`ဖေကြီး´ လို့ သူမက ခေါ်လိုက်တယ်။
`ကိုယ် ဆိုနေတဲ့ သီချင်းစာသားတွေ သတိမရတော့ဘူး´
သူမက ခြောက်ဆယ့်နှစ်နှစ်။ ဆိုဖာအစွန်းမှာ ထိုင်ရင်း ဒူးပေါ် သူမရဲ့ ဟော်လိုဂစ်တာဟောင်းလေးကို တင်ထားတယ်။ ၄၇ နှစ်ကြာပေါင်းလာတဲ့ သူမရဲ့ ခင်ပွန်းက မီးဖိုချောင်ကနေ ဧည့်ခန်းထဲ လျှောက်လာတယ်။ `ဘာလဲ မေကြီး´ လို့ သူက မေးလိုက်တယ်။ သူတို့ရဲ့ တတိယကလေး ရပြီးကတည်းက သူက သူမကို မေကြီးလို့ စခေါ်တယ်။ သူမကလည်း အပြန်အလှန် သူ့ကို ဖေကြီးပေါ့။ အခုဆိုရင် ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီ။
`ဒုတိယအပိုဒ် ဘယ်ကစတယ်ဆိုတာကို ကိုယ် မေ့နေပြီ´
`အင်း မေကြီးက ဘယ်သီချင်းကို ဆိုနေတာလဲ´
`ကြည့် ကိုယ့်ကို ဂရုမစိုက်ဘူးမဟုတ်လား။ ဒီမှာ သီချင်းတစ်ပုဒ်တည်းကို ဆိုမလို့လုပ်နေတာ ၂၅ မိနစ်လောက်ရှိပြီလေ´
သူမ ခင်ပွန်း ဂျော့က မျက်နှာကြက်ကို မော့ကြည့်တယ်။ ပြီးတော့ သူ့ရဲ့ ထိုးထိုးထောင်ထောင် မုတ်ဆိတ်တွေကို ပွတ်ပြီး ပြောလိုက်တယ်။
`အင်း..ဘာဖြစ်မလဲ။ မိုးရေထဲ ပန်းကောက်ခြင်းလား´
`ကံကောင်းပြီး မှန်သွားတယ်´
သူမက ပြုံးပြီး ဂစ်တာကို ဟန်ပါပါခတ်လိုက်တယ်။
`ဒုတိယအပိုဒ်က မိုးစရွာတဲ့အချိန်လေ။ ပွင့်ဖတ်တွေပေါ်က မိုးရေစက်တွေကြောင်း.. တစ်ခုခုပဲ၊ သေချာပါတယ်´
`ဟုတ်ပါ့။ အဲဒါကို ကိုယ်ဘယ်လို မေ့သွားလဲ မသိဘူး´
သူမက သစ်သားဂစ်တာအိုလေးပေါ်မှာ ရိုးရှင်းတဲ့ လက်ကွက်တွေနဲ့ ဂစ်တာကို ပြန်တီးတယ်။ နောက်တော့ သူမ အတော်ငယ်ငယ်တုန်းက ရေးခဲ့တဲ့ သီချင်းတစ်ပုဒ်ကို ဆိုတယ်။ သီချင်းက ချစ်သူနှစ်ယောက် ပန်းရိုင်းပင်တွေပေါက်နေတဲ့ ကွင်းပြင်မှာ လမ်းလျှောက်ကြတဲ့အကြောင်း။ မိုးရေနွေးတွေ စကျလာတယ်။ မိုးပြေးခိုမယ့်အစား သူတို့နှစ်ယောက်သား မိုးရေထဲ ပန်းကောက်ကြရင်း တစ်ယောက်နဲ့တစ်ယောက် ချစ်နေမိပြီဆိုတာ သိသွားခဲ့ကြတယ်တဲ့။
§
`ကိုယ် ဆိုနေတဲ့ သီချင်းစာသားတွေ သတိမရတော့ဘူး´
သူမက ခြောက်ဆယ့်နှစ်နှစ်။ ဆိုဖာအစွန်းမှာ ထိုင်ရင်း ဒူးပေါ် သူမရဲ့ ဟော်လိုဂစ်တာဟောင်းလေးကို တင်ထားတယ်။ ၄၇ နှစ်ကြာပေါင်းလာတဲ့ သူမရဲ့ ခင်ပွန်းက မီးဖိုချောင်ကနေ ဧည့်ခန်းထဲ လျှောက်လာတယ်။ `ဘာလဲ မေကြီး´ လို့ သူက မေးလိုက်တယ်။ သူတို့ရဲ့ တတိယကလေး ရပြီးကတည်းက သူက သူမကို မေကြီးလို့ စခေါ်တယ်။ သူမကလည်း အပြန်အလှန် သူ့ကို ဖေကြီးပေါ့။ အခုဆိုရင် ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီ။
`ဒုတိယအပိုဒ် ဘယ်ကစတယ်ဆိုတာကို ကိုယ် မေ့နေပြီ´
`အင်း မေကြီးက ဘယ်သီချင်းကို ဆိုနေတာလဲ´
`ကြည့် ကိုယ့်ကို ဂရုမစိုက်ဘူးမဟုတ်လား။ ဒီမှာ သီချင်းတစ်ပုဒ်တည်းကို ဆိုမလို့လုပ်နေတာ ၂၅ မိနစ်လောက်ရှိပြီလေ´
သူမ ခင်ပွန်း ဂျော့က မျက်နှာကြက်ကို မော့ကြည့်တယ်။ ပြီးတော့ သူ့ရဲ့ ထိုးထိုးထောင်ထောင် မုတ်ဆိတ်တွေကို ပွတ်ပြီး ပြောလိုက်တယ်။
`အင်း..ဘာဖြစ်မလဲ။ မိုးရေထဲ ပန်းကောက်ခြင်းလား´
`ကံကောင်းပြီး မှန်သွားတယ်´
သူမက ပြုံးပြီး ဂစ်တာကို ဟန်ပါပါခတ်လိုက်တယ်။
`ဒုတိယအပိုဒ်က မိုးစရွာတဲ့အချိန်လေ။ ပွင့်ဖတ်တွေပေါ်က မိုးရေစက်တွေကြောင်း.. တစ်ခုခုပဲ၊ သေချာပါတယ်´
`ဟုတ်ပါ့။ အဲဒါကို ကိုယ်ဘယ်လို မေ့သွားလဲ မသိဘူး´
သူမက သစ်သားဂစ်တာအိုလေးပေါ်မှာ ရိုးရှင်းတဲ့ လက်ကွက်တွေနဲ့ ဂစ်တာကို ပြန်တီးတယ်။ နောက်တော့ သူမ အတော်ငယ်ငယ်တုန်းက ရေးခဲ့တဲ့ သီချင်းတစ်ပုဒ်ကို ဆိုတယ်။ သီချင်းက ချစ်သူနှစ်ယောက် ပန်းရိုင်းပင်တွေပေါက်နေတဲ့ ကွင်းပြင်မှာ လမ်းလျှောက်ကြတဲ့အကြောင်း။ မိုးရေနွေးတွေ စကျလာတယ်။ မိုးပြေးခိုမယ့်အစား သူတို့နှစ်ယောက်သား မိုးရေထဲ ပန်းကောက်ကြရင်း တစ်ယောက်နဲ့တစ်ယောက် ချစ်နေမိပြီဆိုတာ သိသွားခဲ့ကြတယ်တဲ့။
§
`ဖေကြီး။ အဲဒီဘီရိုကို တံခါးဖွင့်ပြီး ကိုယ့်ကို...´ သူမ အသက်က ခြောက်ဆယ့်လေးနှစ်။
`ဘာပြောတာလဲ မေကြီး´ လို့ သူ ပြန်မေးလိုက်တယ်။ ချက်ချင်းဆိုသလို သူက သူမပြောတာကို လုပ်ပေးဖို့အသင့်အနေအထားနဲ့ မတ်တပ်ရပ်ပြီး ဖြစ်နေပြီ။
`ဘာလုပ်ပေးရမလဲ´
ဒါပေမဲ့ သူမမျက်နှာထားကို မြင်လိုက်တော့ သူ ထိုင်ခုံပေါ် အသာပြန်ထိုင်ချလိုက်တယ်။ အဲဒီ မျက်နှာထားကို သူ မုန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို ကြိမ်ဖန်များစွာ သူ မြင်ခဲ့ရဖူးလို့ မနှစ်မြို့စရာ မိတ်ဆွေဟောင်းတစ်ယောက်လို ဖြစ်နေပြီ။ ဘာကိုမှ မသိနားမလည်တဲ့ မျက်နှာထားနဲ့ ရှုပ်ထွေးကြောက်ရွံ့နေပုံမျိုး။
[ ၂ ]
`ကိုယ် ဘာလိုလဲ မမှတ်မိတော့ဘူး´ သူမက ခေါင်းယမ်းပြီး ထိုင်ခုံပေါ် ပြန်မှီချလိုက်တယ်။
`ဘာမှမဖြစ်ပါဘူး။ ပြန်မှတ်မိလာမှာပေါ့´
သူမက အရှေ့ဘက် တည့်တည့်ကို ငေးစိုက်ကြည့်နေတယ်။ သူတို့ရဲ့ ဆုံလည်ကုလားထိုင် နှစ်လုံးက ရုပ်မြင်သံကြားစက်ရှေ့မှာ။ ဒါပေမဲ့ သူမက ရုပ်မြင်သံကြားကြည့်နေတာ မဟုတ်ဘူး။ ခဏလောက်ကြာတော့ သူမက သူ့ဘက်ကို ခေါင်းလှည့်လိုက်တယ်။
`ကိုယ် ဘာတစ်ခုမျှ မမှတ်တော့တဲ့အခါ ကိုယ်တို့ ဘာလုပ်ကြမလဲ´
`ဆရာဝန်တွေပြောပုံအရ ဒီထက်ပို ဆိုးချင်မှဆိုးလာမှာပါ။ မေကြီးလည်း သိသားနဲ့´
`ဒါပေမဲ့ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ အရာရာကို မေ့ပျောက်သွားပြီး တစ်နေ့မှာ ကိုယ်နိုးလာခဲ့ရင် ဘယ်လိုလုပ်မလဲ´
သူတို့ကြားထဲက စားပွဲခုံသေးသေးလေးကို ဖြတ်ပြီး သူက သူမလက်တွေကို ပွတ်သပ်နှစ်သိမ့်လိုက်တယ်။ `အဲဒီတော့ ကိုယ်က အရာအားလုံးကို ပြန်သတိပေးရုံပေါ့´
ဒီအချိန်မှာပဲ သူမမျက်နှာပေါ်က မနှစ်မြို့စရာအသွင်အပြင် လွင့်ပါးသွားတယ်။
ရုပ်မြင်သံကြားစက်ပေါ်က ဘုတ်ပြားမှာ ဓာတ်ပုံတွေနဲ့ ပြည့်နေတယ်။ သူမရဲ့ မိသားစုဝင်တွေအားလုံး။ သူမရဲ့ ဘိုးဘွားတွေကနေ သူမရဲ့ မြေးမြစ်တွေအထိ ဓာတ်ပုံတွေ ဘုတ်ပြားပေါ်မှာ ရှိနေတယ်။ သူမက ရုပ်မြင်သံကြားကို မကြည့်ဘဲ ဓာတ်ပုံတွေကို ငေးကြည့်နေတယ်။ ဒါပေမဲ့ ခပ်လှမ်းလှမ်းမို့လို့ သဲသဲကွဲကွဲမြင်ရတာတော့ မဟုတ်ဘူး။ မိနစ်အနည်းငယ်လောက်ကြာတော့ သူမက ပြောတယ်။ `ကိုယ့် ခြေထောက်တွေ သိပ်အေးနေပြီ။ ဘီရိုထဲက စောင်ထုတ်ပြီး ကိုယ့်ကိုပေးပါလား´
§
`ကိုယ်ပြောတဲ့အတိုင်း ဂတ်စ်တိုင်ကီကို ဖြည့်ထားရဲ့လား´ သူမက မေးတယ်။ သူမက ခြောက်ဆယ့်ငါးနှစ်။ ပြီးတော့ သူမက လေးဆယ့်ရှစ်နှစ်။
`လမ်းမပေါ်ရောက်မှ ဂတ်စ်ဝင်ဝင်ဖြည့်နေရတာ ကိုယ်မကြိုက်ဘူး´
သူက သူမကို ခဏလောက် ကြည့်တယ်။ ပြီးတော့ ခေါင်းကိုပြန်လှည့်ပြီး ရုပ်မြင်သံကြား ဆက်ကြည့်နေလိုက်တယ်။
`ကိုယ် ပြောနေတာ မကြားဘူးလား´
`ဘာအကြောင်းပြောလဲကို မသိတာ၊ မေကြီး..´
`ဂတ်စ်တိုင်ကီလေ၊ ရှင် ဂတ်စ် ဖြည့်ပြီးပြီလား´
သက်ပြင်းချပြီး သူက ရုပ်မြင်သံကြားက လာနေတဲ့ ပီရူးပြည်က ရှေးခေတ်လူတွေအကြောင်း အစီအစဉ်ကို ခဏ ရပ်လိုက်တယ်။ မက်ချူပစ်ချူမြို့တော်ရဲ့ အင်ကာအင်ပါယာ အကြွင်းအကျန်တွေအကြောင်း သူ အမြဲစိတ်ဝင်စားခဲ့တာ။ သူ အဲဒီနေရာကို ဘယ်တော့မှ မရောက်နိုင်တော့ဘူးဆိုတာ လက်ခံလိုက်ရတာ နှစ်အတော်ကြာခဲ့ပြီ။ `ဘာလို့ ကားကို ဂတ်စ်ဖြည့်ရမှာလဲ။ ကုန်စုံဆိုင်ကို တစ်ပတ်တစ်ခါကလွဲလို့ ကိုယ်တို့ ဘယ်ကိုများ သွားလို့လဲ´
[ ၃ ]
သူမက ရယ်ပြီး ခေါင်းကို လှလှပပ ခါလိုက်တယ်။ `တစ်ခါတလေတော့ ရှင်လည်း ပျင်းနေမှာ။ ဒီတော့ တော်ဝင်တောင်ကြားပေါ့´
`တော်ဝင်တောင်ကြား..´
`အင်း ကျွန်မတို့ မနက်ဖြန် သွားကြမယ်လေ´
`မေကြီး၊ ကိုယ်တို့ တော်ဝင်တောင်ကြားကို လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းက သွားခဲ့ကြတာလေ။ မမှတ်မိတော့ဘူးလား´
သူမက မဟုတ်သေးဘူးဆိုတဲ့ သဘောမျိုးနဲ့ လက်ညှိုးထောင်ပြတယ်။ ဂဏာမငြိမ်တဲ့ မျက်လုံးတွေနဲ့ ဘယ်ကိုမှန်းမသိ ကြည့်နေတယ်။ လက်ချောင်းက သူမ အောက်နှုတ်ခမ်းကို ရောက်သွားတယ်။ တစ်ခုခုကို အသည်းအသန် စဉ်းစားနေပုံမျိုးပဲ။ `ဒါပေမဲ့၊ ကိုယ်...´
သူက သူမ မျက်နှာကို အချိန်အတော်ကြာ ကြည့်နေတုန်း သူမ မျက်နှာမှာ ခံစားချက်အရိပ်အယောင် တစ်ခုခုမှ မတွေ့ရသလို တစ်ခုခုတွေးနေပုံလည်း မရဘူး။ တော်ဝင်တောင်ကြားအကြောင်း သူ စဉ်းစားလိုက်မိတယ်။ စက်ရုံကနေ မသန်မစွမ်းအကြောင်းပြချက်နဲ့ သူ အနားယူခဲ့ရပြီး မကြာခင်မှာ သူတို့ သွားခဲ့ကြတာ။ အလုပ်လက်မဲ့ဘ၀ရောက်သွားတဲ့ ပထမဆုံးနေ့မှာပဲ သူတို့ရှိသမျှ ဒင်္ဂါးပြားတွေအကုန်ကို ငွေသားနဲ့ လဲလိုက်တယ်။ ပြီးတော့ အိမ်ကို မော်တော်ကားတစ်စီး ၀ယ်လာတယ်။ အဲဒီကားနဲ့ နှစ်ယောက်သား နိုင်ငံအနှံ့လျှောက်မောင်းကြတယ်။ ဒါပေမဲ့ သူတို့ ပထမဆုံး သွားခဲ့ကြတဲ့နေရာကတော့ တော်ဝင်တောင်ကြားပဲ။ ဒါကို သူတို့က မဟာစွန့်စားခန်းလို့ ခေါ်ခဲ့ကြတယ်။ အဲဒီ ခရီးရှည်ဟာ သမုဒ္ဒရာကိုဖြတ်ပြီး သုံးနှစ်ကြာခဲ့တယ်။ နောက်ဆုံးတော့ မူရင်းဘ၀ကို ပြန်ရောက်လာကြတယ်ပေါ့။ အဲဒီအချိန်တွေတုန်းကတော့ သူတို့ အရမ်းငယ်ရွယ်ခဲ့ကြတယ်။
သူက ရုပ်မြင်သံကြားကို ပြန်ဖွင့်လိုက်တယ်။ နေ့တစ်နေ့စီရဲ့ မိနစ်တိုင်းမှာ သူ အမြဲလုပ်နေကျအတိုင်းပဲ။ တဒိတ်ဒိတ် နှလုံးခုန်သံတွေကြားကနေ အသက်ရှူဖို့ ကြိုးစားနေရတယ်။
`ကိုယ် သိတာတော့ တောင်ကြားထဲဆင်းဖို့ မြင်းပုကလေးတွ ရှိတယ်တဲ့။ မြင်းပုကလေးတွေစီးပြီး တောင်ကြားထဲ ဆင်းကြမယ်လေ။ ရှင် ဘယ်လိုသဘောရလဲ၊ ဟုတ်ပါ့မလား´
သူမက လက်ကို သူတို့နှစ်ယောက်ကြားက စားပွဲခုံပေါ် တင်ထားတယ်။ သူက သူမလက်ကို ဆုပ်လိုက်တယ်။ သူ့ စိတ်အာရုံထဲမှာတော့ ကျောက်ထူတဲ့လမ်းတစ်လျှောက် သွားနေတဲ့ မြင်းပုလေးရဲ့ ကျောပေါ်မှာ ယိမ်းထိုးလှုပ်ရှားနေတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပြန်မြင်နေရတယ်။ ပြီးတော့ သူမရဲ့ နောက်မှာ ပျံဝဲနေတဲ့ နီညိုရောင် ဆံနွယ်တွေ၊ ကန္တာရရဲ့ နေရောင်အောက်မှာ။
`ဟုတ်မှာပါ၊ ကိုယ်တို့ မြင်းပုလေးနဲ့ ဆင်းရမှာပေါ့ မေကြီးရယ်´
§
ပုခုံးကို ခပ်ကြမ်းကြမ်းလှုပ်နေတဲ့ လက်တစ်ဖက်ကြောင့် သူ နိုးလာတယ်။ သူ ငေါက်ခနဲ ထပြီး နာရီကိုကြည့်လိုက်တယ်။ မနက်လေးနာရီနီးနီး ရှိနေပြီ။
`ဘာဖြစ်တာလဲ မေကြီး။ ဘာဖြစ်လို့လဲ´
`ရှင့်ကို တစ်ခု ပြောစရာရှိတယ်´ သူမအသက်က ခြောက်ဆယ့်ခွန်။ သူမအသက်က သုံးဆယ့်တစ်။
သူက ထိုင်ပြီး မီးအိမ်ကို ထွန်းလိုက်တယ်။
`၀င်ဒယ်လ်က ဒီနေ့ ကိုယ့်နှုတ်ခမ်းကို နမ်းတယ်´ လို့ သူမက ပြောလိုက်တယ်။
[ ၄ ]
`၀င်ဒယ်လ်လား´
`ကိုယ်တို့ဒီနေ့ တော်တော်နောက်ကျမှ နေ့လယ်စာ စားဖြစ်ကြတယ်။ ပြီးတော့ သူက ကိုယ့်ကို နမ်းတယ်´
သူမက မျက်လွှာချပြီး စောင်ကို ကြည့်နေတယ်။ `ကိုယ် ဘာမှန်းမသိလိုက်ခင်မှာပဲ သူက ကိုယ့်ကို နမ်းလိုက်တာ´
ဒီစကားပြောခန်းကို ဂျော့ မှတ်မိနေတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာက ဖြစ်ခဲ့တာ။ အဲဒီတုန်းက သူမက စက်ရုံမှာ လအတော်ကြာ အလုပ်ဝင်လုပ်နေခဲ့တယ်။ သူတို့နှစ်ယောက်အတွက် အိမ်ဝယ်ဖို့ ငွေစုရာမှာ အကူအညီရအောင်ပဲ။ သူက သူမကို ငေးစိုက်ကြည့်နေလိုက်တယ်။ ပါးစပ်ကတော့ ဘာမျှ မပြောမိဘူး။
သူမက ပြောလိုက်တယ်။ `တစ်ခုရှိတယ် ဂျော့။ တကယ်တော့ ကိုယ်တို့နှစ်ယောက်ကြားမှာ လွဲမှားနေတာတွေ ရှိနေပြီ။ ရှင့်ကြည့်ရတာ ကျွန်မကို မချစ်တော့သလိုပဲ´
`ကိုယ် မင်းကို ချစ်သားပဲ´
`ဒါပေမဲ့ ရှင်က ချစ်သလို မနေဘူးလေ´
အဲဒီအချိန်တုန်းကတော့ သူက သူမကို ချစ်သလို မနေထိုင်တာ တကယ်ပဲ။ တစ်ခုခုကြောင့် သူက သူမကို ဂရုမစိုက်သလို နေမိတဲ့ သံသရာထဲ ရောက်နေခဲ့တယ်။ သူ့အတွက် တစ်ခုခုလိုအပ်ရင် ခိုင်းဖို့ကလွဲလို့ ဘာသိဘာသာ နေမိခဲ့တယ်။ တကယ်တော့ ဒီလိုဖြစ်နေမှန်း သူ့ဘာသူတောင် သတိထားမိခဲ့တာ မဟုတ်ဘူး။ အဲဒီတုန်းက သူမက သူ့ကို စကားစခဲ့တယ်။
`၀င်ဒယ်လ်ကို ကိုယ် တော်တော်လေးကြိုက်ခဲ့တဲ့ အချိန်တစ်ခု ရှိခဲ့တယ်။ ဒီနေ့တော့ သူက သူလည်း ကိုယ့်လို ခံစားနေရတယ်ဆိုတာကို ပြတယ်´ သူမက ပြောပြီး စောင်ကို ဆွဲယူလိုက်တယ်။ `ကိုယ်ဒါတွေကို ပြောနေရတာက ရှင့်ကို ချစ်လို့နော်။ ကိုယ့်ကို ထိုက်တန်သလို ဆက်ဆံတတ်တဲ့ ယောက်ျားတွေလည်း အပြင်မှာ ရှိနေတယ်ဆိုတာ ရှင့်ကို သိစေချင်ရုံပါ´ လို့ သူမက ပြောတယ်။
တကယ်တော့ ဒါကို သူမက စွန့်စားပြီး ပြောခဲ့တာပဲ။ အဲဒီအချိန်တုန်းကဆို သူက သူမကို အပျက်မလို့ခေါ်ပြီး စိတ်ဆိုးချင်စိတ်ဆိုးခဲ့နိုင်တယ်။ ထားခဲ့ချင် ထားခဲ့နိုင်တယ်။ တခြားယောက်ျားတစ်ယောက်နဲ့ နှုတ်ခမ်းချင်းနမ်းရှုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဘ၀ကို လောင်းကြေးထပ်ခဲ့တာလို့ ဆိုရမယ်။ ဒါပေမဲ့ သူမ ဆုံးဖြတ်ချက် မှန်ခဲ့တယ်။ စိတ်ဆိုးရမယ့်အစား သူက သူမကို သိုင်းဖက်ခဲ့တယ်။ သူ ပြောင်းလဲသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူမအပေါ် သူက ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံခဲ့တယ်။
နောက်တော့ အံ့သြစရာကောင်းလောက်တဲ့ အခြေအနေတစ်ရပ် ဖြစ်လာခဲ့တယ်။ သူက သူမပေါ် ကြင်နာလေလေ၊ သူမ ပျော်ရွှင်စေမယ့် အရာတွေကို လုပ်လေလေ၊ သူမကလည်း သူပျော်ရွှင်စေမယ့် အလားတူအရာမျိုးတွေကို ပြန်လုပ်ပြလေလေ ဖြစ်ခဲ့တယ်။ မကြာခင်မှာပဲ သူတို့အဖြစ်က အကောင်းဆုံးအိမ်ထောင်ဖက် ပြိုင်ပွဲဝင်နေသလိုတောင် ဖြစ်လာခဲ့တယ်။ ဘယ်သူ ပိုချစ်နိုင်သလဲ ပြိုင်ဆိုင်နေကြသလိုပေါ့။
အခုတော့ ပြုံးရင်းနဲ့ သူက သူမကို လက်နဲ့သိုင်းဖက်လိုက်တယ်။ `ကိုယ် ပြောင်းပါ့မယ်။ ကိုယ်ကတိပေးတယ်.... မေကြီး´ လို့ သူက ရေရွတ်လိုက်တယ်။
[ ၅ ]
`ရှင် ဘာပြောနေတာလဲ´ လို့ သူမက မေးတယ်။
သူ ငုံ့ကြည့်တော့ သူမ မျက်လုံးတွေက နာရီဆီကို မမှိတ်မသုန်ကြည့်နေတာ မြင်ရတယ်။
`အခု မနက်လေးနာရီ ထိုးပြီလေ။ ရှင်က ဘာလုပ်နေတာလဲ´ လို့ သူမက ပြောတယ်။
`ကိုယ်... အိပ်မရလို့ပါ´
`အင်း ဒါဆိုလည်း မီးပိတ်ပြီး ရအောင်အိပ်ပေါ့´ သူမက ပြန်လှဲချလိုက်ပြီး ကိုယ်ခန္ဓာကို ခပ်ကြမ်းကြမ်း စောင်းလိုက်တယ်။ ဂျော့ကို ကျောခိုင်းလျက်သား။
သူက သူမနောက်ကျောကို အချိန်အတော်ကြာကြာ ကြည့်နေမိတယ်။ နောက်တော့ မီးအိမ်ကို မှိတ်လိုက်ပြီး အမှောင်ထဲမှာပဲ သူ့ရဲ့ စပ်ဖျင်းဖျင်းမျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
§
`ကိုယ့်လက်စွပ်ကို မင်း ခိုးထားတာ မဟုတ်လား။ အဲဒါဘယ်မှာလဲ´ သူမက ပြောလိုက်တယ်။ သူမ မျက်လုံးတွေက ကျဉ်းတယ်၊ ဒါပေမဲ့ ဒေါသတွေ အပြည့်နဲ့။ သူမအသက်က နှစ်ဆယ့်သုံးနှစ်။ ခြောက်ဆယ့်ရှစ်နှစ်။
`ဘယ်မှာလဲ မသိဘူး မေကြီး´ လို့ သူက မီးဖိုချောင်ထဲမှာ ရပ်နေရင်း ပြန်ဖြေလိုက်တယ်။ သူ့ခြေထောက် ပတ်ဝန်းကျင်မှာ ကျကွဲသွားတဲ့ ကော်ဖီအိုးက ဖန်ကွဲအပိုင်းအစတွေ အနှံ့အပြားရှိနေတယ်။ `ရှင် လူလိမ်´
`မေကြီး ပြန်ဖွက်ထားမိတာ ဖြစ်မှာပါ။ စိတ်အေးအေးထား။ ကိုယ်တို့ အတူတူရှာကြမှာပေါ့´
သူမက အသားကုန် အော်လိုက်တယ်။ ဒီလောက်ကျယ်တဲ့ အသံမျိုး သူမ လုပ်နိုင်မယ်လို့တောင် သူ ထင်မထားဘူး။ နောက်တော့ သစ်သီးပန်းကန်ကို ဆွဲယူလိုက်တယ်။
`မေကြီး ပစ္စည်းတွေနဲ့ မပေါက်ပါနဲ့တော့။.. နော်´
`ရှင် ကျွန်မကို ဘယ်လိုခေါ်နေတာလဲ။ ကျွန်မ ရှင့်အမေမဟုတ်ဘူး။ ရှင်က ပစ္စလတ်ခတ် အဘိုးကြီး´
`ကိုယ့်ကို မမှတ်မိတော့ဘူးလား။ ကိုယ်လေ.. ဂျော့လေ´
သူမက ပန်းကန်ကို စားပွဲပေါ်ကို ပြန်ဆောင့်ချလိုက်တယ်။ ကွဲသွားလောက်အောင်ကို အားက ပြင်းတယ်။ `ရှင်က ကျွန်မယောက်ျား ဂျော့မဟုတ်ဘူး။ ရှင်က အဘိုးကြီး။ ရှင် ကျွန်မကို ဒီနေရာမှာ ဖမ်းထားတာ။ ကျွန်မ ပိုက်ဆံတွေအားလုံးကိုလည်း ရှင်ပဲ ခိုးတယ်။ အခု ကျွန်မ လက်ထပ်လက်စွပ်ကိုပါ ရှင်ယူသွားပြီ။
`အဲလို မဟုတ်ဘူးလေ´
အသက်ကို ကြမ်းကြမ်းရှူရင်း ခဏလောက် သူမက အသံတိတ်နေတယ်။
`အဲဒီလက်စွပ်ကို ကိုယ် မင်းကို ပေးခဲ့တာလေ။ မင်းဆီက ကိုယ် ဘယ်တော့မှ ပြန်ယူမှာမဟုတ်ဘူး´ လို့ သူက ပြောလိုက်တယ်။
[ ၆ ]
သူမ အသက်ရှူသံတွေ ပိုပြီး မြန်လာတာ အသက်ရှူမှားတော့မတတ်ပဲ။ သူမရဲ့ မျက်လုံးတွေမှာ မျက်ရည်ဝိုင်းနေတယ်။ အဲဒါလောက် ဂျော့ နှလုံးသားကို ချေမွနိုင်တာ မရှိတော့ဘူး။
`ကျေးဇူးပြုပြီး..´ လို့ သူက ပြောလိုက်တယ်။
ရုတ်တရက်ဆိုသလို သူမက မီးဖိုချောင်ထဲက လှည့်ပြီး ပြေးထွက်သွားတယ်။ အိမ်ရှေ့တံခါး ဆောင့်ပိတ်သံကို သူကြားလိုက်ရပြီးတော့ တစ်ဆက်တည်း လမ်းမပေါ်မှာ နာကျင်ပြေးလွှားနေတဲ့ သူမရဲ့ ပုံရိပ်ကို သူ့စိတ်ကူးထဲ မြင်ယောင်လာတယ်။ ဖန်ကွဲစတွေပေါ် ဖြတ်လျှောက်ရင်း သူက သူမနောက်ကို ပြေးလိုက်သွားတယ်။ သူ အားရှိပါးရှိ မပြေးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူ့နှလုံးက ကြီးလာပြီး ရင်ဘတ်ကြီး ပေါက်ထွက်တော့မလို သူခံစားရတယ်။ ဂေါက်ရောဂါကြောင့် ရှုံ့တွနေတဲ့ သူ့လက်ချောင်းတွေနဲ့ သူက သူမကို လမ်းဘေးက ရွှံ့တွေထဲ ဆွဲချလိုက်တယ်။ သူမရဲ့ ညအိပ်ဂါဝန်ကို ဆွဲထားတယ်။ သူမက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တယ်။ ရင်ဘတ်ကို ထုတယ်။ သူကတော့ အေးစက်နေတဲ့ ရွှံ့တွေထဲ ကုတ်ချိကုတ်နဲ့ရပ်ရင်း သူမကို ရှိနေတဲ့နေရာက လွတ်ထွက်မသွားအောင် ကိုင်ထားဖို့ပဲ တတ်နိုင်တယ်။
ခဏကြာတော့ သူမက ရိုက်နေတာ ရပ်လိုက်တယ်။ သူမရဲ့ ခန္ဓာကိုယ်က ယိုင်ဖယ်ဖယ်နဲ့ တဆတ်ဆတ်တုန်တယ်။ သူက သူမကို ချော့ပြီး မတ်တပ်ရပ်ဖို့ ပြောရတယ်။ နောက်တော့ သူတို့ အိမ်ကိုပြန်လျှောက်လာကြတယ်။ ရေနွေး ဖွင့်နေတုန်း သူက ရေချိုးခန်းထဲမှာ သူမရှေ့ ရပ်နေပြီး သူမကို ရေပန်းအောက် ရွှေ့လိုက်တယ်။ သူမရဲ့ ဆံပင်ဖြူတွေနဲ့ အဖြူရောင် အရည်ပြားကနေ ရွှံ့တွေ အလိပ်လိုက် ကျလာတယ်။ သွေးနဲ့ရောနေတဲ့ရေတွေ သူ့ခြေထောက်ဆီကနေ ကျလာပြီး ရေထဲမှာ အကွင်းအကွင်းထနေတယ်။
§
သူမက ဆယ့်ခြောက်နှစ်။ အဘိုးကြီးက သူမကို ငေးကြည့်နေတယ်။ ဒါပေမဲ့ သူမက အမြဲတမ်းလိုပဲ ဒါကို ဂရုမစိုက်ဘူး။ သောကဖိစီးပြီး အမြဲတမ်းငိုနေတဲ့ အဘိုးကြီးတစ်ယောက်ထက် သူမမှာ ပိုပြီးအရေးကြီးတဲ့ စဉ်းစားစရာတွေ ရှိနေတယ်။
ဂျော့ ဒီနေ့ လာတယ်။ သူက သူမကို လူပျိုလှည့်နိုင်မလား လာပြီး စနည်းနာတာမှန်း သူမ သိတာပေါ့။ ဂျော့တစ်ယောက် သူမ အစ်မကို လူပျိုလာလှည့်နေတာ သီတင်းပတ်တချို့ရှိပြီ။ ဒါပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူး။ သူမ အစ်မက လှတယ်။ ဒါပေမဲ့ ဂျော့တစ်ယောက် ဆံပင်ရှည်ရှည်နက်နက်တွေရှိနဲ့ အငယ်မလေးကို သမင်လည်ပြန်လှည့်မကြည့်ဘဲ မနေနိုင်ဘူး။ ဒီနေ့တော့ ဂျော့က သူမဆီ လာတာ။
သူမက အိမ်ရှေ့ ဆင်ဝင်အောက်ကို လူယောင်ထွက်ပြလိုက်တယ်။ အိမ်တံခါးဆီကစတဲ့ မြေနီလမ်းကလေးဟာ တောင်ကုန်းအတိုင်းဆင်းပြီး ရေစပ်စပ် ထင်းရူးပင်တောဆီ ကွေ့ဝင်ပျောက်ကွယ်သွားတဲ့အထိ အဝေးဆီမှာ ကျဉ်းမြောင်းသွားတယ်။ အဲဒီထင်ရူးပင်တွေရဲ့ အခြားတစ်ဘက်မှာ သဲမြစ်ကို ဖြတ်ထိုးထားတဲ့ သစ်သားတံတားတစ်စင်းနဲ့ ရထားလမ်းတွေ ရှိတယ်။
သူမ ခေါင်းလှည့်ကြည့်လိုက်တော့ လူကြီးက ဆင်ဝင်အောက် ရောက်လာတာ တွေ့လိုက်ရတယ်။ သူ့လက်တွေကို ပေါင်ပေါ်မှာတင်ပြီး ထိုင်လို့။
[ ၇ ]
`ရှင် ဘာလိုချင်လို့လဲ´ လို့ သူမက သူ့ကို ပြောလိုက်တယ်။
သူက ဘုမသိဘမသိနဲ့ လက်တွေကို မြှောက်လိုက်ရင်း ပြန်ဖြေတယ်။ `ဘာလို့လဲ မေကြီး။ ကိုယ် ရုပ်မြင်သံကြား ကြည့်နေတာလေ´
အဘိုးကြီးဟာ အိုမင်းတွင်းဆုံးကျနေပြီ။ သူပြောတာတွေကို သူမ တစ်လုံးမှ နားမလည်နိုင်ဘူး။
သူမက လမ်းကြားလေးဆီ ပြန်လှည့်လိုက်တယ်။ အဲဒီမှာ သူရှိနေတယ်။ ထင်းရူးပင်တွေ ကြားထဲက ထွက်ပေါ်လာတဲ့သူက ဂျင်းဘောင်းဘီနဲ့ အဖြူရောင် တီရှပ်ခပ်ပွပွကို သူ့ရဲ့ ပိန်ပိန်ပြတ်ပြတ် ကိုယ်ခန္ဓာပေါ်မှာ ၀တ်ဆင်ထားတယ်။ သူက ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာတယ်။ အကွေ့ရောက်တော့ သူ့ခြေထောက်က အနည်းငယ် ခွင်သွားတယ်တယ်။ တောင်ကုန်းအတက်လမ်းဆိုတော့ ခေါင်းကိုနှိမ့်ပြီး လျှောက်လာရတယ်။ တစ်ချက်ကျတော့ သူက အပေါ်ကို မော့ကြည့်တယ်။ သူမက လက်ဝှေ့ယမ်းပြလိုက်တယ်။ သူက ခေါင်းဆတ်ပြရုံလောက်နဲ့ပဲ အသိအမှတ်ပြုတယ်။ ဒီလူကြီးဟာ လက်ပြဖို့တောင် မာနကြီးနေတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ပန်းရိုင်းတစ်ခိုင်ကို ခူးဖို့တော့ မာနမကြီးဘူး။ ပန်းခိုင်ကို သူ့လက်သီးဆုပ်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ သူမ မြင်ရတယ်။ သူမကို ပြုံးစေခဲ့တာ အဲဒီပန်းတွေပဲ။ သူမရဲ့ စိတ်နောက်ကွယ်မှာ သူမရေးမယ့် သီချင်းတစ်ပုဒ်ရဲ့ စာသားတွေ အစပြုနေခဲ့တာ အဲဒီအချိန်မှာပေါ့။ ဒီလူကြီးဟာ ဘ၀တစ်လျှောက်လုံး သူမ ချစ်ရမယ့်လူဆိုတာ အဲအချိန်မှာပဲ သံသယတစ်စိုးတစိမျှမရှိဘဲ သူမ သိလိုက်တယ်။
`ဘယ်သူ့ကို လက်ပြနေတာလဲ မေကြီး´ လို့ အဘိုးကြီးက မေးလိုက်တယ်။
`ကိုယ့် ယောက်ျားကို..´ လို့ သူမက ပြန်ပြောတယ်။
`ဟုတ်လား။ ကိုယ်က ဒီမှာလေ။ မေကြီး လက်ပြနေတာ နံရံကြီးကိုလေ´
သနားစရာ အဘိုးကြီးပဲ။ သူက အိုလှပြီ။ ဒါပေမဲ့ ကြင်နာတတ်ပါတယ်။ သူမက သူ့ဘက်ဆီကို အားနာသမှုနဲ့ လှည့်ပြီး လက်ပြလိုက်တယ်။ သူက လက်ပြန်ပြရင်း ပြောလိုက်တယ်။ `ဟဲလို အချစ်ရေ..´
§
မျက်နှာတွေဟာ သူမအနီးနားတစ်ဝိုက်မှာ ပျံဝဲနေတယ်။ သူမ မလှုပ်နိုင်ဘူး။ ဒါပေမဲ့ သူမ အဲဒီမျက်နှာတွေကို ကြည့်နေလို့တော့ ရတယ်။ မျက်နှာတွေမှာ နာမည်မရှိဘူး။ သူမ အတွင်းထဲမှာ မှတ်ဉာဏ်တွေမရှိဘူး။ သူမက ရင်ခွင်ပိုက်ကလေးလေးကိုး။ သူမကိုယ်ပေါ်က တစ်ခုခု ခွာချလိုက်တယ်ဆိုတဲ့ ၀ိုးတ၀ါးအာရုံတစ်ခု သူမ ရတယ်။ သူမ အလိုဆန္ဒမပါဘဲ ဆွဲခွာလိုက်သလိုမျိုး။ ဒါပေမဲ့ အဲဒါကြောင့် သူမ ဒေါသမထွက်မိဘူး။ မျက်နှာတွေက သူမကို သက်တောင့်သက်သာ ရှိစေတယ်။ မျက်နှာတွေမှာ နာမည်တွေ မရှိပေမယ့် သူတို့ သူမကို ချစ်တယ်ဆိုတာ သူမ အသေအချာ သိတယ်။ ဒါကြောင့် အပြန်အလှန် သူမကလည်း သူတို့ကို ချစ်နေမိတယ်။
သူမ အသက်ရှူနေတာကို ကိုယ့်ဘာကိုယ် သိနေတယ်။ ဖြည်းဖြည်းညင်းညင်း။ ၀င်လိုက် ထွက်လိုက်နဲ့။
မျက်နှာတွေက သူမရဲ့ မြင်ကွင်းကို တစ်ခါတစ်ခါ မှောင်ရိပ်ကျစေတယ်။ နှုတ်ခမ်းတွေဆီက သူမ မသိတဲ့ စကားလုံးတွေ ထွက်ကျလာတယ်။ ၀မ်းနည်းနေတဲ့ မျက်လုံးတွေဆီကနေ မျက်ရည်တွေ ကျလာတယ်။ မျက်နှာတစ်ခုချင်းစီကို သူမ ရှူသွင်းနေမိတယ်။ အဲဒါက သူမကို သက်သာရာ ရစေတယ်။ နောက်ဆုံးမျက်နှာတစ်ခုကို သူမ ပိုရင်းနှီးသလို ခံစားရတယ်။ အဲဒီမျက်နှာရဲ့ ပုံသဏ္ဌာန်ကို သူမ ရင်းနှီးနေတယ်။ အဲဒီမျက်နှာရဲ့ ကြမ်းရှရှပါးက သူမ ပါးကို လာထိတယ်။ သူမရင်းနှီးနေတဲ့ နှုတ်ခမ်းတွေက သူမ နဖူးကို ထိတယ်။ သူမ အဲဒီ မျက်နှာကိုပဲ ကြည့်နေမိတယ်။ နောက်တော့ သူမ သိသမျှအချက်အလက်တွေအကုန်လုံးကို ဆွဲနှုတ်ယူသွားပြီဆိုတာ သူမ သိလိုက်တယ်။ သူမမှာ မှတ်ဉာဏ်တွေ မရှိတော့ဘူး။ စိတ်ခံစားချက်တွေပဲ သူမဆီမှာ ခြေရာလက်ရာမပျက် ကျန်ခဲ့တယ်။
[ ၈ ]
အဲဒီမျက်နှာက သူမကို လုံခြုံမှုရစေတယ်။ ဒါကြောင့်ပဲ နောက်ဆုံးတစ်ကြိမ်အနေနဲ့ နောက်ပြန်လဲဖို့ သူမ ခွန်အားရှိလာခဲ့တယ်။
သူမ သားအိမ်ထဲမှာ ရောက်နေတယ်။ ပတ်ချာလည်မှာ အရည်နွေးနွေးတွေနဲ့ ၀န်းရံထားတယ်။ အဲဒီ အရည်တွေထဲမှာ အသက်ရှူစရာ မလိုတော့ဘူး။ ဒါကြောင့် သူမ အသက်ရှူတာကို ရပ်လိုက်တယ်။ သူမရဲ့ မျက်လုံးတွေ ပိတ်ကျသွားတယ်။
သူမရှေ့မှာ ဂျော့ကို မြင်နေရတယ်။ သူက ဝေးလွန်းတယ်။ ဒါပေမဲ့ သူက အကွေ့ကလေးကို ကျော်လာပြီ။ သူမတို့ ခဏတဖြုတ်တော့ အတူရှိနေနိုင်မှာ မဟုတ်ဘူးလို့ သူမ သိလိုက်တယ်။ ဒါလည်း အဆင်ပြေပါတယ်။ သူက ခေါင်းကို ငုံထားပြီး ရှည်လျားတဲ့ တောင်ကုန်းလေးအတိုင်း စတင်တက်လာနေတော့တယ်။
တေဇာ (လရောင်လမ်း)
ဇန်န၀ါရီ ၂၀၁၂
Jason Helmandollar ၏ The Backward Fall ကို ဆီလျော်သလို ဘာသာပြန်ဆိုသည်။
Comments
Post a Comment