လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

The Deadly Nightmare


[ ၁ ]

မနေ့ညက ကျွန်တော့်အခန်းဖော် အိပ်မက်ဆိုးမက်တယ်
သူက ၀ူးဝူးဝါးဝါးနဲ့ အော်နေတယ်
သူ့အိပ်မက်က သိပ်ကြောက်စရာ ကောင်းတယ်
သူဖတ်ဖူးတဲ့ ပုံပြင်တွေထဲက မိစ္ဆာတွေ သူ့နောက်လိုက်လာကြတယ်တဲ့
အေးလေ ဒါဆိုလည်းပြေးပေါ့၊ မောမှမမောတာ
တကယ်တော့ ဒီလောက်မလွယ်ပါဘူး
သူ့ ခြေထောက်နဲ့ မြေကြီး ကပ်နေတာ ခွာမရတော့ဘူးလို့
ကျွန်တော် အတွေ့အကြုံအရ သိလိုက်တယ်
ပြေးမရလည်း ဒီတိုင်းစောင့်နေလိုက်
အိပ်မက်ထဲမှာ ဘယ်သူမှမသေဘူး၊ သက်သက်ကြောက်အောင်လုပ်နေတာ
မဟုတ်ဘူး၊ ကျွန်တော့်မှာက ချိုင်းထောက်နဲ့
ထော့ကျိုးထော့ကျိုးပြေးရတယ်၊ သိပ်ကြောက်ဖို့ကောင်းတယ်တဲ့၊ ကျွန်တော်ပြုံးမိတယ်
အခန်းဖော်အတွက် စိတ်မကောင်းဘူး
အင်း အိပ်မက်တွေဟာ မမျှတတာ များတယ်
အမှန်ဆို ဆိုင်ကယ်တစ်စီး ထည့်မက်ပေးလို့ရော ဘယ်သူ ဘာထိခိုက်သွားမှာလဲ
ပြေးစေချင်ရင် ပြေးမယ် ဟုတ်တယ်လေ၊ သူပြုံးတယ်
ကျွန်တော် မမျှတမှုအတွက် စိတ်မကောင်းဘူး
နောက်တော့ အပြစ်မကင်းစိတ် နည်းနည်း (နည်းနည်းလေးပဲ) ၀င်လာတယ်
ငါလည်း ချမ်းလို့ မင်းခြေထောက်ကို ဖိထားမိတယ်လို့
စိတ်ထဲကပဲ ပြောလိုက်တယ်၊ သူမကြားဘူး

[ ၂ ]

မနေ့ညက တစ်ညလုံး ကျွန်တော် အိပ်မရဘူး၊ အခန်းဖော်က ၀ူးဝူးဝါးဝါးယောင်နေတယ်
သိပ်အားကျဖို့ ကောင်းတာပဲ၊ ကျွန်တော် မသေချင်ဘူး
ခြေထောက်ကို တစ်ယောက်ယောက် ဖိပေးထားရင်ကောင်းမယ်၊ ချမ်းတယ်
မျက်လုံးတွေ မှိတ်မရနိုင်တဲ့ကိစ္စက ကြောက်ရုံသက်သက်ရည်ရွယ်တာ
မဟုတ်လောက်ဘူး၊
ဖတ်ဖူးတဲ့ ပုံပြင်တွေလည်း သိပ်များသွားလို့ဖြစ်မယ်။

တေဇာ (လရောင်လမ်း)
ဇန်န၀ါရီ ၂၀၁၂

0 comments:

Post a Comment