Skip to main content

တံခါး

ကား စထွက်လာကတည်းက ကျွန်တော် အပြင်ကို ငေးနေမိတယ်။ ကျွန်တော့် မျက်စိထဲမှာ နံရံတွေချည်း မြင်နေရတယ်။ နံရံတွေကတော့ အမျိုးမျိုးပဲ။ သံဆန်ကာ၊ အုတ်တံတိုင်း၊ ၀ါးကပ်၊ ပုဏ္ဍရိတ်ပင် စသည် စသည်။ နံရံ၊ စည်းရိုး၊ ၀င်းခြံ၊ တံတိုင်း ဘယ်လိုပဲခေါ်ခေါ် ပိုင်းခြားကန့်သတ်ဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ အရာတွေချည်းပဲ။ ကားလမ်းနံဘေးက နံရံတွေကို ကျွန်တော် ငေးနေမိတယ်။ နံရံတိုင်းမှာ တံခါးတစ်ပေါက်စီ (ပိုချင်လည်း ပိုမှာပေါ့) ရှိနေတတ်တယ်။ တကယ်တော့ တံခါးဆိုတာက နံရံတွေကြောင့် ပေါ်ပေါက်လာရတဲ့ အရာပဲလို့ ဖျပ်ကနဲ တွေးလိုက်မိတယ်။ နံရံမပါဘဲ သီးသန့်ရပ်တည်နေနိုင်တဲ့ တံခါးမျိုးတော့ ကျွန်တော် မတွေ့ဖူးဘူး။ တံခါးချည်းသီးသန့်ရောင်းတဲ့ ဆိုင်တွေမှာလည်း တံခါးရွက်တွေသာ ပုံချင်ပုံထားမယ်၊ ဒါကို တံခါးစစ်စစ်ပါလို့ ပြောလို့ မဖြစ်ဘူး။ တံခါးဆိုတာမျိုးက ဖွင့်နိုင်, ပိတ်နိုင်၊ ၀င်ထွက်သွားလာနိုင်တဲ့ ဟာမျိုးမှ ပီပြင်တဲ့တံခါးတစ်ချပ်ဖြစ်လာမှာ မဟုတ်လား။ ထားပါတော့။ တံခါးတွေနဲ့ နံရံတွေ ဘယ်လိုဆက်စပ်မှု ရှိနေသလဲ၊ ကျွန်တော် တွေးကြည့်မိတယ်။

တကယ်တော့ တံခါးဆိုတာဟာ ဖိတ်ခေါ်မှုတစ်ရပ်ဖြစ်နိုင်တယ်၊ အခွင့်အရေးတစ်ရပ်ဖြစ်နိုင်တယ်၊ ထွက်ပေါက်သို့မဟုတ် ၀င်ပေါက်တစ်ခု ဖြစ်နိုင်တယ်။ တံခါးရဲ့ အနှစ်သာရဟာ များသောအားဖြင့် အပြုသဘောဆောင် တတ်တယ်။ ကြွက်ထောင်ခြောက်တစ်ခုရဲ့ တံခါးလို၊ ငှက်လှောင်အိမ်တစ်ခုရဲ့ တံခါးလို၊ အကျဉ်းခန်းတစ်ခုရဲ့တံခါးလို လှောင်ပိတ်ဖို့သာ အဓိကရည်ရွယ်ထားတဲ့ တံခါးမျိုးတွေက လွဲလို့ ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေကျ တံခါးတွေဟာ အပြုသဘောဆောင်တာပဲ များတယ်။ ဟိုတယ်တွေ၊ ဘဏ်တိုက်တွေရဲ့ တံခါးဝတွေမှာ ပြုံးတုံးတုံးလုပ်နေတဲ့ အရုပ်ကလေးတွေ အမြဲတစေ တွေ့ရတတ်တယ်။ ကျွန်တော်က အားနာတတ်သူဆိုတော့ အဲဒီအရုပ်ကလေးတွေကို ဂရုတစိုက်နဲ့ ပြန်ပြုံးပြီး ခေါင်းဆတ်ပြလေ့ရှိခဲ့တယ်။ ကျွန်တော့်အဖြစ်ကို ဘေးလူတစ်ယောက်သာမြင်ရင် သူကိုယ်တိုင်ပါ ပြုံးသွားမလားပဲ။ ဆိုလိုတာက တံခါးတွေဟာ အပြုံးနဲ့ ဖိတ်ခေါ်နေတဲ့ ၀င်ပေါက်တွေ ဖြစ်နိုင်တယ်။ ရုပ်ရှင်ရုံတစ်ခုထဲ ၀င်သွားမိပြီဆိုစို့၊ ထိုင်ခုံနေရာပြတဲ့သူက ကိုယ့်ရဲ့ ခုံနံပါတ်ကို မေးပြီး ထိုင်ခုံကိုရှာတွေ့တဲ့အထိ လမ်းပြပေးပါလိမ့်မယ်။ တချို့တံခါးပေါက်တွေဟာ အဲဒီလို ဖော်ရွေပျူငှာ၊ အိမ်ရှင်ကောင်းပီသစွာ ဆက်ဆံတတ်တယ်။ တချို့တံခါးတွေက တွန်းဖွင့်ရတယ်၊ တချို့က ဆွဲရတယ်၊ တချို့က ဘေးတိုက်။ တချို့ဆို အလိုလိုတောင် ပွင့်သေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ တွန်းဖွင့်ရတဲ့ တံခါးအမျိုးအစားကို ပိုနှစ်သက်မိတယ်။ အကြောင်းမယ်မယ်ရရတော့ မရှိဘူး။ ဆွဲဖွင့်တဲ့အခါကျတော့ ကိုယ့်ရင်ဘတ်ကို ဖွင့်ပေးထားသလို ကိုယ်ဟန်မျိုးဖြစ်နေမှာ ကျွန်တော် မလိုလားဘူး။ အထဲက အရှိန်နဲ့ ထွက်လာတဲ့ မိန်းကလေးတစ်ယောက် ကိုယ့်ရင်ခွင်ထဲ ပြုတ်ကျလာမယ့်အဖြစ်မျိုး ကျွန်တော် မလိုလားဘူး။ မြန်မာဗီဒီယိုဇာတ်လမ်းတချို့ကြည့်ပြီး ကျွန်တော် အစိုးရိမ်လွန်တာလည်း ဖြစ်နိုင်တယ်။ အဲဒီလို အဖြစ်အပျက်မျိုး တစ်ခါမှတော့ မကြုံခဲ့ဖူးဘူး။ ထားပါတော့။ ဘာပဲဖြစ်ဖြစ် တံခါးတွေနဲ့ပတ်သက်လို့ ကျွန်တော့်ဘ၀တစ်လျှောက်လုံး စိတ်အနှောင့်အယှက်ဖြစ်စရာ မရှိခဲ့သလောက်ပဲ။

ကျွန်တော်က ခန္ဓာကိုယ်အနေထားကို နည်းနည်းပြင်ထိုင်လိုက်တယ်။ အပြင်ကို ငေးကြည့်နေတာကိုရပ်ပြီး ခေါင်းကိုမှီ၊ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ကားက ပျင်းရိငြီးငွေ့စရာ ဆက်သွားနေတယ်။ ကဲ ဆက်တွေးမယ်။ တကယ်တော့ တံခါးတွေဟာ လိုအပ်လို့ရှိနေကြတာပဲ။ တံခါးတွေကို ရှုမြင်တဲ့အခါမှာ အခြေခံ ရှုထောင့်နှစ်မျိုး ခွဲနိုင်တယ်။ တံခါးအပြင်ကလူနဲ့ တံခါး အထဲကလူပဲ။ တံခါးရဲ့အနေအထားနဲ့ ပတ်သက်လို့လည်း နှစ်မျိုးခွဲခြားနိုင်သေးတယ်။ ပိတ်ထားတဲ့ တံခါးနဲ့ ဖွင့်ထားတဲ့ တံခါးပဲ။ တံခါးအတွင်းကလူအနေနဲ့ ဖွင့်ထားတဲ့တံခါးဟာ တစ်စုံတစ်ရာ၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို လက်ခံကြိုဆိုလိုက်တာပဲ။ ကမ်းလှမ်းတဲ့သဘောမျိုး သက်ရောက်တယ်။ ဒါမှမဟုတ် ပိတ်ထားလည်း သူ့အတွက် ကိစ္စမရှိဘူး။ သူဟာ တံခါးကို အချိန်မရွေးဖွင့်နိုင်တဲ့ အခွင့်အရေးရှိနေတဲ့အတွက် တံခါးဟာ သူ့ကို အကျဉ်းကျမနေစေဘူး။ တံခါးဟာ သူ့ကို လုံခြုံမှုနဲ့ အကာအကွယ်သာ ပေးတယ်။ အပြင်ကလူအနေနဲ့တော့ ပိတ်ထားတဲ့တံခါးပေါက်တစ်ခုကို ၀င်ချင်တဲ့အခါမှာ ယေဘုယျအားဖြင့် တံခါးခေါက်ရလေ့ ရှိတယ်။ ဒါမှမဟုတ် ခေါင်းလောင်းတီးရလေ့ရှိတယ်။ သူ့အတွက်လည်း ဒါဟာ ပြဿနာတစ်ရပ်တော့ မဟုတ်ဘူး။ အမှတ်မှားတာလွဲလို့ ဘယ်သူမှ ကိုယ်နဲ့ မသက်ဆိုင်တဲ့ တံခါးတွေကို သွားခေါက်လေ့မရှိဘူး။ ပုံမှန်အတိုင်းဆို ကိုယ်နဲ့သက်ဆိုင်တဲ့ တံခါးတစ်ချပ်ကို ခေါက်လိုက်တဲ့အခါမှာ အဲဒီတံခါးဟာ ပွင့်သွားလေ့ရှိတယ်။ အဲဒီလူဟာ အထဲကိုဝင်သွားမယ်။ ပြီးရင် တံခါးဟာ ပြန်ပိတ်သွားမယ်။ ဒါပဲ ဘာပြဿနာရှိလဲ။ တကယ်တော့ တံခါးတစ်ချပ်ရဲ့ အမြဲတမ်းပုံစံဟာ ပိတ်နေတဲ့အနေထားမှာပဲ ရှိရလိမ့်မယ်။ ပွင့်နေတာဟာ ယာယီအခြေအနေပဲ ဖြစ်ရလိမ့်မယ်။ အဲဒီ တံခါးအပေါ် ဖွင့်နိုင်ပိတ်နိုင်တဲ့ အခွင့်အရေးရှိတဲ့လူတွေက သူတို့ဆန္ဒအလျှောက် ဖွင့်ကြပိတ်ကြလိမ့်မယ်။ အမြဲတမ်းပွင့်နေတဲ့ တံခါးသာရှိရင် အဲဒါဟာ အပေါက်တစ်ခုထက် ပိုမှာမဟုတ်ဘူး။ တံခါးရဲ့ ၀ိသေသ ရှိတော့မှာမဟုတ်ဘူး။

ဒီနေရာမှာ ကျွန်တော် မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။ လမ်းဘေး တစ်ဖက်တစ်ချက်ဆီက မြင်ကွင်းတွေက သိပ်မပြောင်းလဲဘူး။ နံရံတွေ တံခါးတွေချည်းပဲ။ ကျွန်တော် အပျင်းတစ်ချက် ဆန့်လိုက်ပြီး အတွေးရေလျဉ်ကြောထဲ ပြန်မျောသွားပြန်တယ်။ တကယ်တော့ တံခါးအမျိုးမျိုးနဲ့ ကျွန်တော်တို့အားလုံး ရင်းနှီးဖူးပြီးသားပါ။ ခက်နေတာက တံခါးတွေကိုယ်တိုင်ဟာ အကျဉ်းကျနေကြတာပဲ။ တံခါးတွေဟာ နံရံ၊ ဒါမှမဟုတ် အကာအရံတစ်ခုခုပေါ်မှာမှအပ သီးခြားရပ်တည်မနေနိုင်ကြဘူး။ တံခါးတစ်ချပ်ရဲ့ဖြစ်တည်မှုမှာ နံရံဟာ အခရာကျနေတယ်။ နံရံတွေသာ မရှိခဲ့ရင် အခုလို နှစ်လိုဖွယ်တံခါးတွေကို ကျွန်တော်တို့ ဘယ်တော့မှ ပိုင်ဆိုင်ခဲ့ကြမှာမဟုတ်ဘူး။ စွယ်စုံကျမ်းတစ်ခုကို ဖွင့်ဖတ်ရင် အဲဒီထဲက တံခါးဆိုတဲ့ခေါင်းစဉ်အောက်မှာ `တွေ့ရှိနိုင်သည့်နေရာ = ကမ္ဘာအနှံ့အပြားရှိ နံရံများပေါ်တွင်´ ဆိုပြီး ပါမလား မပြောတတ်ဘူး။ ကျွန်တော်တို့ဟာ တံခါးတစ်ချပ်ကို တွေ့မိပြီဆိုရင် နံရံတစ်ခုနဲ့လည်း ရင်ဆိုင်နေရပြီဆိုတဲ့အချက်ကို မငြင်းနိုင်တော့ဘူး။ ဒီနေရာမှာ တံခါးနဲ့ဆန့်ကျင်ဘက် ဂုဏ်ရည်ရှိတဲ့ နံရံတွေရဲ့ အခန်းကဏ္ဍကို ထည့်ပြောဖို့လိုလာပြီ။ နံရံတွေ တံတိုင်းတွေကို ဘယ်သူကစပြီး တီထွင်ခဲ့သလဲတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ တံတိုင်းတွေရဲ့ သက်တမ်းဟာ လူ့သမိုင်းနဲ့ သိပ်ပြီး အလှမ်းမကွာလှဘူးလို့တော့ မှန်းကြည့်လို့ရတယ်။ ရှေးဦးလူသားတွေဟာ ကျောက်ဂူနံရံတွေထဲမှာ မိမိတို့ကိုယ်ကိုယ် ပိတ်လှောင်ထားလေ့ရှိခဲ့ကြတယ်။ နောက်တော့ တဲနံရံ၊ အိမ်နံရံ၊ တိုက်နံရံတွေအထိ ပိတ်လှောင်မှုဖြစ်စဉ်ဟာ တိုးတက်လာခဲ့တယ်။ ပြင်ပကမ္ဘာရဲ့ အန္တရာယ်အသွယ်သွယ်ကို ကာကွယ်ဖို့ မိမိကိုယ်ကိုယ် ပိတ်လှောင်ကြရတယ်။ နံရံတွေဟာ လိုအပ်မှုအရ အခြေအမြစ်ရှိရှိ ပေါ်ပေါက်လာခဲ့တယ်။ နံရံတွေဟာ ပင်နယ်ဆလင်၊ ကွန်ဒွန်နဲ့ ဘာသာရေးတို့ထက် အများကြီးစောပြီး လူတွေကို အကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်မှာ လူတွေဟာ နံရံတွေမရှိဘဲ မရပ်တည်နိုင်ကြတော့ဘူး။ လူတွေဟာ နံရံတွေကို စွဲလန်းရူးသွပ်လာကြတယ်။ နံရံတွေဟာ မရှိမဖြစ်အရေးပါလာတယ်။ နေ့စဉ်သုံးပစ္စည်းဆိုတာ မသိနိုင်လောက်အောင်ကို နံရံတွေနဲ့ တစ်ထပ်တည်း နေသားကျလာခဲ့ကြတယ်။ အခုဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကို နံရံတွေအထပ်ထပ်နဲ့ ကာရံခဲ့ကြပြီးပြီ။ တချို့ မမြင်ရတဲ့ (Virtual) နံရံတွေတောင် ပေါ်လာတယ်။ ကမ္ဘာ့မြေပုံဆိုတာ ပေါ်လာတယ်။ နံရံအမျိုးမျိုးနဲ့ ပြည့်လျှံနေတဲ့ လောကကြီးမှာ ဖြေသာစရာဆိုလို့ တံခါးပေါက်ကလေးတွေပဲ ကျန်တော့တယ်။

ဒီနေရာမှာ ကျွန်တော် ကိုယ့်အတွေးကိုကိုယ် တော်တော်သဘောကျသွားတယ်။ ငှက်ကလေးတွေ အသိုက်ဆောက်တာ၊ ကြွက်တွေ တွင်းတူးတာ၊ ခြတောင်ပို့ကအစ လိုအပ်ချက်အရ ဖြစ်ရပေမယ့် ကျွန်တော်ကတော့ နံရံတွေနဲ့ ပတ်သက်နေရတာ သဘောမကျဘူး။ ဖြစ်နိုင်ရင် နံရံတွေနဲ့ ကင်းကင်းနေချင်တယ်။ အထက်မှာ ကောင်းကင်၊ အောက်မှာ မြေကြီးဆိုတဲ့ လွတ်လပ်မှုမျိုးကို ရချင်တယ်။ ကျွန်တော် မျက်လုံးကို ဖျပ်ခနဲ ဆွဲဖွင့်လိုက်တယ်။ အဲဒီလိုဘ၀မျိုး ဘာလို့မရနိုင်ရမှာလဲ။ တစ်ခါလောက်ဖြစ်ဖြစ် အဆုံးစွန်လွတ်လပ်မှုတစ်ခု ရသွားချင်တယ်။ ကျွန်တော် ချက်ချင်းအကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကားတံခါးကို ကျွန်တော် ဆွဲဖွင့်လိုက်တယ်။ ခရီးသည်တချို့ရဲ့ ဟေ့လူဟေ့လူဆိုတဲ့ အလန့်တကြား အော်ဟစ်သံကို ကြားလိုက်ရတယ်။ ဒီတံခါးဟာ ကျွန်တော်နဲ့ နောက်ဆုံးပတ်သက်ခဲ့တဲ့ တံခါးပဲဖြစ်မယ်။ ကျွန်တော် မြေကြီးပေါ် အလျင်စလို ခုန်ချလိုက်တယ်။ ကျွန်တော်မပါတော့တဲ့ မောင်းသူမဲ့ကားဟာ ပျင်းရိငြီးငွေ့ဖွယ်ရာ ထာဝရ ဆက်သွားနေပါလိမ့်မယ်။

တေဇာ (လရောင်လမ်း)

Comments

  1. ဆွဲဖွင့်တဲ့အခါကျတော့ ကိုယ့်ရင်ဘတ်ကို ဖွင့်ပေးထားသလို ကိုယ်ဟန်မျိုးဖြစ်နေမှာ ကျွန်တော် မလိုလားဘူး။ အထဲက အရှိန်နဲ့ ထွက်လာတဲ့ မိန်းကလေးတစ်ယောက် ကိုယ့်ရင်ခွင်ထဲ ပြုတ်ကျလာမယ့်အဖြစ်မျိုး ကျွန်တော် မလိုလားဘူး။
    ဟီး ဟီး

    နံရံတွေဟာ ပင်နယ်ဆလင်၊ ကွန်ဒွန်နဲ့ ဘာသာရေးတို့ထက် အများကြီးစောပြီး လူတွေကို အကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်မှာ လူတွေဟာ နံရံတွေမရှိဘဲ မရပ်တည်နိုင်ကြတော့ဘူး။

    ReplyDelete
  2. မွန်းကြပ်ကြပ် ဖြစ်လာစေတဲ့ မက်ဟီကို မြို့ နဲ့နံရံတွေကို ကဗျာ ရေးဘူးတယ်
    အခု ပြန်တွေးကြည့်မှ သူတို့လဲ ကုလားပြည်နဲ့ ဆင်တာပဲ
    မွန်းကြပ်နေသလား မောင်တေဇာ

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”