လာဗျာ၊ ဒီကောင်ကြီးအကြောင်း မပြောမဆိုရတာ ကြာပြီ။ ဒါပေတဲ့ သိပ်ကြာသွားပြီတောင် မထင်မိဘူး။ တစ်နေ့ဆီက ကလပ်မှာ လူစုပြီး သူဆုံးသွားတာ လေးနှစ်ပြည့်တဲ့ အထိမ်းအမှတ်ကလေး လုပ်ကြတော့မှပဲ အတော်ကလေးကြာသွားပြီ ဆိုတာ သတိထား လိုက်မိတော့တယ်။ ကလပ်က ကပ္ပတိန်လုပ်တဲ့ ဦးဘအေးကြီးကများဆိုရင် ခုထက်ထိ ဘ၀င်မကျနိုင်ရှာသေးဘူး။ ငါ အမြဲလို သတိပေးနေသားကွာ။ ခက်တာက ဒီကောင့်မှာလည်း ဒါကလေးနဲ့ ပတ်သက်ရင် ဘရိတ်က မပါဘူးလိုဖြစ်နေတယ်လို့ ပြောလို့ကို တို့တစ်တွေ ရယ်ကြရသေးတယ်။ အဲဒီနေ့ ညနေက အတော်မိုးချုပ်သွားကြတယ်။ ဘယ်သူကမှ ၀မ်းနည်းပက်လက်တော့ မဖြစ်ကြဘူး။ သူကလည်း ၀မ်းနည်းတာမျိုးမှ မကြိုက်ဘဲကိုး။ ဖိုးစောထွန်းကတောင် ဖိုးကိုက ၀မ်းနည်းတာ ဘာကြောင့်ဝမ်းနည်းဝမ်းနည်း ပျော့ညံ့သေးသိမ်ရာ ကျတယ်လို့ ပြောဖူးတယ်။ ခင်ဗျားတို့ ၀မ်းနည်းချင်ကြရင် အိမ်ပြန်ပြီး ကိုယ့်မိန်းမကိုဖက်ပြီး ၀မ်းနည်းကြလို့ ပြောသေးတယ်။ ဘာလို့တုန်းလို့ ကိုအောင်ခင်က မေးတော့ ဖိုးစောထွန်းက ငါ့မှာ လွတ်ရက်မရှိတဲ့ နင့်ရဲ့ အချစ်အကျဉ်းသားအဖြစ်နဲ့ နေရတာ အတော်ကြာသွားပါကလားဆိုပြီး ၀မ်းနည်းတဲ့အနေနဲ့ပေါ့တဲ့။ ဒီတော့ကာမှ လွတ်ရက်မရှိတဲ့ ခုနစ်အိုရှစ်အို အချစ်ရဲ့အကျဉ်းသားကြီးများ ရယ်နိုင်ကြရတော့တယ်။
တကယ်တော့ အဲဒီစကားက ဖိုးကိုပြောလေ့ရှိတဲ့စကား။ ဖိုးကိုက မေတ္တာ၊ ဂရုဏာ၊ မုဒိတာ စတာတွေကိုတော့ အတော်ပြောတယ်။ ကိုယ်နဲ့ အမြီးအမောက် သိပ်တည့်တဲ့အပိုင်းက အဲဒီအပိုင်းပဲ။ အဲဒီအခါမျိုးကျရင် ဖိုးစောထွန်းက သူ့ဘက်က ပါတယ်။ ဂေါက်ကွင်းမှာဆိုရင်တော့ နှစ်ယောက်သား မတည့်ကြဘူး။ ဖိုးစောထွန်းက သီဝရီသမား။ ခါးကဘယ်လို၊ ပုခုံးကဘယ်လို၊ ဂေါက်သီးက ရိုက်တာမဟုတ်ဘူး။ လက်ရဲ့အရှိန်နဲ့ ထိသွားတာ ဘာရယ်ညာရယ်နဲ့။ ဂေါက်သမားဆိုတာကလည်း ဦးတဲ့သူက ဆရာလုပ်ချင်တာကိုး။ တီခုံပေါ်ရောက်ပြီဟေ့ဆိုတာနဲ့ ပရိုဖြစ်သွားကြတာချည်းပဲ။ ဖိုးစောထွန်းကိုနိုင်တာက ဖိုးကိုပဲ။ ဖိုးစောထွန်းတစ်ယောက် တီခုံပေါ်တွက်ပြီး ရိုက်မယ်လုပ်ရင် ဖိုးကိုက ဟေ့ဖိုးစောထွန်း၊ မင်းခါးက နည်းနည်းမတ်မနေဘူးလား။ မင်းပြောနေကျအတိုင်း မဟုတ်ပါလားလို့ ရိတတ်တယ်။ အဲဒီနေ့ ဖိုးစောထွန်း လက်ပျက်ကရော။ ကိုယ်ကတော့ ပုံမှန်ပဲ။ ပင်စင်ယူပြီးကာမှ ပရိုလည်းဖြစ်မှာ မဟုတ်တော့ဘူး။ စင်ဂလ် ဟင်းဒီကတ်ရလည်း ဘာထူးတော့မှာမို့လဲ။ ဟိုး(လ်)အင်ဝမ်းရတောင် ကိုယ်တို့အရွယ်က ဒီကျင်းလောက်ပဲ သွင်းနိုင်တဲ့အရွယ် ရောက်နေပြီ မဟုတ်လား။ ဘာစိတ်ဝင်စားစရာ ရှိတော့လို့တုန်း။ ဆရာဝန် ကိုမောင်ကလေးရှိတုန်းကဆိုရင် ကိုမောင်ကလေးနဲ့ကိုယ်က တွဲလေ့ရှိတယ်။ ကိုယ်တို့ လေးယောက်သား ရိုက်တဲ့အခါဆိုရင် သူတို့နှစ်ယောက်သာ ငြင်းဟယ်ခုံဟယ် လုပ်နေကြတာကို ကိုယ်တို့က နောက်ကကြည့်ရင်း တခွိခွိနဲ့ပေါ့။ ကိုမောင်ကလေးကတော့ ကိုးကျင်းသမား။ အလွန်ဆုံးရိုက်ရင် ဆယ့်လေးကျင်းပဲ။ ဆယ့်လေးကျင်းက ကလပ်ဟောက်(စ)နဲ့ နီးလေတော့ ဆယ့်လေးကျင်းပြီးရင် ကလပ်ဟောက်(စ)ဆီ တက်တော့တာပဲ။ ပြောလည်း ပြောသေးတယ်။ ဒီအရွယ်ကြီးနဲ့ မိုက်လို့ ဆယ့်ရှစ်ကျင်းရိုက်တာတဲ့။ ဒီတော့ ဖိုးကိုက ပြောလေ့ရှိတယ်။ ကိုမောင်ကလေး ဘာကိစ္စဖြစ်ဖြစ် ပြီးပြီးပြတ်ပြတ် လုပ်ရတယ်။ တို့လို့တန်းလန်းထားခဲ့လို့ ဘယ်ကောင်းမှာလဲတဲ့။ ဒီအခါမျိုးမှာ ကိုမောင်ကလေးက ပြန်ပြောလေ့ရှိတယ်။ မင်းမှာ ဂေါက်သီးရိုက်တာတောင် အဲဒီစိတ်ကလေးက ရှိနေသေးတယ်တဲ့။ ဒီတော့လည်း ဖိုးကိုလည်း ပါးစပ်ပိတ်ရတယ်။
ဖိုးကိုကလည်း ဖိုကိုပဲ။ အဲဒီကိစ္စကလေးတွေက သူ့မှာ အတော်များတယ်။ တစ်ခါတလေ မနက်ဖက်ရိုက်တဲ့အခါ သူများတကာက ဆယ့်ရှစ်ကျင်းပြီးလို့ ကလပ်ဟောက်(စ) ရောက်နေကြပေတဲ့ သူက ပေါ်မလာဘူး။ သူ့ကယ်ဒီကိုမေးတော့မှ ဆရာကြီး ဆယ့်ကိုးကျင်းမှာတဲ့။ ဆယ့်ကိုးကျင်းဆိုတာက ဂေါက်ကွင်းနားမှာနေတဲ့ ကပြားမနှစ်ယောက်အိမ်ပဲ။ တစ်ခါတော့ မနေနိုင်မထိုင်နိုင် ကိုယ်က ပြောဖူးတယ်။ မနေနိုင်မထိုင်နိုင်လို့ ပြောရတာက ဒီကိစ္စမျိုးက ဘယ်သူ့ကိစ္စမှ မဟုတ်ဘဲ။ မင်းကွာ ငယ်လည်းငယ်တော့တာ မဟုတ်ဘူး။ ဒီကိစ္စကလေး နည်းနည်းထိန်းဖို့ကောင်းပြီလို့ ပြောတော့ သူကပြောတယ်။ ဟကောင်ဘမောင် ငါက မင်းလို မေတ္တာတရားခေါင်းပါးနေတာ မဟုတ်ဘူး။ မေတ္တာတရားက ပိုလျှံနေတာ။ မေတ္တာတရားကို ခြေချုပ်ချမထားကောင်းဘူးလို့ ရယ်စရာနောက်စရာအနေနဲ့ ပြန်ပြောတယ်။ အဲဒီတုန်းက ဆရာဝန်ကိုမောင်ကလေးက မဆုံးသေးဘူး။ သူကလည်း အနားမှာရှိနေတော့ ၀င်ပြောတယ်။ ဖိုးကိုရာ ငါတော့ မင်းပြောပြောနေတဲ့ မေတ္တာတွေ ဂရုဏာတွေကို အထင်လည်းမကြီးဘူး၊ ယုံလည်းမယုံဘူးတဲ့။ ဒီတော့ ဖိုးကိုကပြောတယ်။ ကိုမောင်ကလေး ခင်ဗျားက လူနာတွေ၊ လူမမာတွေနဲ့ အဆက်အဆံ များနေတာကိုး။ ကျုပ်တို့လို လူကောင်းသူကောင်းတွေနဲ့ များများပေါင်းပေး။ အမြင်မှန်ရလာအောင်တဲ့။ ဒီတော့ ကိုမောင်ကလေးက သူ့ကို ဘာမျှပြန်မပြောတော့ဘဲ ကိုယ့်ကိုကြည့်ပြီး ပြောတယ်။ ကိုဘမောင် တွေ့ရဲ့မဟုတ်လား။ ဒီကောင့်မှာ အဖြေအမြဲတမ်းရှိတယ်။ မြွေကိုက်တောင် သေမှာမဟုတ်ဘူးတဲ့။ အေးဗျာ ဒါပေတဲ့ ဖြစ်ချင်တော့လည်း ဖြစ်သွားတာပဲ။ ကိုယ်ကတော့ သူ့အကြောင်းတွေးမိတိုင်း စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ၀မ်းနည်းတာလား ဘာလဲညာလဲ မသိဘူး။ အဲဒီလိုဖြစ်တာကို ပြောပြမိတော့ ဖိုးစောထွန်းက ပြောတယ်။ ဟကောင် ဟိုကောင်က ဘ၀ကို ကျေကျေနပ်နပ်နဲ့ သေသွားတာ။ မင်းလို တစ်လောကလုံးအတွက် ထိုင်ပြီး သောကပွားပေးနေတာ မဟုတ်ဘူးတဲ့။ ဒါလည်း ဟုတ်လောက်ပါရဲ့။ ခုဟာက ဖိုးကိုအနေနဲ့ အရာရာကို စွန့်လွှတ်သွားတာပဲလို့ ပြောရလိမ့်မယ်။ အကြောင်းက ဒီလို။
တစ်နေ့ နေ့ခင်းတော့ ဖိုးကိုက ဖုန်းဆက်တယ်။ ကျောင်းအစ်မကြီး အိမ်မှာ ရှိသလားလို့ အရင်ဆုံးမေးတယ်။ ဘာလို့တုန်းလို့ မေးလိုက်တော့ ညနေဖက် ငါနဲ့ ဖိုးစောထွန်း မင်းဆီလာမယ်လို့တဲ့။ လာချင် လာပေါ့။ အိမ်က ကျောင်းအစ်မကတော့ ချောင်မှာ။ အဲဒီမှာ အနေများတယ်။ ဘာလို့တုန်း၊ သူနဲ့စကားပြောချင်လို့လားလို့ မေးလိုက်တော့ နိုးနိုးနိုးလို့ သူက အလျင်စလိုဖြေတယ်။ ပြီးမှ ဘမောင်ရာ မင်းတို့လင်မယားက ဟစ်ပီလို လင်မယား။ လောကကြီးကို မြင်ချင်သလိုမြင်၊ တွေးချင်သလိုတွေးနဲ့။ မင်းနဲ့ စကားပြောရတာတောင် လွန်လှပြီ။ ခုဟာက မင်းနဲ့ ဖိုးစောထွန်းကို ငါ တိုင်ပင်စရာရှိလို့လို့ သူက ပြန်ဖြေတယ်။ ကိုယ်က ဘာမျှဝင်မပြောဘဲ ဆက်နားထောင်နေမိတယ်။ သူက ဆက်ပြောတယ်။ မင်း အိမ်က ဖိုးစပ်တို့လင်မယားကို မြည်းစရာလေးဘာလေး လုပ်ခိုင်းထား။ ငါ ၀ီစကီကောင်းကောင်း ယူခဲ့မယ်တဲ့။ ကိုယ်ကလည်း မသေချာတာနဲ့ မေးလိုက်မိတယ်။ ဖိုးစောထွန်းကြီးကို ပြောပြီးပြီလား ဆိုတော့ အေ ငါပြောမယ်လို့ပဲ၊ မင်းလှမ်းပြီး ဖုန်းဆက်လိုက်စမ်းပါ။ မင်းခေါ်ရင် ရတယ်။ ဒီကိုလိုနီရဲ့ နောက်ဆုံးလက်ကျန် ဗျူရိုကရက်က တော်ရုံခေါ်ရမလွယ်ဘူးလို့ ပြောတယ်။ ကိုယ်ကတော့ သူပြောနေတာကို နားထောင်ရင်း ပြုံးနေမိတယ်။ ဖိုးစောထွန်းအကြောင်းလည်း တွေးလိုက်မိတယ်။ ပြောမယ်ဆိုရင်တော့ ဖိုးစောထွန်းကလည်း ဖိုးစောထွန်းပဲ။ ခုန ပြောပြီးပါကော။ သီဝရီသမား။ စနစ်က အတော်ကြီးတယ်။ ဘာလုပ်လုပ် စနစ်ရှိတယ်။ စနစ်မရှိရင် နွားနဲ့တူသွားမယ်လို့ ပြောလေ့ရှိတယ်။ တစ်ခါက မေးကြည့်ဖူးတယ်။ ဟေ့ ဖိုးစောထွန်း၊ ကြားဖူးသရွေ့တော့ အိပ်၊ စား၊ ကာမ ဤသုံးဝမှာ လူနဲ့နွား မခြားအတူတူတဲ့။ ခင်ဗျားကျကာမှ ဘာကြောင်း စနစ်က အရေးကြီးရတာတုန်းလို့။ ဒီတော့ ဖိုးစောထွန်းက အိပ်၊ စား၊ ကာမ ဤသုံးဝမှာ လူနဲ့နွား မခြားအတူတူဆိုတာ မှားတယ်ကွ။ အိပ်တာရော၊ စားတာရော၊ ကာမဂုဏ်ခံစားတာရော လူနဲ့နွား မတူဘူး။ လူက အရသာကိုသိတယ်။ နွားက သူလုပ်စရာရှိတာကို လုပ်တာ။ အရသာမပါဘူး။ ဆင်ခြင်တုံတရား မပါဘူး။ စနစ် မပါဘူး။ တကယ်တမ်းမှာ နွားနဲ့လူနဲ့မတူတာ စနစ်ရှိတယ်၊ မရှိဘူးဆိုတာပဲလို့ ရှင်းပြတယ်။ ကိုယ်ကတော့ သဘောကျတတရယ်။ အကျချည်းတော့ မဟုတ်ဘူး။ အကြောင်းက တခြားတော့ မဟုတ်ဘူး။ လူနဲ့နွား မတူတာပြောမှဖြင့်လည်း အဲသလို ကြီးကြီးကျယ်ကျယ် မတူမှ ကောင်းတော့မှာပေါ့။ မဟုတ်တရုတ်ကလေးနဲ့ လူနဲ့နွားသွားတူရတယ်ဆိုရင်ဖြင့် နွားကိုသူကြီးခန့်တာ ရိုးပြတ်မသိမ်းချင်လို့ပါဆိုတာမျိုး ဖြစ်ကုန်မှာပေါ့ဗျာ။
အင်း... ဖိုးစောထွန်းအကြောင်း ပြောနေရာက ခရီးနည်းနည်းလွန်သွားတယ်။ သူကလည်း ဖိုးကိုပြောသလို ဗျူရိုကရက်စိတ်နဲ့ ခေါက်ရိုးကျိုးနေသလားတော့ မပြောတတ်ဘူး။ သူ့ကို ကျွေးချင်မွေးချင်လို့ ဖိတ်ရင်ပြုရင် အနည်းဆုံး လေးဆယ့်ရှစ်နာရီ ကြိုဖိတ်ရတယ်။ တစ်ခါတော့ ကိုယ်က မေးကြည့်တယ်။ အချင်းချင်းတွေပဲဗျာ၊ နန်းရင်းဝန်အိမ် ဧည့်ခံပွဲတက်တာမှမဟုတ်ဘဲ။ ဘာလို့ ၄၈ နာရီကြိုပြီး အကြောင်းကြားရမှာတုန်းလို့ဆိုတော့ သူက ဖြေတယ်။ ပေါသွားမှာ စိုးလို့တဲ့။ ပြီးတော့ ပြောသေးတယ်။ ငါက လာခေါ်တိုင်း ထလိုက်ရအောင် ပြည်ကြီးဒါလီမဟုတ်ဘူးတဲ့။ ဒီလိုဆိုပြန်တော့လည်း ဟုတ်သားကလား။ အဲဒါမျိုးတွေကြောင့် ကိုယ်က ဖိုးစောထွန်းကို သဘောကျတာ။ ဟုတ်တာ မဟုတ်တာတွေထား၊ နားမှာ ကြားလို့ တင့်တယ်တယ်။ သောတာရုံမှာ ဂုဏ်ခံစရာလေး ရှိလာသပေါ့ဗျာ။ ကိုယ်ကလည်း သူပြောတာဆိုတာကို လက်မခံသည့်တိုင် ထပြုငြင်းမနေဘူး။ ဒီတော့လည်း သူက ကိုယ့်ကို သဘောကျပြန်တယ်။ ဘုတ် ကျီးရိုသေ၊ ကျီး ဘုတ်ရိုသေဆိုတာမျိုးပဲ ထင်တယ်။ သူကိုယ်တိုင်ကလည်း ပြောဖူးတယ်။ မင်းကိုငါ သဘောကျတာက မင်းမှာ ဆင်ခြင်တုံတရားရှိတယ်။ ဆင်ခြင်တုံတရား ရှိတယ်ဆိုတာက စနစ်ရှိတာပဲ။ စနစ်ရှိတော့ မင်းက စဉ်းစားတယ်။ ဖိုးကိုတို့၊ ကိုဘအေးတို့လို ထပြီး စွတ်ငြင်းမနေဘူး။ မင်းက ငြိမ်ပြီးနားထောင်ရင်း ကိုယ့်ဘာသာ တွေးယူတယ်။ အဲဒါကိုက မင်းမှာ သဘောကျစရာကောင်းတဲ့ အရည်အချင်းပဲတဲ့။ သူက ပြောဖူးသေးတယ်။ မင်း မင်းကြီးဖြစ်လာတော့ တခြားလူကြီးတွေနဲ့ ပဲခူးကလပ်မှာဆုံရင်း ငါပြောဖူးတယ်။ တစ်နေ့ ဘမောင်တစ်ယောက် မင်းကြီးဖြစ်လာမယ်ဆိုတာ ကျုပ် အစကတည်းက သိတယ်။ သူက စဉ်းစားတယ်။ အတွေးရှိတယ်။ အစည်းအဝေးတွေ ဘာတွေမှာဆို အမြဲလိုလို သေသေချာချာ ငြိမ်ပြီး နားထောင်လေ့ရှိတယ်။ အဲဒီကတည်းက ကျုပ်က သိပြီးသားလို့ ပြောဖူးတယ်။ ဟုတ်တော့ ဟုတ်ပါရဲ့။ ကိုယ်က စဉ်းတော့ စဉ်းစားတတ်တယ်။ မနက်ပိုင်းလုပ်တဲ့ အစည်းအဝေးတွေဘာတွေဆို ပိုပြီး စဉ်းစားလို့ ကောင်းတယ်။ ညနေပိုင်းအစည်းအဝေးနဲ့ မတူဘူး။ များသောအားဖြင့် ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီလောက်မှာ ပြီးတတ်တော့ ထမင်းကျွေးလေ့ရှိတယ်။ ဒီတော့ စဉ်းစားတဲ့အထဲမှာ ပိုလို့ အရသာရှိလာတာက ဘာဟင်းနဲ့ကျွေးမယ်ဆိုတာ ထည့်စဉ်းစားကြည့်လို့ရတာပေါ့။ သူတို့တွေ ၀ီစကီကောင်းကောင်းကလေးရလို့ ကိုယ့်အိမ်ယူလာတဲ့အခါမျိုးမှာလည်း သူတို့ပြောတာ နားထောင်ရတာပေါ့။ သဘောချင်းမတူတောင် သူတို့ဝီစကီသောက်ပြီး သူတို့ကိုပြန်ပက်လို့တော့ ဘယ်ကောင်းမလဲ။ တကယ်တော့ ကိုယ်က ဘာတွေစဉ်းစားတယ်ဆိုတာ ဖိုးစောထွန်းကမှ မသိဘဲ။ ခုကာမှ ကိုယ်က ဘာတွေစဉ်းစားတယ်ဆိုတာ သူ့ကို ထုတ်ပြောနေလို့ ဘယ်ကောင်းပါ့မတုန်း။
ဒါနဲ့ပဲ ကိုယ်လည်း ဖိုးစောထွန်းကို ဖုန်းဆက်ရတော့တာပေါ့။ ဟိုလိုလိုဒီလိုလို ခင်ဗျားကောင် သေကောင်ပေါင်းလဲဖြစ်နေတယ်။ တိုင်ပင်စရာကလေးတွေ ရှိတယ်လို့ ပြောရတော့တာပေါ့။ သူက ဘာများလဲလို့မေးတော့ ကိုယ့်မှာလည်း ဘာပြောရမှန်းမသိ။ မသိဆိုတာက တကယ့်ကို မသိတာ။ တကယ့်ကို မသိတာများမှ တကယ့်ကို ပြောစရာမရှိအောင်လို့ကို မသိတာ။ ခင်ဗျားလာတော့ သိမှာပေါ့ဗျာလို့ ပြောလိုက်ရတယ်။ အဲဒီကျကာမှ ကိုယ်လည်း ဖိုးကိုကိစ္စ သိမှာ။ ဒီတော့ ဖိုးစောထွန်းက အတော်ပဲ ငါလည်း ခပ်ပျင်းပျင်းနဲ့မို့ ညနေဖက်ကျရင် မင်းဆီသွားဦးမှလို့တောင် စဉ်းစားထားသေးတယ်လို့ ပြောပြီး စားဖို့သောက်ဖို့ ဘာများယူခဲ့ရဦးမလဲလို့ မေးတယ်။ မလိုပါဘူးဗျာ၊ လာသာလာပါ။ ၀ီစကီကောင်းကောင်းလောက်ကတော့ သောက်ရမှာပေါ့လို့ ပြောလိုက်တယ်။ ပြောလိုက်ရဆို ဖိုးကိုက ၀ီစကီကောင်းကောင်း ယူခဲ့မယ်လို့ ပြောထားတာကိုး။ မင်းကြီးလောက်ဖြစ်ခဲ့ဖူးမှတော့ ကိုယ်လည်း ဘုန်းကြီးလက်ဖက်နဲ့ အရပ်ကိုမျက်နှာလုပ်တာလောက်ကတော့ တတ်ပါသော်ကော။ ဒီလိုနဲ့ အဲဒီညနေဖက်က ကိုယ့်အိမ်နောက်ဖေးဘက် ၀ရန်တာပေါ်မှာ ကိုယ်တို့သုံးယောက်သား စကားပြောဖြစ်သွားကြတယ်။ ကိုင်း… အဲဒီအပိုင်းကလေးတော့ လိုရင်းလောက်ပဲ ပြောမယ်ဗျာ။ သိပ်ရှည်နေမှာစိုးလို့။ ဖိုးကိုက အဓိကပြောတဲ့အချက်ကတော့ နှစ်ချက်ထဲ။ သူ့မိန်းမ မရှင်သန့်နဲ့ သူ တရားဝင်ကွဲမယ်။ ကွဲပြီး ကောင်မလေးတစ်ယောက်နဲ့ ယူမယ်။ အဲဒီကောင်မလေးက နာမည်ကတော့ လေးငါးလုံးမို့ ကိုယ်လည်း အပြည့်မမှတ်မိတော့ဘူး။ ကိုယ့်လိုတော့ဖြင့် ဒီနာမည်ကိုခေါ်နေရတာနဲ့ အသက်ရှူကျပ်လာလို့ ကျန်တဲ့အပိုင်းက အလုပ်ဖြစ်တော့မယ်မထင်ဘူး။ ဖိုးကိုက သူ့မိန်းမ မရှင်သန့်နဲ့ ကွဲချင်တာကဆန်းပေတဲ့ သိပ်မဆန်းလှဘူး။ ဒီလိုမပြောချင်ရင် တစ်မျိုးပြောနိုင်သေးတယ်။ သိပ်မဆန်းပေတဲ့ ဆန်းတယ်လို့ပြောနိုင်တယ်။ အကြောင်းကတော့ ဒီလို။ ဖိုးကိုနဲ့ မရှင်သန့်တို့က ငယ်လင်ငယ်မယား။ အဆင့်အနေနဲ့ ပြောရရင်တော့ မရှင်သန့်က မယားကြီး၊ မယားကြီးဆိုပေတဲ့ ဆိုကာမျှပြောကာမျှ မယားကြီးမျိုး မဟုတ်ဘူး။ ဘားဆုံးနေပြီ။ ဂိတ်ဆုံးရောက်နေပြီ။ ရောက်ဆို ဖိုးကိုမှာက မယားငယ်ပဲ ခေါ်ရမှာလား၊ နောက်မိန်းမလို့ပဲ ခေါ်ရမှာလား။ နှစ်ဦးသဘောတူ အပြန်အလှန် အကျိုးပြုမှု အစီအစဉ်အရ ပေါင်းသင်းနေထိုင်တယ်လို့ ပြောရမှာလား မသိတာတွေက အများကြီး။ အစကတော့ မရှင်သန့်က ပြောသေးဆိုသေးတယ်။ ခုတော့ ပြောကို မနေတော့ဘူး။ အိမ်ပြန်လာရင် စကားပြောတယ်။ ပြန်မလာလည်း လိုက်မရှာတော့ဘူး။ ဂရုမစိုက်တော့ဘူး။ ဘယ်လိုချည်းဖြစ်နေဖြစ်နေ လင်မယားအနေနဲ့ကတော့ တရားဝင်လင်မယားပဲကိုး။
အဲဒီတုန်းက ဖိုးစောထွန်းက တစ်ခွန်းဝင်ပြောတယ်။ မင်းတို့လင်မယားနှစ်ယောက်က စာရွက်ပေါ်မှာတင်ပဲ ပေါင်းသင်းနေကြတာ မဟုတ်လား။ ဘာလို့ ခုကာမှ တရားဝင် ကွဲချင်ရတာလဲတဲ့။ အကြောင်းကတော့ အဲဒီ နာမည်လေးငါးလုံးနဲ့ ကောင်မလေးက ဖိုးကိုကို ပြောသတဲ့။ ဖိုးကိုကို သူက ချစ်တာ ဖိုးကိုဆီက ဘာမှလိုချင်လို့ မဟုတ်ဘူး။ ဒါကြောင့် ကိစ္စအကုန်ရှင်းပြီးတာနဲ့ သူ့အိမ်ပေါ်တက်ခဲ့။ သူနဲ့ တရားဝင်ယူလို့ ပြောလို့တဲ့။ ဒီတော့လည်း ကိုယ်က မနေနိုင်ဘူး။ တစ်ခွန်းဝင်မေးကြည့်ရတယ်။ ခင်ဗျားကိုကဗျာ၊ ဒီအသက်ဒီအရွယ်ကြီးကျကာမှ အစိတ်သုံးဆယ်လောက်ရှိတဲ့ မိန်းကလေးက ဘာမှမလိုချင်ဘူး၊ ချစ်တာတစ်ခုတည်းရယ်လို့ ပြောတယ်ဆိုတာကတော့ကော ဟုတ်ပါ့မလားလို့မေးတော့ သူက ပြောတယ်။ ဘမောင်ကြီးရာ၊ မင်းမှာလည်း အတွေးက အမြဲချော်သကိုးတဲ့။ ဘာလို့တုန်းဆိုတော့ သူက ပြောတယ်။ ချစ်တာဟာ အသက်နဲ့မဆိုင်ဘူးတဲ့။ ပုံမှန်အနေအထားနဲ့ ပြောရရင်တော့ ချစ်ခြင်းဟာ ချစ်ခြင်းပဲဆိုတာကို ယုံတယ်။ ဖိုးကိုရဲ့ အနေအထားမျိုးမှာတော့ မယုံဘူး။ ပြောရရင် လက်တွေ့မကျဘူး။ စိတ်ထဲမှာက စနောင့်စနင်း ချဉ်တင်တင်လည်း ဖြစ်လာတာမို့ ဘာနဲ့ ဆိုင်သတုန်း။ အတက်နဲ့ဆိုင်သလားလို့ ပြန်ပက်လိုက်မိတယ်။ ခင်ဗျားတစ်ခုစဉ်းစားကြည့်။ ကိုယ်တို့အရွယ်ရောက်ရင် အောက်ဘက်ကသူငယ်ကိုယ်တိုင်က တောင်ဝင်ရိုးစွန်းလောက်ဆီပဲ ခေါင်းစိုက်နေတော့တာ။ အီကွေတာကို မျှော်ဖို့ဆိုတာတောင် ခပ်ရေးရေးမို့၊ မြောက်ဝင်ရိုးစွန်းကို မျှော်ဖို့ဆိုတာက ဝေးပြီပဲ။ ခုလိုကာမှ ရည်းစားထားချင်စိတ်ရှိလို့ ရပါ့ဦးမလား။ ချစ်ချင်စိတ်ကရှိလို့ ရပါဦးမလား။ ချစ်တယ်ဆိုတာ လေထဲမှာသွားချစ်လို့ ရတာမှမဟုတ်ဘဲ။ ဟိုတုန်းက ကွန်မြူနစ်တွေပြောတာ ကြားဖူးရဲ့မဟုတ်လား။ လက်တွေ့မပါတဲ့ သဘောတရားဆိုတာ အလကားပဲ ဆိုတာလေဗျာ။ ပြီးတော့ ကိုယ်တို့လို ဗျူရိုကရက်လက်ကျန်တွေ၊ နိုင်ငံခြားပြန် ပင်စင်စားကြီးတွေမှာက နေ့စဉ်ရက်စက် အသက်ဆက်စာလောက်ပဲ ပိုက်ဆံရှိကြတာ။ ကိုယ်တို့အနေထားက ဘိုကလေးတင့်အောင်ရေးတဲ့ သီချင်းတစ်ပုဒ်ထဲကလို `ကျန်သေးသမျှ အားဆောင်ကြည့်ရှာ၊ ကံပေးမှ ငါးတစ်ကောင်မိမှာ´ ဆိုတာမျိုး။ ခုနေအခါ ကာလမှာ လက်မှတ်လောက်ပဲ ထိုးတတ်တဲ့လူငယ်တွေ ဘယ်ရွေ့ဘယ်မျှအထိအောင် ချမ်းသာလို့ ချမ်းသာမှန်းမသိအောင် ချမ်းသာပုံမျိုး ချမ်းသာတာမဟုတ်ဘူး။ ကိုယ်တို့မှာ ဘာမက်စရာရှိလို့တုန်း။ ကိုယ်က အဲလိုမေးတော့ ဖိုးကိုက ဖြေတယ်။ အသက်ကြီးလာတာနဲ့အမျှ ချစ်ပုံက ရင့်ကျက်လာသတဲ့။ ပိုပြီးနက်ရှိုင်းလာသတဲ့။ ဟိုကိစ္စချည်းပဲ မဟုတ်တော့ဘူးတဲ့။ ဒီတော့လည်း ဖိုးစောထွန်းက နေနိုင်ပုံမရတော့ဘူး။ သူက ၀င်ပြောတယ်။ ဒီလိုဖြင့် မင်းဘာသာ ရင့်ကျက်လာတဲ့အချစ်နဲ့ မင်းဟာမကလေးကို တစ်နေကုန်ထိုင်ကြည့်နေ။ မိုးချုပ်သွားတဲ့အခါ ငါ့ဆီလာပို့ထားချေလို့ ၀င်ပြောလိုက်ကာမှ ဖိုးကိုလည်း ငြိမ်သွားတော့တယ်။ နောက်တော့ ကိုယ်တို့တစ်တွေ မကြီးမငယ်နဲ့ တောပြောတောင်ပြောပြောရင်း မိုးအတော်ချုပ်သွားတယ်။
ဒါနဲ့ပဲဗျာ လိုရင်းပြောရရင်တော့ ဖိုးကိုတစ်ယောက် အဲဒီ နာမည်လေးငါးလုံးနဲ့ ကောင်မလေးနဲ့ ယူလိုက်တယ်။ ပင်လယ်ကမ်းစပ်ဆီ ဟန်းနီးမွန်း သွားကြသေးတယ်။ ကိုယ်တို့ဆီ တစ်ခေါက်ပြန်လာသေးတယ်။ ဂေါက်သီးရိုက်ကြသေးတယ်။ နောက်တော့ ဒီကပြန်သွားပြီးမကြာခင် ဆုံးသွားတာပဲ။ အိပ်နေရင်း နှလုံးရပ်သွားတာတဲ့။ အေးလေ၊ ဒီလိုဖြစ်သွားတော့လည်း စိတ်မကောင်းဖြစ်ရပြန်တာပေါ့။ ဒါတောင် ကလပ်မှာ ရယ်စရာပြောဖြစ်ကြသေးတယ်။ တစ်ယောက်ကပြောတယ်။ ဖိုးကိုတို့များ ကံကောင်းသကွာ။ သေတာအောင် အိပ်နေရင်းနှလုံးရပ်သွားတယ်ဆိုတော့ သက်သက်သာသာနဲ့ အသက်ထွက်သွားရတာပဲလို့ဆိုတော့ တစ်ယောက်က ၀င်ထောက်တယ်။ ခင်ဗျားကို ပင်ပင်ပန်းပန်းနဲ့ အသက်ထွက်သွားတာ မဟုတ်ဘူးလို့ ဘယ်သူက ပြောလို့တုန်း။ အိပ်ရာပေါ် အိပ်နေရင်းနဲ့လို့ပဲ ကြားရတာ။ ဘယ်လိုအိပ်တယ်၊ ဘယ်သူနဲ့အိပ်တယ်ဆိုတာတွေမှ မသိဘဲတဲ့။ ဒီတော့ ရယ်ကြရသေးသဗျာ။ ကိုယ်ကတော့ မနေ့တစ်နေ့ဆီက ဖိုးကိုကို အတော်လေး သတိရနေမိတယ်။ အကြောင်းက ဒီလို။ ကိုရင်မောင်တင့်သား ဒီကိုဝင်လာတုန်းက ကိုယ့်ကို စာအုပ်တစ်အုပ် လက်ဆောင်ပေးသွားတယ်။ ကိုယ်က ဒုတိယကမ္ဘာစစ်ကြီးအကြောင်း စိတ်ဝင်စားတော့ ဒုတိယကမ္ဘာစစ်ကြီးနဲ့ပတ်သက်တဲ့စာအုပ်တွေများ တွေ့တဲ့အခါ ၀ယ်ဖတ်လေ့ရှိတယ်။ ခုနောက်ပိုင်းတော့ ကိုယ့်ဘာသာဝယ်ဖြစ်တာ သိပ်မရှိတော့ပါဘူး။ သူများလက်ဆောင်ပေးတာလောက်ပဲ ဖတ်နိုင်တော့တာ။ အကြောင်းသိတော့ ကိုရင်မောင်တင့်သားက ကိုယ့်အတွက် စာအုပ်တစ်အုပ် ၀ယ်လာပေးတယ်။ အဲဒီစာအုပ်က ဒုတိယကမ္ဘာစစ်ကြီးတုန်းက လက်ဖြောင့်တပ်သားတွေက သူတို့ရဲ့အကြောင်းတွေ ပြန်ရေးထားတဲ့စာအုပ်ပဲ။ အတွေ့အကြုံတွေပဲ ဆိုပါစို့ရဲ့။ အဲဒီစာအုပ်ကိုဖတ်နေရင်း တစ်နေ့တော့ အကြောင်းတစ်ခု ဖတ်လိုက်ရတယ်။ အကြောင်းက ဒီလို။
ဥရောပစစ်မြေပြင်တစ်နေရာမှာ ဂျာမန်လက်ဖြောင့်တပ်သားတွေက နေရာအသီးသီးယူပြီး သူတို့နယ်မြေထဲ ချီတက်လာတဲ့ အုပ်စုတွေကို အဝေးဆီကနေလှမ်းပြီး လက်ဖြောင့်တပ်သားတွေက ပစ်နေတဲ့အချိန်၊ လက်ဖြောင့်တပ်သားတွေက နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ နေလေ့ရှိသတဲ့။ တွဲထားတဲ့ပုံစံကတော့ အတွေ့အကြုံရှိတဲ့ လက်ဖြောင့်တပ်သားကြီးနဲ့ အလုပ်သင် လက်ဖြောင့်တပ်သားကို တွဲထားလေ့ရှိတယ်။ အလုပ်သင် လက်ဖြောင့်တပ်သားကတော့ သေနတ်ကို ကျည်ဆံထိုးပေးရတယ်။ လက်ဖြောင့်တပ်သားတွေဆိုတာက အော်တိုမစ်တစ်သေနတ်မျိုးကို မကြိုက်ကြဘူးကိုး။ ပြီးတော့ အလုပ်သင်လက်ဖြောင့်တပ်သားက ပစ်မှတ်ကို ထိ မထိ။ ထိပြန်ရင် ဘယ်လိုဘယ်ပုံဆိုတာ မှန်ပြောင်းနဲ့ လှမ်းကြည့်ရတယ်။ အဲ.. အဲဒီစစ်မြေပြင်တစ်နေရာမှာတော့ အတွေ့အကြုံသိပ်ရှိတဲ့ ဆာဂျင် လက်ဖြောင့်တပ်သားကြီးနဲ့အတူ အလုပ်သင်လက်ဖြောင့်တပ်သားတို့ အတွဲက ရှေ့ကိုတက်ဖို့ပြင်နေတဲ့ ရန်သူ့တပ်ဖွဲ့ဝင်အုပ်စုတစ်စုကို ရှေ့မတိုးနိုင်အောင် အဝေးကလှမ်းပြီး ပစ်ရင်း ထိန်းထားနေတယ်။ ဆာဂျင်ကြီးကိုယ်တိုင်ကလည်း မှန်ပြောင်းနဲ့ လှမ်းကြည့်လေ့ရှိတယ်။ ပြီးမှ တစ်ယောက်ချင်းပစ်ချနေတာ။ သူ့ရဲ့ လက်သင်ရဲဘော်က ဆာဂျင်ကြီးပစ်လိုက်တိုင်း ရန်သူ့ဘက်ကို မှန်ပြောင်းနဲ့လှမ်းကြည့်ရင်း သူ့ဆာဂျင်ကြီးကို အခြေအနေပြောပြတယ်။ တစ်ချီမှာတော့ ဆာဂျင်ကြီးက ပစ်မယ်လို့လုပ်ပြီး မပစ်ဘူး။ သူ့တပည့်ကတော့ မပစ်သာသေးလို့ပဲလို့ မှတ်လိုက်တယ်။ နောက်တစ်ချီ နှစ်ချီလည်း အဲဒီလိုပဲ။ မပစ်ဘဲနေတယ်။ သူ့တပည့်က သတိထားကြည့်နေလေတော့ ဆာဂျင်ကြီး မပစ်ဘဲနေနေတဲ့ တစ်ဖက်ကရန်သူဟာ တစ်ယောက်တည်း။ ဆိုလိုတာကဗျာ၊ ရန်သူ့ဘက်က အဲဒီလူ ပစ်ကွင်းထဲဝင်လာလေတိုင်း ဆာဂျင်ကြီးက မပစ်ဘူး။ ပစ်မယ်လို့ ချိန်ထားပြီးကာမှ သေနတ်ကို ပြန်ချလိုက်တယ်။ ဒါပေတဲ့ တစ်ချီမှာတော့ ဆာဂျင်ကြီးက ပစ်ထည့်လိုက်ကရော။ ဒီတော့ သူ့ရဲ့လက်သင်ရဲဘော်က မှန်ပြောင်းနဲ့ကြည့်ပြီး ထိတယ်ဆာဂျင်ကြီးရေလို့ ပြောတယ်။ သေချာရဲ့လားလို့ ဆာဂျင်ကြီးကမေးတော့ သူ့တပည့်က လှုပ်ဖို့တောင် အချိန်မရဘူး။ ပစ်မှတ်ကို တည့်တည့်ပဲလို့ ဖြေလိုက်တယ်။ ဆာဂျင်ကြီးက ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ပြသတဲ့။
နောက် ရန်သူတွေ လှုပ်ရှားမှုမရှိတော့ ဆရာတပည့်နှစ်ယောက်သား နားကြတဲ့အခါ ရဲဘော်တပည့်က ဆာဂျင်ကြီးကို မေးသတဲ့။ ရန်သူတစ်ယောက်ကို ဆာဂျင်က မှန်ပြောင်းနဲ့ကြည့်လိုက်၊ ပစ်မယ်လို့လုပ်လိုက်၊ မပစ်ဘဲနေလိုက်နဲ့နေတာ အကြိမ်ကြိမ်ပဲ။ ဘာကြောင့်လဲလို့မေးတော့ ဆာဂျင်ကြီးက ခုလိုရှင်းပြတယ်။ တို့အလုပ်က တစ်ဖက်ကရန်သူကို ပစ်ဖို့၊ ထိဖို့။ တစ်ချက်တည်းနဲ့မသေလည်း သူတို့ ရှေ့မတိုးသာအောင် ထိန်းထားဖို့ပဲ။ ထိလို့သေတာရှိသလို၊ ဒဏ်ရာရလို့ နောက်တန်းပြန်ပြေးတာလည်း ရှိမယ်။ ဒါပေတဲ့ ရန်သူ့တပ်သားတစ်ယောက်ကို မှန်ပြောင်းထဲကနေကြည့်ရင်း သတိထားလိုက်မိတယ်။ ဒီလူက အသက် တော်တော်ကလေးကြီးနေပြီ။ ကြည့်ရတာ တို့လို အမြဲတမ်းတပ်တွေမှာ လုပ်နေတဲ့လူမျိုး မဟုတ်ဘူး။ စစ်ကြီးဖြစ်လာလို့ စစ်ထဲလိုက်လာတဲ့လူမျိုး။ သူ့ကို ငါပစ်လိုက်လို့ မသေဘဲ ဒဏ်ရာရရုံရပြီး နောက်တန်းကို ပြန်သွားရရင် ဆေးကုသမှုခံပြီး ဒီဒဏ်ရာနဲ့ သူ့ရွာကို ပြန်ရမှာပဲ။ ရွာမှာလည်း ဒီအသက်အရွယ်ကြီး ကျကာမှ ဒုက္ခိတဘ၀နဲ့ အသက်ဆက်ရှင်နေရတော့မှာ။ စစ်ကြီးကလည်းဖြစ်နေတော့ တခြားအလုပ်လည်း လုပ်စားတတ်မှာမဟုတ်ဘူး။ မသေမချင်း ငါပစ်လိုက်တဲ့ဒဏ်ရာနဲ့ အသက်ဆက်ရှင်နေရတော့မှာမို့ ငါပစ်လိုက်တာက မသေဘဲ ဒဏ်ရာရရုံဆိုရင် သူ့ဘ၀တစ်လျှောက်လုံးကို ငါက ဒုက္ခပေးလိုက်သလိုပဲ နေမယ်။ ဒီတော့ ငါ့အနေနဲ့ ပစ်တဲ့အခါမှာ သေလောက်တဲ့ပစ်မှတ်ကို ရတဲ့အထိ စောင့်ရတော့တာပဲ။ သူ့အသက်ကလည်း အတော်ကြီးပုံရတာကိုးတဲ့။ အလုပ်သင်လက်ဖြောင့်တပ်သားကတော့ ဘာမှပြန်မပြောပေတဲ့ ဘ၀တာအတွက် အင်မတန်ကောင်းတဲ့ သင်ခန်းစာတစ်ခုကို ရလိုက်တယ်လို့ စာအုပ်ထဲမှာ ရေးထားတယ်။ ဘယ်လိုသင်ခန်းစာရယ်လို့တော့ ရှင်းမပြဘူး။ ဆာဂျင်ကြီးရဲ့စိတ်ကောင်းကို ပေါ်လွင်စေတာတော့ အမှန်ပဲ။ ရေးတဲ့လူက အဲဒီအလုပ်သင်ရဲဘော်လေးပဲ။ စစ်ကြီးပြီးတော့ ဗိုလ်မှူးဘ၀ကနေ အနားယူပြီးတဲ့အချိန်မှာ ရေးထားတာ။ ခေါင်းစဉ်ကတော့ အသက်ကိုငဲ့လို့ တဲ့တဲ့ပဲ ပစ်လိုက်တော့တယ်တဲ့။
ဘာလို့မှန်းတော့မသိဘူး၊ အဲဒါကလေးဖတ်ပြီး ဖိုးကိုကိုပဲ သတိရနေမိတယ်။ ဘယ်လိုဆိုင်တယ်၊ မဆိုင်ဘူးဆိုတာတော့လည်း ကိုယ့်ဘာသာတွေးကြည့်လို့မရဘူး။ ကိုယ်အခုပြောတာတွေက သင်ခန်းစာတစ်ခုလား၊ ဘာလားလို့လည်း မပြောတတ်ဘူး။ ဒါပေတဲ့ အဲဒီအကြောင်းဖတ်လိုက်မိကတည်းက ဖိုးကိုကိုပဲ သွားပြီး သတိရနေမိတယ်။ ခင်ဗျားဘာသာ စဉ်းစားကြည့်ရင်တော့လည်း အဓိပ္ပာယ်တစ်ခု ထွက်ချင်ထွက်မယ်။ စဉ်းစားကြည့်ပေါ့ဗျာ။ ခင်ဗျားတွေ့ကြည့်လို့ရတာ ခင်ဗျားရဲ့သိပုံ၊ ခံစားနိုင်ပုံ စတာတွေနဲ့ ဆိုင်လိမ့်မယ်။ စကြ၀ဠာလုံးဆိုင်ရာအတွေးအခေါ်ကို အခြေခံထားတဲ့ ရလဒ်တော့ ဟုတ်ချင်မှဟုတ်မယ်။ ပြောမယ်ဆိုရင် တစ်ခုတော့ရှိတယ်။ ပစ်တဲ့ဆာဂျင်ကြီးဟာ ဖိုးကိုတော့ မဖြစ်နိုင်ဘူး။
မြင့်သန်း
(ရောရောယောင်ယောင် မောင်ဘမောင် ၀တ္ထုတိုများမှ…)
ချင်းတွင်း၊ မေလ၊ ၂၀၁၁
Comments
Post a Comment