အမေ့ရဲ့စာဆုံးတော့ ကျွန်တော် ငိုင်ကျသွားသည်။ အမေက စာတွင် ကြောင်ကလေး နေမကောင်းသည့်အကြောင်း အသိပေးရင်း စိတ်မကောင်းစရာဖြင့် စ,ထားသည်။ မိုးမိကတည်းက ကြောင်ကလေး အသည်းအသန် နေမကောင်းဖြစ်ပြီး ဂုန်တီအိတ်ပေါ် လဲနေသည် ဆို၏။ သားကြောင်ကလေး သေတော့မယ်၊ အမေလည်း စိတ်မကောင်းဘူးဟု စာတွင် ရေးထားသည်။ ထို့နောက် မိသားစုအကြောင်းများ ရောက်တတ်ရာရာ ရေးရင်း စာဆုံးခါနီးလောက်တွင် အခုစာရေးနေရင်း အမေသွားကြည့်တော့ ကြောင်ကလေး သေသွားပြီဟု ထပ်ဖြည့်ထားသည်။ ကျွန်တော် တစ်စုံတရာကို ခံစားလိုက်ရသည်။ သို့သော် ထိုအရာသည် မည်သည့်အရာမှန်း ကျွန်တော့်ဘာသာ မသေချာ။ ထို့နောက်တွင် ကြောင်ကလေးအကြောင်း ကျွန်တော် ပြန်စဉ်းစားကြည့်မိသည်။
အမှန်တော့ ကြောင်ကလေးသေဆုံးကြောင်း မသိရခင်အထိ ကြောင်ကလေးကို ကျွန်တော် အချိန်အတန်ကြာ မေ့လျော့နေခဲ့ပြီးဖြစ်သည်။ ကျွန်တော်ပိုင်ဆိုင်သည့် ကြောင်ကလေးတစ်ကောင် ရှိနေမှန်း ကျွန်တော် သတိမရ။ ကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးသည့် ကြောင်ကလေးတစ်ကောင် ရှိခဲ့မှန်း ကျွန်တော် မမှတ်မိခဲ့တာ အတော်ကြာခဲ့ပြီ။ အမေ့စာ ဖတ်ရသည့်အခါမှ သားကြောင်ကလေး ဟူသောစာသားတွင် ကျွန်တော့် ကြောင်ကလေးကို ပြန်လည်တွေ့ရှိခဲ့ရသည်။ ထို့နောက် သုံးမိနစ်ခန့်အကြာတွင် ကျွန်တော့်ကြောင်ကလေးကို ကျွန်တော် တဖန်ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။ ကျွန်တော့်အသိစိတ်က ကြောင်ကလေးနှင့်ပတ်သက်သော မှတ်ဉာဏ်များအား ပြန်လည်တူးဆွနေမိသည်။ တကယ်တော့ ကျွန်တော့်တွင် ကြောင်ကလေးတစ်ကောင်ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
မိုးရွာသည့်တစ်နေ့တွင် ငပိန် ကျွန်တော်တို့အိမ် စရောက်ခဲ့သည်။ မျက်လုံးပြူးပြူး၊ နှုတ်သီးချွန်ချွန်၊ အရောင်မွဲမွဲနှင့် အမြီးက ကောက်နေသေးသည်။ ကြောင်တစ်ကောင်အနေဖြင့်ဆိုလျှင် အတော်အကျိုးပေးနည်းသည့် ရုပ်ရည်မျိုးဟုပင် ဆိုရမည်။ အိမ်မွေးတိရိစ္ဆာန်ဖြစ်ရသည့် ဘ၀တွင် လူချစ်နိုင်လောက်သည့် ရုပ်လက္ခဏာများ ကင်းမဲ့နေခြင်းသည် အတော် အကြောင်းမလှသည့် အဖြစ်ပင်။ ငပိန့်ကို ခေါ်လာသည့် အဒေါ်ကြီးက `ငယ်ငယ်လေးရှိပါသေးတယ်။ အစားကောင်းကောင်း ကျွေးလိုက်ရင်တော့ ၀လာမှာပါ။ ဒီတိုင်းဆိုရင်တော့ သေသွားမယ်ထင်တယ်..´ စသည်ဖြင့် ငပိန့်အား ကျွန်တော်တို့အိမ်တွင် အောင်မြင်စွာထားခဲ့နိုင်ရန် စကားဆိုနေသည်။ ငပိန်က သူတို့ ခြံစည်းရိုးထဲတွင် မိုးရွာရင်း ရေမျောကမ်းတင်နေခဲ့ခြင်း ဖြစ်သည်။ အိမ်တွင် ကြွက်တွေသောင်းကျန်းနေသဖြင့် ကြောင်တစ်ကောင်လောက် လိုချင်ကြောင်း အမေက စကားစထားဖူးသည်။ ဤသို့ဖြင့် ရုပ်ပိုင်းဆိုင်ရာတွင် မည်သည့်နေရာတွင်မျှ စံချိန်စံညွှန်းမမီသော ငပိန်သည် ကျွန်တော်တို့၏ မိသားစုဝင်တစ်ယောက် ဖြစ်လာခဲ့သည်။
ကျွန်တော်တို့လည်း ချူချာသည့် ငပိန်အား ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ကြရသည်။ သို့သော် ငပိန်သည် အစားအသောက်အား မက်မက်မောမောမရှိသည့် ထူးဆန်းသည့် ကြောင်တစ်ကောင်ဖြစ်သည်။ မီးဖိုချောင်ထဲတွင် ငပိန်ဟင်းအိုးနှိုက်စားသည်ဟူ၍ မည်သည့်အခါမှ မရှိ။ ထို့ပြင် ကြောင်တစ်ကောင်အနေဖြင့် လူရိပ်လူကဲကို အတော်နားလည်သည်ဟု ဆိုရမည်။ သူ့ကို အော်ထားလျှင် ထိုအလုပ်ကို အိမ်ကလူများ မကြိုက်မှန်း သူသိသည်။ ရေစပ်စပ်ရှိ ငါးကလေးတွေကို သွားဖမ်းကာ ခြေထောက်တွင် ဗွက်တွေပေပြီး ဖယောင်းပုဆိုးပေါ် ခြေရာများထင်ကျန်ခဲ့လျှင် သူ ပျောက်နေတတ်သည်။ လူတွေ မေ့လောက်ပြီထင်မှ ဘယ်နေရာကမှန်းမသိ သူအပြင်ပြန်ထွက်လာသည်။ ဤသို့ဖြင့် တိရိစ္ဆာန်မချစ်တတ်သော အမေက ငပိန့်ကို ပိန်ပိန်ဟု ခေါ်လာသည်။ စိတ်လိုလက်ရရှိသည့်အခါ ပေါင်ပေါ်တင်ထားတတ်သည်။ အစ်ကိုက ငပိန့်အတွက် အစာထုပ်ကလေးတွေ ၀ယ်လာတတ်သည်။ မည်သို့ပင်ဖြစ်စေ ငပိန်နှင့် အများဆုံးအချိန်ကုန်ဆုံးသူမှာ ကျွန်တော်ဖြစ်သဖြင့် တစ်အိမ်သားလုံးက ငပိန့်ကို ကျွန်တော့်ကြောင်ဟုသာ သတ်မှတ်ထားကြသည်။ ငပိန်ကလည်း အမွှေးအရောင် ပြောင်လာသည်။ ငပိန်ဟူသော အမည်ကိုလည်း သူကိုယ်တိုင်က သိနေပြီဖြစ်သဖြင့် အခြားနာမည်လှလှမှည့်ပေးရန် မဖြစ်နိုင်တော့။
ထိုအချိန်က ကျွန်တော်တို့အိမ်တွင် ကြွက်များကလည်း အတော်သောင်းကျန်းနေချိန်ဖြစ်သည်။ အရေအတွက်ရော အရည်အချင်းပါ များသည်။ မဖမ်းနိုင်မှန်း သိသဖြင့် လူမိလျှင်တောင် ရုတ်တရက် မပြေးသေးဘဲ မျက်လုံးပြူးပြီး ပြန်ကြည့်နေလေ့ရှိသည့် မိုက်ကန်းကန်းကြွက်ကြီးများ ဖြစ်သည်။ အရွယ်ရောက်ပြီးသားကြွက်မှန်လျှင် ခြင်ထောင်ဘေးက ဖြတ်ပြေးရဲရမည်ဟု သူတို့ဘာသာ စည်းကမ်းသတ်မှတ်ထားကြသည်လားမသိ။ ခြင်ထောင်ဘေးက အပြိုင်ဖြတ်ပေးလေ့ ရှိကြသည်။ အိမ်နောက်ဖေးအမိုးစပ်ပေါ်သို့ အုန်းလက်တစ်လက်ကျနေရာ ထိုအုန်းလက်မှတစ်ဆင့် အုန်းပင်နှင့် အိမ်ကို ဥဒဟို လမ်းပေါက်နေကြသည်။ ဟင်းအိုးလာနှိုက်ပြီးလျှင် အိမ်ခေါင်မိုးမှတဆင့် အုန်းပင်ပေါ်သို့ ပြန်ပြေးလေ့ရှိသည်။ အဆိုးဆုံးမှာ ညဖက်များတွင် အိမ်ခေါင်မိုးပေါ် စိမ်ပြေးတမ်းဆော့ကြခြင်း ဖြစ်သည်။ သွပ်မိုးပေါ်တွင် ကမ္ဘာပျက်သလို တဒုန်းဒုန်းပြေးလွှားနေကြသည်မှာ ညတိုင်းပင်။ အမေက ၀ါးလုံးဖြင့် အိမ်ခေါင်မိုးကို ထိုးပြီး ခြောက်သည်။ ခဏမျှ တိတ်သွားပြီး ပြန်ထွက်လာကြပြန်သည်။ ထို့ကြောင့်ပင် ငပိန့်လို အမွှေးအရောင်မပြောင်သည့် ကြောင်ကလေး အိမ်ရောက်လာခဲ့စဉ်က မည်သူမျှ မကန့်ကွက်ခဲ့ကြခြင်းဖြစ်မည်။
ကြွက်တစ်ကောင်အား ငပိန်ပထမဆုံး စခုတ်နိုင်သောနေ့က ကျွန်တော်တို့ တော်တော် ရယ်ခဲ့ရသည်။ ရောက်ခါစက အားအင်ချိနဲ့ပြီး လမ်းလျှောက်လျှင်ပင် ယိုင်တိုင်တိုင်ဖြစ်နေသည့် ငပိန်းအား ကြွက်ခုတ်နိုင်မည်ဟု မည်သူမျှ မမျှော်လင့်ရဲခဲ့ကြ။ သူ့ကိုတောင် ကြွက်က ပြန်ခုတ်သွားမလားဦးမယ်ဟု အမေက ညည်းသည်။ တစ်မနက်တွင် သားရေ ငပိန်လေး ကြွက်ခုတ်တယ်၊ ကြွက်စုတ်ကြီးဟု အမေက ၀မ်းသာအားရ အော်လိုက်သံကြားသဖြင့် ကျွန်တော် အိမ်မှုန်စမွှားဖြင့် ထလာခဲ့သည်။ ငပိန်က ကြွက်သေလေးတစ်ကောင်အား ဆော့နေသည်။ သူ့ကြွက်ကြီးက ကြွက်စုတ်ကြီး၊ နံတယ်လို့ အမေက ပြောသည်။ ကြွက်စုတ်ကို ဘယ်ကြောင်မှ မခုတ်ပါဘူး၊ သူက ကြွတ်စုတ်လား၊ ရိုးရိုးကြွက်လားမသိဘဲ သွားခုတ်လာတာဟု အမေပြောလို့ ကျွန်တော် သိရသည်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း ကြွက်ပဲသိသည်။ ကြွက်စုတ်က နံသလား, မနံသလား မသိခဲ့။ ငပိန်က ကြွက်ကို မစားဘဲ လူမြင်အောင် တစ်နေကုန် ဆော့ပြနေသဖြင့်၊ နောက်ဆုံး ကြွားတာလည်း တော်လိုက်ပြီဆိုပြီး ကြွက်သေကို အမေက သွားလွှင့်ပစ်လိုက်ရသည်။ ငပိန့်အတွက်တော့ ကြွက်ခုတ်နိုင်တာကလည်း ထိုသို့ ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ကြွက်သောင်းကျန်းများ တဖြည်းဖြည်း ရှဲသွားသည်။ ငပိန်လည်း ထုတ်တန်းပေါ်သို့ တစ်ခါခုန်ဖြင့် ရောက်အောင်တက်ပြီး ခေါင်မိုးပေါ်တွင် လမ်းသလားလာနိုင်သည်။ ကြွက်အန္တရာယ်မှ ကင်းဝေးပြီးနောက် ငပိန်လည်း ကျွန်တော်တို့အိမ်၏ တာဝန်ကျေသော မိသားစုဝင်တစ်ယောက်ဖြစ်လာခဲ့တော့သည်။
မိုးရွာသောညများတွင် သွပ်မိုးပေါ်မိုးပေါက်ကျသံများအား နားထောင်ရင်း ငပိန့်ကို ကျွန်တော့်ရင်ခွင်ထဲတွင် သိပ်လေ့ရှိသည်။ ငပိန်က အိပ်ယာဝင်နောက်ကျသည်။ ကုတင်နှင့် နံရံ ကပ်နေသည့်အခြမ်းသို့ ၀င်လာပြီး ခြင်ထောင်ထဲ တိုးဝင်လေ့ရှိသည်။ ကျွန်တော်က နိုးလျှင် သူ့ကို ခြင်ထောင်ဖွင့်ပေးရသည်။ သူက ကျွန်တော့်ရင်ခွင်ထဲ ကွေးပြီးဝင်အိပ်သည်။ ထိုသို့ ကြောင်နွေးနွေးလေးတစ်ကောင်အားဖက်၍ ကျွန်တော် မိုးရွာသောညပေါင်းများစွာ ဖြတ်သန်းဖူးခဲ့သည်။ မနက်ကျလျှင်လည်း သူက အစောကြီးထသည်။ ခြင်ထောင်ကို ကိုယ်လုံးဖြင့် ဖိပြီး အိကျအောင်လုပ်သဖြင့် ပုခက်ကြီးလို ဖြစ်နေတတ်သည်။ အမေက တွေ့လျှင် သူထွက်နိုင်အောင် ခြင်ထောင်ကို ဖြုတ်ချပေးရသည်။
ငပိန်၏အသက်ကို မည်သူမျှ မခန့်မှန်းတတ်ပေ။ သူ့အရွယ်အစားက တင်းပြည့်ကျပ်ပြည့် ကြောင်တစ်ကောင်အဖြစ် မည်သည့်အခါမျှ ရောက်မလာခဲ့။ သို့သော် ငပိန်သည် အသက်မငယ်တော့မှန်း ကျွန်တော်တို့အားလုံး သိကြပါသည်။ ပြာသိုလ၏ ညများတွင် ငပိန် ရွှံ့အလူးလူး၊ ဒဏ်ရာဗရပွဖြင့် အိမ်ပြန်လာလေ့ရှိသည်။ ကြောင်စဉ်မမီသည့်သူ့ကို အခြားကြောင်ထီးများက ဘိုကျကြခြင်းဖြစ်သည်။ အိမ်ထဲအထိ ပြန်ရောက်အောင် ငပိန် အသက်လု ပြေးရသည်။ တစ်ခါတရံ အတင့်ရဲသည့် ကြောင်ထီးများက အိမ်ထဲထိပင် လိုက်ကိုက်လေ့ရှိသည်။ ထိုအခါမျိုးတွင် ကျွန်တော်က တံမြက်စည်းတစ်လက်ဖြင့် ငပိန့်ရန်သူများအား ကာကွယ်ရသည်။ ဒါဝင်၏ကမ္ဘာတွင် နေနေရသော ငပိန်အဖို့ အခြားဘ၀တူများအတွက် ဖြစ်ရိုးဖြစ်စဉ် သဘာဝကိစ္စများတွင်ပင် သူ့အတွက်ကျတော့ အခက်အခဲအချို့ရှိနေသည်။ သူ့ကဲ့သို့ ကုပ်ချောင်းချောင်းကြောင်ကလေးအနေဖြင့် တခြား ကြောင်ပါးကြီးများနှင့် ယှဉ်ပြိုင်ကာ နောက်ပိုးနိုင်ပါ့မလားဟု ကျွန်တော် သံသယရှိခဲ့သည်။ ထိုအတွေးကြောင့်လည်း သူ့အတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိခဲ့ရသည်။
တစ်နေ့တော့ ချစ်စရာ ကြောင်အ၀ါမလေးတစ်ကောင်ကို ငပိန် အိမ်သို့ ခေါ်လာသည်။ ကြောင်မလေးက အကောင်ချင်း ငပိန်နှင့် ရွယ်တူဖြစ်သည်။ သို့သော် ငပိန့်ထက် အလွန်ငယ်ရွယ်သေးကြောင်း သိသာသည်။ အိမ်ထဲတွင် သူတို့နှစ်ကောင် လျှောက်ဆော့နေသည်။ ငပိန်က ကြောင်မလေးကို ကျီစယ်သည်။ ထိုကြောင်အ၀ါမကလေးမှာ ကျွန်တော်တို့ မျက်စောင်းထိုးအိမ်မှ ကြောင်ကလေးဟု သိရသည်။ တို့ကြောင်ကလေးက ငယ်ငယ်လေးပဲရှိသေးတယ်၊ ကလေးတွေဘာတွေ မမွေးစေချင်ပါဘူး၊ ပြီးတော့ သူတို့ကြောင်ကလည်း စုတ်ပြတ်နေတာပဲဟု ကန့်ကွက်စကားသံတွေ တဆင့်ပြန်ကြားရသည်။ ထို့နောက်တွင် မည်သို့လုပ်လိုက်သည်မသိ ထိုကြောင်ဝါမကလေးကို မတွေ့ရတော့။ ထိုကိစ္စကြောင့်ထင်သည်၊ ငပိန် အနည်းငယ် မှိုင်သွားသည်၊ သို့မဟုတ် ငပိန်အနည်းငယ် မှိုင်သွားသည်ဟု ကျွန်တော်ထင်သည်။ ဒီလို ကြောင်တန်းစားခွဲခြားတဲ့လူတွေကြောင့် စိတ်ညစ်ခံမနေနဲ့၊ ကြောင်အချင်းချင်း မတူသလို မတန်သလိုနဲ့။ ငါတစ်ယောက်လုံးရှိပါတယ်ကွာဟု ကျွန်တော်လည်း ကိုယ့်ကောင်ကိုယ် အားပေးရသည်။ ငပိန် ကျွန်တော့်စကားကို နားမလည်ပါ၊ သို့သော် သိပ်မကြာခင်ပင် ချစ်စရာကြောင်မလေးကို ငပိန် မေ့လျော့သွားခဲ့ပါသည်။ ကျွန်တော်လည်း ကိုယ့်ကောင်အတွက်ကိုယ် ဂုဏ်ယူမိသည်။
မိုးတွင်းဖက်ရောက်တော့ ငပိန်နှင့်အမေ ပြဿနာတက်ကြသည်။ အပြင်ရှိ ရေစပ်စပ်မြေကြီးနှင့် မြက်ခင်းများပေါ် လျှောက်သွားရင်း ငပိန့်ခြေဖ၀ါးတွင် ကျွတ်တွေ ပါလာသည်။ ဘာအကောင်မှမကြောက်တတ်သည့် အမေက သူ့အကြောက်တွေအားလုံးကို ကျွတ်တွေအတွက် ချန်ထားသလိုပင် ကျွတ်ကိုမြင်လျှင် သွေးပျက်ချင်သည်။ အမေ၏ နံပါတ်တစ်ရန်သူ ကျွတ်များအား ငပိန်က အိမ်သို့ အသယ်အပို့လုပ်သည်။ ထိုပြဿနာကို ကျွန်တော်က ကြားဝင်ဖြေရှင်းပေးရသည်။ ငပိန် အပြင်က ပြန်လာသည်နှင့် ဇာဂနာတစ်ချောင်းနှင့် သူ့ ခြေဖ၀ါးကြားမှ ကျွတ်များအား ရှင်းလင်းရေး လုပ်ရသည်။ ငပိန်ကလည်း သူ့ကိုယ်သူ သိသည်။ လုံခြုံရေးအရ စစ်ဆေးခြင်းအား ကြည်ဖြူစွာခံယူလေ့ရှိသည်။ ပြီးမှ ငပိန် အိမ်ထဲသို့ ၀င်ခွင့်ရသည်။ သိပ်မကြာပါ၊ ငပိန့်ခြေထောက်တွင် အနာဖြစ်လာသည်။ လမ်းလျှောက်တိုင်း သွေးစက်တွေ ကျန်ခဲ့သည်။ အစတွင် ကျွတ်တွေဆီက ပြန်ထွက်သည့်သွေးဟု ထင်သော်လည်း အသေအချာကြည့်တော့ ခြေထောက်က ထွက်နေခြင်း ဖြစ်သည်။ ထို့နောက်တွင် တိရိစ္ဆာန်ဆေးကုခန်းရှိသည့် နေရာရောက်ဖို့ ငပိန့်အားခြင်းတောင်းထဲထည့်ပြီး ၄၅ မိနစ်ခန့် ကျွန်တော် စက်ဘီးနင်းခဲ့ရသည်။ ငပိန်ကတော့ ခြင်းတောင်းထဲမှ မျက်လုံးအပြူးသားဖြင့် စက်ဘီးများကားများကို ကြောက်လန့်တကြား လိုက်ကြည့်နေသည်။ ဆရာဝန်က လိမ်းဆေးတစ်မျိုး ထည့်ပေးသည်။ သန်ချဆေး၊ ကြောင်စာ စသည်ဖြင့် ၀ယ်လာရသည်။ အထီးဖြစ်နေသဖြင့် သန္ဓေတားဆေး ထိုးရန်အခက်တွေ့နေသောကြောင့် အားဆေးတစ်လုံးပါ စေတနာပိုစွာ ထိုးပေးလိုက်သည်။ ပါသမျှပိုက်ဆံ တိကုဆရာဝန်ထံတွင် အကုန်ထားခဲ့ပြီး ကျွန်တော်တို့ အိမ်ပြန်လာခဲ့ကြသည်။ အိမ်ပြန်ရောက်ရောက်ချင်း ငပိန်လည်း ပင်ပန်း၍ ထင်သည်၊ ထုတ်တန်းပေါ်တက်သွားပြီး မှောက်အိပ်နေသည်။ အိမ်နီးချင်းတစ်ဦးက ကြောင်မမာလာမေးသည်။ အားဆေးထိုးလာခဲ့တယ်ပြောတော့ စုတ်တသပ်သပ်ဖြင့် ခေါင်းရမ်းပြသည်။ ဖျားနေတဲ့အချိန်မှာအားဆေးထိုးတော့ သွားပြီပေါ့၊ ကြောင်ကလေးသနားပါတယ်၊ ဘယ်တော့သေမလဲမသိဘူးဟု ပြောတော့ သူ့မျက်နှာမှာ နောက်ပြောင်သည့်အရိပ်အယောင်များ တွေ့မလား ကျွန်တော်ရှာကြည့်သေးသည်။ မတွေ့သည့်အဆုံး ထိုသို့ အပေါ်ယံ နူးညံ့သော စကားလုံးတို့ဖြင့် သူတစ်ပါးစိတ်ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်လေ့ရှိသော လူမျိုးများအား တစ်သက်လုံးမုန်းဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့သည်။ ငပိန်နှင့် ကျွန်တော် ထိုသို့ ရဲဘော်ရဲဘက်တွေ ဖြစ်ခဲ့ကြပါသည်။
အခုတော့ ငပိန့်အကြောင်း တွေးရင်း ကျွန်တော် စိတ်မကောင်းဖြစ်နေမိသည်။ တကယ်တော့ ငပိန်နှင့်ပတ်သက်သည့် အကြောင်းအရာများသည် ကျွန်တော်၏ မှတ်ဉာဏ်ထဲတွင် မရေတွက်နိုင်အောင် ကျန်ရှိနေသေးသည်။ စဉ်းစားနေရင်း အသေးစိတ်အချက်အလက် အများအပြား ပြန်ပေါ်လာသည်မှာ ကျွန်တော်ကိုယ်တိုင်ပင် အံ့သြရသည်။ ကျွန်တော့်ထံတွင် ကျန်ခဲ့သည်မှာ ငပိန်နှင့်ပတ်သက်နေသည့် ထိုသို့ ပွစာကြဲနေသော မှတ်ဉာဏ်များသာ ဖြစ်သည်။ ငပိန်က မရှိတော့ပါ။ ငပိန်သည် ကျွန်တော့်မှတ်ဉာဏ်အတွင်းမှ ဇီဝဓာတ်အချို့မှတစ်ပါး အခြားမဟုတ်တော့။ ထို့ပြင် အသစ်အသစ်သော မှတ်ဉာဏ်များကိုလည်း ဆက်လက်ဖန်တီးနိုင်မည် မဟုတ်တော့။ တကယ်တော့ ထိုသို့ မှတ်ဉာဏ်အသစ်များ မဖြစ်ပေါ်ခဲ့သည်မှာ နှစ်အတန်ပင် ကြာမြင့်ခဲ့ပါပြီ။ ငပိန့်အား ကျွန်တော်နောက်ဆုံးတွေ့ခဲ့သည့်နေ့က နောက်တစ်ဖန် ပြန်တွေ့ရတော့မည် မဟုတ်မှန်း အသေအချာ သိနေခဲ့သည်။ ငပိန်သည် ကျွန်တော်ပြန်လာချိန်ကို တစ်လလောက်ကြာသည်အထိ မျှော်နေခဲ့သေးသည်ဟု အမေက စာရေးခဲ့သည်။ ထို့နောက်တွင် ကျွန်တော်နှင့်ပတ်သက်သည့် သူ၏ မှတ်ဉာဏ်များသည်လည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါလိမ့်မည်။ နောက်ဆုံး မည်သည့်အခါမျှ ပြန်လည်နှိုးဆွမခံရတော့သော မှတ်ဉာဏ်အသေများအဖြစ် သူ့ထံမှ ကျွန်တော် ပျောက်ကွယ်သွားခဲ့ပါလိမ့်မည်။ ငပိန်သည်လည်း ကျွန်တော့်ကို မေ့နေလောက်ပါပြီ။ အခုတော့ ကျွန်တော်၏ မှတ်ဉာဏ်များကို အမေ့စာက နှိုးဆွလိုက်သဖြင့် ငပိန်သည် ကျွန်တော့်ထံတွင် ပြန်လည်ရှင်သန်လာသည်။ စိတ်မကောင်းဖြစ်မိရသည်။ အမေ့စာဟူသော အတွေးအရောက်တွင် အမေ့စာနှင့်အတူ ကြောင်ကလေးပုံဆိုပြီး အတော်ကြာကတည်းက ကျွန်တော့်ထံ ဓာတ်ပုံပို့ခဲ့ဖူးကြောင်း ပြန်အမှတ်ရလာသည်။ ကျွန်တော် ၀မ်းသာသွားသည်။ ငပိန့်ပုံကို ကျွန်တော် နောက်ဆုံးတစ်ခေါက်အနေဖြင့် ပြန်ကြည့်ပြီး လွမ်းချင်သည်။ အီးမေးလ်အဟောင်းများကို ကျွန်တော် ရှာဖွေနေလိုက်သည်။
ဓာတ်ပုံကြည့်ရင်း မျက်နှာတစ်ခုလုံး နီးမြန်းသွားသလို ကျွန်တော် ခံစားလိုက်ရသည်။ ဓာတ်ပုံထဲတွင် ကင်မရာကိုကြည့်ပြီး မြေကြီးပေါ် လူးနေသော ခပ်၀၀ ကြောင်အ၀ါလေးတစ်ကောင် ရှိနေသည်။ ကျွန်တော့်နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးသွားသည်ဟု ထင်မိသည်။ ကျွန်တော် မျက်လုံးတွေကို ပြန်မှိတ်ထားလိုက်သည်။ ငပိန်၊ ထို့နောက် ဓာတ်ပုံထဲက ကြောင်အ၀ါလေး။ ငပိန်နှင့်ပတ်သတ်သည့် အသေးစိတ်အကြောင်းအရာများအား များပြားစွာသိမ်းဆည်းထားခဲ့သည့် ကျွန်တော်၏ မှတ်ဉာဏ်သည် ကျွန်တော်ရှိနေစဉ်ကပင် ငပိန်သေဆုံးခဲ့ပြီးဖြစ်သည်ဟူသည့်အချက်ကိုမူ သိမ်းဆည်းရန် မေ့ကျန်ခဲ့သည်။ ငပိန်သေပြီးနောက် ကြောင်မကြီးတစ်ကောင်အား ထပ်မွေးသည်။ ထိုကြောင်မကြီးမှ ယခု ဓာတ်ပုံထဲက ကြောင်အ၀ါလေးအား မွေးသည်။ အခု ဒီကြောင်အ၀ါလေးတောင် သေချိန်တန်ပါပေါ့လားဟု ကျွန်တော် တွေးမိလိုက်သည်။ ဤတစ်ကြိမ်တွင် ကျွန်တော့်အတွေးက တုန်လှုပ်နေသည်။ အချိန်များ ကြာခဲ့ပြီ။ ထိုဖြစ်ရပ်များသည် ကျွန်တော်၏နောက်တွင် ခပ်ဝေးဝေးပြတ်ကျန်ခဲ့ပြီ ဖြစ်သည်။ စာတစ်စောင်ကို ချက်ချင်းရေးဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ ကြောင်ကလေးများနှင့် ပတ်သက်သော ကျွန်တော်၏မှတ်ဉာဏ်တွင် ရောထွေးမှုများရှိနေသည့်တိုင် အမေနှင့်ပတ်သက်သော ကျွန်တော်၏မှတ်ဉာဏ်ကမူ ပကတိအရောအနှောကင်းသည်ဟု ကျွန်တော် ယုံကြည်သည်။
သို့ မေကြီး…။ သားအမေ့ဆီ စာမရေးဖြစ်တာ အတော်ကြာခဲ့ပြီ။ အိမ်မှာ အသစ်မွေးမယ့် ကြောင်ကလေးတွေက သားကို သိကြတော့မှာမဟုတ်ဘူး။ သား အမေနဲ့ ခွဲနေရတာ ကြာလှပြီ…။ သား အမေ့အကြောင်း မှတ်ဉာဏ်အသစ်တွေ နောက်ထပ်ရချင်ပါသေးတယ်။
တေဇာ (လရောင်လမ်း)
သြဂုတ် ၂၀၁၁
အရမ်းကြိုက်ပါသည်။ ခံစားမှုရသ အများကြီး ရလိုက်ပါသည်။
ReplyDeleteမေမေ့ထံ စာတစ်စောင် ရေးဖို့ ဆုံးဖြတ်လိုက်ပါသည်.
ဟုတ်တယ် အရမ်းကြိုက်ပါတယ်။
ReplyDeleteကျွန်မမှာ အဲဒီခံစားချက်ကလည်းလောလောဆယ်ရှိနေတယ် ကျွန်မရဲ့ကြောင်ကလေး ၁၂ကောင်ထဲက တစ်ကောင်သေသွားပြီတဲ့လေ။
ဒါပေမယ့် ကျွန်မကတော့ ကျွန်မရဲ့ကြောင်ကလေးတွေကို ဘယ်တုန်းကမှ မေ့မနေခဲ့ဖူးသူပါ။
Good article, it hits my heart too.
ReplyDeleteCoz I am a serious cat lover and I had many cats. I felt so sad when some of them died with many different reasons.
But I still love all cats on the road.
Very good article which hits my heart.
ReplyDeleteသိပ်ကောင်းတဲ့ပိုစ့်လေးပဲ ...
ReplyDeleteဖတ်ရတာ ရိုးရိုးလေးနဲ့ အရမ်းကောင်းတယ်ဗျာ
ReplyDelete