Skip to main content

ဆင်ခြေအယိုင်များ

၁ ) ဆန်ကာစစ်ခြင်း

အခြေအနေတစ်ရပ်၏ အပြုသဘောမျက်နှာစာများ အားလုံးကို စစ်ထုတ်ချန်လှပ်ပြီး အပျက်ဘက်အား အသေးစိတ်ကြည့်ကာ ပုံကြီးချဲ့သည်။ အသေးစိတ် အချက်တစ်ရပ်အား ကောက်ယူကာ ထိုတစ်ခုတည်းသောအချက်က ဖြစ်ရပ်ကြီးတစ်ခုလုံးအား အရောင်ဆိုးလိုက်စေသည်။ ပင်မအကြောင်းအရာမှ အပျက်သဘောအချက်များချည်း သီးသန့် ဆွဲထုတ်လိုက်သောအခါ ရှိနေသည့် အကောင်းများကို ပစ်ပယ်ထားမိပြီး တကယ်တမ်းရှိသည်ထက် များစွာ ပိုဆိုးအောင် လုပ်မိတတ်သည်။ ဥပမာ - သတ်ပုံတောင် မှန်အောင် မပေါင်းထားတဲ့စာက ဘာများအထင်ကြီးစရာ ရှိတော့လို့လဲ။

၂ ) အဖြူအမဲ

ဤအယိုင်ဆင်ခြင်မှု၏ အမှတ်တံဆိပ်မှာ ရွေးချယ်စရာ နည်းလမ်းနှစ်ရပ်အပေါ်တွင်သာ အထိုင်ကျနေခြင်းဖြစ်သည်။ အကောင်းနှင့် အဆိုး၊ အဖြူနှင့် အမဲဟူ၍ အရာရာတိုင်းအား အစွန်းရောက်အောင် ယူမှတ်လေ့ရှိသောအခါ အလယ်အလတ်တန်းစား သဘောထား(များ)အတွက် နေရာမရှိတော့ပါ။ ဤတွေးခေါ်ပုံကြောင့်ဖြစ်ရသည့် အကြီးဆုံးအန္တရာယ်မှာ ၎င်းနည်းဖြင့် မိမိကိုယ်ကိုယ် ပြန်လည်ဆုံးဖြတ်မိခြင်း ဖြစ်သည်။ အကောင်းဆုံးမဖြစ်လျှင်ပင် အရှုံးသမားဟု မိမိကိုယ်ကိုယ် သတ်မှတ်မိတတ်သည်။ ထို့အတူ အခြားသူတစ်ဦး၊ သို့မဟုတ် အခြေအနေတစ်ရပ်အပေါ် ဆုံးဖြတ်ရာတွင်လည်း အလားတူပင် ဖြစ်သည်။ လူကောင်းနှင့်လူဆိုး နှစ်မျိုးတည်းသာ ရှိသလို သဘောထားခြင်းနှင့် `ရရင်ရ၊ မရရင်ချ´ ဟူသော ကြွေးကျော်သံတို့တွင် အဆိုပါသဘောထားကို မြင်တွေ့နိုင်သည်။

၃ ) ယေဘုယျလွန်ခြင်း

တိုက်ဆိုင်မှုတစ်ခု သို့မဟုတ် အထောက်အထားတစ်စတွင် အခြေခံ၍ ယေဘုယျကောက်ချက်တစ်ရပ် ချခြင်းဖြစ်သည်။ အဆိုးတစ်ခု ကြုံခဲ့ရုံဖြင့် ထိုသို့ ဆက်ကာဆက်ကာ ဖြစ်လိမ့်ဦးမည်ဟု မျှော်လင့်ထားခြင်း ဖြစ်သည်။ ဤ စဉ်းစားနည်း ပုံစံတွင် `အမြဲတမ်း´ နှင့် `ဘယ်တော့မှ´ ကဲ့သို့ စကားလုံးများဖြင့် အားကောင်းမောင်းသန် ပံ့ပိုးထားသည်ကို မြင်တွေ့နိုင်သည်။ အတွေ့အကြုံတစ်ခုတည်းတွင် အခြေခံကာ ရှေ့ဖြစ် အပျက်များကို ရှောင်ရှားနိုင်ရန် ကြိုးစားခြင်းကြောင့် ဘ၀နေထိုင်မှုတွင် ဘောင်ကျဉ်းသွားစေနိုင်သည်။ စပါးခင်းဆီသို့ ပျံသန်းခြင်းမပြုရဲသည့် ခဲတစ်ကြိမ်မှန်ဖူးသည့် စာသူငယ်နှင့် တူသည်။

၎ ) စိတ်ဖတ်ခြင်း

ကာယကံရှင်များမှ ထုတ်ဖော်မပြောဘဲနှင့် ၎င်းတို့ မည်သို့ ခံစားနေရသည်၊ ဘာကြောင့် ဘယ်လိုလုပ်ဆောင်သည် ဟူသော အချက်များကို သင်က သိ (သယောင်ဖြစ်) နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အခြားသူများ သင့်အပေါ်တွင်ထားသော သဘောထားကို အာရုံခံနိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ စိတ်ဖတ်ခြင်းသည် တွက်ကိန်းများအပေါ်တွင် မှီတည်နေသည်။ လူတို့သည် သင်ခံစားရသည့်အတိုင်း၊ သင့်တုံ့ပြန်နည်းအတိုင်း တုံ့ပြန်ခံစားလေ့ရှိသည်ဟု တွေးထင်သည်။ ထို့ကြောင့် ၎င်းတို့၏ ခြားနားမှုကို သတိပြုမိသည်အထိ ဂရုတစိုက် ကြည့်ရှုနားထောင်မိခြင်း မရှိတော့ပေ။ စိတ်ဖတ်သောအလေ့ ရှိသူများအနေဖြင့် အခြားသူများ၏ တစ်သီးပုဂ္ဂလ အမှန်တရားများကို မစဉ်းစားဘဲ မိမိစံနှုန်းဖြင့်သာ မှန်ကန်နေသော ကောက်ချက်များသို့ ခုန်လွှားချမှတ်တတ်သည်။

၅ ) ထာဝစဉ် ကပ်ဆိုက်ခြင်း

အဖြစ်ဆိုးများကို မျှော်လင့်ထားတတ်ခြင်း ဖြစ်သည်။ ပြဿနာတစ်စုံတစ်ရာ အကြောင်း သတိပြုမိခြင်း၊ ကြားရခြင်းကြောင့် `ငါသာဆိုရင်..´ ဟု တွေးမိတတ်ခြင်း ဖြစ်သည်။ `ငါသာ ဒီလိုဖြစ်ရင်´၊ `ငါသာ အဲလိုအဖြစ်ဆိုးမျိုး ကြုံရင်´ ဟူသော မေးခွန်းများဖြင့် မိမိကိုယ်ကိုယ် နှိပ်စက်သည်။ အဖြစ်ဆိုးများအား အမှန်တကယ် စိတ်ကူးဉာဏ်ကောင်းကောင်းဖြင့် တွေးတောထင်မြင်တတ်ခြင်းတွင် အကန့်အသတ်မရှိပေ။ ကမ္ဘာပျက်ရင် ဘာဖြစ်မယ်၊ ကျွန်တော် သေသွားခဲ့ရင်.. စသည့် မေးခွန်း အမျိုးအစားများသည် စိတ်ကူးဉာဏ်အားကောင်းသော စာရေးသူများအတွက် ခေါင်းစဉ်ကောင်းများ ဖြစ်သည်။ ဤအတွေးယိုင်ခြင်း၏ နောက်ခံသော့ချက်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းနှင့် အပြောင်းအလဲအပေါ် ချိန်ညှိနိုင်စွမ်း နည်းပါးခြင်းတို့ ဖြစ်သည်။

၆ ) ပုဂ္ဂလပြုခြင်း

ဤတိမ်းညွတ်မှုသည် ပတ်ဝန်းကျင်ရှိ အရာများအားလုံးကို မိမိထံ ချိတ်ဆက်ယူခြင်း ဖြစ်သည်။ လူများ ပြောနေ,လုပ်နေကြသည့် အရာများအားလုံးသည် သင့်အား တုံ့ပြန်ပုံ တစ်မျိုးဖြစ်သည်ဟု ထင်မြင်ခြင်း ဖြစ်သည်။ ထို့ပြင် မည်သူ ပိုတော်သနည်း၊ မည်သူ ပိုကြည့်ကောင်းသနည်း စသည်ဖြင့် ဆုံးဖြတ်ရန် ကြိုးစားကာ မိမိကိုယ်ကိုယ် အခြားသူများနှင့် နှိုင်းယှဉ်ကြည့် တတ်သည်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ မိမိ၏ ဂုဏ်ရည်သည် မေးခွန်းထုတ်စရာ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် လူတစ်ယောက်အဖြစ်ရှိသော မိမိ၏ တန်ဖိုးကို အခြားသူများနှင့် တိုင်းတာကာ စစ်ဆေးတတ်သည်။ သာသည် ထင်ရလျှင် အခိုက်အတန့် စိတ်ချမ်းသာပြီး နိမ့်လျှင် သိမ်ငယ်မိတတ်သည်။ ဤယိုင်နည်း၏ ဇစ်မြစ်မှာ ကြုံသမျှ အတွေ့အကြုံ၊ အပြောအဆိုနှင့် အသွင်အပြင်တိုင်းအား မိမိ၏ ကိုယ်ပိုင်တန်ဖိုးနှင့် ဂုဏ်ရည်အား ဆုံးဖြတ်သော မှတ်ကျောက်များအဖြစ် ယူသုံးခြင်းကြောင့် ဖြစ်သည်။ အင်တာနက်မှ စိန်လက်စွပ်ပျောက်၊ မာစီဒီးမှောက်သည့် သတင်းများအား မိမိကိုယ်ပိုင်ဘ၀ထံ ဆွဲယူချိတ်ဆက်ခြင်း မပြုမိရန် လိုအပ်သည်။

၇ ) မျှတမှုအလွဲ

အခြားသူများနှင့် သဘောမညီသော်လည်း မည်သည့်အရာသည် တရားမျှတကြောင်း သင်က သိသည်ဟု ထင်မြင်ခြင်းကြောင့် မကျေနပ်စိတ် ခံစားရတတ်သည်။ အမှန်တော့ တရားမျှတမှုဆိုသည်မှာ အဆင်ပြေသော တစ်ကိုယ်ရည်သုံး ဖွင့်ဆိုချက်များဖြင့် မိမိတို့၏ ရှုထောင့်မှ ကိုယ်စီ အဓိပ္ပာယ်သတ်မှတ်ထားသော အရာသာဖြစ်သည်။ ကိုယ့်အမြင်အတွင်းကိုယ် ပျော်ပျော်ကြီး ပိတ်လှောင်ခံထားကြခြင်း ဖြစ်သည်။ မိမိ၏ တရားမျှတမှုသည်သာ အစစ်ဟု ယူဆသောအခါ `လူတွေ မျှမျှတတ စိတ်ရှိကြရင် ကောင်းမယ်´ ဟု ထင်မြင်မိတတ်သည်။ သို့ရာတွင် အခြားသူများအနေဖြင့် သင်၏ မျှတနည်းအတိုင်း လိုက်ပါလုပ်ဆောင် ခဲလှသဖြင့် သင့်အနေဖြင့် တိုးပွားလာသော မကျေနပ်ချက်များနှင့် နာကျင်မှုများဖြင့်သာ အဆုံးသတ်ရတတ်သည်။ သင်က မမျှတဟု ထင်သောအရာကို ပြုလုပ်နေသောသူသည် (သူ့မျှတမှုနှင့်သူ) လိပ်ပြာသန့်သန့် လုပ်ဆောင်နေခြင်း ဖြစ်နေနိုင်ပါသည်။

၈ ) အပြစ်တင်ခြင်း

မိမိ၏ နာကျင်မှုအတွက် အခြားသူများတွင် တာဝန်ရှိသည်ဟု ယူဆခြင်း၊ သို့မဟုတ် ပြဿနာတိုင်းအတွက် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း ဖြစ်သည်။ အပြစ်တင်ခြင်းသည် မကြာခဏ ဆိုသလိုပင် မိမိကိုယ်တိုင်တွင်သာ တာဝန်ရှိသော ရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များအပေါ် အခြားသူများ၏ ပုခုံးပေါ် လွှဲပြောင်းပေးနေခြင်း ဖြစ်တတ်သည်။ အပြစ်တင်ခြင်း စနစ်တွင် သင်သည် အလိုအလျောက် တရားလိုအဖြစ်သို့ ရောက်သွားပြီး ကိုယ်တိုင်၏ တာဝန်ရှိမှုကို ငြင်းပယ်သည်။

၉ ) သင့်သည်

မည်သို့ ပြုမူနေထိုင်သင့်သည်ဟူသော သံမဏိစည်းမျဉ်း စာရင်းတစ်ခု လူတို့တွင် ရှိနေတတ်ကြသည်။ ထိုသံမဏိစည်းမျဉ်းများအား အခြားသူများ ချိုးဖောက်လျှင် ဒေါသထွက်တတ်ပြီး၊ ကိုယ်တိုင်ကျူးလွန်မိလျှင် စည်းဖောက်သူအဖြစ် အပြစ်မကင်းစိတ်ကို ခံစားရတတ်သည်။ ထိုစည်းမျဉ်းများသည် ထာဝစဉ် မှန်ကန်ပြီး ချိုးဖောက်၍ မရခြင်းကြောင့်၊ အကျိုးဆက်အားဖြင့် မိမိကိုယ်ကိုယ် စည်းကမ်းထိမ်းသိမ်းရေးမှူး ရာထူး ပေးအပ်ကာ (ကိုယ်တိုင်နှင့် အခြားသူများကိုပါ) အပြစ်ရှာခြင်းလုပ်ငန်း စတင်သည်။ ဤဆင်ခြင်ပုံ အယိုင်၏ သော့ချက်စကားလုံးများမှာ `သင့်သည်´၊ `ထိုက်သည်´၊ `ရမည်´ တို့ ဖြစ်ကြသည်။

၁၀ ) ခံစားချက်ဆိုင်ရာ ဆင်ခြေ

မိမိခံစားရသည့်အရာသည် မှန်ကန်လိမ့်မယ်ဟု အလိုလို ယုံကြည်မိတတ်ကြသည်။ အဆိုပါ ရုပ်ရှင် သို့မဟုတ် စာအုပ် တစ်ခုခုသည် အသုံးမကျ သို့မဟုတ် ပျင်းရိဖွယ်ဟု ခံစားရလျှင် တကယ်ပင် အသုံးမကျ၊ ပျင်းရိဖွယ်ဖြစ်ရမည်။ တစ်နည်းအားဖြင့်၊ အပြစ်မကင်းစိတ် ခံစားနေရလျှင် အမှားတစ်ခုခု ကျူးလွန်ခဲ့ခြင်းကြောင့် ဖြစ်ရမည်ဟု အလိုလိုအဖြေထွက်သည်။ ခံစားချက်ဆိုင်ရာ ဆင်ခြေ၏ ပြဿနာမှာ စိတ်ခံစားချက်များသည် တွေးခေါ်မှု ဖြစ်စဉ်များနှင့် ဆက်နွယ်နေပြီး ပြန်လှန်သက်ရောက်မှု ရှိခြင်းပင် ဖြစ်သည်။ ခံစားချက်ကြောင့် အတွေးဖြစ်ပေါ်စေနိုင်သလို အတွေးကြောင့်လည်း ခံစားချက်ဖြစ်ပေါ်စေနိုင်သဖြင့် တစ်လမ်းသွားကိစ္စ မဟုတ်ပါ။ ယိုင်နေသော အတွေးများ၊ ယုံကြည်ချက်များကြောင့် ၎င်းတို့တွင် အရင်းခံသော မိမိ၏ စိတ်ခံစားချက်များမှာလည်း ယိုင်နဲ့သွားနိုင်သည်။

၁၁ ) အပြောင်းအလဲ

ကိုယ်နှင့် အဆက်အဟပ်တည့်စေရန် တခြားသူများ လိုက်ပါပြောင်းလဲလာလိမ့်မည်ဟု မျှော်လင့်ကာ ချော့တစ်ခါ ခြောက်တစ်လှည့် ပြုမူမိတတ်သည်။ အခြားသူများ ပြောင်းလဲသွားရန် လိုအပ်နေရခြင်းမှာ မိမိ၏ ပျော်ရွှင်မှုသည် ၎င်းတို့အပေါ်တွင် လုံးလုံးလျားလျား မူတည်နေရာ ကျသည်။ တကယ်တော့ ကိုယ် ထိန်းချုပ်ပြုပြင်နိုင်သည့် တစ်ဦးတည်းသောလူမှာ ကိုယ်မှတစ်ပါး အခြားသူတစ်ဦး မဖြစ်နိုင်ပါ။ ဤသဘောထား၏ နောက်ခံကားမှာ မိမိ၏ ပျော်ရွှင်မှုသည် အခြားသူများ၏ အပြုအမူများတွင် မှီတည်နေဟူသော တွေးနည်းဖြစ်ပါသည်။ စင်စစ်၊ ပျော်ရွှင်မှုသည် ဘ၀တွင် အစဉ်အမြဲ ချမှတ်နေရသော မိမိကိုယ်တိုင်၏ အကြီးအသေး ဆုံးဖြတ်ချက်ပေါင်း များစွာတွင်သာ မူတည်နေပါသည်။

၁၂) အမြဲမှန်သမား

သင်၏ အယူအဆနှင့် အပြုအမူများသည် မှန်ကန်သည်ဟု အမြဲမပြတ် သက်သေပြနေမိတတ်သည်။ အမှားအား စိုးစဉ်းမှထည့်မစဉ်းစားဘဲ မိမိ၏ မှန်ကန်မှုအကြောင်းသာ ရှည်လျားထွေပြားစွာ ဖွဲ့နွဲ့နေတတ်သည်။ မှန်ဖို့ လိုအပ်နေခြင်းကြောင့် အခြားသူများ၏စကားကို နားစိုက်ရန် ခက်ခဲတတ်ပါသည်။ ခြားနားသော အယူအဆ၊ အတွေးအမြင်များ ရှိနိုင်ခြေအား စိတ်မ၀င်စားတော့ဘဲ ကိုယ့် အယူအား ခုခံရန်သာ ထားထုတ်တော့သည်။ ဤအမြင်ပိုင်ရှင်အတွက် ရင်းနှီးပွင့်လင်းသော ဆက်ဆံရေးထက် မှန်ကန်မှုသည်သာ ပဓာနဖြစ်သည်။ မှန်ကန်မှုကိစ္စအား အသားပေးလွန်းသောအခါ ဆင်ခြင်ပုံ ယိုင်သွားတတ်ပါသည်။

၁၃ ) စေတနာအကျိုးပေး အမှား

သင်၏ စွန့်လွှတ် အနစ်နာခံမှုများ၊ စတေးမှုများအားလုံးအတွက် သိကြားမင်းက တကူးတက ရေးမှတ်ထားသလို အတိအကျ ပြန်ရလိမ့်မည်ဟု တွေးထင်နည်းမျိုးဖြစ်သည်။ မှန်းချက်မကိုက်သော် နာကျည်းစိတ် ဖြစ်ပေါ်လာသည်။ ပြဿနာမှာ အမှန်တရား (ဟုသင်ထင်သောအရာ) အတိုင်း ပြုလုပ်မည်ဆိုလျှင် အမှန်တကယ် စိတ်ပါလက်ပါရှိမှသာ ရုပ်ပိုင်းစိတ်ပိုင်းအားဖြင့် မိမိကိုယ်ကိုယ် နှိပ်စက်မိခြင်းဘေးမှ ကင်းနိုင်မည်ဖြစ်သည်။ အကျိုးလို၍ ညောင်ရေလောင်းခြင်းကြောင့် ရလဒ်တစ်ခုခု ပြန်ရမည့် အာမခံချက် မရှိပါ။ (မမျှော်လင့်ဘဲ လောင်းလျှင်လည်း မထူးပါ) အထွေထွေရှုထောင့်မှ ဆိုရလျှင် ကိုယ်ကောင်းသလို ကိုယ့်အပေါ်ပြန်ကောင်းလိမ့်မည်ဟု မျှော်လင့်ထားခြင်းသည် ဆီလျော်မှုရှိသယောင်နှင့် ယိုင်နေသော ဆင်ခြင်နည်းတစ်ခုသာ ဖြစ်ပါသည်။ `ငါ့ကို ဘယ်သူမှ လုပ်ကြံမှာမဟုတ်ပါဘူး´ ဟူသော ယုံကြည်ချက်မျိုးတွင် အဆိုပါ အယိုင်သည် ထင်ရှားသည်။

တေဇာ (လရောင်လမ်း)
Ref: Distorted Thinking

Comments

  1. တချို့က ဟာသလုပ်ပြီး တမင် နာလိုခံခက်ဖြစ်အောင် ရေးသွားတယ်၊ အဲဒါကို တချို့က အတည်မှတ်ပြီး တနုံ့နုံ့နဲ့ ခွန်းတုန့်ပြန် ချေပရေးကြ၊ လနဲ့ချီတိုက်ကြနဲ့ ၊ ဘယ်သူမှ ကာယကံရှင်တွေ လောက်ဘယ်သိမှာလဲ ၊တချို့က ပေါက်ကရကို အမှန်ပါဆို ပြောပါများစကားဖြစ်းP

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”