အချစ်ဘွဲ့
စိတ်မကောင်းပါဘူး
အဲသလိုလွဲသွားခဲ့ရတာ
ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲတဲ့ ကဗျာတစ်စ
ငါ့မှာရွတ်သမိပါတယ်..
ဘယ်သိမှာလဲ မဟုတ်ဖူးလား...
လူတွေ ဇာတ်လမ်းတွေ အကတွေ အချစ်တွေ
ထိုင်ငေး
တစ်သက်လုံး အာသာငမ်းငမ်းဖြစ်
တစ်သက်လုံး ဘာမှမရ။
ငါစာအုပ်ဖတ်မယ်
ငါစဉ်းစားခန်းဝင်မယ်
နောင်တစ်ကြိမ်တစ်ခါ
သိုမဟုတ်
အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ်။
သိုသော်
မင်းကို ငါချစ်တယ်။ xxxအောင်ချိမ့်xxx
ဆရာအောင်ချိမ့်ရဲ့ကဗျာတစ်ပုဒ်ပါ။ ပြောရမယ်ဆိုရင် အချစ်ကဗျာပေါ့ဗျာ။ များသောအားဖြင့်တော့ အချစ်အကြောင်းရေးထားတဲ့ ကဗျာတွေကို ကျွန်တော် မကြိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့..မကြိုက်ချင်လို့ကိုမကြိုက်တာပါ။ ဒါပေမဲ့ အခုဒီကဗျာကိုတော့ သဘောကျမိပါတယ်...။ ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲတဲ့ဗျ။ ဒီစာသားမှာ Uncertainty သဘောတရားကိုတွေ့ ရပါတယ်။ ဘောလုံးရဲ့ လားရာဆိုတာ ခန့်မှန်းလို့မရပါဘူး။ သူ့ဘာသာသူ သွားချင်တဲ့ဆီသွားတာပါ။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ သေချာမှုတွေကို နဲနဲ လှုပ်ကိုင်လိုက်သလိုပါပဲ။ ကိုယ်တကယ်ချစ်တဲ့သူနဲ့ လွဲသွားခဲ့ရတာတော့ ဘယ်စိတ်ကောင်းမှာလဲဗျာ..။ ဟုတ်ဘူးလား..။ ဒါပေမဲ့ ဘာကြောင့် လွဲသွားခဲ့ရတာလဲလို့တော့ ကဗျာဆရာက မေးခွင့်မပြုဘူးခင်ဗျ။ ကျွန်တော်တို့မသိနိုင်ဘူးလို့ ဆိုထားတယ်ဗျာ။
လူတွေ၊ ဇာတ်လမ်းတွေကို ထိုင်ငေးနေရတယ်ဆိုထဲက ကဗျာဖတ်သူဟာ ဘေးနားရောက်သွားတယ်။ ဒီဇာတ်လမ်းသူဝင်ပါ မနေရသလိုပါပဲ။ ကျွန်တော်လဲ ဘ၀မှာ သူများတွေကို ထိုင်ငေးနေသူတစ်ယောက်အဖြစ်သာ ကိုယ့်ကိုယ်ကိုသတ်မှတ်ပါတယ်။ ဒီဘ၀က ကျွန်တော်တစ်ခုခု အကျိုးအမြတ်ယူသွားနိုင်မယ်လို့ မမျှော်လင့်ပါဘူး။
ငါစာအုပ်ဖတ်မယ်၊ ငါစဉ်းစားခန်းဝင်မယ်ဆိုတဲ့ စာသားကိုတော့ အကြိုက်ဆုံးပါပဲ..။ကျွန်တော်လုပ်နေကျအလုပ်တွေဖြစ်လို့ပါ။အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်တော့လဲ ထိုင်ပီးဟိုစဉ်းစားဒီစဉ်းစားလုပ်နေပဲကောင်းပါတယ်။ ကျွန်တော်ကခပ်ပျင်းပျင်းကောင်ပါ..ဟဲဟဲ။
နောက်ဆုံးစာသားမှာလဲကျွန်တော့်အတွေးနဲ့ထပ်တူကျတဲ့အယူအဆတစ်ခုကိုတွေ့ရပါတယ်။ ငြင်းပယ်ခံရတော့လဲ ဘယ်တတ်နိုင်မလဲဗျာ။ ချစ်တာကတော့ချစ်နေတာပဲမဟုတ်ဖူးလား။ လူတွေကသာချစ်တယ်ဆိုတဲ့စာသားကို စည်းကမ်းမရှိအသုံးပြုကြလို့ မူရင်းအဓိပ္မါယ်နဲ့ဝေးသွားရတာပဲ။ တကယ်တော့ ချစ်တယ်ဆိုတာရိုးရိုးလေးပါ။
တေဇာ
ကျွန်တော်လဲမနေနိုင်မထိုင်နိုင် ကျွန်တော့်အကောင်းစား blog လေးကို သူငယ်ချင်းတကာလျှောက်ပြီး ၀င်ကြည့်ဖို့ ပြောမိတယ်ဗျာ။ ပြန်ပေးကြတဲ့ Respond တွေကတော့ သိပ်မကောင်းလှဘူး။ ပျင်းနေတဲ့လူကိုပြတော့ ပိုပီးပျင်းသွားတယ်တဲ့။ တချို့ကလဲဘာတွေမှန်းကိုမသိဘူးတဲ့။ အားနာတတ်တဲ့သူငယ်ချင်းတချို့ကတော့ ကောင်းတယ်ဆက်ကြိုးစားစသည်ဖြင့် နားအေးပြီးရော အရူးဘုံမြှောက်လုပ်ကြရှာပါတယ်။ ကျွန်တော်သဘောပေါက်ပါတယ်ဗျာ...။ ပျော်စရာရွှင်စရာလေးတွေရေးနိုင်ဖို့ကြိုးစားပါ့မယ်။
ကျွန်တော့်ထဲ Blog ၀င်ပြီးသူငယ်ချင်းတွေ ၀မ်းနည်းပက်လက်ပြန်ထွက်သွားကြရမှာ မလိုလားပါဘူး..ဟဲဟဲ..။

Comments
Post a Comment