Skip to main content

အမှောင် (မြင့်သန်း)

. . . . အကောင်းဆုံးကို ရွေးခွင့် မရှိတော့ရင်လည်း
ဒီဘ၀ ဒီမျှနဲ့ ပြီးစေကွယ်. . .

(စိုင်းခမ်းလိတ်၊ “နေရစ်တော့ကွယ် သွားတော့မယ်”)

အပြင်ဘက်ကို ကြည့်နေရင်း သူ့သူငယ်ချင်းနှစ်ယောက်ကို ပြန်ပြီး သတိရလိုက်မိတယ်။ ခုနကတင် ပြန်သွားကြတာ။ သူက စကားပြောချင်လို့ ချိန်းနေတာကြာပြီ။ စာရေးဆရာဆိုတဲ့ အကောင်လာမယ်ဆိုလို့ စောင့်နေရတာ။ အကြံပေးတယ်ဆိုတဲ့ အကောင်ကတော့ အားနေတဲ့ အကောင်။ ဒီကောင်ကလည်း တစ်မျိုး။ သူက ပြောလေ့ရှိတယ်။ ငါ့ဘာသာ သိပ်မသေချာတာက ငါပေးနေတာ အကြံလား၊ အကျန်တွေလားလို့ သိပ်မကွဲတာဘဲလို့ အဲဒီအကောင်က ပြောလေ့ရှိတယ်။ ဒီကောင်တွေနဲ့ သူက အတော်ခင်ကြတာ။ အစက စပြောရရင်တော့ ဒီကောင်တွေက သူ့ကို ခင်ကြရာက စတာပဲ။

သာသနာပြုကျောင်းဆီကို သူပြောင်းရတဲ့ အချိန်က စပြီး ပြောရတော့မှာပဲ။ ကိုးတန်း ဆယ်တန်းဆိုတာ သိပ်အရေးကြီးတယ်လို့ သူ့ဦးလေး ကျောင်းဆရာ ပညာတတ်က ပြောတာနဲ့ အဖေလည်းသူ့ကို ရန်ကုန်က သာသနာပြုကျောင်းမှာ ဖြစ်တဲ့နည်းနဲ့ ပို့ဖို့ စီစဉ်ထားတာ။ အမေတို့ ဒေါ်ကြီး ဒေါ်လေးတွေတို့ကတော့ မျက်ရည်တရှုတ်ရှုတ်နဲ့ပဲ။ ဒီလိုနဲ့ပဲ ရန်ကုန်က သာသနာပြုကျောင်းကို သူရောက်လာတယ်။ ကျောင်းအိပ်ကျောင်းစားနေရတယ်။ သူကတော့ ဘာမျှ နားမလည်ဘူး။ အာဝါဖားသား၊ အတ်အင်ဟဲဗင်း ဆိုတာကိုတောင် သံပြိုင်သီချင်း ဆိုကြတယ်လို့ ထင်တာ။ သူ အဲဒီလို အသုံးမတည့်မှန်း၊ အမြီးအမောက် မတည့်မှန်းသိတော့ သာသနာပြုကျောင်းမှာ အသားသေနေတဲ့ ကျောင်းသားကြီးတွေက သူ့ကို လူလည်ကျကြတယ်။ သူကလည်း ခပ်ကြောက်ကြောက်ရယ်။ အဲဒီမှာ ဟိုနှစ်ကောင်နဲ့တွေ့တာ။

သာသနာပြုကျောင်းမှာ အသားသေနေတဲ့အကောင်တွေ အထဲမှာ ဟိုနှစ်ကောင်လည်း ပါတယ်။ တခြားကောင်တွေနဲ့ယှဉ်ရင် စိတ်ကောင်းရှိတယ်လို့ ပြောရမှာပဲ။ သင်းတို့က အင်္ဂလိပ်စကားဆိုတာ မွေးကတည်းက တတ်လာကြသလိုပဲ။ တစ်ယောက်က မကျေမနပ်ဖြစ်လာရင် “ဘလက်ဒီ ၊ ဟဲ (လ) ” ဆိုတာနဲ့ စကားစပြောတယ်။ အတော်ကြာမှ သူသဘောပေါက်တယ်။ သောက်ကျိုးနည်းလို့ အင်္ဂလိပ်လိုပြောတာကိုးလို့။ နောက်တစ်ယောက်ကတော့ ရှစ်. . ရှစ် . . နဲ့ ပြောတယ်။  ဘာလို့များ တစ်၊ နှစ်တို့  ကိုး၊ တစ်ဆယ်တို့မပြောတာလဲလို့ သူစဉ်းစားရတယ်။ ဒါကလည်း နောက်မှသိရတယ်။ ရှစ်. . ရှစ်ဆိုတာက ( . . . .) တဲ့မှပဲလို့ ဆိုတာကို ဘိုလိုပြောတာကိုးဆိုတာ။ ဟိုနှစ်ကောင်က သူ့ကို သနားကြတယ်။ လူရာသွင်းတယ်။  နောက်တော့စနေ၊ တနင်္ဂနွေနေ့တွေမှာ သူတို့အိမ်တွေ ဘာတွေကို ခေါ်သွားတယ်။ ဘာတွေကို ဆိုတာက ရုပ်ရှင်ရုံတို့၊ စာအုပ်ဆိုင်တို့ကို ပြောတာ။ သူတို့က သူ့လို ကျောက်ပန်းတောင်း၊ မြင်းခြံဆီက လာတာမဟုတ်ဘူး။ ဒီနားကလေးတင် ခုနှစ်မိုင်၊ ရှစ်မိုင်လောက်ပဲဝေးတယ်။ သူစဉ်းစားကြည့်မိတယ်။ သူ့ဒေါ်ကြီး ဒေါ်လေးတွေများဆိုရင် ရင်ကွဲမှာပဲ။ ဒီအနားကလေးနေတာတောင် ကျောင်းအိပ်ကျောင်းစား ထားရတယ်ရယ်လို့။

ဒီကိစ္စရဲ့ ဇစ်ဇစ်မြစ်မြစ်ကိုတော့သူတို့အဖေတွေနဲ့ တွေ့မှ သိရတယ်။ ဒစ်ပလင်ဆိုတဲ့ ကိစ္စပဲ။ စည်းကမ်းဆိုတာတင် မကဘူး။ အပိုးကျိုးအောင်လို့ လုပ်တာ။သူတို့ အဖေတွေနဲ့ သူတို့ အသိုင်းအ၀ိုင်းထဲ ရောက်သွားလေ အိမ်ကအဖေတို့ ဒေါ်ကြီး ဒေါ်လေးတို့ကို မကျေမနပ်လေပဲ။ မကျေနပ်ဘူးဆိုတာက ဘာရယ် ညာရယ်မဟုတ်ဘူး။ နယ်မှာတောမှာ ချမ်းသာတယ်ဆိုတာက မြို့မှာလို မဟုတ်ဘူး။ အဖေတို့များ ခရုတံဆိပ်ပလေကပ်ကို အဖိတ်နေ့ဥပုသ်နေ့ ဘုန်းကြီးကျောင်းကြီး သွားကာမှဝတ်တာ။ ဒီမှာ ဟိုကောင်တွေ အဖေတွေရဲ့ ဘတ်တလာဆိုတဲ့ ကုလားကြီးတွေပဲ ၀တ်တယ်။သူ့အဖေတို့များဆိုရင် မုံရွာဘက်က အထည်သည်တွေလာကာမှ ခရုပလေကပ် ၀ယ်ရရှာတာ။ ရတုန်း လေးငါးထည် ၀ယ်ထားရတာ။ ဒီမှာက ဘယ်မှာသွား ၀ယ်ဝယ် ခရုပလေကပ်ဆိုတာက ဒီကောင်တွေ အဖေတွေ သိပ်ဝတ်ကြတာတောင် မဟုတ်ဘူး။ ဂုဏ်ပိုးထည်တိုက်က ဘန်ကောက်လောက်ကို ဝတ်ကြတာ။  တိုက်ပုံစ ဆိုတာက တီကျူးမားဆိုတာက ဝယ်ပြီး ဦးမြင့်နဲ့ သားများ ဆိုတာမှာ ချုပ်ကြတာ။ နွေတစ်မျိုး၊ ဆောင်းတစ်မျိုး၊။ အဖေ့လို ပင်နီချောဆိုတာမျိုးလေး မဟုတ်ဘူး။ သူတို့က တစ်ခါဝယ်ရင် တစ်နှစ်စာ။ ပွဲထိုင်သွားဖို့ဆိုတာက တစ်မျိုးပါသေးတယ်။အားလုံးပေါင်းလိုက်ရင် သူ့အဖေရဲ့ မြစ်ကူးချောင်းဖျားသွားတဲ့ ဖွတ်ချက် မော်တော်က အင်ဂျင်တစ်လုံးစာလောက် ရှိမလားပဲ။

ဒီနှစ်ကောင်အကြားမှာ နေလိုက်ရတော့ သူ့မှာ အမြင်တစ်ခုပဲရတယ်။ အသိတရားတစ်ခုတည်းလို့ပဲ ပြောချင်ပြောတော့။ သူက ဟိုအကောင်နှစ်ကောင်ရဲ့ အဖေတွေလိုချမ်းသာချင်တယ်။ အဲဒီလိုများ ချမ်းသာလိုကတော့ အဲသလိုကို နေပစ်လိုက်မယ်လို့ တွေးထားတယ်။ ဟိုအကောင်တစ်ကောင်ရဲ့ အဖေက ညနေလေးနာရီလောက်ဆိုရင် ဂျင်အင်တီးဆိုတာ သောက်တယ်။ လွယ်လွယ်ပြောရရင်တော့ ဂျင်နဲ့တောနစ် ရောသောက်တာ။ ပေါက်ပြားကို ပေါက်ပြားလို့ ခေါ်ကာမှ တောနစ်ကို တောနစ်လို့ ခေါ်ကြပါလားလို့ ပြောချင်ပြောကြမယ်။ ဘိုတွေက အဲသလို မခေါ်ဘူးဆိုပဲ။ ဘယ်တတ်နိုင်မှာလဲ။ ဘိုစကားဆိုတော့ ဘိုတွေ ခေါ်သလိုပဲခေါ်ပေါ့။ သူက တေးထားတယ်။ တစ်နေ့ ငါများ ပိုက်ဆံရှိခဲ့ရင် ညနေလေးနာရီထိုးတာနဲ့ ဘာမျှကို မလုပ်တော့ဘူး။ ဂျင်အင်တီး သောက်မယ်ပေါ့။ ဘယ်လိုခေါ်မယ်ဆိုတာက အရေးမကြီးဘူး။ ဂျင်အင်တီး သောက်ဖို့က အရေးကြီးတယ်။ အဲဒီလို တွေးထားလို့လည်း ပိုက်ဆံဘယ်လိုရှာရမယ်ဆိုတာပဲ တွေးတော့တယ်။

ဆယ်တန်းအောင်တယ်ဆိုတာနဲ့ ဘယ်တက္ကသိုလ်တက်ကြမယ်လို့ စဉ်းစားကြတယ်။ သူကတော့ စီးပွားရေးယူမယ်လို့ ဆုံးဖြတ်တယ်။ စီးပွားရေး လုပ်တတ်မှ ချမ်းသာမယ်ဆိုတဲ့ အတွေးကလာတာ။ တစ်ကောင်ကတော့ ဖီလိုဆိုဖီ ဆိုသလား၊ ဒသသနိကဗေဒ ဆိုသလား ယူမယ်တဲ့။ ဆင်ခြင်တုံတရားအကြောင်းသိဖို့ ဖလော်ဆော်ဖီ ယူရမယ်ဆိုပဲ။ ဖလော်ဆော်ဖီ ခေါ်ခေါ်၊ ဘယ်လိုခေါ်ခေါ် သူ့လို တောဘက်နယ်ဘက်က လာတဲ့သူအဖို့တော့ အတော်ခေါ်ရခက်တယ်။ အဲသလောက် အခေါ်ရခက်နေမှတော့ သူက ထည့်ကို မစဉ်းစားတော့ဘူး။ နောက်တစ်ကောင်ကတော့ ဥပဒေ တက်မှာတဲ့။ လောကကြီးဟာ ဥပဒေနဲ့ တည်ဆောက်ထားတာဆိုပဲ။ အဲဒါက လူရှေ့သူရှေ့ ပြောတာ။ နောက်ကွယ်မှာ ပြောတာကတော့ လောက ကောင်မလေးတွေက ဥပဓိရုပ်ကောင်းတယ်ကွတဲ့။ ဒီကောင်ကတော့ ကောင်မလှလှလေးတွေ ကြိုက်တယ်။ အဲဒီကောင့် အပြောအရတော့ လှဖို့ထက် ဥပဓိရုပ်ကောင်းဖို့က အရေးကြီးတယ်ဆိုသလားပဲ။ဘာချည်းပြောပြော သူ့အဖို့တော့ မိန်းမဟာ မိန်းမပဲ။ နဖူးမောက်မောက် နှာရောင် ကောက်ကောက်နဲ့ မဟုတ်ရင် တော်ပြီပေါ့။ ဒါကြောင့်လည်း မိန်းမအကြောင်း သူတစ်ခါမျှ မစဉ်းစားခဲ့ဖူးဘူး။ ပိုက်ဆံရှိတဲ့ တစ်နေ့ ခေါင်းခေါက်ရွေးရုံပဲလို့ သဘောထားလိုက်တယ်။

ဟိုကောင်နှစ်ကောင်စလုံး အပေါ်မှာ သူ့တစ်သက် သူက ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ တကယ်တော့ တိုက်ရိုက် ကျေးဇူးခံ ကျေးဇူးစား သဘောမျိုး မဟုတ်ဘူး။ သူတို့က စီးပွားရေး၊ ဘာရေးညာရေး စိတ်ပါကြတာ မဟုတ်ဘူး။ သူက ချမ်းသာချင်တဲ့လူဆိုတော့ စိတ်ပါတယ်။ ဟိုကောင်တွေ အဖေတွေက သူ့ကို သနားတော့ နည်းပေးလမ်းပြ လုပ်တယ်။ တစ်ယောက်က သူပိုင်ပုံနှိပ်တိုက်မှာ ညဘက် မန်နေဂျာ အလုပ်ပေးရာက စတာ။ နောက်တော့ အိမ်ရောင်းမြေရောင်းကလေးတွေ လုပ်တတ်လာတယ်။ မင်း ဒါကလေးဝယ်ထား၊ မကြာခင် မြတ်မယ်လို့ အဘိုးကြီးတွေက ဆိုတာနဲ့ သူလည်းရှာကြံဝယ်တာပဲ။ သူတို့ ပြောတိုင်း ဟုတ်နေတယ်။ကောလိပ်ကျောင်းက ဘွဲ့မရခင် သူ့လက်ထဲမှာ ငွေရှစ်သောင်းလောက် ရှိလာတယ်။ဟိုကောင်နှစ်ကောင်ကတော့ အမှန်တရားဆိုတာ ဒင်္ဂါးပြားများလိုပဲ၊ မျက်နှာမလိုက်ဘူးဆိုတဲ့ ကိစ္စငြင်းလို့ ကောင်းတုန်း။ ဒိုင်ဘင်ဖူးမှာ တတိယကမ္ဘာရယ်လို့ သုံးနှုန်းတာက စော်ကားတာပဲဆိုပြီး သည်ဟိဂ်ဆိုသလား၊ ယူအင်ကို ဆိုသလား တိုင်မယ်လို့ ကြံနေကြတုန်း။ သူကတော့ သည်ဟိဂ်ဆိုတာ ဘယ်နားရှိမှန်းတောင် မသိဘူး။ ဒါပေမဲ့ မော်စကဘစ် ( ချ )ကလေးတောင် ၀ယ်စီးနေနိုင်ပြီ။

နောက်တော့ ကိုယ့်ခရီးကိုယ် ဆက်ကြတယ်။ စာရေးဆရာ ဖြစ်ချင်တဲ့ကောင်ကတော့ ၀ါသနာကြောင့် ၀က်ဖြစ်တယ်ဆိုတဲ့ အကောင်မျိုး။ပညာတတ်တာက တခြား သူလျှောက်လုပ်နေတာက တခြား။ သူ့အဖေက စားလောက် သောက်လောက်အောင် အမွေထားခဲ့ပေးပေလို့ပဲ။ မဟုတ်ရင်တော့ ရွာမှထွက်လေ၊ တောမှာ သေသည်၊ ကောင်သေလင်းတကျ၏တည်း ဆိုတာမျိုး ဖြစ်မယ့် အကောင်။နောက်တစ်ကောင်ကတော့ ဥပဓိ ရုပ်ကောင်းကောင်းနဲ့ ကောင်မလေးတွေနဲ့ လုံးရင်း၊ ကမ္ဘာကြီးနဲ့ ထွေးလုံးနေတယ်။ နောက်တော့ ဥပဓိရုပ်ကောင်းတယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ညားတယ်။ အဲဒီမင်္ဂလာပွဲမှာ သူတို့ ပြန်တွေ့ကြတာ။ စာရေးဆရာဆိုတဲ့ အကောင်က ဘက်(စ်)မဲင်း လုပ်တယ်။ သူက ဂရုမ်း(စ)မဲင်း လုပ်တယ်။ သူတို့ချင်း စကားပြောကောင်းနေလိုက်တာ၊ ပွဲသိမ်းတောင် အတော်နောက်ကျသွားကြတယ်။ အဲဒီနှစ်ကစပြီး သူတို့သုံးယောက်နှစ်စဉ်လို တစ်နေရာရာမှာ ပြန်ဆုံလေ့ရှိကြတယ်။ မနှစ်ကတော့ ဘန်ကောက်မှာ ဆုံဖြစ်ကြတယ်။ သူက စီးပွားရေးကိစ္စသွားရင်း ဟိုနှစ်ကောင်က အဲဒီရောက်နေတော့ အဆင်သင့်သွားတယ်။

ဒီနှစ်တော့ သူ့အနေနဲ့ ဒီကောင်နှစ်ကောင်နဲ့ ဆုံမှကိုဖြစ်မယ့် အခြေအနေ ပေါ်လာတယ်။ သူပြောချင်တာ ပြောရမယ့်သူဟာ ဒီနှစ်ကောင်ပဲ။ ဒီတော့ ဟိုတစ်ကောင်ကို စီစဉ်ခိုင်းတယ်။ စာရေးဆရာ ဆိုတဲ့ကောင်က ရွာရိုးကိုးပေါက် လျှောက်နေတာမို့၊ သူ့ကိုမိဖို့လိုတယ်လို့ ဟိုတစ်ကောင်က ပြောတယ်။ သူကတော့ ရအောင်ခေါ်ကွာ  ငါစကားပြောချင်တယ်လို့ပဲ ပြောထားလိုက်တယ်။ စကားပြောတာပဲ မင်းရဲ့ ပတ်တနာကိုပြောပါလားလို့ ဟိုကောင်ကဟောက်သေးတာ။ သူကတော့ ရှင်းရှင်းပဲ ပြန်ပြောပြလိုက်တယ်။ ငါ့ကိစ္စပဲ။ ငါ့ပတ်တနာကိုပြောစရာ မလိုဘူးတဲ့။ တကယ်တော့ ကောင်မလေးက အင်္ဂလိပ်စာနဲ့ဘွဲ့ရပြီး သူ့ဆီမှာ ၀င်အလုပ်လုပ်ရာက ပတ်တနာဖြစ်သွားတာ။ ပတ်တနာ ဆိုပေမယ့် ကုမ္ပဏီက အစုစပ်ရှယ်ယာဝင် ပတ်တနာ မျိုးမဟုတ်ဘူး။ တစ်ကုတင်တည်းမှာ အတူတူအိပ်တဲ့ ပတ်တနာမျိုး။ ခုတော့ သူ့ပတ်တနာက မော်ဒလင်းအေဂျင်စီ ထောင်ထားတယ်။ အတော် အောင်မြင်ဆိုပဲ။ဒါကလည်း သူစီစဉ်ပေးထားတာနေမှာ။ သူ့မှာက ပိုက်ဆံဆိုတာ ထားစရာနေရာမှ မရှိတော့ဘဲ။

ဒီ ကွန်ဒိုကြီးဆိုရင် သူတစ်ယောက်တည်းပိုင်တာ။ သူဆောက်တာ။ ဒီပြင် သူပိုင်တာတွေ အပုံကြီး။ အိုဗာဆီး အကောင့်မှာဆိုရင် သုညတွေ ကြွက်မြီးတန်းနေတာ ခုနှစ်လုံး ရှစ်လုံးလောက် ရှိမယ်။ ခုတော့ သူ့စိတ်ကူးထားခဲ့ဖူးတဲ့ အတိုင်း ညနေလေးနာရီလောက်ဆိုရင် ဘာမျှမလုပ်တော့ဘူး။ ဂျင်အင်တီးပဲ။ အဲဒီလို ထိုင်သောက်တိုင်းလည်း သူ့သူငယ်ချင်း နှစ်ယောက်ကို သတိရတယ်။ သူတို့နဲ့တွေ့တိုင်းလည်း သူက ငါ့အလုပ်မှာ လာလုပ်ကြကွာ။ တစ်လ ဘယ်လောက်လိုချင်သလဲပြော။ မင်းတို့ ဘာမျှလုပ်စရာ မလိုဘူး၊ ညနေတိုင်း ငါနဲ့ ထိုင်စကားပြောရုံပဲလို့တောင် ပြောဖူးတယ်။ နှစ်ယောက်လုံးငြင်းတယ်။ စာရေးဆရာ ဆိုတဲ့ အကောင်ကတော့ ပက်ပက်စက်စက်တောင် ပြန်ပြောတယ်။ ဟဲ့ကောင် ငါက ဘ၀ကို ခံစားဖို့ မွေးလာတာ။ ဆင်းရဲတာ ချမ်းသာတာ ငါ့အလုပ်မဟုတ်ဘူး။ဒါပေမဲ့ နွားများလို ရုန်းကန်ရင်း မြက်စားပြီး ကျေနပ်နေတဲ့၊ မင်းလိုဘ၀မျိုးကို မလိုချင်ဘူးတဲ့။ တခြားအကောင်ကတော့ သာသာပဲ ပြောပြီးငြင်းတယ်။ ငါက ဖင်ငြိမ်ငြိမ် မနေတတ်ဘူး။ လျှောက်သွားလာ နေရမှ။ နောက်ပြီးတော့ ပင်လယ်ထဲမှာက ငါးတွေ အများကြီးလို့ ပြောတယ်။ အဲဒီတုန်းက စာရေးဆရာဆိုတဲ့ကောင်က ၀င်ပြောသေးတယ်။ မင်းစီးယပ် (စ) က မေတ္တာတရားဆိုတာက ဖြန့်ဝေထားနိုင်ရမယ်လို့ ပြောတယ်မဟုတ်လားတဲ့။ ဒီတော့လည်း သူတို့သုံးယောက်သား ရယ်မိကြတယ်။ဟိုကောင်ပြောတဲ့ ပင်လယ်ထဲမှာ ငါးတွေအများကြီးဆိုတာက ဥပဓိရုပ် ကောင်းကောင်းနဲ့ ကောင်မလေးတွေ အပုံကြီးရှိတယ်လို့ ပြောတာကိုး။

ဒီညနေဘက် ဟိုနှစ်ကောင်ရောက်လာတော့ သူလည်းသူပြောချင်တာကို ပြောပြလိုက်တယ်။ ပြောချင်တာဆိုတာထက် ပြောစရာရှိတာလို့ပဲ ပြောရမယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်က သူ ဆေးအစစ်ခံရင်း သူ့မှာ လူကေးမီးယား ဖြစ်နေပြီ ဆိုတာ သိရတယ်။ စင်္ကာပူထိသွားပြီး  သေချာအောင် စစ်တယ်။ သေချာတယ်။ ဆေးပညာအနေနဲ့တော့ ကာလတရားကိုပဲ ဆွဲဆန့်ပေးနိုင်မှာ သေခြင်းတရားကို ရပ်တန့်မပေးနိုင်ဘူးလို့ သူ သိရလာရတယ်။  တကယ်တော့ သေခြင်းတရားဆိုတာ သူ့အစီအစဉ်ထဲမှာ မပါဘူး။ သူ တစ်ခါကမှ သတိမထားခဲ့ဖူးဘူး။ ဒီတော့ သူ တုန်လှုပ်မိတယ်။ ဒီအကြောင်းတွေကို သူ ဘယ်သူ့ကိုမှ မပြောပေမယ့်  သူ့သူငယ်ချင်း နှစ်ယောက်ကို ပြောချင်တယ်။ သူ့သူငယ်ချင်း နှစ်ယောက်ကတော့  သူပြောတာ နားထောင်ရင်း ဝီစကီ သောက်နေကြပေတဲ့ တုန်လှုပ်ပုံ မပေါ်ဘူး။ သူပြောလို့ ပြီးသွားတော့  သူ့သူငယ်ချင်း စာရေးဆရာက သေပေးရမှာက တို့ရဲ့ တာဝန်ကိုးလို့ ပြောပြီး ဝီစကီကို အရသာခံ သောက်နေတယ်။ နောက်တစ်ယောက်ကတော့ ဘဝရဲ့ ဖြစ်နေခြင်းဟာ ပြစ်ဒဏ်တစ်ခုပဲလို့ ပြောပြီး အဝေးကို ကြည့်နေတယ်။ သူ့အခန်းက  ကွန်ဒိုကြီးရဲ့ အပေါ်ဆုံးထပ်က ပင့်ဟောက်စ် ဆိုတော့ အဝေးကြီးကို လှမ်းမြင်နေရတယ်။ မြစ်ရဲ့ အခြားတစ်ဘက်၊ ပင်လယ်ဝကြီး။ ဟိုးလှမ်းလှမ်းက လယ်ကွင်းတွေ။ သူတို့ သုံးယောက်စလုံး  အဝေးကြီးကို လှမ်းကြည့်နေမိကြတယ်။  အတော်ကြာအောင် ငြိမ်သက်နေတယ်။ နောက်တော့ စာရေးဆရာက မှန်ချပ်ပြတင်းပေါက်ကြီးနားဆီ ထလျှောက် သွားပြီး အနောက်ဘက်ကိုကြည့်နေရင်း နေဝင်တော့မှာနော်လို့ ဘယ်သူ့ကိုမှ ဦးမတည်ဘဲ ပြောလိုက်တယ်။

အဲဒီတုန်းမှာပဲ ဟိုအကောင်က ငါတစ်ခု ပြောပြမယ်လို့ ပြောတဲ့ အသံ ထွက်လာတယ်. ငါက ဥပဓိရုပ်ကောင်းကောင်းနဲ့ ကောင်မလေးတွေကို သဘောကျတော့ ကျန်းမာရေးကို သိပ်ဂရုစိုက်တယ်။ အိုခြင်းကို အချိန်ဆွဲထားနိုင်အောင်လို့ ပေါ့ကွာ။ ဒါပေမယ့် ငါ့အဖေမှာ ဆီးချိုရှိတယ်။ ငါ့အမေမှာ ဆီးချိုရှိတယ်။ ဒီတော့ ငါ့မှာ ဆီးချို ရှိလာတယ်။ ဆေးသောက်ပြီး ဆီးချိုကို ထိန်းထားရတယ်။  ငါ အသုံးမကျလို့ မနေတတ် မစားတတ်လို့ မဟုတ်ဘူး။ ငါပြောချင်တာက ဘဝမှာ ငါတို့ရဲ့ အပြစ်မဟုတ်တာတွေ၊ အပြစ်တင်စရာ ရှာမရတာတွေ အများကြီးပဲ။ အဖြေရှာမရနိုင်တာတွေ အများကြီးပဲ။ ဒီတော့ အဖြေရှာရင်း စိတ်ဒုက္ခခံပြီး သေမလား။ ဘဝရဲ့ စီးမျောနေခြင်းအထဲမှာ  လိုက်ပါပြီး သေမလား။ တစ်ခုခုတော့ ရွေးချယ်ရလိမ့်မယ်။ ရွေးချယ်တာကိုက ဘဝရဲ့ ဖြစ်နေရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်လား။ တကယ်တော့ ရည်ရွယ်ချက် မရှိတဲ့ အချိန်တွေဟာ ဘဝမှာ ပျော်စရာအကောင်းဆုံး အချိန်တွေပဲ မဟုတ်ဘူးလားလို့သူက ပြောတယ်။  ဟိုကောင်က အဖြေပေးတာ မဟုတ်ဘူး။ အစတစ်ခုကို ပေးလိုက်တာ။  သူကတော့ ဘာမှ ဝင်မပြောဘူး။ သူ့သူငယ်ချင်းစာရေးဆရာကတော့ အပြင်ဘက်မှာ နေဝင်သွားပြီး စမှောင်လာတာကို အတော်ကြာအောင် ရပ်ပြီး ကြည့်နေတယ်။ နောက်မှ သူတို့ ထိုင်နေတဲ့ ဆက်တီဆီ ပြန်လာပြီး ထိုင်တယ်။

စာရေးဆရာကို သူ့သူငယ်ချင်း တစ်ယောက်က ဝီစကီပုလင်းလှမ်းကမ်းလိုက်တယ်။  စာရေးဆရာက ဝီစကီပုလင်းကို လှမ်းယူလိုက်ရင်း ပုလင်းကို ကြည့်လိုက်တယ်။ ပုလင်းထဲမှာ လက်နှစ်လုံးလောက်ပဲ ကျန်တော့တယ်။  သူက ဝီစကီပုလင်းကို ထောင်ပြရင်း လှုပ်ပြလိုက်တယ်။ သူ့သူငယ်ချင်း တစ်ယောက်က စားပွဲပေါ်ကမဖောက်ရသေးတဲ့ ၀ီစကီပုလင်းတွေကို မေးငေါ့ပြလိုက်တယ်။ ဒီတော့ စာရေးဆရာက ခေါင်းခါပြီး ရယ်တယ်။ ပြီးတော့ ပြောတယ်။ ငါပြောချင်တာက ဘ၀ရဲ့ဖြစ်နေခြင်းဟာ ဒီပုလင်းလိုပဲလို့ ပြောချင်တာကိုပြောပြီး ပုလင်းထဲက ၀ီစကီကို သူ့ဖန်ခွက်ထဲ အကုန်ထည့် လိုက်တယ်။ သူ့သူငယ်ချင်းနှစ်ယောက်က ဘာမျှ
ပြန်မပြောဘဲ သူ့ကိုကြည့်နေတယ်။ ၀ီစကီကို အသာငုံလိုက်ပြီးတော့ သူက ဆက်ပြောတယ်။ ပုလင်းတစ်လုံးရဲ့ အနှစ်သာရဆိုတာ တစ်ခုခုရဲ့ ရှိနေမှုမှာပဲတည်တယ်။ ပုလင်းဆိုတာ ၀ီစကီပုလင်း ဖြစ်နေရင်ဖြစ်မယ်၊ ရေပုလင်း ဖြစ်ရင်ဖြစ်မယ်။ ဘာပုလင်းဖြစ်ဖြစ်၊ ယုတ်စွအဆုံး ပုလင်းအလွတ်လို့ဆိုရင် တောင် ရှိမှုမရှိမှု အခြေခံနဲ့ ပြောကြရတာပဲ။ ခုကြည့် ၀ီစကီပုလင်းဟာ ၀ီစကီ ပုလင်းဖြစ်ကောင်းဖြစ်ခဲ့ပေမယ့် ခုတော့ ပုလင်းလွတ်ဖြစ်သွားပြီ။ ၀ီစကီပုလင်း မဟုတ်တော့ဘူး။ ဘ၀ရဲ့ ဖြစ်ရှိနေရခြင်းဟာလည်း အဲဒီလိုပဲ။ ဖြစ်ရှိမနေတော့တဲ့အခါ ဗလာပေါ့လို့ပြောပြီး ၀ီစကီကို မော့ချလိုက်တယ်။
                    
သူတို့ သူငယ်ချင်းသုံးယောက်သား ငြိမ်နေကြပြန်တယ်။ အပြင်ဘက်မှာ အမှောင်က အားကောင်းလာတော့ မီးရောင်တွေသိသိသာသာ ပေါ်လာတယ်။ အဲဒီတုန်းမှာပဲ ဖုန်းသံကြားရလို့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကြတယ်။ စာရေးဆရာက ငါ့ကိုကြည့်မနေနဲ့ ငါ့မှာ မိုဘိုင်း မရှိဘူးလို့ ပြောတယ်။ ဒီတော့ ဟိုအကောင်က သူ့အိတ်ထဲက ဖုန်းကိုထုတ်ပြီး ဖြေတယ်။ အိုကေ ကိုယ်ဆင်းခဲ့မယ်လို့ပြောပြီး ဖုန်းပိတ်လိုက်တယ်။ ပြီးတော့မှ ငါသွားတော့မယ်။ ကားရောက်နေပြီလို့ ပြောတယ်။ ဟိုဟာမ ကားလားလို့ စာရေးဆရာက မေးလိုက်တယ်။ ဟိုကောင်က ခေါင်းငြိမ့်ပြတယ်။ သူကတော့ ပြုံးပြလိုက်မိတယ်။ စာရေးဆရာကပဲ ဆက်ပြောတယ်။ ငါလည်း လိုက်ခဲ့မယ်။ အင်းလျားလမ်းထဲချပေးခဲ့လို့ ပြောတော့သူက ငါ့ကားတွေရှိပါတယ်။ သူ့ဘာသာသွားပါစေ ငါလိုက်ပို့ပေးမယ်လေလို့ ၀င်ပြောလိုက်တယ်။ ဟိုကောင်က ဘာမှမပြောပေတဲ့ သူ့သူငယ်ချင်း စာရေးဆရာက လမ်းကြုံရှိနေမှ ဘာလို့ သပ်သပ်သွားနေရမှာလဲကွာလို့ ပြောတယ်။ နောက်တော့သူတို့ သူငယ်ချင်းသုံးယောက်သား တစ်ယောက်ကိုတစ်ယောက် အသာဖက်ပြီး နှုတ်ဆက်ကြတယ်။ တို့တွေ့ကြဦးမယ်လေလို့ မတင်မကျပြောကြတယ်။
                    
သူ့ သူငယ်ချင်းတွေ ပြန်သွားကြတော့ သူတစ်ယောက်တည်းရပ်ပြီး အပြင်ဘက်ကို ကြည့်နေတယ်။ ကြည့်နေရင်း ပိုမှောင်လာတယ်။ မြစ်ရဲ့ တစ်ဖက်ကမ်းကတော့ မီးရောင်ကလေးတွေ တွေ့ရတယ်။ ပင်လယ်ဘက်ကတော့ အတော့်ကို မှောင်နေပြီ။ဘာမျှကို မမြင်ရတော့ဘူး။ ပင်လယ်ဝ ရှိနေတဲ့ဘက်လို့ ပြောနိုင်ပေတဲ့ ပင်လယ်ဝကို မမြင်ရတော့ဘူး။ မှောင်မဲနေတာ သက်သက်ပဲ။ ပင်လယ်ဝရဲ့ တခြားတစ်ဖက်မှာ ဘာတွေရှိနေမလဲဆိုတာ မသိနိုင်ဘူး။ ပင်လယ်ဝဖက်က မှောင်မဲနေတာ သက်သက်ပဲ တွေ့ရတော့တယ်။အမှောင်ကို သူတွေ့နေရတယ်။ အမှောင်ရဲ့ ရှိနေခြင်းကို သူသိနေရတယ်။ အမှောင်ရဲ့ ရှိနေခြင်းကိုသိလိုက်ရတဲ့အတွက် အမှောင်ထဲမှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ အမှောင်ထဲမှာ ဘာကိုမျှ သူမမြင်ရဘူး။ ဘာကိုမျှ မမြင်ရမှန်းလည်း သူသိနေတယ်။ ဒါပေတဲ့ အမှောင်ထဲကိုပဲ သူကြည့်နေမိတယ်။ 

မြင့်သန်း
ချင်းတွင်း မဂ္ဂဇင်း
အမှတ်(၅)၊ မေလ၊ ၂၀၀၆

Comments

  1. ဖတ်ပြီး တော်သေးတာပေါ့လို့ တွေးမိတယ်။ သူ ပိုက်ဆံရှာချင်တာ ရှာနိုင်ပြီးမှ ရောဂါရလို့။

    ReplyDelete
  2. ဂျင် နဲ့တောနစ်

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA