Skip to main content

အရိပ်အယောင် (မြင့်သန်း)

I'm too alone. I see no end.
If we could all run, even that would be better.
I'm hungry. The sun is not hot. It's not a good position I'm in.
If I had to do the whole thing over again,
I wouldn't.

John Berryman, "Dream Song 28: Snow Line"

လှေကားရင်းက တယ်လီဖုန်းထားတဲ့ စားပွဲပေါ်မှာရှိတဲ့ တယ်လီဖုန်းမှတ်တမ်း စာအုပ်ကို ကြည့်လိုက်မိတယ်။ ကျွန်တော့်နာမည် နေရာမှာ `အုတ်တိုက်အနီကြီးက အမျိုးသမီးကလေး ဖုန်းဆက်တယ်။ ပြန်ဆက်ပါ။ အရေးကြီးတယ်´ လို့ အင်္ဂလိပ်လိုရေးထားတာ တွေ့ရတယ်။ ရာမနန္ဒာရဲ့ လက်ရေးပဲ။ ဖေဖေရေးရင် သူ့ကို သမီးလို့ပဲ ညွှန်းတယ်။ ရာမနန္ဒာကတော့ သူတို့အိမ်ကို အစွဲပြုပြီး ရေးလေ့ရှိတယ်။ ဘာလို့မှန်းတော့ မသိဘူး။ သူ့ကို `ယန်းလေဒီ´ လို့ ညွှန်းပြီး အင်္ဂလိပ်လို ရေးတတ်တယ်။ ရာမနန္ဒာက ကိုလိုနီရဲ့ လက်ကျန်ကြီးမို့ ဘာသာစကားအသုံးအနှုန်းမှာ ယဉ်ကျေးခြင်းသည် အဓိကဆိုတာကို လက်ခံထားလို့ ဖြစ်ကောင်းဖြစ်မယ်။ သေချာပေါက်တော့ မပြောတတ်ဘူး။ သေချာပေါက်ပြောနိုင်တာကတော့ ကိုလိုနီစနစ်ရဲ့ ပျိုးထောင်မှုအရ၊ လောင်းမင်းစနစ်အတိုင်း ညာဖက်ကိုစောင်းပြီး၊ လက်ရေးဆက် ရေးလေ့ရှိတာပဲ။ ကျွန်တော်အိမ်မှာမရှိတုန်း သူ့ဆီက ဖုန်းလာတာကို ရာမနန္ဒာက မှတ်ပြီး ရေးထားတာဖြစ်မယ်။ အရေးကြီးတယ်ဆိုတဲ့ စာလုံးကို မျဉ်းနှစ်ကြောင်းတားထားတယ်။ ဘာအရေးကြီးမှန်းတော့ မသိဘူး။ လောလောဆယ် ကျွန်တော် ဘယ်သူနဲ့မှ သိပ်စကားမပြောချင်သေးဘူး။ နေ့ခင်းကတည်းက ကျွန်တော်တို့တစ်သိုက် လေပစ်ကြတာ အတော်များထားကြလို့။

ဗုဒ္ဓဟူးနေ့ဆိုရင် ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ဆုံကြတယ်။ ဗုဒ္ဓဟူးနေ့တိုင်းတော့ မဟုတ်ဘူး။ လတစ်လရဲ့ နောက်ဆုံးဗုဒ္ဓဟူးနေ့ကျမှ။ တစ်နာရီထိုးမှာ ဆူးလေဘုရားလမ်းပေါ်က အိုရီယင့်အပေါ်ထပ်မှာ ဆုံကြတယ်။ အဲဒီက ပန်းသေးခေါက်ဆွဲဖြစ်ဖြစ် စားကြတယ်။ စားရင်း လေပစ်ကြတော့တာပဲ။ အဲဒီကနေမှ လမ်းကူးပြီး ပြည်သူ့အလင်းမှာ နိုဗော့စတီပရက် အေဂျင်စီက စာအုပ်အသစ်များ ရောက်သလားလို့ သွားကြည့်တတ်ကြတယ်။ နောက်တော့ ဆန်းကဖေးဖြစ်ဖြစ်၊ စထရင်းဖြစ်ဖြစ်သွားပြီး လေဆက်ပစ်ကြပြန်တယ်။ နောက်ဆုံး အင်းယားလိပ်မှာ ဘီယာသောက်ရင်း ၀ိုင်းသိမ်းတတ်ကြတယ်။ ဗုဒ္ဓဟူးနေ့ဆိုရင် ဖေဖေကလည်း ယူနီယံကလပ်မှာ ညနေစာ စားလေ့ရှိတယ်။ ရာမနန္ဒာလည်း ခွင့်ရတဲ့နေ့မို့ နေ့ခင်းပိုင်းကတည်းက အိမ်မှာမရှိဘူး။ ကျွန်တော်လည်း စကားပြောချင်စိတ်မရှိပေတဲ့ နောက်ဆံတင်းမနေချင်လို့ သူ့ဆီ ဖုန်းပြန်ဆက်လိုက်မိတယ်။ ဖုန်းကို သူကောက်ကိုင်တာနဲ့ ဘာတွေအရေးကြီးနေသလဲ။ နင်ယောက်ျားနောက် လိုက်မလို့လားလို့ တန်းပြီး မေးလိုက်တယ်။ ကျွန်တော်မေးတာကိုမဖြေဘဲ၊ နင်ဘယ်တွေ လျှောက်သွားနေသလဲလို့ သူက ပြန်မေးတယ်။ ပြီးတော့ ငါ နေ့ခင်းကတည်းက နင်ရှိလောက်တဲ့နေရာတွေကို ဖုန်းဆက်နေတာလို့ ပြောတယ်။ ဟဲ့ ဒီနေ့ ဗုဒ္ဓဟူးနေ့ လကုန်တော့မယ်။ ငါ့အဖွဲ့တွေနဲ့ လေပစ်ကြတဲ့နေ့လေလို့ ဖြေပြီး နင့်မှာ ဘာတွေအရေးကြီးစရာ ရှိနေရတာတုန်းလို့ ထပ်မေးလိုက်မိတယ်။ ဖုန်းထဲမှာ ဟားဟားဟားဆိုတဲ့ ရယ်သံပဲ အကျယ်ကြီးထွက်လာတယ်။ ကျွန်တော်လည်း ဘာများ သူ့ဆီက ထပ်ကြားရမလဲလို့ မျှော်ရင်း ဘာမျှမပြောဘဲ နားထောင်နေမိတယ်။ ပြီးမှ သြော် ငါမေ့သွားတယ်။ ဒီနေ့က စိတ်ကူးယဉ်မာ့(က)စစ်တွေ လေပန်းတဲ့နေ့ကိုးလို့ ပြောတယ်။ ကျွန်တော်တို့တစ်သိုက်ကို သူက စိတ်ကူးယဉ်မာ့(က)စစ်တွေလို့ ခေါ်လေ့ရှိတယ်။

ဖေဖေကလည်း ကျွန်တော်တို့ကို အပျော်တမ်းမာ့(က)စစ်တွေလို့ ခေါ်တယ်။ ဖေဖေ့အမြင်မှာတော့ ပညာတတ်တွေအတွက် မာ့(က) ၀ါဒဟာ တော်တော်ကို စနစ်တကျနဲ့ စိတ်ကူးယဉ်ကြည့်ဖို့ကောင်းတဲ့ အမြင်ပဲလို့ လက်ခံထားပြီး ပညာတတ်တွေဟာ မာ့(က)၀ါဒကို လက်တွေ့ကျင့်သုံးဖို့ထက် အပျင်းပြေ၊ အပျော်တမ်း ငြင်းကြခုန်ကြတတ်တယ်လို့ မြင်တယ်။ ကျွန်တော်တို့ကတော့ သိပ်မကြိုက်လှဘူး။ ဖေဖေ့တော့ ပြန်မပြောရဲဘူး။ သူကျွေးတဲ့ထမင်းစားပြီး သူပြောတာကိုငြင်းရမှာ ယဉ်ကျေးမှုအခြေခံနဲ့ကြည့်ရင် မသင့်လှဘူးမဟုတ်လား။ သူ့ကိုတော့ အကြိမ်ကြိမ်ပြန်ပက်ဖူးတယ်။ သူက ပြန်ပြီးဆင်ခြေပေးတယ်။ နင်တို့က စိတ်ကူးယဉ်မာ့(က)စစ်တွေ မဟုတ်လို့ ဘာလဲလို့ စောဒကတက်တယ်။ နင်တို့မှာ မာ့(က)၀ါဒနဲ့ပတ်သက်လို့ နိုင်ငံခြားကလာတဲ့ စာအုပ်တွေဖတ်။ ပြီးတော့ ငြင်းကြခုန်ကြ။ နင်တို့ထဲက ဘယ်အကောင်က ဘတ်(စ)ကား စီးဖူးလို့တုန်း။ နင်တို့ထဲမှာ လက်နဲ့ထမင်းစားတာ ဘယ်နှစ်ယောက်ရှိလို့လဲ။ ဘယ်သူများ ၃၈ လမ်းဈေးတို့၊ ကီလီဈေးတို့အထဲ ရောက်ဖူးလို့လဲ။ ဗိုလ်ချုပ်ဈေးဆိုတာတောင် ဘာတာဖိနပ်ဆိုင်လောက်၊ ဂုဏ် ပိုးထည်တိုက်လောက် ရောက်ဖူးကြတာ။ ရွှေမြစတိုးက ရောင်းတဲ့ တူတံဆိပ်ထောပတ်နဲ့ ကောန်ဘိ(ဖ)လောက်စားနေတဲ့သူတွေက ၀ီစကီသောက်ပြီး မာ့(က)၀ါဒအကြောင်း ငြင်းခုန်နေကြတာ၊ စိတ်ကူးယဉ်မဟုတ်လို့ ဘာလဲ။ ငါ့ကို ရှင်းပြစမ်းလို့ ပြောလေ့ရှိတယ်။ တကယ်တော့ သူက နိုင်ရာဖိထောင်းတာပဲ။ မာ့(က)၀ါဒကို ကြိုက်ရင် ၀ီစကီမသောက်ရဘူး၊ အကောင်းမကြိုက်ရဘူးလို့ ဘယ်သူကမျှ မပြောဘဲ။ တစ်ခါတလေတော့ သူက ကြိမ်းသေးတယ်။ ငါလည်း ထရောက်စကီး ကျိန်ဆဲသလို နင်တို့ကို ကျိန်ဆဲလိုက်ချင်တယ်တဲ့။ သူပြောချင်တာက ဆဗီကော့(ဖ)စကီးတို့ ခြံထဲမှာလုပ်တဲ့ နှစ်သစ်ကူးပွဲ၊ ညစာစားပွဲတုန်းက ထရောက်စကီးက နင်တို့ မာ့(က)၀ါဒီတွေအားလုံးကို ကျိန်စာတိုက်လိုက်မယ်လို့ နောက်ပြီးပြောတာကို ရည်ညွှန်းတာ။

သူက တယ်လီဖုန်းထဲကနေ နင့်အတွက် သတင်းနှစ်ခုရှိတယ်။ ကောင်းတာနဲ့ မကောင်းတာ။ ဘယ်ဟာ အရင် နားထောင်ချင်သလဲလို့ မေးတယ်။ မကောင်းတာကို အရင်နားထောင်လိုက်ရရင် ကောင်းတာလည်း သိပ်အရသာရှိတော့မယ်လို့မထင်တာနဲ့ ကောင်းတာလေးအရင်ပြောပါဟာ။ မကောင်းတာဆိုတာက အမြဲလိုကြားရတတ်တာပဲလို့ ပြန်ပြောလိုက်တယ်။ ဒီတော့ သူ့ရယ်သံကို တယ်လီဖုန်းထဲမှာ ထပ်ကြားလာရပြန်တယ်။ ပြီးတော့မှ နင့်ကို ကြိတ်ပြီးကြိုက်နေတဲ့သူ ရှိတယ်လို့ ပြောတယ်။ ကျွန်တော်က ချက်ချင်းပြန်ပြောလိုက်တယ်။ နင်က လွဲလို့လား။ ဒီသတင်းက ကောင်းတဲ့သတင်းမှ မဟုတ်ဘဲ။ ငါပြောဖူးတယ် မဟုတ်လား။ အချစ်ခံရတာဟာ ပင်ပန်းတယ်လို့။ သူ့ရယ်သံ ထပ်ကြားရပြန်တယ်။ နင့်ကို နင်ချစ်သလိုမျိုး ငါမချစ်ဘူးဆိုတာ ငါပြောပြီးပြီပဲ။ ခုဟာက နင်တကယ်ပင်ပန်းမယ့် ကိစ္စ။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပဲနစ်ဖြစ်သွားနိုင်တယ်။ စက္ကူအိတ်ကလေးဘာလေး ရှာထား။ အသက်မှန်မှန်ရှူထားလို့ သူကပြောတယ်။ ကိုင်း နင်ပြောမယ့်သတင်းထဲ မကောင်းတဲ့အပိုင်းသာ ပြောတော့လို့ ကျွန်တော်က ပြောလိုက်တယ်။ နင့်ကို ဘယ်သူကြိုက်နေတယ်ထင်သလဲလို့ သူက မေးတယ်။ မပြောတတ်ဘူးလေလို့ ခပ်လွယ်လွယ်ပဲ ကျွန်တော်ဖြေလိုက်တယ်။ နင့်ကို အန်ကယ်ဦးကျော်ရဲ့သမီးလေးက ကြိုက်နေတယ်လို့ သူက ဖြေတယ်။ ကျွန်တော့်နားထဲမှာတော့ နားကြားလွဲတယ်လို့ပဲ  ထင်တာနဲ့ ဘယ်သူ...လို့ ထပ်မေးလိုက်မိတယ်။ သူက အန်ကယ်ဦးကျော်လေ။ နင်တို့အနားဆီကလေ။ သူ့သမီးအကြီးမကလေးလေ။ ဂျက်စမင်လို့ခေါ်တဲ့ ကောင်မလေးလေလို့ ထပ်ပြောတယ်။

ကျွန်တော့်ပါးစပ်က ဘာပြန်ပြောရမှန်းမသိဘူး။ ဘာမျှပြန်မပြောနိုင်ဘဲ တယ်လီဖုန်းကို လက်ကကိုင်ရင်း တွေသွားမိတယ်။ သူကတော့ တယ်လီဖုန်းထဲကနေ ဟဲ့ နင်အသက်ရှိသေးရဲ့လားလို့ လှမ်းမေးနေတယ်။ ကျွန်တော်ကတော့ ဘာမျှ ပြန်မဖြေဘူး။ အတော်ကလေးကြာမှ တစ်ခါတုန်းက နင်နဲ့ငါ လမ်းမှာတွေ့လို့ လမ်းကြုံကားနဲ့တင်ခေါ်ခဲ့တဲ့ ကောင်မလေးမဟုတ်လားလို့ မေးလိုက်မိတယ်။ ဟုတ်တယ်။ အဲဒါ ဂျက်စမင်ပဲလို့ သူက ဖြေတယ်။ ငယ်ငယ်လေးရှိပါသေးတယ်ဟာ၊ ခုမှ ကိုးတန်းဆယ်တန်းလောက် ရှိဦးမှာလို့ ကျွန်တော်ကပြောတော့၊ ဟုတ်တယ်လေ သူက ဒီနှစ်ဆယ်တန်းအောင်တယ်။ ကြီးရင်မှီ ငယ်ရင်ချီပေါ့ဟယ် ဟဲဟဲလို့ ပြောရင်း နောက်တယ်။ ကျွန်တော့်အတွက်တော့ ရယ်စရာမဟုတ်ဘူးထင်တယ်။ မရယ်နိုင်ဘူး။ ခုမှ အချစ်ခံရတဲ့တာဝန် ရှိလာတာ။ နင့်ကို ဘယ်သူပြောသလဲလို့ မေးလိုက်မိတယ်။ ကောင်မလေးရဲ့ အန်တီလေးပြောတာ။ သူက အီကိုမှာ ငါနဲ့တစ်နှစ်တည်း ကျူတာဖြစ်တာ။ မနက်က ငါ့ဆီဖုန်းဆက်ပြီး နေ့ခင်းကျရင် အီကိုကင်တင်းလာပါလား၊ ပျဉ်းမနားခေါက်ဆွဲ စားကြရအောင်လို့ ခေါ်တာနဲ့ ငါလည်းသွားတာ။ စားရင်းနဲ့ သူပြောပြလို့ သိရတာလို့ သူက ရှင်းပြတယ်။ ဘယ်လိုလုပ် သူက သူ့တူမ ငါ့ကိုကြိုက်နေတယ်ဆိုတာ သိသလဲလို့ ကျွန်တော်က မေးမယ်လို့ပဲ။ မမေးရသေးခင်မှာပဲ သူက နေဦး မကြာခင်က ဆယ်တန်းအောင်စာရင်းတွေ ထွက်တယ်လေ။ ကောင်မလေးက ဒီထွက်တယ်။ ခုခေတ်က ဒီထွက်ဖို့မလွယ်ဘူး။ နင်လည်း သိသားပဲ။ အဲဒါနဲ့ သူ့အဒေါ်က အဲမ်စီတက်ပါလားလို့ပြောတော့ ကောင်မလေးက အတ်(စ)ပဲ ယူမယ်လို့ ဖြေသတဲ့။ ဘာလို့လဲလို့မေးတော့ နင့်ကို အားကျလို့လို့ ဖြေသတဲ့။ ဒီတော့ ကောင်မလေးရဲ့ အန်တီလေးက ရိပ်မိသွားတော့ ကောင်မလေးကို လှည့်ပတ်မေးတော့တာပေါ့။ နောက်ဆုံးတော့ ကောင်မလေးက နင့်ကို သူကြိုက်နေတယ်လို့ ဖွင့်ပြောသတဲ့လို့ သူက ဆက်ပြောတယ်။ ကျွန်တော့်ပါးစပ်က မစီစဉ်ထားဘဲ ဒုက္ခပဲလို့ ထွက်သွားတယ်။

ဘာဒုက္ခစရာ ရှိသလဲလို့ သူက ပြောတယ်။ ဒီတော့ ဘယ်လိုလုပ်ကြမလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ ကောင်မလေးရဲ့ အန်တီလေးက ကောင်မလေးအမေကို တိုးတိုးတိတ်တိတ် ပြောပြလိုက်တယ်လို့ သူက ထပ်ပြောတယ်။ အယ် သွားရောလို့ ကျွန်တော့်ပါးစပ်က ထွက်သွားပြန်တယ်။ ဘာ သွားစရာ ရှိလို့လဲ။ နင့်မှာ ဘာအပြစ်ရှိလို့လဲ။ ငါ နင့်ဘက်က လိုက်ပြောတာ မဟုတ်ဘူး။ သူ နင့်ကိုကြိုက်တာဟာ နင်က ကြိုက်ခိုင်းလို့မှ မဟုတ်ဘဲ။ Cause within Effect မှ မဟုတ်ဘဲ။ နင်ကသာ သူ့ကို တကယ်မကြိုက်ဘူးဆိုရင် သူနားလည်အောင် တစ်နည်းတစ်ဖုံနဲ့ ပြောရမှာပေါ့လို့ သူကပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ သက်သာမှုနည်းနည်း ရလာသလိုပဲ။ နင် မကြိုက်ဘူးမဟုတ်လားလို့ သူ့မေးသံ ထပ်ကြားရတယ်။ မကြိုက်ရပါဘူးဟာ။ ငါ့စိတ်ထဲမှာ ကောင်မလေးကို ကလေးလေးတစ်ယောက်လိုပဲ မြင်တာပါလို့ ပြောရင်း နင်ကော မနာလိုမဖြစ်ဘူးမဟုတ်လားလို့ ပြန်ပြီး နောက်လိုက်တယ်။ မိုးထဲလေထဲဟယ်၊ ငါက ဘာလို့ မနာလိုဖြစ်ရမှာလဲ။ ဂရုဏာစိတ်ရဲ့ ရှိနေခြင်းကို အသိအမှတ်မပြုချင်တဲ့ စိတ်ကူးယဉ် မာ့(က)စစ်တစ်ယောက်အတွက် ၀မ်းတောင်သာပါသေးတယ်လို့ပြောပြီး၊ ငါ စကားကောင်းပြောနေတယ်။ နင် နားထောင်။ ဒီည ကောင်မလေးအန်တီလေးနဲ့အမေ ငါ့အိမ် လာကြလိမ့်မယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့၊ ငါနဲ့တိုင်ပင်ရင် ကောင်းမယ်လို့ ကောင်မလေးအမေက ပြောသတဲ့။ ဒီတော့ ဒီလိုလုပ်။ ငါက မနက်ဖြန်မနက်စောစော ဌာနမှာ အစည်းအဝေးရှိတယ်။ နေ့ခင်းကျရင်တော့ နှစ်နာရီလောက်ပြီးမယ်။ နင် ငါ့ကိုလာခေါ်။ အကြောင်းစုံ ငါပြောပြမယ်လို့ သူက ပြောတယ်။ ကျေးဇူးတင်ပါတယ်ဟာ။ အခုလို ငါ့အပေါ်မှာ စေတနာထားတာလို့ ပြောလိုက်တော့ သူက အပိုတွေပြောမနေစမ်းပါနဲ့။ နက်ဖြန် နှစ်နာထိုးရောက်အောင်လာခဲ့လို့ပြောပြီး ဖုန်းချသွားတယ်။

နောက်နေ့မနက်ဖက်ရောက်တော့ ဖေဖေနဲ့အတူ မနက်စာစားနေရင်း ဖေဖေ့ကို အဲဒီအကြောင်းပြောပြလိုက်မိတယ်။ ဖေဖေကပြုံးရင်း အဲဒါမျိုးက ဖြစ်တတ်တယ်။ မင်းဘက်ကတော့ ရှင်းရှင်းလုပ်။ မတော် ဆွမ်းခံရင်းငှက်သင့်တာမျိုး ဖြစ်နေမယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ ဘာပြောရမှန်းကို မသိဘူး။ ခဏကြာတော့ ဖေဖေက မေးတယ်။ သမီးနဲ့မင်း သွားသွားလာလာနေကြတာ အဲဒီကောင်မလေး မသိဘူးလားတဲ့။ သိချင်လည်း သိမယ်။ ကျွန်တော်တော့ မသိဘူးလို့ ဖြေတော့ ဖေဖေက ပြောလိုက်ပေါ့ကွာ။ မင်းတို့နှစ်ယောက် တစ်နေ့ယူကြမှာလို့ ပြောတယ်။ ဟာလို့ ကျွန်တော့်ပါးစပ်က ထွက်သွားတော့ ဖေဖေက ကျွန်တော့်ကို သေသေချာချာစိုက်ကြည့်ပြီးမှ ဘာလို့တုန်းကွလို့မေးရင်း ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ ရာမနန္ဒာကို သူ့လက်ထဲကကော်ဖီ အသာမြှောက်ပြလိုက်တယ်။ ကျွန်တော်က ကျွန်တော်တို့ဘာသာ အတူသွားလာနေတာနဲ့ ယူတာနဲ့ တခြားစီပဲဖေဖေရာလို့ပြောနေတုန်း ရာမနန္ဒာက ဖေဖေ့ကော်ဖီခွက်ထဲကို ဖြည့်ပေးနေတယ်။ ဖေဖေက ရာမနန္ဒာကိုမော့ကြည့်ပြီး ကျေးဇူးတင်ပါတယ်လို့ အင်္ဂလိပ်လိုပြောလိုက်ရင်း ငါတော့ လော့(ဒ)ဘိုင်ရွန်နဲ့ ချစ်ခြင်းအကြောင်း ဆွေးနွေးနေတယ်။ ကူနိုင်ရင် ကူစမ်းပါဦးလို့ ဆက်ပြောတယ်။ ရာမနန္ဒာက ချစ်ခြင်းနဲ့ မိန်းမဆိုတဲ့ ကိစ္စနှစ်ခုက ကျွန်တော်ကျွမ်းကျင်တဲ့ကိစ္စမဟုတ်လို့ ခွင့်လွှတ်ပါလို့ အင်္ဂလိပ်လိုပြောပြီး ပြုံးပြတယ်။ ကျွန်တော်ကတော့ ဘာမျှ ထပ်မပြောတော့ဘူး။ ဖေဖေကလည်း အတော်ကြာအောင် ဘာမျှ ထပ်မပြောတော့ဘူး။ ပြီးမှ ဟိုတစ်နေ့က မင်းဂေါက်ရိုက်သွားတုန်း ဆရာဝန်မလေး ၀င်လာသေးတယ်။ ဖေဖေ့အတွက် ဆေးစစ်ထားတာ ၀င်ပေးတာ။ မင်းနဲ့ ငွေတောင်မျှော်ခြံကို သွားကြတဲ့အကြောင်းတောင် ပြောသေးတယ်။ အတော်ပျော်ခဲ့ပုံရတယ်လို့ ပြောတယ်။ ကျွန်တော်က ဘာမှ ပြန်မပြောတော့ဘူး။ မနက်စာစားပြီးသွားလို့ ဖေဖေက ခက်ရင်းဓားကို ပန်းကန်ထဲမှာယှဉ်ပြီး ချလိုက်ရင်း လက်သုပ်ပုဝါကို အသာခေါက်ပြီး စားပွဲပေါ်မှာ ချလိုက်တယ်။ ပြီးတော့မှ ထိုင်ရာကထလိုက်လို့ ကျွန်တော်လည်း ထိုင်ရာက မတ်တတ်ထရပ်လိုက်တယ်။ ဖေဖေက ကျွန်တော့်အနားကို လျှောက်လာပြီး ထိုင်ပါဆိုတဲ့သဘောမျိုးနဲ့ ပုခုံးကို အသာကိုင်ရင်း ပြဿနာတော့ မရှုပ်စေနဲ့ကွာ။ ဒါကတော့ အဖေပေးနိုင်တဲ့ အကောင်းဆုံးအကြံဉာဏ်ပဲလို့ အင်္ဂလိပ်လိုပြောပြီး ထွက်သွားတယ်။

အမရဆောင်ရှေ့နားက သစ်ပင်ကြီးအောက်ဆီမှာ ကားရပ်ပြီး သူ့ကိုစောင့်နေတုန်း ဘာသာစကားဟာ သိစိတ်လိုပဲ။ လိုအပ်မှုတစ်ခုပဲ။ လိုအပ်စွာပေါ်ပေါက်လာတာပဲလို့ ဆိုခဲ့တဲ့ ဂျာမန်အိုင်ဒီယော်လော်ဂျီထဲက စကားတစ်ခွန်းကို မဆီမဆိုင် သတိရလိုက်မိတယ်။ သူ့နဲ့စကားပြောရဦးမှာကို စဉ်းစားမိလို့လားတော့ မသိဘူး။ နှစ်နာရီထိုးသာသာမှာ သူဆင်းလာတယ်။ အင်းယားမြိုင်ထဲမှာနေတဲ့ သူနဲ့တွဲတဲ့ သူငယ်ချင်းမတစ်ယောက်လည်း ပါလာတယ်။ လမ်းကြုံလိုက်လာတာ။ သူက ကားရှေ့ခန်း ကျွန်တော့်ဘေးမှာ ၀င်ထိုင်တယ်။ သူ့သူငယ်ချင်းကတော့ ကားနောက်ခန်းမှာ ၀င်ထိုင်တယ်။ သူ့သူငယ်ချင်းကို အင်းယားမြိုင်မှာ ချပေးလိုက်ပြီးတော့၊ နင်တစ်ခုခုစားချင်သလား။ ဟိုင်ဇွမ်မှာထိုင်ချင်သလား။ ငါကတော့ နင်ကြိုက်တတ်တဲ့ စမူဆာကြော်ထားဖို့တောင် အိမ်မှာ မှာထားသေးတယ်။ အိမ်သွားပြီး အေးအေးဆေးဆေး စကားပြောချင်လည်း ရတယ်လို့ပြောတော့ သူက ကောင်းသားပဲလို့ ဖြေတယ်။ အတော်ကြာမှ အန်ကယ်ရောလို့ မေးတယ်။ ကျွန်တော်လည်း ကားမောင်းနေရင်းက သူ့ကို လှည့်မကြည့်ဘဲ ဖေဖေ စထရင်းမှာ တီးသွားသောက်တယ်။ ညနေကျတော့ ရုပ်ရှင်ကြည့်မယ်ပြောတယ်လို့ ဖြေလိုက်တယ်။ ဒီနောက် ဘာမှမပြောဖြစ်တော့ဘူး။ သူက ၀ူးမင်းဝိကလီး ဖတ်နေတယ်။ အိမ်ရှေ့ရောက်လို့ ကားပေါ်ကဆင်းပြီးကျကာမှ ညက ငါတို့ပြောကြဆိုကြတာတွေကို ကားပေါ်မှာပြောရင် နင် ကားဖြောင့်ဖြောင့်မောင်းနိုင်မှာမဟုတ်ဘူးလို့ထင်လို့ ငါမပြောတာလို့ သူကပြောတယ်။ အဲဒီလောက် အခြေအနေဆိုးသလားဟယ်လို့ ကျွန်တော်က မေးလိုက်မိတယ်။ သူက ပြန်မဖြေခင် ရာမနန္ဒာက အိမ်ရှေ့တံခါး လာဖွင့်ပေးရင်း နှုတ်ဆက်စကားပြောနေတာမို့ ကျွန်တော်နဲ့စကားပြောနေတာ ပြတ်သွားတယ်။

အိမ်နောက်ဖက်က ၀ရံတာဆီပဲ တန်းထွက်လာခဲ့တယ်။ သူက နှစ်ယောက်ထိုင် ကြိမ်ဆက်တီပေါ်မှာ ၀င်ထိုင်လိုက်ရင်း လက်ထဲကဂျာနယ်ကို ဘေးနားမှာ ချလိုက်တယ်။ ကျွန်တော်လည်း သူ့ရှေ့တည့်တည့်ကခုံမှာ ၀င်ထိုင်လိုက်တယ်။ ရာမနန္ဒာက ရေခဲရေ ချိုင့်တစ်ချိုင့်နဲ့ ဖန်ခွက်တချို့ကို အနားဆီက ထမင်းစားစားပွဲပေါ်မှာ ချထားပြီး၊ လိုချင်တာရှိရင်ပြောပါလို့မေးပြီး သူက ပြန်မဖြေခင် မဆလာတီးသောက်မလားလို့ သူ့ကိုမေးတယ်။ သူက ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ သစ်ကျပိုးခေါက်နဲ့ ဖျော်တဲ့ မဆလာတီးကို သူကြိုက်မှန်း ရာမနန္ဒာက သိတယ်။ ရာမနန္ဒာထွက်သွားတော့ ကျွန်တော်လည်း သိပ်မစောင့်နိုင်တော့ဘူး။ ညက ဘယ်လိုလဲလို့ မေးလိုက်တယ်။ သူက ပြုံးနေတယ်။ ဘာမျှမပြောသေးဘူး။ ပြီးမှ အိုကေပါတယ်။ အားလုံးအဆင်ပြေသွားမှာပါလို့ပြောပြီး ဆက်မပြောသေးဘဲ ပြုံးစိစိလုပ်နေတယ်။ နင် ပြောစရာရှိတာပြော၊ ဒါပေတဲ့ လိုရင်းပဲပြော။ ဇာတ်စုံတော့ ငါ့ကို ခင်းပြမနေနဲ့တော့။ ကောင်းတဲ့အပိုင်းလောက်ပဲ ငါကြားချင်တယ်လို့ ကျွန်တော်ကပြောတော့မှ သူက မျက်နှာပိုးသပ်လိုက်တယ်။ ကောင်းတာချည်းပဲတော့လည်း ငါမပြောနိုင်ဘူး။ ကောင်းတယ်ဆိုတာက မကောင်းတာရှိလို့သာ ကောင်းကြောင်းသိနိုင်တာ။ နင် နားမထောင်ချင်ရင် လက်ဖက်ရည်သောက်၊ စမူဆာစားပြီး ငါပြန်ရုံပဲလို့ သူက ပြန်ပြောတယ်။ ကျွန်တော်က ဘာမှပြန်မပြောတော့ဘူး။ ဒီတော့ သူက ဆက်ပြောတယ်။ ကောင်မလေးအမေနဲ့ အန်တီက သူတို့ရဲ့ စထရက်တဂျီကို ပြောပြတယ်။ သူတို့ အဓိကထားပြောမှာက နင်နဲ့ငါနဲ့က ယူကြတော့မှာပါ။ တစ်ယောက်ကိုတစ်ယောက်လည်း သိပ်ချစ်ကြတာပေါ့လို့ ပြောပြီး သူက သူ့ဘာသာ အားရပါးရရယ်လိုက်တယ်။ ကျွန်တော်လည်း ရောယောင်ရယ်လိုက်မိတယ်။ ရယ်နေရင်း မနက်က ဖေဖေပြောတာကို နားထဲကြားယောင်လာမိလို့ ဟုတ်လားလို့ စကားထောက်လိုက်တယ်။

ပြီးမှ သူတို့မှာ တခြားနည်းနဲ့ ပြောစရာမရှိဘူးလားလို့ ကျွန်တော်က မေးလိုက်မိတယ်။ သူက ငါလည်း တခြားနည်းနဲ့ပြောရင် မဖြစ်ဘူးလားလို့ မေးသေးတယ်။ ဒီတော့ ကောင်မလေး အမေက ငါ့ကို ညီမတို့က ဒီအတိုင်းနေသွားကြမှာလားလို့ မေးပြန်ရော။ ကောင်မလေးရဲ့ အန်တီကတော့ အတော်အားနာသွားပုံရတယ်။ ဒီနည်းက အကောင်းဆုံးမို့ပါ ဘာရယ်ညာရယ်ပေါ့ဟယ်ပြောပြီး နင့်ကိုလည်း ခုလို ခုတုံးလုပ်ရတာ အားနာကြောင်း၊ ခွင့်လွတ်ပါ ဘာဘာညာညာပေါ့။ ခုကိစ္စမှာ နင်ချည်းမဟုတ်ဘူး။ ငါလည်း နေရင်းထိုင်ရင်း ပိတ်မိနေတယ်လို့ သူက ပြောတယ်။ ကျေးဇူးတင်ပါတယ်လို့ ကျွန်တော်ကပြောတော့ သူက လက်ခါပြပြီး သူ့ဘာသာရယ်တယ်။ ပြီးတော့ နင်ဆိုရင် ဘယ်လိုပြောမလဲလို့ မေးတယ်။ မပြောတတ်ဘူးလို့ ကျွန်တော်က ဖြေလိုက်တယ်။ သူက ဖြတ်ပြောတယ်။ ကောင်မလေးက ငယ်သေးတာကိုး။ စိတ်ကစားတဲ့အရွယ်လို့ ခေါ်ရမလားပဲ။ ချစ်တယ်ကြိုက်တယ် ဆိုတာကလည်း ကလေးတွေးမျိုး၊ ကလေးချစ်မျိုး။ တကယ့်ဘ၀မှာ ဘာသာစကားအခြေခံ ချစ်တာနဲ့၊ ဆင်ခြင်တုံတရားအပြင်ဖက်က ချစ်တယ်ဆိုတာမှ မကွဲသေးဘဲကိုးလို့ သူက ပြောတယ်။ ကျွန်တော်က ခေါင်းညိတ်ပြလိုက်မိတယ်။ ချစ်ခြင်းဆိုတာ ဘာသာစကားအရ  သိဖို့ ရှင်းပြရတာလည်း မျက်မမြင်ကို လရောင်အကြောင်း ရှင်းပြရတာနဲ့တူတယ်လို့ ပြောကြတယ်မဟုတ်ဘူးလားလို့ သူကမေးတော့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်မိပြန်တယ်။ အတော်ကလေးကြာအောင် ကျွန်တော်တို့ချင်း စကားမပြောမိကြဘူး။ မီးဖိုခန်းဖက်ဆီ စမူဆာကြော်နေတဲ့အနံ့ကို လေထမြှာရလာတတ်တယ်။ အတော်ကလေးကြာတော့ သူက နင်ကငါ့ကို မျက်မမြင်လိုသဘောထားပြီး လရောင်အကြောင်းရှင်းပြစမ်း။ ငါက မွေးကတည်းက ဘာမှမမြင်တဲ့လူတစ်ယောက်လို သဘောထားပြီး နေကြည့်မယ်လို့ ပြောတယ်။ ငါ ကြိုးစားကြည့်မယ်လို့ ကျွန်တော်က ပြန်ပြောရင်း ပြုံးပြလိုက်တယ်။

သူက ဆက်တီပေါ်မှာ မှီလိုက်ရင်း မျက်လုံးမှိတ်လိုက်တယ်။ ကျွန်တော်ကစပြီး ပြောလိုက်တယ်။ နင် လဆိုတာ သိသလား။ သူက ခေါင်းခါပြတယ်။ ကမ္ဘာကြီးဆိုတာတော့ သိတယ်မဟုတ်လား။ နင်ခြေထောက်နဲ့ နင်းထားတဲ့မြေကြီးဆိုတာ ကမ္ဘာကြီးပဲလို့ပြောတော့ သူက သိတယ်လို့ ဖြေတယ်။ ကမ္ဘာကြီးဟာ အလုံးကြီး။ ဘောလုံးဆိုတာကို နင်ကိုင်ကြည့်ဖူးတယ်မဟုတ်လား။ ဘောလုံးကို ကိုင်ကြည့်ရင် လုံးတယ်ဆိုတာကို နင်သိတယ်။ အဲဒီလို အလုံးကြီး။ ဒါပေတဲ့ အကြီးကြီး။ လဆိုတာ နေဆိုတာလည်း အဲဒီလိုပဲ အကြီးကြီး။ ကမ္ဘာကြီးကနေ မြင်ရတယ်။ နေက အလင်းရောင်ကြောင်း လရောင်ဟာ ကမ္ဘာကြီးပေါ် ကျလာတာလို့ ကျွန်တော်ကပြောနေတုန်း သူက လက်ညှိုးထောင်ပြလို့ ကျွန်တော်က ပြောနေတာကို ရပ်လိုက်ရတယ်။ ကမ္ဘာကြီးကနေ မြင်ရတယ်လို့ နင်ပြောတဲ့အထဲမှာ ပါတယ်။ မြင်ရတယ်ဆိုတာ ဘာလဲလို့ ဆိုတာကို ငါ့ကိုရှင်းပြစမ်းပါလို့ ပြောတယ်။ ကျွန်တော်လည်း ပြောဖို့စကား စဉ်းစားကြည့်မိတယ်။ မျက်စိမမြင်တဲ့ လူတစ်ယောက်ကို မြင်လို့သိရတယ်ဆိုတာ နားလည်အောင် ဘယ်လိုပြောရမှန်းမသိဘူး။ သူကတော့ မျက်လုံးမှိတ်ထားပြီး နားစွင့်နေရင်း ပြောလေ ဘာစဉ်းစားနေသလဲလို့ ပြောတယ်။ မမျှော်လင့်ဘဲရလာတဲ့ အချက်တစ်ခုက ပါးစပ်ထဲက ထွက်သွားတယ်။ နင်ခုလို မျက်လုံးမှိတ်ထားတုန်း ငါအသာထပြီး ဖက်နမ်းကြည့်ရင် ကောင်းမလားလို့...။ ကျွန်တော်ပြောလို့ မပြီးသေးခင် သူက ဟဲ့လို့အော်ရင်း မျက်လုံးဖွင့်လိုက်ပြီး ထိုင်နေရာကထပြီး မတ်တပ်ရပ်လိုက်တယ်။ ကျွန်တော်က ထိုင်နေရင်း သူ့ကို ပြုံးပြီးကြည့်နေတာကို တွေ့ရတော့ သူ့ဘာသာ ထိုင်ရမလို၊ ထနေရမလိုဖြစ်ပြီး ခဏကြာတော့ ပြန်ထိုင်တယ်။ ကျွန်တော်လည်း ထိုင်ရာကထပြီး ထမင်းစားစားပွဲဆီသွားပြီး ရေခဲရေတစ်ဖန်ခွက် ထည့်လိုက်တယ်။ သူ့ရှေ့ပြန်သွားပြီး ရှေ့တည့်တည့်မှာ ရပ်လိုက်တယ်။ သူ့ကိုငုံ့ကြည့်ပြီး ရေခဲရေတစ်ခွက် ကမ်းလိုက်တော့ သူက လှမ်းယူတယ်။ နင် လန့်သွားလား။ ရေခဲရေနည်းနည်းသောက်လိုက်လို့ ပြောတော့ သူက ဘာမျှပြန်မပြောဘဲ ဖန်ခွက်ကိုယူပြီး နည်းနည်းစီသောက်တယ်။ ပြီးတော့သူက ရေခဲရေ တစ်ဝက်လောက်ကျန်သေးတဲ့ ဖန်ခွက်ပြန်ပေးတယ်။ ကျွန်တော်လည်း ဖန်ခွက်ကိုကိုင်ထားရင်း သူ့နံဘေးဆီမှာပဲ  ၀င်ထိုင်လိုက်တယ်။

သူက လှည့်ကြည့်ရင်း ဘာလဲလို့ မေးတယ်။ နင် ဘာလို့ လန့်သွားသလဲလို့ ကျွန်တော်က မေးလိုက်တယ်။ သူ ပြန်မဖြေခင် နင့်ကိုလည်းငါ ဖက်မနမ်းဖူးဘူး။ တခြားတစ်ယောက်ကများ နင်မျက်စိမှိတ်နေတုန်း နမ်းသွားခဲ့ဖူးတာ ရှိသလားလို့ မေးလိုက်တယ်။ သူက ပါးစပ်ကပြန်မဖြေဘဲ ကျွန်တော့်ကို ရိုက်မလို့ အနားမှာချထားတဲ့ ဂျာနယ်ကို ညာဖက်လက်နဲ့ကောက်ယူပြီး လိပ်လိုက်တယ်။ သူက ရွယ်လိုက်တော့ သူ့လက်ကောက်ဝတ်ကို ကျွန်တော့်ဘယ်လက်နဲ့ အသာဖမ်းကိုင်ထားလိုက်တယ်။ နင့်အနေနဲ့ အနမ်းမခံရဖူးပေတဲ့ နမ်းတယ်ဆိုတာ ဘာလဲလို့ နင်သိတယ်။ စာအုပ်ထဲမှာ ရုပ်ရှင်ထဲမှာ မြင်ဖူးတယ်။ ဒီတော့ နင့်စိတ်ရဲ့ ရပ်ဝန်းထဲမှာ အင်္ဂလိပ်လိုပြောရရင်တော့ Mental Space မှာ မြင်သိကို ခု ကြားသိနဲ့ ရောယှက်ကြည့်လိုက်တာပဲ။ Blend လို့ ခေါ်တယ်ဟာ။ ပြီးတော့ `ငါ´ ဆိုတဲ့ နင့်ကိုယ်ကို အစားထိုးကြည့်တော့ လန့်သွားတာ။ သိမှုတစ်ခုကို တခြားသိမှုတစ်ခုနဲ့ ရောထွေးပစ်လိုက်ပြီး နားလည်မှုတစ်ခု ရယူလိုက်တာပဲ။ မြင်သိနဲ့ ကြားသိက အခြေခံတစ်ခုတည်း မဟုတ်ဘူး။ မြင်သိအခြေခံနဲ့မှ သိနိုင်တာတစ်ခုကို ကြားသိအခြေခံနဲ့ တစ်သားတည်းကျအောင် လုပ်မပေးနိုင်ဘူး။ မြင်တယ်ဆိုတာကို မသိနိုင်တဲ့လူအတွက် အရောင်ဆိုတာရဲ့ သိမှုကို ဘာသာစကားအရ တည်ဆောက်ပေးဖို့ မလွယ်ဘူး။ ချစ်ခြင်းလည်း ဒီလိုပဲလို့ ခပ်ရှည်ရှည် ရှင်းပြလိုက်မိတယ်။ ပြီးမှ ညာဖက်လက်ထဲမှာကိုင်ထားတဲ့ ဖန်ခွက်ထဲမှာကျန်နေတဲ့ ရေခဲရေကို တစ်ငုံသောက်လိုက်တယ်။ ဘယ်ဖက်လက်ကတော့ သူ့လက်ကောက်ဝတ်ကို ဆုပ်ထားတုန်းပဲ။ ကိုင်း နင်မလန့်တော့ဘူးဆိုရင် မျက်စေပြန်မှိတ်။ ဆက်ကြရအောင်လို့ ကျွန်တော်ကပြောတော့ သူက ပြုံးပြရင်း ဘာလုပ်ရအောင်လဲလို့ မေးတယ်။ နင်ပဲ မျက်မမြင်ကိုရှင်းပြသလို ရှင်းပြပါဆိုလို့ ကျွန်တော်ကပြောလိုက်တယ်။ ဘာကို ဆက်ရှင်းချင်တာလဲလို့ သူက ထပ်မေးတယ်။ ဘာပဲဖြစ်ဖြစ် နင်တကယ်မသိသေးတာ တစ်ခုခုကို ငါရှင်းပြမှာပေါ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ဒါဆို ငါ မျက်စေ့မှိတ်ထားစရာ မလိုဘူး။ မျက်မမြင်ဆိုတာ မမြင်လို့ မမြင်တာ။ မှိတ်ထားလို့ မမြင်ရတာမျိုး မဟုတ်ဘူး မဟုတ်လားလို့ သူက ပြန်မေးတယ်။ နင် တော်လာပြီလို့ ကျွန်တော်က ပြောလိုက်တယ်။

ဝရံတာဘက်ထွက်တဲ့ တံခါးပေါက်ဆီ လှမ်းကြည့်ရင်း ဟိုမှာ ရာမနန္ဒာတစ်ယောက် စမူဆာနဲ့ လက်ဖက်ရည်ယူလာပြီလို့ သူကပြောပြီး ထတော့မယ်လို့ လုပ်တယ်။ သူ့လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ ကျွန်တော့်လက်ကို လှမ်းကြည့်နေပြီးတော့ ကျွန်တော့်မျက်နှာကို ကြည့်တယ်။ ကျွန်တော်လည်း သူ့ကို ကြည့်နေမိတယ်။ ပြုံးပြလိုက်ပြီး သူ့လက်ကို လွှတ်ပေးလိုက်တော့ ထမသွားသေးဘဲ သူ့ဘာသာရယ်နေရင်း ဆက်ပြီး ထိုင်နေတယ်။ ပြီးမှ ကျွန်တော့်ကိုလှည့်ကြည့်ပြီး သူ့လက်မောင်းနဲ့ ကျွန်တော့်လက်မောင်းကို တွန်းလိုက်တယ်။

မြင့်သန်း
ချင်းတွင်း၊ ၂၀၀၇

Comments

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...