Skip to main content

တစ်လောကလုံးအား စာမေးပွဲချပစ်ခဲ့သည့် မေးခွန်း


လူရယ်လို့ဖြစ်လာရင်
ကမ္ဘာကြီးပူနွေးလာမှုအတွက် တာဝန်ရှိတယ်
အိုဇုန်းလွှာပါးတဲ့ကိစ္စ တာဝန်ရှိတယ်
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တာဝန်ရှိတယ်
ကွန်ဒွန်သုံး (ခိုင်း) ဖို့ တာဝန်ရှိတယ်

လူရယ်လို့ဖြစ်လာရင်
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တာဝန်ရှိတယ်
မတရားတဲ့အမိန့်မှန်သမျှ ဖီဆန်ဖို့ တာဝန်ရှိတယ်
ညှော်နံ့မခံနိုင်သူများ နာမည်နဲ့ လူထုအော်သံထဲထည့်ဖို့ တာဝန်ရှိတယ်
နာရေးကူညီမှုအသင်းကို ကျေးဇူးတင်ဖို့ တာဝန်ရှိတယ်

လူရယ်လို့ဖြစ်လာရင်
မွေးမေကျေးဇူးဆပ်ဖူးဖို့ တာဝန်ရှိတယ်
အသုဘပို့ (ရင် မျက်နှာသေလေးနဲ့နေ) ဖို့ တာဝန်ရှိတယ်
မင်္ဂလာဆောင်ကို လက်ဖွဲ့ပါသွားဖို့ တာဝန်ရှိတယ်
ဘီအီးတစ်ပိုင်းကို ညီတူမျှတူခွဲသောက်ဖို့ တာဝန်ရှိတယ်

လူရယ်လို့ဖြစ်လာရင်
လေချဉ်တက်ဖို့ တာဝန်ရှိတယ်
ချိုချိုစို့ဖို့ တာဝန်ရှိတယ်
ဝလုံးကလေး ၀ိုင်းအောင်ရေးဖို့ တာဝန်ရှိတယ်
သမီးအိမ်မပြန်ရဲတော့ဘူးဆို ခိုးပြေးဖို့ တာဝန်ရှိတယ်

စသည်ဖြင့်ပေါ့
လူရယ်လို့ဖြစ်လာရင်တာဝန်တွေက ခပ်များများပဲ
ကံကောင်းတာက အဲဒီတာဝန်တွေကို
မယူချင်လည်း ရပါတယ်
တာဝန်မဲ့သူတစ်ဦးအဖြစ် သတ်မှတ်ဖို့တာဝန်ကို
သင့် ပတ်ဝန်းကျင်က အခမဲ့ယူပေးကြလိမ့်မယ်

လုံးဝရှောင်လွှဲမရတဲ့
လူရယ်လို့ ဖြစ်လာရတဲ့ တာဝန်ကိုကျမှ
တရားခံရှာမတွေ့ ဖြစ်ရတယ်
“ဘာကြောင့်များ” (တို့တွေ) ယူခဲ့ကြရတာပါလိမ့်။

◄ တေဇာ ►  
မေ (၄)

Comments

  1. ဟား ဟား ..... ခင်ဗျားကတော့ လွှတ်ပြီ ။ ကျနော်လည်း အဲ့ဒီ နောက်ဆုံးက တရားခံဆိုတာကို ရှာတုန်း။
    "တစ္ဆေ ..ငါ ကိုယ်တိုင်ပဲ" ဆိုလား ဘာဆိုလား ။ သတိရသွားတယ်။
    မှတ်ချက်။ တာဝန်အရ ဖတ်ပြီး တာဝန်အရ ရေးသွားတာတော့ မဟုတ်ရပါ။
    ကျေးဇူးဗျာ။

    ReplyDelete
  2. ချစ်သူ အိမ်မပြန်ရဲတော့ဘူးဆို ခိုးပြေးဖို့ တာဝန်ရှိတယ်။

    တာဝန်မဲ့သူတစ်ဦးအဖြစ် သတ်မှတ်ဖို့ တာဝန်ကို သင့်ပတ်ဝန်းကျင်က အခမဲ့ တာဝန်ယူပေးလိမ့်မယ်။

    (အဲဒီ ပတ်ဝန်းကျင်ဆိုတာကရော အဲဒီ တစ်ခုပဲ တာဝန်ယူမှာလား မသိဘူး)

    ReplyDelete
  3. အပေါ်က စာကြောင်းက ကိုယ့်ဘာသာ ပြင်ရေးကြည့်တာ။
    အောက်က စာကြောင်းနဲ့ ဘာမှ မဆိုင်ပါဘူး။

    ReplyDelete
  4. ရောက်ပါတယ် မောင်တေဇာ

    ချစ်သူအိမ်မပြန်ရဲရင် ခိုးပြေးဖို့တာယန်ရှိတယ်
    ကလေးရလာရင် ကလေးကို ဒေါ်ရီတာ တာဝန်ယူလိမ့်မယ်

    ကျန်တာတွေတော့ တီ နှာစေးနေတယ်

    ReplyDelete
  5. မသိဘူး မသိဘူး
    အဖြေကပါပြီးသား (ရှောင်လွှဲလို့မရတဲ့အရာ)
    .......
    ယူခဲ့တာမဟုတ်ပါ
    “အဲ့ဒိအတွက်ကိုယ့်မှာ ရွေးချယ်ခွင့်မရှိပါ”

    UU@!

    ReplyDelete

Post a Comment