဇာတ်ကောင်တွေ ၀င်လာတယ်။ ဒါကတော့ ဆူဇာနာနဲ့ အဘိုးကြီးနှစ်ယောက်ပဲ။ (အင်္ဂလိပ်လို Elder လို့ရေးတယ်။ သက်ကြီးရွယ်အိုပဲ။ ခုခေတ် အန်ကယ်ကြီးလို့ခေါ်တဲ့ အရွယ်မျိုးပဲ။ ကျွန်တော်ကတော့ မြင်လွယ်အောင် အဘိုးကြီးလို့ပဲ ဘာသာပြန်လိုက်တယ်) ဒီအပိုင်းမှာ စတီဗင်(စ)က အေးချမ်းမှုနဲ့ တက်မက်မှုကို အရောင်နဲ့ဖော်သွားတယ်။ `အစိမ်းရောင်ညနေတစ်ခြမ်း...´ မှာ၊ `မျက်လုံးနီနီနဲ့ အဖိုးကြီးနှစ်ယောက်...´ က ချောင်းကြည့်နေတယ်လို့ ရေးခဲ့တယ်။ ဒီကဗျာတစ်ပုဒ်လုံးမှာ ကဗျာဆရာက အရောင်တွေကိုလည်း သူ့ရဲ့အင်အားသဘောမျိုးနဲ့ သုံးခဲ့တာ။ အရောင်ကို သင်္ကေတတစ်ခုအဖြစ် သုံးခဲ့တာ။ အနီ၊ အစိမ်းဟာ (ခုခေတ် လမ်းလေးဝတွေမှာတွေ့ရတဲ့ မီးပွိုင့်မှာလို၊ ရပ်ရန်-သွားရန် ညွှန်းသလို) ကောင်းခြင်း၊ မကောင်းခြင်း၊ နိဗ္ဗာန်၊ ငရဲ.. ဆိုတာမျိုးတွေပဲ။ တစ်စုံတစ်ခုသော ပုံရုပ်ကိုပေါ်လာစေဖို့၊ အရိပ်အရောင်ပြထားခဲ့တဲ့ ပုံရုပ်ပဲ။ အဘိုးကြီးနှစ်ယောက်အဖို့တော့ ဆူဇာနာကိုကြည့်ရင်း မတော်မတည့်တွေးကြတော့ ရင်ထဲက ဒိတ်ဒိတ်-ဒိတ်ဒိတ်နဲ့ ဖြစ်လာကြတာကို မူရင်းမှာတော့ ကဗျာဆရာက ဂီတအခြေခံနဲ့ ဖော်ထုတ်တင်ပြခဲ့တယ်။ မူရင်းမှာ Pizzicati of Hosanna လို့ ရေးခဲ့တယ်။ Pizzacati ဆိုတာက တရောလိုတူရိယာမျိုးမှာ ထိုးတံကိုမသုံးဘဲ ကြိုးကိုတစ်ချက်ချက်ဆွဲရင်း တီးလိုက်တာမျိုးပဲ။ အသံက ခပ်ပြင်းပြင်းကလေး ထွက်လာတတ်တယ်။ Hosanna ကတော့ သူတို့ရဲ့ဘုရားသခင်အပေါ် တောင်းခံမှုပြုကြရာမှာ တစ်ချက်ချင်း အော်ဟစ်သံပဲ။ စတီဗင်(စ) ကဗျာမှာ စာလုံးအရသာ မဟုတ်ဘူး။ ဖတ်တဲ့လူကိုပါ အသံနဲ့အတူ အသံမှာအခြေခံတဲ့ သိမှုတစ်ခု ရာစေချင်တာပဲ။
ဒုတိယအပိုဒ်မှာ ကဗျာဆရာက သူ့ကဗျာကို အသာကလေး ငြိမ်ချလိုက်တယ်။ ဆာဇာနာတစ်ယောက် အစိမ်းရောင်ရေထဲမှာ ရေချိုးနေတယ်လို့ အေးငြိမ်းတဲ့အနေအထားနဲ့ ကဗျာကို စတယ်။ ဖတ်တဲ့လူကို မြင်လာစေချင်တယ်။ ဒါပေတဲ့၊ ဒီအပိုဒ်ဟာ အေးငြိမ်းရာကနေ ကြမ်းတမ်းရာကို ဖြည်းဖြည်းချင်းတက်သွားတယ်။ ဆူဇာနာအနေနဲ့ အေးငြိမ်းသာယာနေမှုနဲ့ ရေချိုးနေရာက (ဆူဇာနာ လှဲနေဆဲ ဆိုတာက ရေကန်ထဲမှာ ရေစိမ်နေတာပဲ။ သူတို့က ကျွန်တော်တို့လို ခွက်နဲ့ခပ်ပြီးမှ မချိုးဘဲ) စိတ်လှုပ်ရှားမှုပေါ်လာတာဟာ ကဗျာရဲ့ ငြိမ်နေတဲ့အနေအထားကို ပြောင်းပေးလိုက်တာပဲ။ သူ့စိတ်ထဲမှာ အေးချမ်းမှုလိုချင်တယ်။ အနောက်ရဲ့သိမှုထဲမှာ နွေဦးဆိုတာက လှပတယ်၊ ကြည်လင်တယ်၊ ပျော်ဖို့ကောင်းတယ်။ ကောင်းတဲ့သဘောချည်းပဲ။ ဒါပေတဲ့ ဆူဇာနာခမြာ ရေစိမ်နေရင်း ငြိမ်းချမ်းတဲ့အလှကို ရှာနေပေတဲ့ မရနိုင်ဘူး။ သူကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေတယ်။ တပ်မက်မှု၊ ကာမဂုဏ်ခံစားလိုမှုတွေ ရှိနေတဲ့သဘောပဲ။ အသံမျိုးစုံသာ ကြားလာရတော့ သူ့အဖို့ သက်ပြင်းချရရုံပဲ။ ရေချိုးပြီးသွားလို့ ကမ်းပါးပေါ်တက်လာတော့ သူ့မှာ စိတ်လှုပ်ရှားမှုတွေ မရှိတော့ဘူး။ လူလည်း အေးလာတယ်။ အေးချမ်းသွားတာမဟုတ်ဘူး။ လူတွေမှာ ခံစားမှုလစ်ဟာကင်းပသွားတဲ့အခါမှာ စိမ့်သလိုချမ်းသလို ဖြစ်သွားတတ်တာမျိုး။ ကဗျာဆရာက မူရင်းမှာ cool လို့ရေးခဲ့တာ။ ဒါကြောင့်ပဲ။ ခံစားလိုက်မိတာက အတိတ်ကအကြောင်း။ ပြီးတော့ ဆူဇာနာဖြတ်လျှောက်သွားပုံကို ကဗျာဆရာက ပုံဖော်တယ်။ သူ့ခြံဝင်းအတွင်းမှာ လေညှင်းရှိတယ်။ သူ့ပုဝါကို လိုက်ဆွဲကြတယ်ဆိုတာက လေလွင့်နေလို့ပဲ။ တစ်ချိန်တည်းမှာပဲ သူ့ကိုချောင်းကြည့်နေတဲ့အဘိုးကြီးတွေဆီမှာ တပ်မက်မှု ပိုလာစေခဲ့တယ်။ နောက်တော့ အဘိုးကြီးတွေရဲ့ ချဉ်းကပ်မှု။ မတော်မတည့်ကြံစည်မှုတွေကို ဂီတရဲ့အသံသဘောနဲ့ ရေးပြခဲ့တော့တယ်။ ငြိမ်နေတဲ့ကဗျာရဲ့ အနေအထားကနေ ရုန့်ရင်းကြမ်းတမ်းမှုအပိုင်းကို ရောက်သွားတော့တာပဲ။
တတိယအပိုဒ်မှာ ဆူဇာနာရဲ့ ကျွန်မတစ်သိုက်ရောက်လာတယ်။ သူ့အစေအပါး/ကျွန်မတွေဟာ ဘိုင်ဇင်တိုင်းအရပ်ကလာတာ (ဘိုင်ဇင်တိုင်းဆိုတာက `ရိုမန်တွေရဲ့ အင်ပါယာ´ လို့ တွင်ခဲ့တဲ့၊ မြေထဲပင်လယ်တစ်ကြောက အရပ်ပဲ) ။ အသံစာစာနဲ့။ ဒါကို စတီဗင်(စ)က တီးမှုတ်သီဆိုရာမှာ Tambourine လှုပ်လို့ သံစုံမြည်လာတာနဲ့ ယှဉ်ပြီးပြထားတယ်။ ကျွန်တော်တို့မှာ Tambourine မရှိလေတော့၊ `အသံညံညံစာစာ´ နဲ့လို့ပဲ ကျွန်တော်ဘာသာပြန်လိုက်တယ်။ မူရင်းအရသာထက်တော့ လျော့သွားတယ်။ အဲဒီအချိန်မှာ ဆူဇာနာဟာ အဘိုးကြီးနှစ်ယောက်ရဲ့ အကြားမှာ။ သူတို့ကိုကြည့်ရင်း ဆူဇာနာရဲ့အစေအပါးတွေက အချင်းချင်းတွတ်ထိုးကြတယ်။ သူတို့အနေနဲ့ကတော့ ဘာဖြစ်လို့ဖြစ်ခဲ့မှန်း မသိကြဘူးကိုး။ ဒါပေတဲ့ ဘာဖြစ်လို့ ဘာဖြစ်ခဲ့တယ်ရယ်လို့ ကဗျာကမဆိုဘူး (အမှန်တော့ ကွင့်(စ)က မပြောဘူး) ။ သူ့အနေနဲ့ ဆူဇာနာရဲ့ဂုဏ်သိက္ခာကို စောင့်သိတဲ့ သဘောပဲ။ ကျွန်မတစ်သိုက်ရောက်လာတယ်။ အလင်းရောင်ပြလိုက်တယ်။ မှောင်ရီပျိုးချိန်မှာ မတော်တလျော် မဖြစ်ခဲ့ဘူး။ သူတို့လည်း သရော်တော်တော်အပြုံးနဲ့ (ဆိုလိုတာက အဘိုးကြီးတွေကို) ထွက်သွားကြတယ်။ လာတုန်းကလိုပဲ အသံစာစာညံညံနဲ့ပဲ။
နောက်ဆုံးအပိုဒ်မှာတော့ ပီတာကွင့်(စ)ရဲ့ ၀မ်းနည်းသံ၊ ကောက်ချက်ချသံတွေ ကြားလာရတယ်။ ပထမအပိုဒ်မှာ ဂီတဆိုတာ ဘာရယ်လို့ သူ့အမြင်ကိုဖော်ထုတ်ပြပြီး ပီတာဟာ အခန်းထဲမှာ လွမ်းနေ၊ တမ်းတနေခဲ့တာကို သတိရကြလိမ့်မယ်။ အဲဒီတုန်းက သူက `မင်းကိုမင်းတမ်းတနေတာ၊ မင်းရဲ့ အပြာရောင်ဆင်/ပိုးသားအင်္ကျီကိုတွေးမိတာတွေဟာ ဂီတပဲ´ လို့ ဖော်ထုတ်ပြခဲ့တယ်။ ဆူဇာနာအကြောင်းပြောပြီးတဲ့နောက်မှာတော့ သူပြောခဲ့တဲ့အကြောင်းနဲ့ယှဉ်ပြီး လှပခြင်းအကြောင်းကို နိဂုံးဆွဲယူခဲ့တယ်။ ရုပ်တရားကသာ ရှင်သန်ကျန်ရစ်ခဲ့တယ်။ အသွေးအသားမှာတည်တယ်။ တစ်ချို့ပညာရှင်တွေကတော့ ဒီနေရာမှာ စတီဗင်(စ)ဟာ မိန်းမတစ်ယောက်ရဲ့အလှကို အပျိုဖော်ဝင်လာတာနဲ့ယှဉ်ပြီး ပြလိုက်တယ်လို့ မြင်ကြတယ်။ အပျိုဖြစ်လာကာမှ တစ်သွေးတမွေးဖြစ်ပြီး အလှသွေးကြွယ်တာကို ဆိုလိုတယ်၊ လို့မြင်တယ်။ ဒီသဘောကိုပဲ အထောက်အကူပြုဖို့ ပန်းခြံရဲ့အစိမ်းရောင်ဟာ မြဲစေစွဲစေဖြစ်ပေတဲ့ ညနေခင်းကတော့ သေဆုံးသွားတယ်။ အစိမ်းရောင်ဟာ လွင့်မြောနေပေတဲ့ ပြီးဆုံးမသွားဘူး။ ဒီလိုပဲ အပျိုမတို့ သေဆုံးခဲ့ရတယ်။ အပျိုမတွေဟာ အိမ်ထောင်ရှင်မတွေဖြစ်လာကြရတဲ့ သဘောတွေပဲ။ ကွင့်(စ)ရဲ့ လက်သံထဲမှာ ဆူဇာနာကိုချီးပတဲ့အကြောင်း ပါလာတယ်။ အဓိကအချက်ကတော့ စတီဗင့်(စ)ဟာ ဒီကဗျာမှာ လှပခြင်း၊ တပ်မက်မှု... စတဲ့အကြောင်းကိုသာ ပြောချင်တာမဟုတ်ဘူး။ အမှန်တရားပိုင်းကိုလည်း ပြခဲ့တယ်။ ကိုယ်ကျင့်တရားပိုင်းလို့ ပြောရလိမ့်မယ်။
ဒီကဗျာမှာ စတီဗင်(စ)က ကွင့်(စ)ကို ဂီတတစ်ခု/တစ်စုံတစ်ရာ ဖန်တီးခိုင်းထားခဲ့တာပဲ။ ဒါကြောင့် ပထမအပိုဒ်မှာ ဂီတနဲ့ပတ်သက်လို့ ကဗျာဖတ်သူတွေ နားလည်ထားရမယ့်၊ ဒါမှမဟုတ်ရင် တင်ကူးလက်ခံထားဖို့လိုတဲ့ ဂီတရဲ့အကြောင်းကို အနက်ပေးခဲ့တာ။ လက်ချောင်းကလေးတွေကနေ တီးလိုက်လို့ ပေါ်လာတဲ့ဂီတသက်သက်မဟုတ်ဘူး။ ၀ိဉာဉ်ထဲကပါ လက်ခံလာနိုင်တဲ့ ဂီတမျိုး။ မူရင်း၊ အင်္ဂလိပ်လိုအရေးအသားထဲမှာတော့ ဂီတနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေသုံးရင်း ကဗျာကို ဂီတအဖြစ်နဲ့ ခံစားလာရစေခဲ့တယ်။ ဘာသာပြန်မှာတော့ ဘယ်လိုမျှ လျှောက်ပတ်အောင်လုပ်လို့မရနိုင်ခဲ့ဘူး။ ဒီလိုကဗျာမျိုးမှာ ကြောထောက်နောက်ခံကိုမသိဘဲ ခံစားနိုင်ဖို့မလွယ်ဘူး။ ကျွန်တော့်အနေနဲ့ အဓိကထားပြီး တင်ပြချင်တဲ့အချက်ထဲမှာ ဒီအချက်လည်းပါတယ်။ ရံဖန်ရံခါ တစ်ချို့ဘာသာပြန်ကဗျာတွေမှာ ဘာမျှ အဆက်အစပ်မရှိတာတွေ ဖတ်ရတယ်။ တကယ်တမ်းမှာတော့ ဘာသာခြားနဲ့ရေးတဲ့ ကဗျာတစ်ပုဒ်ကိုမပြောနဲ့ ကိုယ့်မွေးရင်း မိခင်ဘာသာစကားနဲ့ရေးတဲ့ ကဗျာကိုတောင် ကိုယ့်ရဲ့ သိမှတ်ခံစားနားလည်နိုင်တဲ့ သိမှုအခြေခ့ဘောင်ထဲကို ပြန်ချဖို့မလွယ်ဘူး။ ဆိုလိုတာက ကဗျာတိုင်းမှာ သိမှုတစ်စုံတစ်ရာ လိုအပ်နေတာချည်းပဲ။ မကြာခင်က ဖတ်ရတဲ့ ကဗျာတစ်ပုဒ်ကို နမူနာပေးပါရစေ။ `ပိတောက်ပွင့်သစ်´၊ အမှတ် ၃၂၊ စာမျက်နှာ ၈၂ မှာပါတဲ့ မြေလတ်မောင်မြင့်သူရဲ့ `နှစ်ကိုယ်ခွဲကျွန်တော်´ ကဗျာမှာ `ငယ်ငယ်တုန်းက / မဟုတ်မခံဗီဇနဲ့ / ကိုယ့်ဖက်ကမှန်ရင် တုန့်ပြန်ချ / ကျွန်တော်ဟာ `ရွှေဘ´ ´ လို့ ရေးထားတယ်။ ကျွန်တော့်အဖို့တော့ ကဗျာကို သဘောကျလွန်းလို့ ပြန်ဖတ်တာအကြိမ်များသွားလို့ နှုတ်တိုက်လိုတောင်ရလာတယ်။ စမ်းသပ်တဲ့အနေနဲ့ ကျွန်တော့်မိတ်ဆွေ သမီးလေးကိုဖတ်ခိုင်းတယ်။ ကလေးမက ၁၉၉၀ လောက်မှာမွေးတာ။ ဒီတော့ သူက ရွှေဘနဲ့ ဇေယျအကြောင်း မေးတယ်။ ကျွန်တော်တင်ပြလိုတာက ဒီကဗျာမှာ ရွှေဘနဲ့ဇေယျကိုမျှ မသိရင် ကဗျာရေးသမားတင်ထားခဲ့တဲ့ ပြဿနာ (ဒီနေရာမှာ ပြဿနာဆိုတာ ဆက်လက်နှီးနှောစရာလို့ ယူပါတယ်) ကိုဆက်ပြီး တွေးဖို့ ခံစားဖို့ ဆိုတာတွေ မဖြစ်နိုင်တော့ဘူး။ ဒါဟာ ကဗျာတိုင်းရဲ့အထဲမှာ ရှိနေတဲ့ အကြောင်းတစ်ခုပဲ။
ဘာသာပြန်ကဗျာတွေမှာလည်း ဒီလိုပဲ။ မူရင်းကို ဘယ်လိုမှ မမီနိုင်ဘူး။ လုံးလုံးချည်းအနက်လွဲမသွားရင် တော်လှချည်ရယ်လို့ပဲ ပြောရလိမ့်မယ်။ နိုင်ငံရပ်ခြားကဗျာတွေကို မြန်မာဘာသာစာအခြေခံသက်သက်နဲ့ ဖတ်တဲ့လူတွေအနေနဲ့ကတော့ နားလည်လက်ခံရယူတဲ့ အပိုင်းမှာ အခက်အခဲရှိနေမှာပဲလို့ မြင်တယ်။ အထူးသဖြင့် သူတို့က ကဗျာတွေရဲ့ကြောထောက်နောက်ခံတွေကို သိဖို့ အထိုက်အလျောက်တော့ ကြိုးစားရမယ်ထင်တယ်။ မဟုတ်ရင် ဟိုက်ကူကိစ္စတုန်းက ဂျပန်စာမူရင်းရေးထားတာကို အင်္ဂလိပ်လိုပြန်ထားတဲ့ဟာဖတ်ပြီး မြန်မာလိုငြင်းကြသလိုဖြစ်သွားမယ်။ စာလုံး/စကားလုံးရဲ့ တည်ဆောက်ပုံမတူတာကို ထည့်မတွက်ကြဘဲ စာလုံး/စကားလုံး ဘယ်နှစ်လုံးရှိရမယ်ဆိုတာကို အတင်းငြင်းကြတော့တာပဲ။ နိုင်ငံခြားဘာသာ စာတတ်ပြီး မြန်မာစာအရေးအသားမှာ အတွေ့အကြုံရှိတဲ့လူတွေက မြန်မာစာတစ်ခုတည်းကို အခြေခံပြီး ကဗျာဖတ်၊ ကဗျာရေးတဲ့လူတွေအတွက် စေတနာကလေးထားပြီး ဘာသာပြန်နိုင်ရင်ဖြင့် ကောင်းမယ်။ ဆိုလိုတာက ကဗျာဘာသာပြန်ကနေ ကဗျာတည်ဆောက်ပုံ၊ အခြေခံပုံ၊ ဖွဲ့စည်းပုံ ကဗျာဆရာရဲ့နေရာ စတာတွေ ရနိုင်တယ်။ ဥပမာ၊ (ကို)ဇေယျာလင်းတို့ LP ကို မြန်မာဘာသာစာ/စကား ဘောင်ထဲရောက်လာဖို့အတွက် အမြည်းအစမ်းပေးပြီး စခဲ့ကြပုံမျိုး။ လုပ်သင့်တဲ့ အပြုအမူမျိုးပဲ။ လက်ခံတာ လက်မခံတာက တစ်ပိုင်းပဲ။ ဖန်တီးမှုစာပေမှာ စမ်းသပ်ကြည့်တာက အရေးကြီးတာပဲ။ `သိုးကလေး...´ မှာတင် ရပ်နေလို့ကတော့ `ကြောင်မနက်ပြာ´ ဖြစ်မလာနိုင်ဘူး။ ငါတို့ဆရာကြီးရေးတာမျိုးမှ ဆိုတဲ့ အယူအဆမျိုးကတော့ ကာလတရားအားဖြင့် ဆီလျော်အပ်စပ်မှုရှိဖို့ မလွယ်တော့ဘူး။
ဒီအရေးအသားမှာ ဆူဇာနာအကြောင်းထက် စတီဗင်(စ)ရဲ့ အားထုတ်မှု `ပုံစံ´ ကို မြင်စေချင်တယ်။ အစဦးမှာ ကျွန်တော်က ကျွန်တော့်မိတ်ဆွေ ဆူဇာနာအကြောင်း ရေးခဲ့တယ်။ နောက်တော့ ကျမ်းစာလာ ဆူဇာနာအကြောင်း ရေးပြခဲ့တယ်။ ကျွန်တော့်မိတ်ဆွေ ဆူဇာနာအကြောင်းက အကြောင်းအရာတစ်ခုပဲ။ ပြောချင်ရင် ရယ်စရာအကြောင်းတစ်ခုပဲ ဒီထက်မပိုဘူး။ ကျမ်းစာထဲကအကြောင်းက ဘာသာရေးအခြံနဲ့ယှဉ်တဲ့ ကိုယ်ကျင့်တရားအကြောင်း။ စတီဗင်ရဲ့ကဗျာက သိမှုနဲ့ယှဉ်တဲ့ ရသအကြောင်းပဲ။ အကြောင်းက ကဗျာဆရာက ပီတာကွင့်(စ)ကို တည်ဆောက်ပေးပြီး သူ့ဖန်တီးမှုကနေ ပီတာကွင့်(စ)ရဲ့ ဂီတကို ပြရုံမဟုတ်ဘဲ လိုအပ်တဲ့နေရာတိုင်းမှာ သူ့အသံနဲ့ဝင်ဖြည့်ပေးတယ်။ ကဗျာတိုင်းမှာ ကဗျာဆရာရဲ့အသံဟာ ပါနေတာပဲ။ ဥပမာ ဒီကဗျာမှာ စတီဗင်(စ)က ကွင့်(စ) ဖန်တီးတဲ့ ဂီတနဲ့ ဂီတမဟုတ်တာကို ကွဲဖို့ ဘိုင်ဇင်တိုင်းက ကျွန်မတွေရဲ့ ဆူညံသံကို ခွဲပြတာမျိုး။ ရှေ့မှာ နမူနာပေးခဲ့တဲ့ မြေလတ်မောင်မြင့်သူရဲ့ `နှစ်ကိုယ်ခွဲကျွန်တော်´ ကဗျာကိုပဲ ပြန်ကြည့်။ ဖတ်သူတိုင်းဟာ `ကျွန်တော်´ ကို ရယူလက်ခံလိုက်တယ်ဆိုရင်ပဲ၊ ကဗျာဆရာရဲ့အသံကို ကြားလာရတော့တာပဲ။

[1] A carpenter and the nominal leader of the craftsmen's attempt to put on a play for Theseus's marriage celebration. Quince is often shoved aside by the abundantly confident Bottom. During the craftsmen's play, Quince plays the Prologue.
မြင့်သန်း
Comments
Post a Comment