ကွန်ပြူတာကိုပဲ စိုက်ကြည့်နေတုန်း ခေါင်မိုးပေါ်က အသံတစ်ခု ကြားရတယ်။ ပိုးမွှားတစ်ကောင်ကောင် ကုပ်နေတာဖြစ်မယ် တွေးလိုက်မိလို့ စာကိုပဲ ဆက်ဖတ်နေလိုက်တယ်။ နောက်တော့ အသံက ပိုပိုကျယ်လာတယ်။ ပိုစိပ်လာတယ်။ ခေါင်းထောင်ပြီးတော့ ကွန်ကရစ်အမိုးက လေ၀င်ပေါက် အကွက်ကလေးကို စိုက်ကြည့်လိုက်မိတယ်။ အိပ်ယာတည့်တည့်မှာပဲ။ အုပ်ထားလို့ အပေါ်ကိုတော့ ဘာမှ မမြင်ရဘူး။ ကြောင်တစ်ကောင် လာကုပ်နေတာ ဖြစ်မလား။ အိမ်ရှေ့တံခါးဖွင့်ပြီး အပြင်ကို ထွက်ကြည့်လိုက်တော့ မိုးရွာနေတာကို မထင်မှတ်ဘဲ မြင်လိုက်ရတယ်။ သြော မိုးပေါက်ကျသံကိုး။ သွပ်မိုးဆို သိပ်ကောင်းမှာ။ ခေါင်းပေါ်ကို မိုးဖွဲတချို့ ကျလာတယ်။ ညက မှောင်နေတယ်။ အားတော့နာတယ်၊ ညကို မှောင်နေတယ်လို့ ပြောရတာ။ ညပဲ မှောင်မှာပေါ့လို့ ပြန်တွေးရတယ်။ ကံကောင်းတာက အိမ်ရှေ့ မီးတိုင်က လင်းနေလို့ လမ်းကိုမြင်နေရတယ်။ ကံမကောင်းတာက လမ်းပေါ်မှာ လူသူတစ်ယောက်မှ မရှိတော့ဘူး။ ဒီအတွက်လည်း လမ်းကို အပြစ်တင်လို့တော့ မဖြစ်ဘူး။ အချိန်က မနက် (၁) နာရီ ထိုးနေပြီ။ လမ်းပေါ်မှာ လူမရှိတာနဲ့ ဘာလို့ ကံမကောင်းဖြစ်ရတာလဲလို့ မေးချင်မေးမှာ။ အမှန်တော့ လူသူအရိပ်အယောင်ကို မြင်ချင်ရုံသက်သက်ပဲ။ သိတယ် မဟုတ်လား။ လမ်းပေါ်မှာ ဖြတ်လျှောက်သွားတဲ့လူ တစ်ယောက်လောက် တွေ့ရရင် နည်းနည်းများ သက်သာသွားမလားပဲ။ မိုးဖွဲဖွဲထဲ ခဏရပ်ရင်း ညမှောင်မှောင် ကောင်းကင်ကိုကြည့်၊ မိုးပေါက်ကျသံတွေကို နားစိုက်ထောင်နေလိုက်တယ်။ သိပ်တိုးတယ်၊ သိပ်တိုးလွန်းတယ်။ မျက်စိမှိတ်ထားရင်း ငါ ဘာကိုမှ မတွေးဘူးလို့ အထပ်ထပ်တွေးတယ်။ သိပ်ကြာကြာနေလို့တော့ မဖြစ်ဘူး၊ အခန်းထဲ ပြန်ဝင်တယ်။ ဆေးလိပ်ရှာတယ်၊ ဆေးလိပ်မရှိဘူး။ ဆေးလိပ်က ဘယ်တုန်းကမှ ရှိခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဒီညမှာ ဆေးလိပ်မရှိတာက ဘာလို့ ဒီလောက် ခံရခက်နေလဲ။ ဆေးလိပ်သောက်ချင်တယ်။ အခန်းတံခါးကို ပြန်ပိတ်လိုက်တယ်။ မီးကိုပါ ပိတ်လိုက်တော့ တစ်ခန်းလုံး မှောင်သွားတယ်။ အမှန်တော့ ကွန်ပြူတာဆီက အလင်းရောင်ကလေး ကျန်မယ်ဆိုတဲ့ အသိနဲ့ ပိတ်လိုက်တာ။ ကွန်ပြူတာ Sleep Mode ဖြစ်သွားတာ ဖြစ်မယ်၊ မနှိုးတော့ပါဘူး။ အိပ်ယာဆီကို အမှောင်ထဲမှာ စမ်းတ၀ါးဝါး လျှောက်လာတယ်။ ထွေးခံကို ခလုတ်တိုက်မိမယ်။ ကျောခင်းလိုက်တယ်ဆိုရင်ပဲ အမှောင်နဲ့ တိတ်ဆိတ်မှုက ခပ်ကြမ်းကြမ်း သိုင်းဖက်တာ ခံလိုက်ရတယ်။ မရုန်းမိဘူး၊ ကြောက်တယ်။ ၀င်လေထွက်လေကြားထဲမှာ မှတ်ဉာဏ်တွေကိုပဲ တဖွဲဖွဲမြင်နေရတယ်။ ကြောက်တယ်။ အိပ်ပျော်ဖို့ ကြိုးစားရတာလောက် အချည်းအနှီးဖြစ်တဲ့ကိစ္စ ရှိမလား။ ဟိုတစ်နေ့ညက မပြီးသေးတဲ့ အိပ်မက်ဆိုးကြီးကို ဆက်မက်ခွင့်ရရင်တောင် သက်သာမှာ။ သရဲခြောက်ကွာ၊ ငါ ကြောက်လာပြီ။ မနက်ကျရင်တော့ အခု မိုးရွာတာ တကယ်မှဟုတ်ရဲ့လားလို့ လမ်းမပေါ်ကို နိုးနိုးချင်း သွားကြည့်ဦးမယ်။ အင်း လှေကားကိုလည်း သတိထားဆင်းမှ။ သရဲ ဘယ်မှာလဲ၊ ခြောက်လေ။ ငါကြောက်နေတယ်၊ နည်းနည်းလောက် သက်သာချင်တယ်။
တေဇာ (လရောင်လမ်း)
ဇန်န၀ါရီ ၂၀၁၂
Comments
Post a Comment