လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။

ခန္ဓာဗေဒ

[ ၁ ]

ထိုင်ရုံလေး ထိုင်နေတာကိုက
ဒရာမာ [*] သိပ်ဆန်လွန်း နေသလား
ဘာသရုပ်မှ မပြရသေးဘူး။

[ ၂ ]

မျက်နှာပေါ်
နှုတ်ခမ်းမွှေးအချို့
စည်းမဲ့ကမ်းမဲ့ နယ်ချဲ့လာကြ။

ယားနာတွေ မပျောက်သေးသရွေ့
လက်သည်းရှည်လည်း ထားရမယ်။

နည်းနည်းရှည်လာရင်
လိပ်လိပ်သွားတတ်တဲ့ ဆံပင်တွေ
လည်ဂုတ်ပေါ် ခွေခွေလေးသေနေတယ်။

ဒီဂျင်းဘောင်းဘီကို ၀တ်ထားခဲ့တဲ့
ရက်ပေါင်း (၆၀) မှာ
ငါ့အရှက်ငါ ဘယ်လိုကာကွယ်နေခဲ့ပါလိမ့်။

အရာရာအစစ
ကွမ်းယာထုပ်ပေါ်က ကင်ဆာသတိပေးချက်ကို
ဘယ်တုန်းကမှ မတွေ့ခဲ့မိပါဘူး။

ချောင်လည်တဲ့အကြောင်း ပြောရရင်
လကုန်ရင် ခါးပတ်မှာ
အပေါက်အသစ်တစ်ခု ထပ်ဖောက်ရမယ်
နောက်ဆုံးအပေါက်က အတော် ချောင်သွားပြီ။

ဟယ်လင်ကယ်လာ ပီတိမျိုး
ကိုယ့်နံရိုးတွေ စုံစေ့ကြောင်း
အမြောင်းမြောင်းမြင်နေရတာလည်း
ကျေနပ်စရာပဲ မဟုတ်လား။

သကောက်ခွက်ကို ဆတ်ခနဲတိုက်ပြီး
ယိုင်သွားရင် ဒူးချောင်နေတယ်ပြောမယ့် သူငယ်ချင်းတွေမရှိတာ
အခုအခါမှာ အသက်ချမ်းသာရာ ရခြင်းပဲ။

အလုပ်တစ်ခု ပိုလာတာက
အသက်ရှူနေရတာလေ
ဝင်လေထွက်လေက အရင်လို
အလိုလိုမှ မဟုတ်တော့တာ။

ပိုနေတယ်ထင်ရတဲ့ အစိတ်အပိုင်းအတွက်
ငါ့ကိုယ်ငါ ယောက်ျားလေးဆိုတာ
တစ်ပတ်တစ်ခါ သတိပေးမယ်။

[ ၃ ]

တကယ်တော့လည်း
ဘာသရုပ်မှ မပြရသေးဘူး
ထိုင်ရုံလေး ထိုင်နေရုံတင်
ကိုယ့် ခန္ဓာဗေဒကို
ဆင်ခြင်ကြည့်နေတာ။

အသည်းနှလုံးအကြောင်းတော့
ဘယ်ပါမှာလဲ
ဒါမှမဟုတ်
ဘယ်ပါလို့ ဖြစ်မှာလဲ။

ဒရာမာ သိပ်ဆန်သွားမှာလည်း
အားနာစရာ.......။       

တေဇာ (လရောင်လမ်း)
သြဂုတ် (၂၃) ၂၀၁၀
[*] Drama: An episode that is turbulent or highly emotional

3 comments:

မိုးယံ said...

နံပါတ် ၂ အောက်ဆုံးအပိုဒ်... တော်တော် ပွင့်လင်းတာပဲ။ ထားပါလေ ဒါတွေက ဘယ်သူမှ ရေးမပြလဲ လူတိုင်းဆိုတာက

အန်တီချမ်း said...

တခါက ကိုယ့်ကို ကိုယ်သတိရမိသေးတယ်
ဒရာမာ* များ သိပ်ဆန်နေမလား

ကြည်အေး ကိုလဲ သတိမိတာပါပဲလေ
ဘယ်ပါလို့ဖြစ်မလဲနော်

ဉာဏ်လင်းထူး said...

ပေါ်လီယာနာ လိုပီတိမျိုး မဟုတ်ဘူးလား ကိုတေဇာ။

Post a Comment