ခရစ်နှစ် ၂၀၁၀ မှာထုတ်တဲ့ ရနံ့သစ်မဂ္ဂဇင်း၊ အမှတ်-၁၅ မှာ ဆရာချိန်(ပဲခူး) ဆိုသူရဲ့ `စာပေသစ် သို့မဟုတ် ခေတ်ပြိုင်ခံစားမှုတွေကြားမှ..´ ဆောင်းပါးကို ဖတ်ရတော့ ဆွေးနွေးချင်တာလေးတွေ ပေါ်လာပါတယ်။ အဓိကကတော့ စာပေဝေဖန်ရေး အပိုင်းပါပဲ။ စာပေဝေဖန်ရေး၊ အနုပညာ (တစ်စုံတရာအပေါ်) ဝေဖန်ရေးတွေကို ကျွန်တော် စိတ်ဝင်စားတယ်။ ဒါကြောင့်လည်း လေ့လာပါတယ်။ ဒီလေ့လာမှုကတော့ သေမှပြီးမှာပဲလို့ ထင်တယ်။ ရှေ့မှာ ညွှန်းခဲ့တဲ့ ဆရာချိန်ဆိုသူရဲ့ ဆောင်းပါးထဲက `ဝေဖန်ရေး´ နဲ့ မဆိုင်လှတဲ့ ဒဂုန်တာရာအကြောင်းကို ချန်ခဲ့ပါ့မယ်။ ဆိုခဲ့ပြီးတဲ့အတိုင်း ဆွေးနွေးချင်တာက အဲဒီဆောင်းပါးရဲ့ ပထမပိုင်းမှာပါတဲ့ စာပေဝေဖန်ရေးအကြောင်း ဖြစ်နေလို့ပါ။
ပထမဦးဆုံးအနေနဲ့ကတော့ ဆောင်းပါးပါ ဟောဒီ `အဆို´ ကို ဖတ်ကြည့်ပါ။
စာပေဝေဖန်ရေးသည် မြန်မာ့ ရှေးဟောင်းဂန္တ၀င်စာပေများကို ခေတ်အမြင်ခေတ်အတွေးနှင့် ပြန်လည်ဝေဖန်သုံးသပ်ရာမှ ခေတ်စားတွင်ကျယ်လာသော အနုပညာလုပ်ငန်းတစ်ရပ်ပင် ဖြစ်သည်။
ဒီအဆိုမှာ `ထိုစဉ်က´ လို့ အညွှန်းပါခဲ့ရင် တစ်မျိုး။ ခုအတိုင်းကတော့ မြန်မာစာပေလောကရဲ့ ဝေဖန်ရေးတစ်ခုလုံးကို ယေဘုယျအနေအထားထဲထည့်ပြီး အခိုင်အမာအဆိုပြုထားသလိုပဲ။ တကယ်တော့ စာပေဝေဖန်ရေးဟာ စာ(အရေးအသား)ဟောင်းကို လူသစ်က ကာလသစ်တစ်ခုထဲကနေ သူ့အမြင်တစ်ရပ်(တည်း)နဲ့ `ပြန်လည်ဝေဖန်သုံးသပ်´ တာတော့ မဟုတ်ဘူး ဝေဖန်ရေးတိုင်းဟာ (အထူးသဖြင့် ဒီကနေ့ပညာခေတ်ထဲမှာ) သူ့စည်းသူ့ကမ်းနဲ့ ဝေဖန်ကြတာချည်းပဲ။ စာပေဝေဖန်ရေးဟာ ပညာရပ်တစ်ခုပဲ။ အလကားပဲတင်း ကစော်သောက်ရင်း၊ အမြည်းဝါးရင်းလုပ်တဲ့ အလုပ်တော့မဟုတ်ဘူး။ ဒီအဆိုမှာပဲ နောက်တစ်ချက်စဉ်းစားကြည့်ဖို့လိုတာ စာပေဝေဖန်ရေးဟာ အနုပညာလားဆိုတာပဲ။ အနုပညာဆိုတာ အနုပညာရှင်က ဖန်တီးအားထုတ်ပြီး ဖော်ထုတ်တင်ပြမှုတစ်ရပ်ဆိုရင် (ဒါမှမဟုတ် အကြမ်းဖျဉ်း ယာယီအနေနဲ့ လက်ခံကြည့်တယ်ဆိုရင်) စာပေဝေဖန်ရေးမှာ ဘယ်အပိုင်းက ဖန်တီးထားသလဲဆိုတာကို သေသေချာချာ စဉ်းစားကြည့်ဖို့လိုမယ်။ အကြောင်းက စာပေ (ဒါမှမဟုတ် အနုပညာတစ်စုံတရာအပေါ်) ဝေဖန်တယ်ဆိုရာမှာ ဝေဖန်သူရဲ့ ဖန်တီးချက် မပါဘူး။ ဝေဖန်သူဟာ သူရပ်တည်နေတဲ့ စနစ်/နည်းပညာအခြေခံ ရပ်ဝန်းအထဲကနေ ဝေဖန္တိကပြုဆင်ခြေ (Critical Thinking ကို ဆိုလိုတာပါ) အခြေခံနဲ့ ဝေဖန်တာပဲ။ သူ့အတွေးနယ်ချဲ့ချင်ရင် ချဲ့နိုင်တဲ့အခွင့်အရေးမျိုး မရှိဘူး။ ပြောမယ်ဆိုရင် ပြောနိုင်တာတစ်ခုက ဝေဖန်ရေးဟာ ဖန်တီးတာ Creation မဟုတ်ပေတဲ့ ပြန်လည်ဖန်တီးပြတဲ့သဘော Re-creation တော့ ပါတယ်။ အရင်းခံအကြောင်းတစ်ရပ်ပေါ်မှာတည်ပြီး ပြန်လည်တည်ဆောက်ပြတာမျိုးပဲ။
တကယ်တမ်းတမ်းမှာတော့ ဝေဖန်ရေးကို အနုပညာရယ်လို့ပြောဖို့ (သတ်မှတ်ပိုင်းခြင်းလိုက်ဖို့) သိပ်မလွယ်လှဘူး။ အင်္ဂလိပ်လိုရေးတဲ့ The art of criticism မှာ Art ဟာ အနုပညာရယ်လို့ ရည်ရွယ်ထားတာမဟုတ်ဘူး။ ပညာပဲ။ ဒါကြောင့်မို့လို့ တချို့နေရာတွင်မှာ The science of criticism လို့ ရေးကြတာ။ ဒါကလည်း ပညာလို့ပဲ ရည်ညွှန်းပြောတာ။ ၀ိဇ္ဇာတွေ၊ သိပ္ပံတွေ၊ အနုပညာတွေကို ဆိုလိုတာမဟုတ်ဘူး။ ဆွန်ဇဘင်ဇာကို အင်္ဂလိပ်လို Sun Zu Art of War လို့ ဆိုတယ်။ စစ်ရဲ့ အနုပညာမဟုတ်ဘူး။ စစ်ပညာပဲ [စာရေးဆရာကြီး တိုက်စိုးက (ထင်တယ်) ပြောဖူးတယ်။ ကျွန်တော်တို့ Art နဲ့ Science ကို ၀ိဇ္ဇာနဲ့သိပ္ပံလို့ လုပ်ကတည်းက လွဲကုန်တာပဲ။ အမှန်မှာတော့ ပညာပဲတဲ့] သူတို့ဆီမှာတော့ ၁၉ ရာစု ကာလရဲ့ ဒုတိယပိုင်းလောက်ကစပြီး စနစ်တကျ ဝေဖန်ရေးတွေ ပေါ်ခဲ့တယ် (ဆိုလိုတာက၊ ဒီအရင်ကဟာတွေမှာ ခိုင်မာတဲ့ပညာရပ် အခြေခံပုံစံမျိုးနဲ့ ဝေဖန်တာနည်းတယ်။) ကျွန်တော်တို့ဆီမှာတော့ ခုချိန်အထိ (ရှေ့မှာ ညွှန်းခဲ့တဲ့ ဆောင်းပါးရှင်အလိုအရတော့) `စာပေဝေဖန်ရေးဟူသည် စာပေကိုဖတ်ရှုလေ့လာပြီး ကြောင်းကျိုးထောက်ပြဝေဖန်သော ပညာရပ်ဟုလည်း ဆိုနိုင်ပါသည်´ တဲ့။ ဒီအဆိုနဲ့ပတ်သက်လို့ ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တို့လူမျိုးအနေနဲ့ စာပေဝေဖန်ရေးဆိုတာကို ဒီထက် အတော်ကလေးမြှင့်ပြီး မြင်တတ်ဖို့လိုပြီလို့ ထင်တယ်။ အချိန်တန်ပြီ။ ဆိုလိုတာက အရေးအသားတစ်ခုကိုဖတ်ပြီး ဘာအကြောင်းအကျိုးနဲ့ ထောက်ပြမှာလဲ။ ကျုပ်ယောက္ခမကြီးက ဒီစာအုပ်မကောင်းဘူးပြောလို့ ဒီစာအုပ်မကောင်းဘူးလို့ပြောတာလည်း အကြောင်းအကျိုးနဲ့ပဲ။ ဒါပေတဲ့ ဒီကနေ့ခေတ်ကာလမှာ ဒီလိုကြောင်းကျိုးပြတာမျိုးဟာ ပြည့်စုံလုံလောက်တဲ့ ဆင်ခြေတစ်ရပ်မဟုတ်တော့ဘူး။ ပညာရပ်အခြေခံ အဆိုတစ်စုံတစ်ရာနဲ့ ညှိနိုင်မှ၊ ယှဉ်ပြနိုင်မှ၊ ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်ပြနိုင်မှ၊ စနစ်တကျဝေဖန်ရေးဖြစ်မှာ။
နောက်တစ်ချက်က `... စာပေဝေဖန်ရေးသည် ကောင်းလျှင် ကောင်းသည့်အချက် ထောက်ပြရသလို ဆိုးလျှင် ဆိုးသည့်အချက်ကို ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်ရသော အနုပညာပင်ဖြစ်သည်´ ဆိုတဲ့အချက်။ ကောင်းပြီ။ `... ကောင်းလျှင် ကောင်းသလို´ ဆိုတဲ့အချက်မှာ ဘယ်လိုကောင်းတာလဲ။ ဘယ်လိုဟာမျိုးကို ကောင်းတယ်ခေါ်သလဲ။ ကောင်းတယ်လို့ အဆိုပြုဖို့ဟာက ဘယ်သူ့ရဲ့ `စံ´ နဲ့လဲ။ ကောင်းတယ်ဆိုတာကိုပြောဖို့၊ အဆိုပြုဖို့ဆိုတာက မလွယ်လှဘူး။ စာပေလိုဟာမျိုးမပြောနဲ့၊ မုန့်ဟင်းခါးတစ်ပွဲကိုတောင် လွယ်လွယ်ပြောဖို့ မလွယ်လှဘူး။ စာပေအပါအ၀င် အနုပညာတစ်စုံတရာကို ကောင်း၏၊ မကောင်း၏ ပြောနိုင်ဖို့ဆိုတာကို မပြောခင် ကိုယ်က ဘာနဲ့တိုင်းမယ်ဆိုတာကို သိထားဦးမှ။။ `ဒီအချက်ကလေးကတော့ အကောင်းသား´ ဆိုပြီး ထောက်ပြတဲ့လေမျိုးတွေ မြန်မာစာပေလောကမှာ ဝေဖန်ရေးယောင်ယောင်တွေ ရေးလေ့ရှိတယ်။ စာတစ်ပုဒ်၊ စာတစ်အုပ်ထဲက အချက်တစ်ခု (တစ်ခုထက်ပိုနိုင်တယ်) ကို ကောင်းလှချည်သြ လုပ်ပြနိုင်ရုံနဲ့ စာပေဝေဖန်ရေး ဖြစ်မှာတဲ့လား။ အဲဒီလောက်ရေးတာကို စာပေဝေဖန်ရေးပဲရယ်လို့ ထင်တဲ့ အဆင့်အတန်းလောက်မှာတော့ ဟုတ်ကောင်းဟုတ်မယ်။ တကယ့်စာပေဝေဖန်ရေးတော့ မဖြစ်နိုင်ဘူး။ တကယ့်စာပေဝေဖန်ရေးမှာ ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်မှုဟာ လိုအပ်တယ်။ ဒီလိုပဲ `... ဆိုးရင်ဆိုးသည့်အချက်ကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဝေဖန်ရသော အနုပညာပင်ဖြစ်သည်´ ဆိုတဲ့ အချက်မှာလည်း ဆိုးတာကို ခွဲခြမ်းစိတ်ဖြာအကဲဖြတ်ဖို့ စံတွေလိုတယ်။ ဒီနေရာမှာ `ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဝေဖန်ရသော..´ ဆိုတဲ့အချက်ကိုထပ်ပြီး ဂရုပြုလေ့လာကြည့်ကြစေချင်တယ်။ ဓမ္မဓိဋ္ဌာန်ကျကျလို့ ဆိုရာမှာ ဘယ်သူ့ရဲ့ဓမ္မဓိဋ္ဌာန်ကျမှုလဲ၊ ဆိုတာက အဓိကပြဿနာ (ပြဿနာဆိုတာက ဆက်လက်နှီးနှောဖို့လိုသေးတဲ့သဘောနဲ့ ဒီနေရာမှာ ယူပါတယ်) ဝေဖန်သူရဲ့ ရပ်တည်နေတဲ့ အနေအထားအထဲ ဓမ္မဓိဋ္ဌာန်ကျမှု ဖြစ်ရလိမ့်မယ်။ ဝေဖန်သူကိုယ်တိုင်က သူဘယ်မှာ ရပ်တည်နေတယ်ဆိုတာကို မပြောနိုင်ရင် (မဖော်ထုတ်နိုင်ရင်) ဓမ္မဓိဋ္ဌာန်ကျပြစရာ ရှိမှာမဟုတ်ဘူး။ ဆိုလိုတာက ၀ါဒ၊ စနစ်၊ အမြင်၊ ပညာရပ် တစ်ခုခုအထဲကနေ ပြီးတော့မှသာ ဓမ္မဓိဋ္ဌာန်ကျပြလို့ရမယ်။ ဥပမာ မာ့(စ်)ရဲ့ အနုပညာဆိုင်ရာအဆိုတွေ [ဒီမှာ မာ့(စ်)၀ါဒကို ဆိုလိုတာမဟုတ်ပါ] အရ ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်တယ်လို့ ပြောနိုင်တယ်။ ဒါပေတဲ့လည်း ဒီဓမ္မဓိဋ္ဌာန်ကျတယ်ဆိုတဲ့ အသုံးအနှုန်းကိုက ဝေဖန်ရေးပညာရပ်ထဲမှာ မလိုအပ်ဘဲ လှိုင်လှိုင်ချည်းသုံးနေတဲ့ အသုံးအနှုန်းဖြစ်နေပြန်တယ်။ (တခြားနေရာတွေမှာ လိုအပ်ကောင်း လိုအပ်မယ်) ဒီအသုံးအနှုန်းဟာ ဆိုရှယ်လစ်ခေတ်မှာ အတော့်ကိုသုံးခဲ့ကြပြီး နောက်ပိုင်းမှာ ဆိုရှယ်လစ်လက်ကျန် ခပ်တိုင်းငန်တွေက မဆင်မခြင်နဲ့ ဆက်သုံးလာခဲ့ကြတယ်။ ၀ါဒ၊ စနစ်၊ အမြင်၊ ပညာရပ်တစ်ခုခုအထဲကနေ လေ့လာ၊ စိစစ်၊ ဝေဖန်တဲ့အခါ ဓမ္မဓိဋ္ဌာန်ကျလေ့လာ၊ စိစစ်၊ ဝေဖန်တယ်လို့ အဆိုပြုလိုက်ခြင်းအားဖြင့် အဲဒီ ၀ါဒ၊ စနစ်၊ အမြင်၊ ပညာရပ်တစ်ခုခုဟာ လုံးဝ အားကိုးအားထားပြုနိုင်မှု မရှိသေးတဲ့သဘော ဆောင်သွားတယ်။ အပြည့်အ၀ လက်မခံနိုင်သေးတဲ့သဘော သက်ရောက်သွားတယ်။ ဥပမာ ဗုဒ္ဓ၀ါဒအမြင်အရ စိစစ်ကြည့်တယ်ဆိုတာနဲ့ ဗုဒ္ဓ၀ါဒအမြင်အရ ဓမ္မဓိဋ္ဌာန်ကျကျ စိစစ်လေ့လာကြည့်တယ်ဆိုတာဟာ မတူကြဘူး။ ဗုဒ္ဓ၀ါဒအမြင်အရ စိစစ်ကြည့်တယ်ဆိုတာက သံသယကင်းရှင်းစွာနဲ့ ရှိရင်းစွဲအဆိုတွေအတိုင်း ပြုမူတာ။ ဗုဒ္ဓ၀ါဒအမြင်အရ ဓမ္မဓိဋ္ဌာန်ကျ စိစစ်ကြည့်တ်ဆိုတာက ရှိရင်းစွဲအဆိုတွေအတွင်းမှာ သံသယတစ်စုံတရာရှိနေခဲ့လို့ ဓမ္မဓိဋ္ဌာန်ကျအောင် ကြံဆောင်အားထုတ်ပြီး ပြုမူတာ။ သဘောက လုံးဝဥဿုံသဘောတူထားခြင်း မရှိဘဲလျှက် မိမိက ဓမ္မဓိဋ္ဌာန်ကျအောင် အားထုတ်ပြီး စိစစ်လေ့လာတဲ့သဘောပဲ။ ဒီတော့ `ဓမ္မဓိဋ္ဌာန်ကျကျ´ ဆိုတဲ့ စာလုံး/စကားလုံးကို ဆိုရှယ်လစ်လက်ကျန် ခပ်တိုင်းငန်တွေ လက်ဖွာဖွာနဲ့ လျှောက်သုံးလာသလိုမျိုး နေရာတကာလိုက်သုံးနေလို့ကတော့ မသင့်ဘူး။ အထူးသဖြင့် ဝေဖန်ရေးအပိုင်းမှာ၊ စနစ်တကျစာပေဝေဖန်ရေးမှာ (အင်္ဂလိပ်ဘာသာစကားအရ သုံးတဲ့ Objective criticism ဆိုတာက ပုဂ္ဂလိကဆန္ဒအရ ပေါ်ပေါက်တတ်တဲ့ တုံ့ပြန်မှုတွေမှာ ဘက်မလိုက်ဖို့ Unbiased ၊ တစ်ဖတ်သက် အစွန်းရောက်အမြင်မရှိဖို့ Uneccentric ပဲ။ ဝေဖန်ရေးမှာ ထောက်ထောက်ထားထား၊ ရောက်ရောက်ရားရား ပါရှိရမယ်။ အထင် Opinion နဲ့ လျှောက်ရေးတာမျိုး မဟုတ်ဘူး။ တစ်နည်း ခပ်လွယ်လွယ်ဆိုရရင်တော့ Objective Criticism ဟာ သိပ္ပံပညာမှာ ပြုမူလုပ်ကိုင်ကြသလို တိကျတဲ့ စည်းကမ်းကလနားတွေနဲ့ လုပ်ဖို့ပဲ စပ်လျဉ်းနေလို့ တစ်ဆက်တည်းတင်ပြရရင် အင်္ဂလိပ်လို Subjective criticism ဆိုတာကိုလည်း ပုဂ္ဂလဓိဋ္ဌာန်ကျတဲ့ ဝေဖန်ရေးပဲလို့ နားလည်မထားကြစေချင်ဘူး။ အနုပညာဟာ ကန့်သတ်ပိုင်းခြားပြီး ကုန်ပစ္စည်းတွေကို အလုပ်ရုံက ထုတ်လုပ်ပေးလိုက်တာမျိုးမဟုတ်ဘူး။ သီးခြားသဘောဆောင်ကြတယ်။ ဒီတော့ ယတိပြတ်သဘောနဲ့ ဝေဖန်ပိုင်းခြားပစ်လို့ မရနိုင်ဘူးဆိုတဲ့ သဘောပဲ။ ဆိုလိုတာက `က´ ကိုမြင်တိုင်း `က´ ကိုရည်ညွှန်းတာပဲလို့ အနုပညာဖန်တီးမှုနယ်ပယ်မှာ လက်ခံထားလို့မရဘူးလို့ ဆိုချင်တာ။
နောက်တစ်ချက် စဉ်းစားကြည့်ကြစေချင်တာက `ဖြူစင်သောစိတ်ထားနှင့် ဘက်စုံရှုထောင့်မှ ယထာဘူတကျကျ ဝေဖန်တတ်ဖို့ လိုပါသည်´ ဆိုတဲ့အချက်နဲ့ `... စာပေဝေဖန်ရေးလုပ်သူ၏ ရိုးဖြောင့်ဖြူစင်သော အခြေခံစိတ်ဓါတ်အရေးကြီးပါသည်´ ဆိုတဲ့ အဆိုနှစ်ခုပဲ။ စာပေဝေဖန်ရေးလုပ်တဲ့လူမှာ ဘာကြောင့် `ဖြူစင်သောစိတ်ထား´ နဲ့ `ရိုးဖြောင့်ဖြူစင်သော အခြေခံစိတ်´ ရှိဖို့လိုသလဲ။ ကျွန်တော်တော့ စဉ်းစားမရဘူး။ စဉ်းစားလို့ မရ,ရတာက ဝေဖန်ရေးလုပ်တယ်ဆိုတာက ပညာရပ်အခြေခံ အသိတစ်စုံတရာအပေါ်မှာ အခြေခံပြီးလုပ်ရတာ။ အလုပ်တစ်ခုပဲ။ အားထုတ်မှုပြုရတဲ့ အပြုအမူတစ်ခုပဲ။ ဘယ်နေရာမှာ၊ ဘာကြောင့် `ဖြူစင်သောစိတ်ထား´ နဲ့ `ရိုးဖြောင့်ဖြူစင်သောအခြေခံစိတ်´ ထားရမှာလဲ။ ကုန်သည်ဟာ သူ့ကုန်ရောင်းဖို့ အားထုတ်သလို၊ စစ်သည်တော်ဟာ ရန်သူကိုအောင်နိုင်ဖို့ အားထုတ်သလို၊ ဝေဖန်ရေးပညာရှင်ကလည်း သူလုပ်ရမယ့် ဝေဖန္တိကပြုတာပဲ။ ချစ်လို့၊ မုန်းလို့၊ ရည်းစားဟောင်းဖြစ်လို့၊ မျက်နှာကြောမတည့်တဲ့ ယောက်ဖဖြစ်နေလို့ဆိုပြီး ဝေဖန်နေတာမှမဟုတ်ဘဲ။ သူ့အလုပ်၊ သူ့အားထုတ်မှုတစ်ခုပဲ။ နောက်တစ်ချက်က စာပေအပါအ၀င် အနုပညာဝေဖန်ရေးလုပ်တယ်ဆိုတာက နိဗ္ဗာန်ရောက်ရာရောက်ကြောင်း မဟုတ်ဘူး။ ဝေဖန်ရေးပညာရှင်အနေနဲ့ လိုအပ်တာက ဝေဖန်နိုင်စွမ်းရှိတဲ့ သိမှုအတိုင်းအတာပဲ။ ဉာဏ်ရည်ဉာဏ်သွေးပဲ။ သူလုပ်နေတာက လောကကိစ္စ။ သံသရာက လွတ်မြောက်ဖို့မဟုတ်ဘူး။ မလိုအပ်ဘဲ နေ့စဉ်ဘ၀အခြေခံ ရောထွေးနေတတ်တဲ့ လူမှုရေးနဲ့ ဘာသာရေးစံတွေကို တလွဲဆံပင်ကောင်းလိုက်လို့ မရဘူး။ ရောချလိုက်လို့မရဘူး။ ဖြီးတီးတီးနဲ့ စံတွေကို ရောချလိုက်လို့ မရနိုင်ဘူး။ ဒါပေတဲ့ ပြောစရာကတော့ ရှိနေတယ်။ ပညာရပ်အခြေခံမပါဘဲ ကိုယ်ထင်ရာလျှောက်ရေးရင်း ဝေဖန်ရေးပဲရယ်လို့ ကြွေးကြော်နေတဲ့ အလကားပဲတင်းတွေ၊ ဘာအခြေခံမျှမရှိဘဲ ဆရာကြီးဝင်လုပ်ပြချင်တာ တွင်းထဲကဖားကလေးတွေနဲ့ ဣဿာမစ္ဆရိယတစ်ခုတည်းနဲ့ တောရေးတောင်ရေးတဲ့လူတွေအနေနဲ့တော့၊ `ဖြူစင်သောစိတ်ထား´ နဲ့ `ရိုးဖြောင့်သောအခြေခံစိတ်´ တွေ ဘာတွေ လိုမယ်။ ဝေဖန်ရေးကို ပညာရပ်အခြေခံနဲ့ ရေးသားသူတွေအနေနဲ့တော့ သူ့အလုပ်သူ လုပ်တာမို့ ဒါတွေ မလိုဘူး။ (`အလုပ်´လို့ ဆိုတာကို `လုပ်ငန်း´ လို့ နားမလည်လိုက်စေချင်ဘူး)
ဆရာချိန်ဆိုသူရဲ့ အရေးအသားထဲမှာ ကျွန်တော်လက်ခံသဘောတူနိုင်တာကတော့ တစ်ချက်ပါတယ်။ အဲဒါက `စာပေဝေဖန်ရေးတွင် အရေးအကြီးဆုံးအချက်မှာ စည်းစနစ်အတွင်းမှ ဝေဖန်ရေးလုပ်ရမည်´ ဆိုတဲ့အချက်ပဲ။ ဒီအချက်ကတော့လည်း ရှေ့မှာ ကျွန်တော်တင်ပြခဲ့ပြီးတဲ့ အချက်တစ်ချက်ဖြစ်နေလို့ ထပ်ပြီး မဆွေးနွေးတော့ဘူး။ ဒါပေတဲ့ အဲဒီအောက်နားဆီမှာ ဆက်ဖော်ပြထားတဲ့အချက်တွေက ရှေ့မှာ ကျွန်တော်တင်ပြခဲ့သလို စာပေဝေဖန်ရေးနဲ့ သိပ်မဆိုင်တဲ့ အယူအဆတွေ။ ဥပမာ `... ဝေဖန်ရေးဆရာ၏ သမာသမတ်ရှိမှု၊ မွန်မြတ်မှန်ကန်သော ရည်ရွယ်ချက်ရှိမှုနှင့် စာပေအကျိုးစီးပွားဆီ ရှေးရှုဦးတည်မှုဟူသော အချက်များ မရှိမဖြစ်လိုအပ်ပါသည်´ ဆိုတာမျိုး။ မေးစရာရှိနေတာက ဝေဖန်ရေးပညာရှင်ဟာ ဘယ်ဟာအပေါ်မှာ ဘာကို သမာသမတ်ရှိရမှာလဲ ဆိုတဲ့အချက်က စရလိမ့်မယ်။ ဝေဖန်ရေးပညာရှင်အနေနဲ့ စာတစ်ပုဒ်၊ ဒါမှမဟုတ် စာတစ်အုပ်ကို ဖတ်မယ်။ ဒီစာအုပ်နဲ့ပတ်သက်လို့ သူလေ့လာထားခဲ့ရမျှ ပညာရပ်ဆိုင်ရာ စည်းကမ်းနည်းလမ်း အသီးသီးနဲ့ ချိန်ထိုးတွဲစပ်လေ့လာကြည့်မယ်။ နောက် ခွဲခြမ်းစိတ်ဖြာမယ်။ အကဲဖြတ်မယ်။ ဒီတော့ သူက ဘယ်နေရာမှာ ဘာကို သမာသမတ်ရှိရမှာလဲ။ သူဖတ်နေတဲ့စာအုပ်က သူ့ယောက်ဖရေးထားတာဖြစ်လို့ သူ့နှမမျက်နှာကိုထောက်ပြီး အကဲဖြတ်ရမှာလား။ ဝေဖန်ရေးပညာရှင်က သူလေ့လာထားတဲ့ ပညာဘက်က ရပ်တည်အကဲဖြတ်ရမှာလား။ သမာသမတ်ဆိုတာက စည်းရိုးပေါ်ခွထိုင်ပြီး လေချွန်နေတာကို ဆိုလိုတာလား။ ကျွန်တော်ကြုံဖူးကြားဖူးသရွေကတော့ ကမ္ဘာပေါ်မှာ ဝေဖန်ရေးပညာနဲ့ပတ်သက်လို့ ဘယ်သူကမျှ စိတ်ရင်းကောင်းရမယ်၊ ရိုးသားဖြူစင်ရမယ်၊ သမာသမတ်ရှိရမယ်လို့ မညွှန်းဖူးဘူး။ အဲဒီလိုရှိတယ်လို့လည်း ပြောသံဆိုသံ မကြားဖူးဘူး။ တကယ်တော့ ဝေဖန်ရေးဆိုတာကလည်း ဆယ့်ခြောက်နှစ်သားသမီး အပျင်းပြေလုပ်ကြတဲ့ အလုပ်မျိုးမှ မဟုတ်ဘဲ။ ကျွန်တော်တို့ဆီမှာသာ ဝေဖန်ရေးဆိုတာကို လူတိုင်းလုပ်လို့ရတဲ့ အလုပ်တစ်ခုသဘောမျိုးဖြစ်အောင် ခြင်ကိုက်မှာစိုးလို့ တောမခိုရဲတဲ့ မြို့နေ ယောင်ယောင်ကွန်မြူနစ်တွေက လမ်းပြခဲ့ကြတာ။ သူတို့နားလည်ခဲ့တဲ့ `ဝေဖန်ရေး´ ဆိုတာက နိုင်ငံရေးအသိ အခြေခံတဲ့ နိုင်ငံရေးသဘောမျိုး။ ပါတီတွင်း မိမိကိုယ်ကိုဝေဖန်ရေးတို့ ဘာတို့လုပ်တဲ့ပုံစံမျိုး။ ဒါက တကယ်တော့ စာပေအပါအ၀င် အနုပညာဝေဖန်ရေးမှမဟုတ်ဘဲ။
နောက်တစ်ချက်က `...မွန်မြတ်မှန်ကန်သော ရည်ရွယ်ချက်ရှိမှုနှင့် စာပေအကျိုးစီးပွားဆီ ရေးရှုမှုဟူသော အချက်များ´ ဆိုတာက စာပေဝေဖန်ရေးနဲ့ ဘယ်လိုဆိုင်သလဲ ဆိုတာပဲ။ ဘယ်လိုရည်ရွယ်ချက်မျိုးဟာ မွန်မြတ်လို့ စာပေဝေဖန်ရေးမှာ ဒီ-ရည်ရွယ်ချက်-ဆိုတာက လိုအပ်ရတာလဲ။ ရှေ့မှာတင်ပြခဲ့သလို စာပေဝေဖန်ရေးပညာရှင်တွေက သူတို့အနေနဲ့ ဝေဖန်ပြသင့်တယ်ထင်လို့ (ယုံကြည်လို့) စာတစ်ပုဒ်ကို၊ စာအုပ်တစ်အုပ်ကို ဝေဖန်တာပဲ။ တခြားရည်ရွယ်ချက် ရှိကြပုံတော့ မပေါ်ဘူး။ Intention လို့ အင်္ဂလိပ်လိုရေးလို့ ရှိတာက၊ အရေးအသားထဲကဟာ။ စာပေဝေဖန်ရေးပညာရှင်တွေ အလေးပေးတာက အရေးအသားရဲ့ အတွင်းကဟာ (အင်္ဂလိပ်လိုတော့ Attention to internal evidence ပဲ) မြန်မာပြည်မှာတော့ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို ဝေဖန်ရသောကြောင့် သံသရာမှအမြန်ဆုံးကျွတ်လွတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေသားရယ်လို့ မွန်မြတ်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ ဝေဖန်တဲ့သူများ ရှိနေခဲ့ရင်တော့ မပြောတတ်ဘူး။ စာပေအပါအ၀င် အနုပညာဝေဖန်ရေးပညာရှင်တွေဟာ သူတို့အလုပ် သူတို့လုပ်ကြတာပဲ။ သူတို့နိုင်သလောက် သူတို့လုပ်တယ်။ ဘာအကျိုးစီးပွား၊ ညာအကျိုးစီးပွားဆိုပြီး လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်မနေဘူး။ မပြည့်သေးတဲ့လူတွေလောက်သာ ဒီလိုကြွေးကြော်နေကြတာ။ စာပေရဲ့အကျိုးစီးပွားဆိုတာက စကားလုံးဖောင်းပွမှု သက်သက်ပဲ။ တကယ်တမ်းဖြစ်ပျက်နေတာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ တိုက်ရိုက်ရောင်ပြန်ဟပ်မှုပဲ။ ကနေ့ မြန်မာပြည်မှာ ကောင်မလေးတွေရုပ်ပုံပါတဲ့ မဂ္ဂဇင်းတွေ၊ ဗေဒင်ယောင်ယောင်ဘိုးတော်ယောင်ယောင်မဂ္ဂဇင်းတွေ ပေါလာတာ၊ ရောင်းအားတက်လာတာ လက်တွေ့ပဲ။ စာပေသက်သက်မဂ္ဂဇင်းတွေ၊ အသိပညာလက်ဆင့်ကမ်းပေးတဲ့မဂ္ဂဇင်းတွေဟာ ကိုယ့်ဘာသာ အောင်မောင်းတောင့်ထား လုပ်နေကြရတယ်။ ဒါဟာ စာဖတ်ပရိသတ်ရဲ့ အတိုင်းအတာကို ပြနေတာပဲ။ လူ့အဖွဲ့အစည်းမှာ အခြေခံထားတဲ့သိမှုက ရောင်ပြန်ဟပ်ထားတာပဲ။ ဒါကို စာပေဝေဖန်ရေးပညာရှင်က စာတစ်ပုဒ်ကို ဝေဖန်ဆန်းစစ်စိစစ်ပြလိုက်ရုံနဲ့ ဘာမျှဖြစ်မလာနိုင်ဘူး။ စာပေဝေဖန်ရေးဆိုတာက ကန့်သတ်အတိုင်းအတာရှိတဲ့ စာဖတ်ပရိသတ်အတွက်ပဲ။ လူတိုင်းအတွက် မဟုတ်ဘူး။ လူအများစုဟာ ပေါ်ပင်ပဲ သာယာမှာ။ ဒါက လူ့သဘော။ ဒီလူအများစုထဲကလူတွေ၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်လာကြတဲ့အခါ ပေါ်ပင်စာပေဘက်ကနေ စာပေသန့်သန့်ဘက်ကို တဖြည်းဖြည်းချင်း ပြောင်းလာမှာပဲ။ တစ်ချိန်တည်းမှာ ပညာရေးစနစ်ရဲ့ ပံ့ပိုးပေးချက်နဲ့အတူ စာဖတ်ဝါသနာပါသူတွေဟာ ဝေဖန်ရေးစာပေဘက်ကို စိတ်ဝင်စားလာမှာပဲ။ စာပေဝေဖန်ရေးအနေနဲ့က သာမန်စာဖတ်သူတွေကို ဘာမျှ လုပ်မပေးနိုင်ဘူး။ မလုပ်ဆို တော်ရုံတန်ရုံ စာဖတ်ပရိသတ်က စာပေဝေဖန်ရေးကို ဖတ်မှမဖတ်ဘဲ။ ကျွန်တော်တို့စာပေလောကမှာ ရီဗျူးရေးသမားကောင်းကောင်းတွေ ရှိခဲ့ဖူးတယ်။ ဥပမာ၊ (ဦး)အောင်သင်း၊ ကျော်စောမင်း၊ မောင်ခိုင်လတ်၊ ကိုလေးမြတ်... စတဲ့လူတွေ။ ခုဆို အဲဒီလူတွေကိုယ်တိုင်က ရီဗျူးသိပ်ရေးကြပုံ မပေါ်ဘူး။ ပေါ့ပေါ့ပါးပါးကလေးတွေပဲ ရေးနေကြပုံရတယ်။ မဂ္ဂဇင်းတချို့မှာတော့ လေးငါးဆယ်ကြောင်းစာ အညွှန်းကလေးတွေ ဖတ်လာရတယ်။ တစ်အုပ်ချင်း၊ တစ်ပုဒ်ချင်း ခွဲခြမ်းစိတ်ဖြာပြီး စိစစ်လေ့လာတာမျိုး၊ ဖျင်ပြတာမျိုး မလုပ်တော့ဘူး။ သူတို့ကိုတော့လည်း အပြစ်မတင်နိုင်ဘူး။ ရီဗျူးရေးတာက အချိန်ကုန်တယ်။ တခြားဟာတွေလည်း ဖတ်ရသေးတယ်။ တစ်လကို ရီဗျူးတစ်ပုဒ်လောက်ရေးရုံနဲ့ စားဝတ်နေရေးအတွက် တွက်ခြေကိုက်မယ် မထင်ဘူး။ ကုလသမဂ္ဂလိုနေရာမျိုးက ပင်စင်ကောင်းကောင်းရထားတဲ့ သံအမတ်ကြီးဟောင်းတွေ၊ တက္ကသိုလ်ပါမောက္ခဘ၀ကနေ ပင်စင်ယူသွားပြီး အေးအေးလူလူနေနိုင်တဲ့ (စာပေနဲပဘာသာစကားကို ရင်းနှီးကျွမ်းဝင်ရင်းစွဲဖြစ်တဲ့ ဥပမာ ဆရာဦးခင်အေးတို့လို) လူတွေက အချိန်ကုန်ခံပြီး ရေးပါမှပဲ။
အကြောင်းသင့်နေလို့ ခရီးသွားဟန်လွဲထည့်ပြီး ဆွေးနွေးချင်တာလေး တစ်ခုနှစ်ခုလောက် ဆွေးနွေးပါရစေ။ ညွှန်းခဲ့တဲ့ ဆောင်းပါးထဲမှာ ပါတဲ့ အချက်ကနေပဲ စပါရစေ။ တို့ဗမာအစည်းအရုံးက ကြွေးကြော်ခဲ့တယ်ဆိုတဲ့ `ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စကား..´ စတဲ့ ကြွေးကြော်ချက်နဲ့ ပတ်သက်လို့ပါ။ ဒီ-ကြွေးကြော်ချက်- ဟာ ကိုလိုနီခေတ်ကာလအတွင်းက မျိုးချစ်စိတ်ထက်သန်ရေးအတွက် ကြွေးကြော်ခဲ့တာ။ မြန်မာလိုပဲ၊ ကိုလိုနီလက်အောက်ရောက်ခဲ့တဲ့ နိုင်ငံတွေမှာလည်း မျိုးချစ်စိတ်ထက်သန်ရေးအတွက် လှုံ့ဆော်မှုတွေ ရှိခဲ့ကြတယ်။ ခုတော့ ကိုလိုနီလက်အောက်ကလွတ်တာ ကြာခဲ့ပါပြီ။ ဒီ့ပြင် မြန်မာစာ၊ မြန်မာစကားဆိုတာ မြန်မာတို့ရဲ့စာ၊ မြန်မာတို့ရဲ့စကားဆိုတာ မဟုတ်ဘူးလို့ ဘယ်သူကမျှ ကန့်ကွက်ငြင်းဆိုတယ်ရယ်လို့ မကြားမိပါဘူး။ ဒါပေတဲ့ ခက်နေတာတစ်ခုက အဲဒီ `မြန်မာစာ၊ မြန်မာစကား´ ဆိုတာကို မြန်မာတွေကိုယ်တိုင်က သိပ်ပြီး တန်ဖိုးမထားကြတော့တာပဲ။ ခုဆို မြန်မာအသံထွက်ကို မပီမသ အသံထွက်တာကို ဂုဏ်ယူစရာလိုလို ဖြစ်နေတယ်။ `မြန်မာဖြစ်သည် တို့အ၀တ်´ ဆိုတာ မရှိသလောက်ပဲ။ မြန်မာစာပေလောကထဲမှာတော့ နိုင်ငံရပ်ခြားစာလုံး/စကားလုံးတွေကို ဘယ်သူကမျှ စိတ်ရှည်လက်ရှည် အနက်ဖလှယ်ဖို့ မစဉ်းစားတော့ဘူး။ ကျွန်တော်ဆိုလိုတာက ကွန်ပျူတာကို ကွန်ပျူတာလို့ ခေါ်တာမျိုးကို လက်ခံပါတယ်။ ခုခါမှ အနက်ဖွင့်နေလို့ အလကားပဲ။ ဒါပေတဲ့ ဘီဇနက်လိုဟာမျိုး၊ အက်ဂျူကေးရှင်းတို့၊ နောလိပ်တို့လိုဟာမျိုးတွေကို တန်းရေးချလိုက်တာကတော့ အတော်လွန်သွားတယ်ထင်တယ်။ ဒီလိုလုပ်တာမျိုးတွေကတော့ ခေတ်မီအောင်လုပ်တာ မဟုတ်တော့ဘူး။ (ခေတ်မီအောင်လုပ်တာမျိုးကို လက်ခံပါတယ်) ခုဟာက အရမ်းဘာသာပြန်ငနဲတွေရဲ့ ပိုက်ဆံနောက်အလွန်လိုက်ပြီး ပျင်းရိမှုတစ်ရပ်ပဲ။ တရုတ်ပြည်မှာတောင် မလိုအပ်ဘဲ နိုင်ငံခြားစာလုံးတွေ သုံးတာနဲ့ပတ်သက်လို့ သတိပေးတာရှိတယ်။ တစ်နိုင်ငံလုံးက ကာလတရားရဲ့ ရွေ့လျောသွားခြင်းနဲ့အတူ ပျော်ပျော်ပါးပါးချည်းပဲ လိုက်ပါသွားကြစို့ရယ်။ ယဉ်ကျေးမှုဆိုတာက စီးမျောတတ်တဲ့သဘော ရှိတာပဲ။ အစဉ်အလာယဉ်ကျေးမှုနဲ့ပတ်သက်လို့ ယဉ်ကျေးမှုတက္ကသိုလ်ဆီမှာ ချွင်ချွင်ချပ်ရယ်လို့ စည်းဝါးလိုက်တတ်တဲ့ လူနှစ်ယောက်သုံးယောက်ရှိရင် ပြီးပါသော်ကောလို့ သဘောထားခဲ့ကြပြီဆိုရင်ဖြင့် စာရေးတဲ့လူတွေအနေနဲ့ မြန်မာစာသည်တို့စာ၊ တို့စာကို တို့လေးစားပါကိစ္စကို မလိုအပ်ဘဲပြန်ပြီး အစဆွဲထုတ်မနေစေချင်တော့ဘူး။ ဘာသာစကားဆိုတာက လူမျိုးတစ်မျိုး ဖြစ်-ရှိနေခြင်းရဲ့ ဂုဏ်ရည်တစ်ရပ်ပဲ။ ဘာသာစကားကို တန်ဖိုးထားရမှန်းမသိတဲ့ အနေအထားရောက်လာပြီ ဆိုရင်တော့လည်း ဘ၀ကို ကျေကျေနပ်နပ်နဲ့ အရှုံးပေးလိုက်တဲ့လူတွေ ပြောလေ့ရှိတတ်သလို အရာရာဟာ အနိစ္စပဲရယ်လို့ ပြောဖို့ပဲ ကျန်တော့တယ်မဟုတ်လား။
အချိန်ရရင်ဖြင့် စာပေဝေဖန်ရေးနဲ့ပတ်သက်လို့ ကျွန်တော်ဆွေးနွေးပါဦးမယ်။ စာဖတ်တဲ့လူတွေအနေနဲ့ `စာပေဝေဖန်ရေး´ ဆိုတာနဲ့ပတ်သက်လို့ အစဉ်အလာက လက်ခံထားခဲ့တဲ့ မရေမရာအမြင်တွေ၊ သောင်မတိုက်ကမ်းမဆိုက် အညွှန်းတွေအထဲက ခုန်ထွက်ကြဖို့ တန်ပြီလို့တော့ဖြင့် ကျွန်တော်မြင်မိတယ်။ လူငယ်တွေ စနစ်တကျ စာပေဝေဖန်ရေးကို စိတ်ဝင်စားလာတာ ကောင်းတဲ့လက္ခဏာပဲ။ ဘာသာစကားမတူညီမှုအတွင်းက အနက်ယူတော့လည်း မလွဲကြစေချင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်လပ်ရေးရတာတောင် နှစ်ငါးဆယ်ကျော်ခဲ့ပြီဆိုတာတော့ မမေ့ကြစေချင်ဘူး။ ။

မြင့်သန်း
စက်တင်ဘာ ၂၀၁၀၊ ရနံ့သစ်
ကုန်သည်ဟာ သူ့ကုန်ရောင်းဖို့ အားထုတ်သလို၊ စစ်သည်တော်ဟာ ရန်သူကိုအောင်နိုင်ဖို့ အားထုတ်သလို၊ ဝေဖန်ရေးပညာရှင်ကလည်း သူလုပ်ရမယ့် ဝေဖန္တိကပြုတာပဲ။ ချစ်လို့၊ မုန်းလို့၊ ရည်းစားဟောင်းဖြစ်လို့၊ မျက်နှာကြောမတည့်တဲ့ ယောက်ဖဖြစ်နေလို့ဆိုပြီး ဝေဖန်နေတာမှမဟုတ်ဘဲ။ သူ့အလုပ်၊ သူ့အားထုတ်မှုတစ်ခုပဲ။ည့်မယ်။ နောက် ခွဲခြမ်းစိတ်ဖြာမယ်။ အကဲဖြတ်မယ်။ ဒီတော့ သူက ဘယ်နေရာမှာ ဘာကို သမာသမတ်ရှိရမှာလဲ။ သူဖတ်နေတဲ့စာအုပ်က သူ့ယောက်ဖရေးထားတာဖြစ်လို့ သူ့နှမမျက်နှာကိုထောက်ပြီး အကဲဖြတ်ရမှာလား။ ဝေဖန်ရေးပညာရှင်က သူလေ့လာထားတဲ့ ပညာဘက်က ရပ်တည်အကဲဖြတ်ရမှာလား။ သမာသမတ်ဆိုတာက စည်းရိုးပေါ်ခွထိုင်ပြီး လေချွန်နေတာကို ဆိုလိုတာလား မြန်မာပြည်မှာတော့ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို ဝေဖန်ရသောကြောင့် သံသရာမှအမြန်ဆုံးကျွတ်လွတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေသားရယ်လို့ မွန်မြတ်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ ဝေဖန်တဲ့သူများ ရှိနေခဲ့ရင်တော့ မပြောတတ်ဘူး။ အသိပညာလက်ဆင့်ကမ်းပေးတဲ့မဂ္ဂဇင်းတွေဟာ ကိုယ့်ဘာသာ အောင်မောင်းတောင့်ထား လုပ်နေကြရတယ်။ ဒါဟာ စာဖတ်ပရိသတ်ရဲ့ အတိုင်းအတာကို ပြနေတာပဲ။ဘ၀ကို ကျေကျေနပ်နပ်နဲ့ အရှုံးပေးလိုက်တဲ့လူတွေ ပြောလေ့ရှိတတ်သလို အရာရာဟာ အနိစ္စပဲရယ်လို့ ပြောဖို့ပဲ ကျန်တော့တယ်မဟုတ်လား။
ReplyDeleteအဲဒါတွေ သဘောကျတယ်ဗျာ။
ယဉ်ကျေးမှုဆိုတာက စီးမျောတတ်တဲ့သဘော ရှိတာပဲ။
ReplyDeleteI agreed on this point, in addition culture flows from higher to lower plain. We, Myanmar watch India, China and West movies those are higher land.