Skip to main content

မိုးထဲက ကြောင်

ဟိုတယ်တွင် အမေရိကန်လူမျိုးဟူ၍ သူတို့နှစ်ဦးသာ ရှိသည်။ အခန်းသို့ အ၀င်အထွက် လှေကားမှ ဖြတ်သွားဖြတ်လာ လူများအား တစ်ဦးတစ်ယောက်မျှ သူတို့မသိ။ သူတို့အခန်းက ဒုတိယအလွှာတွင်ရှိပြီး ပင်လယ်ဘက်သို့ မျက်နှာမူထားသည်။ ထို့ပြင် ပန်းခြံတစ်ခုနှင့် စစ်ပြတိုက်တစ်ခုတို့နှင့်လည်း မျက်နှာချင်းဆိုင်ပင် ဖြစ်၏။ ပန်းခြံထဲတွင် ထန်းပင်ကြီးကြီးများနှင့် အစိမ်းရောင်ခုံတန်းများ  ရှိသည်။ ရာသီဥတုသာယာသည့် အခါများဆိုလျှင် သုံးချောင်းထောက်နှင့် ပန်းချီဆရာတစ်ဦးတလေကို အမြဲတွေ့ရလေ့ရှိသည်။ ပန်းချီဆရာများအနေဖြင့် ထန်းပင်များပေါက်နေသည့် အနေအထားနှင့် ပန်းခြံနှင့်ပင်လယ်ကို မျက်နှာမူထားသော  ဟိုတယ်အရောင်တောက်တောက်အား သဘောကျကြသည်။ အီတလီလူမျိုးများက  စစ်ပြတိုက်အားကြည့်ရှုရန် ရပ်ဝေးများမှ လာရောက်ကြသည်။ ကြေးဖြင့် တည်ဆောက်ထားသည့် စစ်ပြတိုက်သည် မိုးရေစက်များအောက် တဖိတ်ဖိတ်တောက် နေ၏။ အပြင်တွင် မိုးရွာနေသည်။ ထန်းပင်များပေါ်မှ မိုးရေစက်များ တစက်စက်ကျနေ၏။ ကျောက်ခင်းလမ်းများပေါ်တွင် ရေကွက်ကလေးများ တင်နေသည်။ မိုးစက်များအောက်တွင် ပင်လယ်ရေသည် ကုန်းပေါ်သို့ ကျူးကျော်ဝင်ရောက်လာပြီး ကမ်းစပ်သို့ပြန်လည်လျှောဆင်းသွားကာ နောက်တစ်ကြိမ် ထပ်မံကျူးကျော်ရန် အားယူနေသည်။ စစ်ပြတိုက်ဘေးမှ ကွက်လပ်တွင် မော်တော်ကားများ မရှိတော့။ ထိုကွက်လပ်၏ တစ်ဘက်ရှိ ကော်ဖီဆိုင်တံခါးပေါက်တွင် စားပွဲထိုးတစ်ဦးရပ်နေကာ ဗလာကျင်းနေသည့်ကွက်လပ်အား ကြည့်နေသည်။

အမေရိကန်အမျိုးသမီးက ပြတင်းပေါက်တွင်ရပ်၍ အပြင်သို့ ငေးကြည့်နေခြင်းဖြစ်၏။ သူတို့ပြတင်းပေါက်၏ အပြင် ညာဘက်အောက်ခြေတွင် ရေများစီးကျနေသည့် အစိမ်းရောင်စားပွဲခုံတစ်လုံးအောက်၌ ကြောင်တစ်ကောင် ၀ပ်နေသည်။ ကြောင်က မိုးစက်များသူ့အပေါ်မကျအောင် သူ့ကိုယ်သူ အစွမ်းကုန် ကျုံ့ထားသည်။
`ကျွန်မ အောက်ဆင်းပြီး ပူစီလေးကိုသွားခေါ်လိုက်မယ်´ ဟု အမေရိကန်အမျိုးသမီးက ပြောလိုက်သည်။
`ကိုယ်သွားခေါ်မယ်လေ´ သူ့ခင်ပွန်းက အိပ်ယာပေါ်မှနေ၍ လှမ်းပြောလိုက်သည်။
`ဟင့်အင်း၊ ကျွန်မသွားခေါ်လိုက်မယ်။ အပြင်မှာ ပူစီလေးတစ်ကောင် စားပွဲအောက်မှာ မိုးခိုနေတယ်´
အမျိုးသားက ကုတင်ခြေရင်းရှိ ခေါင်းအုံးနှစ်လုံးထပ်ပေါ်တွင်မှီရင်း စာဆက်ဖတ်နေသည်။
`မိုးမစိုစေနဲ့ဦး..´ ဟု သူက ပြောလိုက်သည်။
အမျိုးသမီး လှေကားအတိုင်းဆင်းသွားပြီးနောက် ရုံးခန်းထဲအဖြတ်တွင် ဟိုတယ်ပိုင်ရှင်က မတ်တပ်ရပ်ပြီး အရိုအသေပြုလိုက်သည်။ သူ့စားပွဲခုံက ရုံခန်း၏ အတွင်းဘက်ဆုံးတွင် ဖြစ်၏။ အသက်ကြီးကြီးနှင့် အရပ်အလွန်မြင့်သည့် လူတစ်ယောက်ပင်။
`မိုးရွာနေတယ်´ ဟု အမျိုးသမီးက အီတလီဘာသာဖြင့် ပြောလိုက်သည်။ သူမ ဟိုတယ်ပိုင်ရှင်ကို သဘောကျမိသည်။
`ရာသီဥတုက တော်တော်ဆိုးပါတယ်´
ပိုင်ရှင်က မှုန်ပြပြ အခန်း၏ အတွင်းဘက်အစွန်းရှိ သူ၏ စားပွဲနောက်တွင် မတ်တပ်ရပ်နေသည်။ အမျိုးသမီးက သူ့ကို သဘောကျသည်။ တောင်းဆိုချက်များအား နားထောင်သည့် သူ၏ လေးနက်လှသည့်ဟန်ပန်အား သူမ သဘောကျသည်။ သူ၏ ဣနြေ္ဒသိက္ခာအား သူမ သဘောကျသည်။ သူမအား သူဧည့်ခံသည့် ပုံစံအား သူမ သဘောကျသည်။ ဟိုတယ်ပိုင်ရှင်တစ်ယောက်အနေဖြင့် ရှိသော သဘောထားအား သူမ သဘောကျသည်။ သူ၏ တည်ငြိမ်သော မျက်နှာနှင့် ကြီးမားသောလက်များအား သူမ သဘောကျသည်။

သဘောကျနေရင်းဖြင့်ပင် သူမက တံခါးကိုဖွင့်ကာ အပြင်သို့မျှော်ကြည့်လိုက်၏။ မိုးက ပို၍ပင် သည်းနေသည်။ ရာဘာလက်ပြတ်အင်္ကျီနှင့် လူတစ်ယောက် ကော်ဖီဆိုင်ရှိရာဆီသို့ မြေကွက်လပ်အားဖြတ်သန်းသွားနေသည်။ ကြောင်က ညာဘက်နားတစ်ဝိုက်တွင် ရှိလိမ့်မည်။ တံစက်မြိတ်အောက် တစ်လျှောက်တွင်လည်း ရောက်ချင်ရောက်နေနိုင်သည်။ သူမ တံခါးဝတွင်ရပ်နေစဉ်တွင်ပင် နောက်မှ ထီးတစ်ချောင်းပွင့်လာ၏။ သူမတို့ အခန်းအား တာဝန်ယူသည့် ဟိုတယ်အကူမိန်းကလေး ဖြစ်သည်။
`မိုးစိုလို့မဖြစ်ဘူး´ ဟု အကူမိန်းကလေးက ပြုံးရင်း အီတလီဘာသာဖြင့် ပြောလိုက်၏။
သူမအား ဟိုတယ်ပိုင်ရှင်က လွှတ်လိုက်ခြင်းပင်။
အကူမိန်းကလေး မိုးပေးထားသည့် ထီးအောက်မှ ပြတင်းပေါက်အောက်ခြေရောက်သည်အထိ ကျောက်ခင်းလမ်းကလေးအတိုင်း သူမ လျှောက်လာခဲ့သည်။ မိုးရေအောက်တွင် စိမ်းစိမ်းတောက်နေသည့် စားပွဲက ရှိနေသော်လည်း ကြောင်မရှိတော့။ ရုတ်တရက်ဆိုသလို သူမ မကျေမနပ်ဖြစ်သွား၏။ အကူမိန်းကလေးက သူမကို မော့ကြည့်သည်။
`တစ်ခုခုပျောက်သွားလို့လားရှင်´
`ကြောင်တစ်ကောင် ရှိနေလို့´ ဟု အမေရိကန်မိန်းကလေးက ပြောလိုက်သည်။
`ကြောင်လား၊ မိုးရေထဲမှာ ကြောင်လား´
အကူမိန်းကလေးက ရယ်လိုက်သည်။
`အင်း..၊ ဒီစားပွဲအောက်မှာ´ ဟု သူမက ပြောပြီးနောက် `အို အဲဒီကြောင်လေးကို လိုချင်လိုက်တာ၊ ပူစီလေးတစ်ကောင် လိုချင်တယ်´ ဟု ဆက်ပြောလိုက်သည်။
သူမ အင်္ဂလိပ်လိုပြောလိုက်ချိန်တွင် အကူမိန်းကလေး၏မျက်နှာ ပြောင်းသွားသည်။ `မိုးစိုလိမ့်မယ်။ ကျွန်မတို့ အထဲပြန်ဝင်မှ´
`အင်း.. ၀င်တာပေါ့´ ဟု အမေရိကန် မိန်းကလေးက ပြန်ပြောသည်။
သူတို့ ကျောက်ခင်းလမ်းကလေးအတိုင်း ပြန်လျှောက်လာကြပြီး တံခါးပေါက်သို့ ၀င်လာခဲ့သည်။ အကူမိန်းကလေးက ထီးပိတ်ရန် အပြင်ဘက်တွင် ကျန်ရစ်သည်။ အမေရိကန်မိန်းကလေး ရုံးခန်းရှေ့မှ ဖြတ်သွားစဉ်တွင် ဟိုတယ်ပိုင်ရှင်က သူ၏စားပွဲမှနေ၍ ဦးညွတ်လိုက်၏။ အလွန်သေးငယ်ပြီး တင်းကြပ်သည့် တစ်စုံတရာအား မိန်းကလေး ခံစားလိုက်ရသည်။ ဟိုတယ်ပိုင်ရှင်သည် သူမအား သေးငယ်သွားသလို ခံစားရစေသည့်တစ်ချိန်တည်းတွင်ပင် အလွန်အရေးပါသယောင်လည်း ခံစားရစေသည်။ ထူးထူးခြားခြား အရေးပါနေသည့် ခံစားမှုတစ်ခုအား ခဏမျှ သူမ ခံစားလိုက်ရသည်။ သူမ လှေကားအတိုင်း တက်လာခဲ့သည်။ အခန်းတံခါးအား ဖွင့်လိုက်သည်။ ဂျော့က အိပ်ယာပေါ်တွင် စာဖတ်နေဆဲ။

`ကြောင်ရလား´ စာအုပ်ကိုချရင်း သူက မေးလိုက်သည်။
`မရှိတော့ဘူး´
`ဘယ်ထွက်သွားသလဲ တွေးကြည့်ပေါ့´ စာဖတ်နေရာမှ မျက်လုံးများကို အညောင်းဖြေရင်း သူက ပြောလိုက်သည်။
သူမက ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
`ကြောင်လေးကို အရမ်းလိုချင်တယ်´ ဟု သူမက ပြောလိုက်၏။
`ဘာဖြစ်လို့လဲမသိဘူး၊ ကြောင်လေးကိုအရမ်းလိုချင်တယ်။ ကျွန်မ အဲဒီ မိုးမိနေတဲ့ကြောင်လေးကို လိုချင်တယ်။ မိုးရေထဲမှာ ကြောင်ကလေးဖြစ်နေရတာ ပျော်စရာမဟုတ်ဘူး´
ဂျော့က စာပြန်ဖတ်နေသည်။
သူမက ထသွားပြီး မှန်တင်ခုံရှေ့တွင် ထိုင်ကာ လက်ကိုင်မှန်ဖြင့် ကိုယ့်ကိုယ်ကိုယ် ကြည့်နေ၏။ သူမ၏ ပုံရိပ်အား တစ်ဖက်မှတစ်ဖက်သို့ ဂရုတစိုက်ကြည့်နေ၏။ ထို့နောက် နောက်ကျောနှင့် လည်ပင်းများ ဆက်ကြည့်နေသည်။
`ကျွန်မ ဆံပင်အရှည်ထားရင်ကောင်းမယ်လို့ ရှင်မထင်ဘူးလား´ သူမ၏ပုံရိပ်အား နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီး လှမ်းမေးလိုက်သည်။
ဂျော့က မော့ကြည့်လိုက်ပြီး ယောက်ျားလေးတစ်ယောက်ကဲ့သို့ဖြစ်နေသည့် သူမလည်ဂုတ်ရှိ တိုတိုတိတိဆံပင်အား မြင်လိုက်ရသည်။
`ဒီတိုင်းပဲ ကိုယ်ကြိုက်ပါတယ်´
`ဒီပုံစံကို ကျွန်မ ရိုးနေပြီ။ ယောက်ျားလေးနဲ့တူနေတာကို ငြီးငွေ့လှပြီ´ ဟု သူမက ပြောလိုက်၏။
ကုတင်ပေါ်တွင် ဂျော့က သူ၏အနေအထားအား ပြင်လိုက်သည်။ သူမစကားပြောနေကတည်းက သူ့မျက်လုံးများက သူမထံမှ မခွာသေး။
`မင်းက ကြည့်ကောင်းပါတယ်ကွာ´ ဟု သူက ပြောလိုက်၏။
သူမက မှန်အား မှန်တင်ခုံပေါ်သို့တင်လိုက်ပြီး ပြတင်းပေါက်သို့ထသွားကာ အပြင်သို့ကြည့်နေပြန်သည်။ အပြင်တွင် မှောင်နေပြီ။
`ကျွန်မက ဆံပင်ကို နောက်ဘက်ကို ဆွဲယူပြီး တင်းတင်းလေး ထုံးထားချင်တာ´ ဟု သူမက ပြောလိုက်၏။
`ပေါင်ပေါ်မှာထိုင်နေပြီး ပွတ်ပေးလိုက်ရင် တညှောင်ညှောင်အော်တဲ့ ပူစီလေးတစ်ကောင်လောက် လိုချင်တာ´
`ဟုတ်လား...´ ဂျော့က အိပ်ယာပေါ်မှ လှမ်းပြောလိုက်သည်။
`ပြီးတော့ ငွေပန်းကန်နဲ့ ထမင်းစားချင်တာ၊ ဖယောင်းတိုင်တွေ လိုချင်တာ။ ပြီးတော့ နွေဦးရာသီဖြစ်ချင်တာ၊ ပြီးတော့ မှန်ရှေ့မှာ ဆံပင်တွေကို ဖြီးချင်တာ၊ ပြီးတော့ ပူစီလေး လိုချင်တာ၊ ပြီးတော့ အ၀တ်အစားအသစ်နည်းနည်း လိုချင်တာ´
`အာ.. ပါးစပ်ပိတ်ပြီး တစ်ခုခု ဖတ်ပါတော့ကွာ´ ဟု ဂျော့က ပြောလိုက်သည်။
ပြီး စာဆက်ဖတ်နေပြန်သည်။
သူ့အမျိုးသမီးက ပြတင်းပေါက်အပြင်သို့ ကြည့်နေ၏။ အတော်မှောင်သွားပြီဖြစ်ပြီး ထန်းပင်များတွင် မိုးပေါက်များ ကျနေဆဲ။
`ဘာပဲဖြစ်ဖြစ် ကျွန်မ ကြောင်လေးတစ်ကောင်တော့ လိုချင်တယ်´ ဟု သူမက ပြောလိုက်၏။
`ကြောင်လေးတစ်ကောင် လိုချင်တယ်။ ကြောင်လေးတစ်ကောင်လောက် အခုလိုချင်တယ်။ ဆံပင်ရှည်ထားလို့မရရင်လည်း၊ ကြောင်လေးတစ်ကောင်တော့ မွေးလို့ရတယ်´
ဂျော့ မကြားတော့ပါ။ သူက သူ့စာအုပ်ကိုသာ ဖတ်နေ၏။ သူ့ဇနီးက ပြတင်းပေါက်မှနေ၍ မြေကွက်လပ်ဆီမှ အလင်းရောင်ရှိရာသို့ ကြည့်နေသည်။
တံခါးခေါက်သံ ထွက်ပေါ်လာ၏။
`၀င်ခဲ့ပါ´ ဟု ဂျော့က ပြောလိုက်သည်။ သူက စာအုပ်ပေါ်မှ ကျော်ကြည့်လိုက်သည်။
တံခါးဝတွင် အကူမိန်းကလေး ရပ်နေ၏။ အရောင်စပ်ကြား ကြောင်ကြီးတစ်ကောင်အား သူမက တင်းတင်းကြပ်ကြပ်ကပ်ထားပြီး ခန္ဓာကိုယ်အား ကိုင်းလိုက်သည်။
`သူဌေးက ဆရာကတော်အတွက် ကြောင်တစ်ကောင် ယူလာခိုင်းလို့ပါရှင်..´

တေဇာ (လရောင်လမ်း)

Ernest Hemingway ၏ Cat in the Rain အား ဘာသာပြန်ဆိုသည်။

Comments

  1. http://www.gs.cidsnet.de/englisch-online/Leistungskurs2/hemingway3.htm

    good review.

    ReplyDelete
  2. ကိုယ်ကပဲ နုံသလားမသိဘူး ကိုတေဇာရေ.. သိပ်တော့ ခံစားလို့မရဘူး.ဒီတစ်ခါဖတ်ရတာ တစ်ခုခု မရသလိုပဲတော်ရေ.

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA